နိုင်ငံတော်၏ စီးပွားရေးမဏ္ဍိုင်ကို အားကောင်းစေမည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးစီးပွား
Posted_Date
Image
Body
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံမောင်းနှင်ပေးသည့် အင်အားတစ်ရပ်ဖြစ်ပြီး လုပ်သားများအတွက် အလုပ်အကိုင်အများဆုံး ပေးနိုင်သည့်အပြင် ဒေသတွင်း စီးပွားရေးလည်ပတ်မှုကို အားကောင်းစေသော အဓိကအင်ဂျင်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ယခုအခါ နိုင်ငံတော်အစိုးရမှ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဦးတည်ထားသည့် ဝန်ကြီးဌာနတစ်ရပ်ကို သီးခြားဖွင့်လှစ်ပေးလိုက်ခြင်းသည် စီးပွားရေးစနစ် တစ်ခုလုံးအတွက်သာမက ပြည်သူလူထုအတွက်ပါ တိုက်ရိုက်နှင့်သွယ်ဝိုက်သော အကျိုးကျေးဇူးများကို သယ်ဆောင်လာမည်ဖြစ်ပြီး အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာသည်ဟုဆိုနိုင်သည်။
ဦးစွာ ဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးမည်ဖြစ်သည်။ MSME လုပ်ငန်းများသည် လုပ်သားအင်အား အများအပြား လိုအပ်သည့် လုပ်ငန်းများဖြစ်သောကြောင့် ၎င်းတို့တိုးချဲ့ ဖွံ့ဖြိုးလာသည်နှင့်အမျှ ဒေသအသီးသီးတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သည်။ ထိုအခါ လူငယ်များအနေဖြင့် မိမိတို့ဒေသ၌ပင် အလုပ်အကိုင်ရှာဖွေနိုင်ပြီး အလုပ်လက်မဲ့ပြဿနာကိုလည်း သိသိသာသာ လျှော့ချနိုင်မည်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် MSME လုပ်ငန်းရှင်များအတွက် အရေးပါဆုံးဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာအခက်အခဲများကို လျှော့ချပေးမည်ဖြစ်သည်။ ယခင်က ချေးငွေရယူရာတွင် ကြုံတွေ့ရသော လုပ်ထုံးလုပ်နည်း အခက်အခဲများကို လျှော့ချပေးပြီး အတိုးနှုန်းသက်သာသည့် ငွေကြေးပံ့ပိုးမှုစနစ်များကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ခေတ်မီစက်ကိရိယာများနှင့် ထုတ်လုပ်မှု နည်းပညာများကို သင်ယူနိုင်ရန် သင်တန်းများနှင့် လေ့ကျင့်ရေးအစီအစဉ်များကိုလည်း စနစ်တကျစီစဉ်ပေးမည်ဖြစ်သည်။
တတိယအချက်မှာ MSME ထုတ်ကုန်များ၏ ဈေးကွက်ချဲ့ထွင်နိုင်မှုဖြစ်သည်။ ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ပံ့ပိုးပေးမည်ဖြစ်သည်။ အရည်အသွေးထိန်းချုပ်မှု စနစ်များနှင့် နိုင်ငံတကာစံချိန်စံညွှန်းများကို လိုက်နာနိုင်ရန် အထောက်အပံ့များ ပေးခြင်းအားဖြင့် ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်သည်။ ကုန်စည်ပြပွဲများနှင့် ကုန်သွယ်မှုဆိုင်ရာ ချိတ်ဆက်မှုများကိုလည်း စီစဉ်ပေးခြင်းဖြင့် MSME လုပ်ငန်းများ၏ ဈေးကွက်လမ်းကြောင်းများ ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။
စတုတ္ထအချက်အနေဖြင့် လုပ်ငန်းလိုင်စင်နှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို လွယ်ကူမြန်ဆန်စေရန် ဝန်ဆောင်မှုအားလုံး တစ်နေရာတည်းတွင် ရရှိနိုင်သည့် (One Stop Service) စနစ်များကို အကောင်အထည်ဖော်ပေးမည်ဖြစ်သည်။ ထိုစနစ်ကြောင့် လုပ်ငန်းရှင်များ အနေဖြင့် လိုင်စင်ရယူခြင်းနှင့် ဥပဒေဆိုင်ရာ လိုအပ်ချက်များကို တစ်နေရာတည်းတွင် မြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အချိန်နှင့် ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် အဂတိများကိုလည်း လျှော့ချနိုင်ပြီး စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုသန့်ရှင်းတည်ငြိမ်စေမည်ဖြစ်သည်။
