နို့စားနွားမျိုးမြှင့်ခြင်း၏ သဘောသဘာဝများ

Posted_Date

Image

နို့စားနွားမျိုးမြှင့်ခြင်း၏ သဘောသဘာဝများ

Body

မြန်မာနိုင်ငံတွင် ရေပန်းစားနေသော ဖရီရှန်နို့စားနွားမျိုးများကို ဒေသနွားမျိုးများနှင့် မျိုးမြှင့်မွေးမြူကြရာတွင် မျိုးမြင့်လာသည်နှင့်အမျှ နို့ထွက်နှုန်းများကျဆင်းခြင်း၊ စီးပွားရေးတွက်ခြေမကိုက်ခြင်းတို့ကြောင့် နို့ထုတ်လုပ်မှုလုပ်ငန်းများ နှေးကွေးနေခြင်းနှင့် ရင်ဆိုင်နေရသည်။ လက်ရှိတွေ့ကြုံနေရသော အခြေအနေမှာ ၇၅ ရာခိုင်နှုန်း ဖရီရှန်သွေးပါသော နို့စားနွားမများသည် ၅၀ ရာခိုင်နှုန်း ဖရီရှန်သွေးပါသော နို့စားနွားမများထက်    အထွက်နှုန်းများလျော့နည်းသွားသည်ကို  ကြုံတွေ့နေရသည်။    မျိုးမြှင့်တင်ခြင်းနှင့်သက်ဆိုင်သော  နည်းပညာ၊ သဘောသဘာဝတို့မှာ   နက်နဲသိမ်မွေ့သည်ကို တွေ့ရှိရသည်။ 

ယနေ့လက်ရှိအခြေအနေတွင် နို့ထွက်နှုန်းကောင်းသော နွားမျိုးများမှာ သမပိုင်းဒေသနွားမျိုးများဖြစ်သည့်အတွက် သမပိုင်းနွားမျိုးများနှင့် အပူပိုင်းဒေသနွားမျိုးများကိုမျိုးစပ်၍ နို့ထွက်နှုန်းများတိုးတက်ရန် ဆောင်ရွက်လျက်ရှိကြသည်။ ကျွန်တော်တို့မြန်မာနိုင်ငံသည်လည်း ၁၉၇၆ ခုနှစ်မှစ၍ သမပိုင်းနွားမျိုးများဖြစ်သော ဖရီရှန်၊ ဂျာစီ၊ ဂန်စီ၊ နော်ဝေးဂျင်းရက်ဒ် စသော နို့စားနွားမျိုးများကိုတင်သွင်း၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့သည်။ ရလဒ်များအရ ဥပမာ- ဖရီရှန်ကပြားသွေး ၅၀ ရာခိုင်နှုန်းအထက်  မျိုးမြင့်လာသောနွားများသည် မွေးစကပင်  မြန်မာနိုင်ငံ၏ရာသီဥတုဒဏ်ကို   ပင်ပန်းဆင်းရဲစွာခံစားကြရပြီး အရွယ်ရောက်လာသောအခါတွင် နို့ထွက်နှုန်းများသည် ၅၀ ရာခိုင်နှုန်း ဖရီရှန်၏ အထွက်နှုန်းကိုမမီခြင်း၊  ရောဂါများပြားခြင်း၊  ကြီးထွားမှုနှေးကွေးခြင်း စသောအခြေအနေများကို ရင်ဆိုင်တွေ့ကြုံခဲ့ရသည်။

မျိုးရိုးမြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် မျိုးရိုးဗီဇဆက်ခံမှုသည် အဓိကထားစဉ်းစားရမည့်အချက်ဖြစ်သည်။  ပုံသေနည်းဖြင့် တင်ပြရမည် ဆိုလျှင်(H2=          )ဖြင့် တွက်ချက်ကြသည်။ (H2=Heritability = မျိုးရိုးဆက်ခံမှု၊  H=Heredity   Variation= မျိုးရိုးပြောင်းလဲမှု၊ E=Environment Variation= ပတ်ဝန်းကျင်၏ပြောင်းလဲမှု)။

အိန္ဒိယနိုင်ငံမှ လေ့လာတွေ့ရှိမှုများအရ မြန်မာနိုင်ငံကဲ့သို့ပင် ၇၅ ရာခိုင်နှုန်း ဖရီရှန်သွေးပါသော နို့စားနွားမများသည် ၅၀ ရာခိုင်နှုန်း 

