သွားဖုံးရောင်ရောဂါမဖြစ်စေရေး ကြိုတင်ကာကွယ်ကြပါစို့
Posted_Date
Image
Body
ပန်းရောင်ရှိတဲ့သွားဖုံးကို ပုံမှန်အခြေအနေအဖြစ်သတ်မှတ်ကြပါတယ်။ ဒီလိုမဟုတ်ဘဲ သွားဖုံးအရောင်ပြောင်းလဲနေရင် တစ်ခုခုမှားယွင်း နေတာကိုပြတာဖြစ်နိုင်ပါတယ်။
သွားဖုံးရောင်ခြင်း
သွားဖုံးတွေက ဗက်တီးရီးယားပိုးတွေနဲ့ အမြဲတမ်းလိုလိုထိတွေ့ နေတာကြောင့် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ဖို့အရေးကြီးပါတယ်။သွားဖုံးရောင်တာက သွားဖုံးတွေကျုံ့သွားစေပြီး အဖြူရောင်ပြောင်းနိုင်ပါတယ်။ ဒီအခြေအနေကိုလျစ်လျူရှုထားရင် သွားတွေဆုံးရှုံးတာ၊ ခံတွင်းတစ်သျှူးနဲ့အရိုးတွေပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။ တခြား လက္ခဏာတွေအနေနဲ့ သွားတိုက်ရင်သွေးထွက်တာ၊ သွားတွေလျော့ရဲ တာတို့ ဖြစ်တတ်ပါတယ်။
ခံတွင်းမှိုစွဲခြင်း
မှို (Candida albicans) ကြောင့်ဖြစ်တဲ့အခြေအနေမှာ ပါးစောင် လျှောနဲ့သွားဖုံးတွေပေါ်မှာအဖြူရောင်အလွှာတွေဖြစ်ပေါ်လာပါတယ်။ မှိုက ပုံမှန်အနေနဲ့ ခံတွင်းထဲရှိနေပေမယ့် ပမာဏများလာရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။
သွားဖုံးအဖြူကွက်များ
ဆေးလိပ်သောက်သူတွေမှာအဖြစ်များပြီး ခံတွင်းတစ်သျှူးတွေထိခိုက်တာကြောင့် ဖြစ်ပေါ်လာတာပါ။ အဖြူရောင်အထူအလွှာတွေ အဖြစ်မြင်တွေ့ရပြီး နေထိုင်မှုပုံစံပြောင်းလဲပြီး ကုသနိုင်ပေမယ့်လည်းပြန်လည်ဖြစ်ပွားနိုင်ခြေရှိပါတယ်။
ပါးစောင်အနာများ
သွားဖုံးအပါအဝင်ခံတွင်းနံ့နူးညံ့တဲ့တစ်သျှူးတွေပေါ်မှာဖြစ်ပေါ် တတ်ပါတယ်။ အနာတွေရဲ့အလယ်မှာ အဖြူရောင်အစက်တွေ ပါရှိပါတယ်။
ခံတွင်းကင်ဆာ
ခံတွင်းကင်ဆာရဲ့လက္ခဏာတစ်ခုအဖြစ် သွားဖုံးအဖြူရောင် ပြောင်းတာတွေ့ရပါတယ်။ လျှာ၊ နှာခေါင်းနဲ့သွားဖုံးတွေကိုထိခိုက်စေနိုင်ပါတယ်။ ရောဂါလက္ခဏာမပြဘဲ ဖြစ်ပွားတတ်ပါတယ်။
သွေးအားနည်းရောဂါ
အဆုတ်ကအောက်ဆီဂျင်ကို ဆဲလ်တွေဆီ သယ်ဆောင်ဖို့တာဝန်ရှိတဲ့ သွေးနီဥနည်းပါးတာကြောင့် သွားဖုံးတွေက ပန်းရောင်သန်းမနေတော့ ဘဲ ဖြူဖပ်ဖြူရော်ဖြစ်နိုင်တယ်။ သွားဖုံးအရောင်ဖြူတာအပြင် တခြား တွေ့နေရတဲ့လက္ခဏာတွေကတော့ အသားအရေဖြူဖပ်ဖြူရော်ဖြစ်တာ၊ မောပန်းလွယ်တာနဲ့ နှလုံးခုန်မြန်တာတို့ဖြစ်နိုင်ပါတယ်။
သတိပြုဖို့ကခံတွင်းမှာ ပုံမှန်မဟုတ်တဲ့အခြေအနေတွေတွေ့ရှိလာရင် နီးစပ်ရာသွားနဲ့ခံတွင်းဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့် ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သူတွေ၊ သွေးအားနည်းသူတွေ နဲ့ ကိုယ်ခံအားနည်းသူတွေမှာ အဲဒီလက္ခဏာမျိုးကို အထူးဂရုစိုက်ကြည့်သင့်ပါတယ်။
သွားဖုံးရောဂါက မသန့်ရှင်းမှုကြောင့်ဖြစ်ပွားနိုင်ပါတယ်။ သွားဖုံးတွေ အောက်ကိုကျလာပြီး နောက်ဆုံးမှာတော့ သွားတွေကျွတ်တဲ့အထိ ဆိုးရွားနိုင်ပါတယ်။သွားဖုံးဆိုတာက သွားတွေအပေါ်ပိုင်း(Crown)နဲ့ အမြစ်ပိုင်း(Root)ဆိုပြီးရှိရာ သွားဖုံးအလွှာက အမြစ်ပိုင်းကိုဖုံးအုပ်ပေးထားတယ်။ ကျန်းမာတဲ့သွားဖုံးက မာပြီးပန်းရောင်သန်းနေပါတယ်။ သွားဖုံးရောင် ရောဂါ(Gingivitis)က သွားဖုံးရောဂါရဲ့အစဖြစ်ပါတယ်။သွားဖုံးရောင်ရောဂါက ခံတွင်းသန့်ရှင်းရေးမကောင်းတာကြောင့် ဖြစ်တယ်။ အစာစားပြီး အချိန်ခဏအတွင်းမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဗက်တီးရီးယားအမျှင်တွေ (Acquire Pellicle)ဖြစ်လာလေ့ရှိတယ်။