နောက်ဆုံးအချက်အနေဖြင့် ဒေသတွင်းအရင်းအမြစ်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးနိုင်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။ ဒေသထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ခြင်းသည် ဝင်ငွေကိုတိုးတက်စေပြီး ဒေသစီးပွားရေးကိုလည်း တက်ကြွအားကောင်းလာစေမည်ဖြစ်သည်။
ထွက်ကုန်များကို ကုန်ချောများအဖြစ် ပြောင်းလဲခြင်းဖြင့် ပြည်သူများ၏တစ်ဦးချင်းဝင်ငွေကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။ MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ဝန်ကြီးဌာနအဆင့်သို့ တိုးမြှင့်လိုက်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေးကို ရှင်သန်အားကောင်းစေမည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ရရှိလာသည့် အခွင့်အလမ်းများကိုအသုံးချကာ လူမှုဘဝအဆင့်အတန်းကို မြှင့်တင်နိုင်မည်ဖြစ်သလို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင်လည်းတက်ကြွစွာပါဝင်နိုင်ကြမည် ဖြစ်သည်။ “ခိုင်မာသော MSME ကဏ္ဍသည် တောင့်တင်းသော နိုင်ငံတော်စီးပွားရေး၏ အုတ်မြစ်ဖြစ်သည်”။
အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါများလာခြင်း
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံကာ ထောက်ပံ့ပေးနေသော အင်အားအကြီးမားဆုံးကဏ္ဍတစ်ခုမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ပင်ဖြစ်သည်။ MSME ကဏ္ဍသည် စီးပွားရေးလုပ်ငန်းကြီးများနှင့် မတူဘဲ လူထုအတွင်းသို့ နက်ရှိုင်းစွာ ပျံ့နှံ့တည်ရှိနေပြီး လူတန်းစားအမျိုးမျိုး၏ဘဝ အသက်မွေးဝမ်းကျောင်းနှင့် တိုက်ရိုက်ချိတ်ဆက်နေသောကြောင့် စီးပွားရေး၏ အုတ်မြစ်အဖြစ် သတ်မှတ်နိုင်သည်။ ထိုသို့သော အရေးပါမှုကို အလေးထားကာ MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ဝန်ကြီးဌာနအဆင့်သို့ တိုးမြှင့်ပေးလိုက်ခြင်းသည် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ကျယ်ပြန့်စွာဖန်တီးပေးနိုင်မည့်အရေးပါသော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။
ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်တစ်ခုမှာ နိုင်ငံတစ်ဝန်းရှိ လုပ်သားအင်အားစုများအတွက် ရေရှည်တည်တံ့ပြီး ခိုင်မာသော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်သည်။ MSME လုပ်ငန်းများသည် ဒေသအလိုက် တိုးတက်ဖွံ့ဖြိုးနိုင်သည့် လုပ်ငန်းများဖြစ်သောကြောင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်းအလုပ်အကိုင်များကို တိုက်ရိုက်ဖန်တီးပေးနိုင်ပြီး ရွှေ့ပြောင်းလုပ်သားပြဿနာကိုလည်း ထိရောက်စွာ လျှော့ချပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို လုပ်ငန်းခွင်နှင့် တိုက်ရိုက်ချိတ်ဆက်သည့် (On-the-job Training) စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် ကျွမ်းကျင်လုပ်သားများအနေဖြင့် မိမိတို့၏ကျွမ်းကျင်မှုနှင့်ကိုက်ညီသော လုပ်ငန်းခွင်များကို လွယ်ကူစွာရှာဖွေနိုင်မည်ဖြစ်သည်။ MSME ကဏ္ဍတစ်ခုဖွံ့ဖြိုးလာသည်နှင့်အမျှ ၎င်းနှင့်ဆက်စပ်နေသော ကဏ္ဍများတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ အလို အလျောက်ပွားများ လာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထုတ်ကုန်တစ်ခု ထုတ်လုပ်ပါက ထုပ်ပိုးမှု၊ သယ်ယူပို့ဆောင်ရေး၊ အရောင်းနှင့် ဈေးကွက်ချဲ့ထွင်ရေး စသည့်ဆက်စပ်လုပ်ငန်းများလည်း တစ်ပြိုင်နက်တည်းနိုးထလာမည်ဖြစ်သည်။