ဖရီရှန်သွေးပါသော နို့စားနွားများထက် နို့ထွက်နှုန်းနည်းပါးခြင်းကို ကြုံတွေ့နေရသည်။ ဥပမာ- ၅၀ ရာခိုင်နှုန်း  ဖရီရှန်နွားမ (ဖရီရှန်အထီး ၁၀၀ ရာခိုင်နှုန်း x ဆဟေးဝယ်ဒေသနွားမ)၏ နို့ထွက်နှုန်းသည် ၇၅ ရာခိုင်နှုန်း ဖရီရှန်နွားမ(၁၀၀ ရာခိုင်နှုန်း ဖရီရှန်အထီး x ၅၀ ရာခိုင်နှုန်းဖရီရှန်နွားမ)ထက် နို့ထွက်နှုန်းပိုများနေသည်ကို လေ့လာတွေ့ရှိခဲ့သည်။ နို့ထွက်နှုန်းကွာခြားရခြင်းမှာ အောက်ပါအကြောင်းများကြောင့် ဖြစ်ရသည်ကို တွေ့ရှိခဲ့သည်-

(က)     ရာသီဥတုနှင့် အပူဒဏ်ကို ခံနိုင်ရည်နည်းပါးခြင်းနှင့် ၇၅ ရာခိုင်နှုန်း ဖရီရှန်နို့စားနွားမများသည် သမပိုင်းမျိုးရိုးဗီဇများ ပိုမိုများပြား နေခြင်းကြောင့် အပူပိုင်းဒေသ၏ လေတိုက်ခတ်မှုနှုန်း၊ နေဝင်၊ နေထွက်စိုထိုင်းဆနှင့်အပူချိန်တို့ကို  ယဉ်ပါးမှုနည်းပါးခြင်းကြောင့်   အစာစားနှုန်းလျော့နည်းလာပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော    စွမ်းအင်လိုအပ်ချက် များလာခြင်းတို့ကြောင့် နို့ထွက်နှုန်းကျဆင်းရခြင်း။

(ခ)       ၇၅ ရာခိုင်နှုန်း ဖရီရှန်နို့စားနွားမများသည် အပူပိုင်းဒေသ၏ ရေ၊ မြေတို့နှင့်လိုက်လျောညီထွေမှုနည်းပါးခြင်း။

(ဂ)       ၇၅ ရာခိုင်နှုန်းဖရီရှန်နို့စားနွားမများမွေးမြူရန်အတွက် မွေးမြူထိန်းသိမ်းရေးပြုစုစောင့်ရှောက်ရေးများပြားသဖြင့် ပြည့်မီအောင် ဆောင်ရွက်ရန် အခက်အခဲရှိခြင်းကြောင့် လည်းကောင်း၊ ဥပမာ- အအေးပေးစနစ်များ ရာသီအလိုက်လိုအပ်ခြင်း၊ လေဝင်လေထွက်စနစ်များ ရာသီအလိုက်လိုအပ်ခြင်း၊ စိုထိုင်းမှုညီမျှစေရန်  နည်းစနစ်များ    ရာသီအလိုက်လိုအပ်ခြင်း။

(ဃ)     အစာအာဟာရကျွေးမွေးရန်အတွက်   အရည်အသွေးမြင့်မားသော သမပိုင်းမြက်မျိုးများ၊  ပဲနွယ်ပင်များလိုအပ်လျက်ရှိပြီး အပူပိုင်းဒေသ၏အစာကြမ်းဒဏ်မခံနိုင်ခြင်း။

(င)       ၇၅ ရာခိုင်နှုန်းသမပိုင်းနွားမျိုးများတွင် မွှား၊ ခြင်၊ ယင်တို့ကို(Skin Movement) အရေပြားတွန့်၍  မောင်းထုတ်နိုင်မှု နည်းပါးခြင်း၊ မွှား၊ ခြင်၊ ယင်ကိုက်ခြင်းကြောင့် ကူးစက်တတ်သောရောဂါများကိုပိုမိုခံစားရခြင်း(ဘာဘီးစီးယားရောဂါ)။

(စ)       အပူပိုင်းဒေသတွင် ဖြစ်ပွားသောရောဂါဒဏ်များကို ခံနိုင်ရည်နည်းပါးခြင်း။          

(ဆ)     ၅၀ ရာခိုင်နှုန်းဖရီရှန်များသည် မျိုးရိုးပညာအရ(Intergenus Cross Breed) မျိုးစုမတူသော မျိုးနှစ်မျိုးမှဆင်းသက်လာသော   ကပြားမျိုးစပ်(Hybrid Vigor)ဖြစ်သောကြောင့် မြင့်မားသောအရည်အသွေးများကို    ပိုင်ဆိုင်ထားပြီး အထွက်နှုန်းကောင်းခြင်း၊     ကြီးထွားနှုန်းကောင်းခြင်း၊ မျိုးအောင်နှုန်းကောင်းခြင်း၊ ရောဂါဒဏ်ခံနိုင်မှုကောင်းခြင်း စသောအရည်အသွေးများကို ပိုင်ဆိုင်ထားပါသဖြင့်  ၇၅ ရာခိုင်နှုန်းဖရီရှန်နို့စားနွားမများထက်  ပိုမိုနို့ထွက်ကောင်းခြင်းဖြစ်သည်။