အဲဒီအမျှင်တွေပေါ် ဗက်တီးရီးယားလာရောက်ကပ်တွယ်ပြီး ဗက်တီး ရီးယားစု(Bacterial Plaque)ကနေ ကျောက်ဖြစ်လာတယ်။ ဒီအချိန်မှာ သွားမတိုက်ဘဲဆက်ထားရင် ကျောက်လွှာက တဖြည်းဖြည်းနဲ့မာလာ ပြီး သွားပတ်လည်နဲ့သွားဖုံးအဆစ်နေရာတွေမှာ ကျောက်တည်လာ မယ်။ သွားဖုံးတွေနီရဲပြီးရောင်လာမယ်။ သွားတိုက်တဲ့အခါ သွေးစ တွေထွက်လာမယ်။ ဒီလိုဖြစ်နေစဉ်အတွင်းမှာ နာကျင်မှုမရှိသေးလို့ သတိမထားမိနိုင်ပါဘူး။ အဲဒီအဆင့်မှာ သွားမှန်မှန်တိုက်ရင် ပြန်လည် ကောင်းမွန်လာနိုင်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ သွားဖုံးရောဂါ (Periodontitis) ဖြစ်လာ တယ်။ အဲဒီအဆင့်ကို အဆင့်(၃)ဆင့်ခွဲထားပါတယ်။ပဏာမအဆင့်(Mild Periodontitis)မှာ သွားဖုံးက သွားနဲ့ကွာသွားပြီးအပေါက်လေးတွေဖြစ်လာတယ်။ ကျောက်မှာထွက်နေတဲ့ ဗက်တီးရီးယားကထွက်တဲ့အက်စစ်တွေကနေတစ်ဆင့် သွားဖုံးတွေ ထိခိုက်လာနိုင်တယ်။အသင့်အတင့် (Moderate Periodontitis) အဆင့်မှာ အပေါက်တွေ က တဖြည်းဖြည်းကြီးလာပြီး သွားဖုံးတွေက အောက်ကိုတဖြည်းဖြည်း ကျလာပြီး သွားဖုံးတစ်သျှူးတွေလည်းဆုံးရှုံးလာတယ်။
Severe Periodontitis အဆင့်မှာတော့ သွားဖုံးက အောက်ကိုအလွန်အမင်းကျဆင်းလာပြီး သွားတွေယိုင်လာမယ်။ ခံတွင်းအနံ့ဆိုးဝါးလာမယ်။ နောက်ဆုံး ရေစီးကမ်းပြို (Scurvy) ဖြစ်လာတယ်။ သွားဖုံးရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းက Bacterial Plaque လို့ခေါ်တဲ့ ဗက်တီးရီးယားတွေစုဝေးရာအလွှာကို ဖယ်ရှားတာ ကြောင့်ဖြစ်တယ်။သွားမှန်မှန်တိုက်ရင်သွားဖုံးရောဂါဖြစ်နိုင်မှုနည်းပါးတယ်။ ဆေးလိပ်သောက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ကွမ်းစားတာကြောင့်လည်းဖြစ်နိုင်တယ်။ ကွမ်းကြေးတွေနဲ့အစာ တွေကပ်တာကတစ်ဆင့် ကျောက်တွေဖြစ်ပေါ်လာတယ်။
သွားဖုံးရောင်ရောဂါဖြစ်ရင်တွယ်ကပ်နေတဲ့ကျောက်တွေကို ဖယ်ရှားပေးပြီးကုသမှုပေးရပါမယ်။ အဲဒါကိုကျောက်ခြစ်ခြင်း (Scaling) လို့ခေါ်ပါတယ်။ တကယ်လို့ ရောဂါအခြေအနေဆိုးဝါးပြီး အလွန်အမင်းရောင်နေပြီ၊ ဗက်တီးရီးယားတွေလည်းပျံ့နှံ့နေပြီ၊ နာလည်းနာကျင်နေပြီဆိုရင် ပိုးသတ်ဆေးပေးပြီးမှ ကျောက်တွေကို ဖယ်ရှားပေးရမှာပဲဖြစ်ပါတယ်။ မကုသဘဲထားရင် သွားဖုံးရောင်တာ ကြောင့် တချို့လူတွေ အရွယ်ရောက်ပြီးချိန်မှာ သွားတွေဆုံးရှုံးရနိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် သွားဖုံးရောင်တဲ့ရောဂါမဖြစ်အောင် သွားနဲ့ ခံတွင်းကျန်းမာရေးကို နေ့စဉ်ဂရုစိုက်သင့်ပါတယ်။ သွားပုံမှန်တိုက်ပေး သင့်ပြီး သွားဖုံးရောင်ရောဂါနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေကိုလည်း လိုက်နာကျင့်သုံးကြရင်းရောဂါကင်းဝေးကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
MWD
Photo Credit to Hello ဆရာဝန်