ထို့ပြင် MSME ကဏ္ဍ၏ အမျိုးသမီးများနှင့် အိမ်တွင်းမှုလုပ်ငန်းရှင်များအားလည်း ဝန်ကြီးဌာနမှ စနစ်တကျ ပံ့ပိုးပေးနိုင်မည်ဖြစ်၍ အမျိုးသမီးများ၏ စီးပွားရေးပါဝင်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည့်အပြင် မိသားစုဝင်ငွေ တိုးတက်စေရုံသာမက လူမှုရေးအရလည်း အမျိုးသမီးများ၏ အခန်း ကဏ္ဍကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် လူတစ်စုအတွက်သာ မဟုတ်ဘဲ အခြေခံလက်လုပ်လက်စားပြည်သူများ၊ ကျွမ်းကျင်လုပ်သားများနှင့် ပညာတတ်လူငယ်များ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးအတွက် အလုပ်အကိုင်ဘေးကင်း လုံခြုံမှုနှင့် ဝင်ငွေတိုးတက်မှုကို အကောင်အထည်ဖော်ပေးမည့် အားကိုးထိုက်သော အဖွဲ့အစည်းတစ်ခုဖြစ်လာစေမည်ဖြစ်သည်။ MSME ကဏ္ဍ၏ ခိုင်မာတိုးတက်မှုသည် နိုင်ငံတော်စီးပွားရေး၏ အုတ်မြစ်ကို ပိုမိုခိုင်မာစေပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်သောအခြေခံကိုဖန်တီးပေးမည်ဖြစ်သည်။
နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အကူအညီများ ပိုမိုရရှိခြင်း
ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းရှင်များကြုံတွေ့နေရသော “ခေတ်နောက်ကျနေသည့် နည်းပညာ” နှင့် “အရင်းအနှီးခက်ခဲမှု” ကို ထိရောက်စွာဖြေရှင်းပေးမည်ဖြစ်ပြီး ယင်းအခြေအနေသည် MSME ကဏ္ဍကို သာမန်ရှင်သန်တည်တံ့နေသည့် အဆင့်မှ တိုးတက်ဖွံ့ဖြိုးမှု အရှိန်မြင့်သည့်အဆင့်သို့ ရောက်ရှိစေရန် အဓိကမောင်းနှင်ပေးမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုတွင် လက်မှုအခြေပြု လုပ်ငန်းများမှ စက်မှုအခြေပြုလုပ်ငန်းများသို့ ပြောင်းလဲနိုင်ရန် နည်းပညာသည် အဓိကအခရာဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် စက်မှုခေတ်မီရေး အတွက် လိုအပ်သည့် စက်ကိရိယာအသုံးပြုပုံများကို သရုပ်ပြသင်တန်းများဖြင့် မျှဝေပေးမည်ဖြစ်ပြီး ထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရန်နှင့် အလေအလွင့်များ လျော့နည်းစေရန် အထောက်အကူပြုမည် ဖြစ်သည်။ ထို့ပြင် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှု (Digital Transformation) ကိုလည်း အားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ Software များအသုံးပြုခြင်း၊ အွန်လိုင်းမှတစ်ဆင့် ငွေပေး ချေမှုနှင့်အရောင်းအဝယ် (E-commerce) စနစ်များကို ကျွမ်းကျင်စွာအသုံးချနိုင်ရန် လေ့ကျင့်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် သုတေသနနှင့်ဖွံ့ဖြိုးရေး (R&D) လုပ်ငန်းများမှတစ်ဆင့် ပြည်တွင်းထွက်ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်မည့် နည်းပညာအသစ်များကိုလည်း မျှဝေပေးမည်ဖြစ်သည်။ ဤသို့သော နည်းပညာကူးပြောင်းမှုများသည် MSME လုပ်ငန်းများကို ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေရန်သာမက နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခြေခံခိုင်မာမှုကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။