အထက်ဖော်ပြပါ အခြေအနေများကြောင့်        နို့စားနွားများကိုမျိုးမြှင့်တင်ရာတွင်  ပညာရှင်များအနေဖြင့် စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားရန် လိုအပ်ပါမည်။ ဥပမာ- ၅၀ ရာခိုင်နှုန်းဖရီရှန်နို့စားနွားမကို နောက်တစ်ဆင့်မည်ကဲ့သို့ မျိုးဖောက်မည် နည်းဆိုသောအချက်ကို စဉ်းစားရန်လိုအပ်မည်ဖြစ်သည်။ သမပိုင်းမျိုးများကို မျိုးမြှင့်တင်မှုများပါက ထုတ်လုပ်မှုအပါအဝင် အရည်အသွေးများ ကျဆင်းလေလေဖြစ်ပြီး   စီးပွားရေးတွက်ခြေမကိုက်ခြင်းကို   တွေ့ကြုံရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နို့စားနွားမွေးမြူရေးလုပ်ငန်းကို  အဓိကအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊  ရန်ကုန်တိုင်းဒေသကြီးတို့တွင်အများဆုံးမွေးမြူပြီး  မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် အနည်းငယ်မွေးမြူလျက်ရှိသည်ကိုတွေ့ရှိရသည်။ မြန်မာနိုင်ငံ၏သဘာဝအခြေအနေ ရာသီဥတုအနေအထားအရ တစ်နိုင်ငံလုံးတွင် နို့စားနွားမွေးမြူနိုင်သော အခြေအနေရှိသည်။ သို့သော် နေရာဒေသအလိုက် နို့စားနွားမွေးမြူရေးအတွက် မျိုးရွေးချယ်ရေးလုပ်ငန်းသည် သက်ဆိုင်ရာဒေသနှင့်ကိုက်ညီသော နွားမျိုးများဖြစ်ရန်လိုသည်။ ဥပမာ- ရှမ်းပြည်နယ်တွင် နို့စားနွားမွေးမြူရေးလုပ်ငန်းအတွက် ဒေသနွားမျိုးများကိုအခြေခံ၍ သမပိုင်းနွားမျိုးများနှင့် မျိုးမြှင့်ပေးရန်ဖြစ်သည်။ လက်ရှိရှမ်းပြည်နယ်ရှိ ဒေသနွားမျိုးများမှာ နို့ထွက်နှုန်းနည်းခြင်း၊ ကြီးထွားနှုန်းမကောင်းခြင်းကြောင့် အဆိုပါဒေသနွားများကို  အိန္ဒိယနွားမျိုးများဖြစ်သော အင်ဒိုဘရာစေး(Indobrasil) နွားမျိုးနှင့်မျိုးစပ်ရမည်။ ထွက်ရှိလာသော ကပြားနွားမများကို ဖရီရှန်ကဲ့သို့ နို့ထွက်ကောင်းသော ပြည်ပနွားမျိုးများနှင့်မျိုးမြှင့်ပေးခြင်းဖြင့်   ရှမ်းပြည်နယ်တွင်  နို့ထွက်ကောင်းသောနွားမျိုးများ ရရှိလာမည်ဖြစ်

သည်။ ထို့အတူ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဒေသနွားနှင့် နွားနောက်ကိုမျိုးစပ်၍  ရရှိလာသောကပြားနွားမများကို   ဖရီရှန်ကဲ့သို့  နို့ထွက်ကောင်းသော နွားမျိုးများနှင့်မျိုးမြှင့်ပေးခြင်းဖြင့် အထက်ပါဒေသများတွင် နို့စားနွားမွေးမြူရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင်  နို့စားနွားမွေးမြူရေးလုပ်ငန်း  ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးအတွက်      နွားမျိုးများ မြှင့်တင်ရာတွင် ဒေသအခြေအနေ၏ သဘောသဘာဝနှင့်ကိုက်ညီသော နို့စားနွားများရရှိရေးအတွက်   မျိုးမြှင့်တင်ရေး ဆောင်ရွက်ရာတွင်   အဓိကထားဆောင်ရွက်သင့်သော မွေးမြူရေးနှင့် မျိုးမြှင့်တင်ရေးနည်းပညာပိုင်းတွင် တွေ့ကြုံလျက်ရှိသော အားနည်းချက်များကို   ဖြည့်ဆည်းလုပ်ကိုင် ဆောင်ရွက်သွားမည်ဆိုပါက           နို့စားနွားမျိုးမြှင့်တင်ရေးလုပ်ငန်း အောင်မြင်မှုများ ရရှိလာနိုင်မည် ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။    ။

MWD