နည်းပညာနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများသည်လည်း MSME ဖွံ့ဖြိုးရေးအတွက် မဖြစ်မနေလိုအပ်သော အချက်တစ်ရပ်ဖြစ်ပြီး လုပ်ငန်းတစ်ခုစတင်ရန် သို့မဟုတ် တိုးချဲ့ရန်အတွက် လိုအပ်သော ငွေကြေးအရင်းအနှီးကိုရရှိရန်နှင့် အခက်အခဲများကို ဖြေရှင်းပေးရန် ဝန်ကြီးဌာနက ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံသူများနှင့် MSME လုပ်ငန်းရှင်များကို တိုက်ရိုက်ချိတ်ဆက်ပေးသည့် ဖိုရမ်များ၊ ဆွေးနွေးပွဲများကို စီစဉ်ပေးခြင်းဖြင့် ပြည်တွင်းပြည်ပမှ အရင်းအနှီးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ ယင်းသည် MSME လုပ်ငန်းများအတွက် တိုးတက်ချဲ့ထွင်နိုင်သည့် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည်။ ဝန်ကြီးဌာနသည် “ငွေကြေး” ဟူသော အင်ဂျင်နှင့် “နည်းပညာ” ဟူသော လောင်စာတို့ကို တစ်ပြိုင်နက်တည်းပံ့ပိုးပေးခြင်းဖြင့် MSME လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုမည်ဖြစ်သည်။
ဈေးကွက်ချဲ့ထွင်နိုင်မှုနှင့် နိုင်ငံတကာအဆင့်မီ ထုတ်ကုန်များ
MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် အဓိကတာဝန်များထဲမှတစ်ခုမှာ ပြည်တွင်းထုတ်ကုန်များကို “အရည်အသွေးမြင့်မားစေရန်” နှင့် “ဈေးကွက်ကျယ်ပြန့်စေရန်” ချိတ်ဆက်ပေးခြင်းဖြစ်သည်။ ယင်းသည် လုပ်ငန်းရှင်များအတွက် ဝင်ငွေတိုးတက်စေခြင်းသာမက နိုင်ငံတော်၏ ပို့ကုန်စွမ်းအားကို မြှင့်တင်ပေးနိုင်မည့်အရေးပါသော အချက်တစ်ရပ်ဖြစ်သည်။
ပထမဦးစွာ ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် အရည်အသွေးနှင့် စံချိန်စံညွှန်းများကို အထူးအာရုံစိုက်ရမည်ဖြစ်ပြီး ယုံကြည်စိတ်ချရသော အရည်အသွေးသည် ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အခြေခံအရေးကြီးဆုံး အချက်ဖြစ်သောကြောင့် ဝန်ကြီးဌာနအနေဖြင့် ISO 9001၊ HACCP၊ GMP စသည့် စံချိန်စံညွှန်းများရရှိ နိုင်ရန် လုပ်ငန်းရှင်များကို နည်းပညာပိုင်းဆိုင်ရာလမ်းညွှန်မှုများနှင့် စစ်ဆေးမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ထုပ်ပိုးမှုဒီဇိုင်းနှင့် တံဆိပ်တပ်ဆင်မှုများကိုလည်း ခေတ်မီစေပြီး ဆွဲဆောင်မှုရှိအောင် အဆင့်မြှင့်တင်ပေးမည်ဖြစ်သည်။
ထုတ်ကုန်များ၏ အရည်အသွေးကောင်းမွန်မှုနှင့်အတူ ဈေးကွက်ချဲ့ထွင်နိုင်မှုသည်လည်း အရေးကြီးသည်။ ထုတ်ကုန်ကောင်းတစ်ခုရှိသော်လည်း ဈေးကွက်မရှိပါက လုပ်ငန်းတည်တံ့နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ဝန်ကြီးဌာနသည် ပြည်တွင်းနှင့် ပြည်ပတွင် ကျင်းပသည့် ကုန်စည်ပြပွဲများနှင့် ကုန်သွယ်မှုပွဲများတွင် MSME လုပ်ငန်းရှင်များ ပါဝင်ခွင့်ရရှိစေရန် စီစဉ်ပေးမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် ထုတ်ကုန်များကို နိုင်ငံတကာသို့မိတ်ဆက်နိုင်ပြီး အမှာစာများရရှိစေနိုင်မည်ဖြစ်သည်။ ထို့ပြင် ပြည်ပမှဝယ်ယူလိုသူများနှင့် ပြည်တွင်းထုတ်လုပ်သူများကို တိုက်ရိုက်ချိတ်ဆက်ပေးသည့် B2B Matching စနစ်များကိုလည်း ဖော်ဆောင်ပေးမည်ဖြစ်သည်။
ယနေ့ခေတ်တွင် ဈေးကွက်၏ အနာဂတ်မှာ ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်တွင် တည်ရှိနေသည်။ ထို့ကြောင့် MSME ဝန်ကြီးဌာနသည် အွန်လိုင်းဈေးကွက် (E-commerce)ကို အားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး MSME လုပ်ငန်းများအတွက် သီးသန့် E-marketplace များ ဖန်တီးပေးခြင်း သို့မဟုတ် ကမ္ဘာ့အဆင့်မီ ပလက်ဖောင်းများနှင့် ချိတ်ဆက်ရောင်းချနိုင်ရန်ကိုလည်း နည်းပညာပိုင်းဆိုင်ရာကူညီပေးမည်ဖြစ်သည်။ ထို့ပြင် ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရာတွင် ကြုံတွေ့ရသည့် ထောက်ပံ့ပို့ဆောင်ရေးနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ပိုမိုလွယ်ကူချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းပေးမည်ဖြစ်သည်။ မြန်မာ့ထုတ်ကုန်သည် စိတ်ချရသည်ဟူသော နိုင်ငံတော်အဆင့်ဂုဏ်သတင်း (Country Brand) တည်ဆောက်နိုင်ရန်ဝန်ကြီးဌာနက အထူးအာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းရှင်များ၏ ထုတ်ကုန်ဒီဇိုင်းများနှင့် နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်လျှောက်ထားရာတွင် လမ်းညွှန် ကူညီပေးခြင်းဖြင့် ၎င်းတို့၏အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
လုပ်ငန်းလိုင်စင်နှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ လွယ်ကူမြန်ဆန်ခြင်း
လုပ်ငန်းသစ်တစ်ခုစတင်ရန် သို့မဟုတ် တရားဝင်လုပ်ငန်းအဖြစ် ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းရာတွင် လုပ်ငန်းရှင်များအတွက် အရေးပါဆုံးဖြစ်သည့် “တစ်နေရာ တည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One-Stop Service Center)” စနစ်ကို အကောင်အထည်ဖော်မည်ဖြစ်သည်။
ဝန်ဆောင်မှုစင်တာတစ်ခုတည်းတွင် လုပ်ငန်းမှတ်ပုံတင်ခြင်း၊ အခွန်ဆိုင်ရာ ကိစ္စများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ခွင့်ပြုချက်များနှင့် စည်ပင်သာယာရေးဆိုင်ရာ လိုင်စင်များကို တစ်ပြိုင်နက်တည်း လျှောက်ထားနိုင်မည်ဖြစ်သည်။ ယင်းသည် အချိန်နှင့်အားစိုက်ထုတ်မှုများကို သိသိသာသာလျှော့ချပေးနိုင်ပြီး လုပ်ငန်းရှင်များအတွက် အဆင်ပြေချောမွေ့မှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် ခေတ်မီနည်းပညာကို အသုံးချကာ ဒစ်ဂျစ်တယ် အုပ်ချုပ်မှုစနစ်ဖြစ်သည့် “အွန်လိုင်းမှလိုင်စင်လျှောက်ထားသည့်စနစ် (Online Licensing System)” ကို အသုံးပြုခြင်းဖြင့် လုပ်ငန်းရှင်များအနေဖြင့် ရုံးသို့ ကိုယ်တိုင်လာရောက်ရန်မလိုဘဲ အင်တာနက်မှတစ်ဆင့် လိုအပ်သော စာရွက်စာတမ်းများကို တင်ပြလျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့ပြင် လျှောက်လွှာ တင်ထားသော အခြေအနေကို အွန်လိုင်းမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်မည်ဖြစ်ပြီး မည်သည့်ဌာနတွင် စစ်ဆေးနေသည်ကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် လျှောက်လွှာများကို စီမံဆောင်ရွက်ရန် အချိန်ကန့်သတ်ချက်များ (SOP) ကို တိကျစွာ သတ်မှတ်ထားခြင်းကြောင့် မလိုလားအပ်သော ကြန့်ကြာမှုများကိုလည်း ထိရောက်စွာလျှော့ချနိုင်မည်ဖြစ်သည်။
တစ်ဖက်တွင်လည်း MSME လုပ်ငန်းရှင်များ၏ အရွယ်အစားနှင့်မကိုက်ညီသော စည်းမျဉ်းစည်းကမ်းများကို ပြန်လည်သုံးသပ်၍ ဖြေလျှော့ပေးသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။
လုပ်ငန်းစတင်ချိန်တွင် လိုအပ်သော ကနဦး အရင်းအနှီးသတ်မှတ်ချက်များ၊ အာမခံပစ္စည်း လိုအပ်ချက်များနှင့် စာရွက်စာတမ်းများကို လျှော့ချပေးခြင်းအားဖြင့် အသေးစားလုပ်ငန်းရှင်များအတွက် တရားဝင်လမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။
ထို့ပြင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို မြှင့်တင်ခြင်းအနေဖြင့်လည်း တိုက်ရိုက်ထိတွေ့ရမှုကို လျှော့ချပြီး စနစ်တကျလုပ်ဆောင်နိုင်သော ဒစ်ဂျစ်တယ်စနစ်များကို အသုံးပြုခြင်းအားဖြင့် အဂတိများကို ထိရောက်စွာတားဆီးနိုင်မည်ဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ထားသော အခကြေးငွေများကိုသာ တရားဝင်ပေးသွင်းရမည်ဖြစ်ကာ မလိုလားအပ်သော အပိုကုန်ကျစရိတ်များလျော့နည်းလာခြင်းကြောင့် လုပ်ငန်းလည်ပတ်မှုစရိတ်ကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။ မြန်ဆန်ချောမွေ့သော ဝန်ဆောင်မှုများနှင့် ပွင့်လင်းမြင်သာသော စနစ်များမှတစ်ဆင့် နိုင်ငံတော်၏စီးပွားရေးလည်ပတ်မှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ဒေသတွင်းစီးပွားရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ (Value-Added Products)
MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကမဟာဗျူဟာများ အနက်မှတစ်ခုမှာဒေသတစ်ခုချင်းစီ၏ သယံဇာတ အရင်းအမြစ်များကိုအခြေခံ၍ “တန်ဖိုးမြှင့်ထုတ်ကုန်များ” ထုတ်လုပ်နိုင်စေရန် တွန်းအားပေးခြင်းဖြစ်သည်။ ဤမဟာဗျူဟာသည် ကုန်ကြမ်းတင်ပို့သည့် အဆင့်မှတန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်နိုင်သည့်အဆင့်သို့ တိုးတက်ပြောင်းလဲနိုင်ရန် အရေးပါသော အခြေခံတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အဓိကကျသောလမ်းညွှန်မှုတစ်ခုဖြစ်လာသည်။
ယခင်က ဒေသအသီးသီးမှထွက်ရှိသော စိုက်ပျိုးရေးနှင့် သယံဇာတထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ဈေးနှုန်းနိမ့်စွာဖြင့် ရောင်းချခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုများဖြင့် အဆိုပါကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်ရန် နည်းပညာနှင့်စက်ကိရိယာများ ရရှိလာမည်ဖြစ်သည်။ ဥပမာအားဖြင့် မြေပဲကို အရည်အသွေးမြင့် မြေပဲဆီ သို့မဟုတ် အဆာပြေစားသောက်ကုန်များအဖြစ် ထုတ်လုပ်နိုင်ခြင်း၊ သစ်သီးဝလံများကို လတ်ဆတ်သည့်အချိန်တွင် ဈေးနှိမ်ခံရခြင်းမှရှောင်ရှားနိုင်ရန် အခြောက်ခံနည်းပညာများဖြင့် ယို၊ ဖျော်ရည်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ခြင်းတို့သည် တန်ဖိုးမြှင့် ထုတ်လုပ်မှု၏ထင်ရှားသော ဥပမာများဖြစ်သည်။
ထို့ပြင် “ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product - OROP)” မူဝါဒကို အကောင်အထည်ဖော်ခြင်းအားဖြင့် ဒေသအလိုက် ထူးခြားသောထုတ်ကုန်များကို ဖော်ထုတ်၍ ကုန်အမှတ်တံဆိပ်ဖော်ဆောင်ခြင်း (Branding) ပြုလုပ်ပေးမည်ဖြစ်သည်။ ယင်းသည် ဒေသတွင်း အသေးစားလုပ်ငန်းရှင်များကိုစုစည်း၍ စုပေါင်းစွမ်းအားဖြင့် လုပ်ကိုင်နိုင်စေပြီး ဒေသစီးပွားရေးကို ကိုယ်ပိုင်အင်အားဖြင့် ရပ်တည်နိုင်စေရန် အထောက်အကူပြုမည်ဖြစ်သည်။ ဒေသတစ်ခုချင်းစီ၏ ထူးခြားချက်ကိုအခြေခံ၍ ထုတ်လုပ်သည့် ကုန်ပစ္စည်းများသည် အမှတ်တံဆိပ်တန်ဖိုးကို မြင့်မားလာစေပြီး ပြည်တွင်းနှင့် ပြည်ပဈေးကွက်များတွင်လည်း ပိုမိုအသိအမှတ်ပြုခံရနိုင်မည်ဖြစ်သည်။
တန်ဖိုးမြှင့်တင်မှုသည် ထုတ်လုပ်မှုအဆင့်တွင်သာ မဟုတ်ဘဲ ထောက်ပံ့ရေးကွင်းဆက် တစ်လျှောက်လုံးတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ သိုလှောင်မှုအဆင့်တွင် အအေးခန်းစနစ်များကို အသုံးပြုခြင်းအားဖြင့် ရာသီပေါ်သီးနှံများ ပုပ်သိုးဆုံးရှုံးမှုကို လျှော့ချနိုင်ပြီး ဈေးကောင်းရရှိသည့်အချိန်အထိ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ထုပ်ပိုးမှုနည်းပညာများကို အဆင့်မြှင့်တင်ခြင်းအားဖြင့် ထုတ်ကုန်၏အရည်အသွေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ဤသို့သော တန်ဖိုးမြှင့်ထုတ်လုပ်မှုများမှ ရရှိလာမည့် အကျိုးကျေးဇူးများသည် ဒေသတွင်းစီးပွားရေးနှင့် ပြည်သူလူထု၏လူနေမှုဘဝကို တိုက်ရိုက်သက်ရောက်စေမည်ဖြစ်သည်။ ကုန်ကြမ်းထက်ကုန်ချော ထုတ်ကုန်များသည် ဈေးနှုန်းမြင့်မားစွာရရှိနိုင်သဖြင့် လုပ်ငန်းရှင်များနှင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်သည်။ ထို့ပြင် ထုတ်လုပ်မှုလုပ်ငန်းစဉ်မှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းများကိုလည်း ထပ်မံအသုံးချ၍ ဝင်ငွေရှာနိုင်သည့် လမ်းကြောင်းအသစ်များကို ဖန်တီးနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ကောက်ရိုးမှ စက္ကူထုတ်လုပ်ခြင်း၊ အပင်အခွံများမှ မြေဩဇာထုတ်လုပ်ခြင်းတို့သည် စွန့်ပစ်ပစ္စည်းများကို တန်ဖိုးရှိသည့် အရင်းအမြစ်များအဖြစ် ပြန်လည်အသုံးချနိုင်သည့် နည်းလမ်းများဖြစ်သည်။
“ဒေသသယံဇာတကို အရင်းပြု၍ နည်းပညာဖြင့် တန်ဖိုးမြှင့်တင်ခြင်း” ဆိုသည့် မဟာဗျူဟာဖြင့် ကျေးလက်နှင့် ဒေသအသီးသီးရှိ ပြည်သူများ၏ လူမှုစီးပွား ဘဝကို ရေရှည်တည်တံ့ခိုင်မြဲစေရန် အထောက်အကူပြုမည်ဖြစ်သကဲ့သို့ ဒေသအသီးသီးရှိ စီးပွားရေးများကို စွမ်းအားရှိသော အင်အားစုများအဖြစ် ပြောင်းလဲစေပြီး နိုင်ငံတော်၏ စီးပွားရေးတည်ငြိမ်မှုကို ပိုမိုခိုင်မာစေမည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။
အစိုးရသစ်၏ လမ်းညွှန်ချက်များနှင့် MSME ကဏ္ဍသစ်
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်များအရ MSME ကဏ္ဍသည် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုစနစ်တွင် အခြေခံအုတ်မြစ်အဖြစ် အရေးပါသည့်အပြင် အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းစေမည့် “Quick Win” မဟာဗျူဟာများ၏ အဓိကမောင်းနှင်အားတစ်ရပ်လည်း ဖြစ်သည်။ အဆိုပါ လမ်းညွှန်ချက်များသည် MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်ရသော ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် တိုက်ရိုက်ချိတ်ဆက်နေပြီး ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်မည့် အရေးပါသော လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးလျက်ရှိသည်။
ပထမဦးစွာ MSME လုပ်ငန်းများ အောင်မြင်စေရန်အတွက် ပြည်ပမှကုန်ကြမ်းများအပေါ် အလွန်အကျွံမူတည် နေခြင်းကိုလျှော့ချပြီး မိမိတို့ဒေသမှ ထွက်ရှိသည့် သယံဇာတများ၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးချခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လမ်းညွှန်ထားသည်။ အထူးသဖြင့် ဝါလုပ်ငန်းကို အခြေခံ၍ ဝါမှ ဝါဂွမ်း၊ ချည် မျှင်နှင့် အထည်အလိပ်အထိ ဆက်လက်တိုးချဲ့နိုင်သည့် ကွင်းဆက်ကုန်ထုတ်လုပ်မှု စနစ်ကို ဖော်ဆောင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် သားရေ၊ ရော်ဘာ၊ သရက်၊ ဒူးရင်း၊ ငရုတ်ကောင်းကဲ့သို့သော ဒေသထွက်သီးနှံများကို အဆင့်မြင့်ကုန်ချောထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းသည် ဒေသစီးပွားရေးကို တိုးတက်စေမည့် အရေးပါသောအခန်းကဏ္ဍ တစ်ခုဖြစ်လာသည်။
ထို့ပြင် MSME လုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်ရန်အတွက် ငွေကြေးပံ့ပိုးမှုနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုများကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သော ရင်းနှီးမတည်ငွေများကို နိုင်ငံတော်မှပံ့ပိုးပေးခြင်းဖြင့် လုပ်ငန်းများကို စတင်ခြင်းနှင့် တိုးချဲ့ခြင်းတို့ကို လွယ်ကူစေမည်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းလိုင်စင်နှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ဖြေလျှော့ပေးခြင်းဖြင့် MSME လုပ်ငန်းရှင်များအတွက်စီးပွားရေးလုပ်ငန်းများကို တရားဝင်လမ်းကြောင်းတွင် လုပ်ကိုင်နိုင်ရန်အဆင်ပြေစေမည်ဖြစ်သည်။
လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးသည် MSME ကဏ္ဍအတွက် မဖြစ်မနေလိုအပ်သော အခြေခံတစ်ရပ်ဖြစ်သည်။
ထို့ကြောင့် အခြေခံပညာအလယ်တန်း အဆင့်မှစတင်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခြေခံဘာသာရပ်များကို သင်ကြားပေးခြင်းဖြင့် လက်တွေ့အသုံးချနိုင်သော ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် သိပ္ပံကျောင်းများကို တက္ကသိုလ်နှင့် ကောလိပ်အဆင့်သို့ မြှင့်တင်ခြင်းနှင့် Polytechnic ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ခြင်းတို့ဖြင့် နည်းပညာကျွမ်းကျင်သော လူသားအရင်းအမြစ်များကို စနစ်တကျပြုစု ပျိုးထောင်ပေးလျက်ရှိသည်။
နည်းပညာနှင့် သွင်းအားစုများ ပံ့ပိုးပေးခြင်းသည်လည်း MSME ဖွံ့ဖြိုးရေးအတွက် အရေးပါသော အချက်တစ်ရပ်ဖြစ်သည်။ အထူးသဖြင့် နေရောင်ခြည်စွမ်းအင် (Solar) ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေးအတွက် ရေတင်လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းသည် ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ပြီး လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည်ဖြစ်သည်။
ထို့ပြင် MSME လုပ်ငန်းများကို တစ်ဦးချင်းသော်လည်းကောင်း၊ သမဝါယမစနစ်ဖြင့်သော်လည်းကောင်း ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် ဒေသတွင်းထုတ်လုပ်မှုကို တိုးတက်စေမည်ဖြစ်သည်။ ဒေသအလိုက် အသား၊ ငါးနှင့် စားသောက်ကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအားကို မျှတစေပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။
ယင်းသည် ပြည်သူများ၏ နေထိုင်မှုစရိတ်ကို သက်သာစေပြီး လူမှုစီးပွားဘဝကို တိုးတက်စေမည့် အရေးပါသော အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။
အချုပ်အားဖြင့် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်များနှင့်အညီ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအနေဖြင့် MSME များ၏ ထုတ်လုပ်မှုစွမ်းရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေရန်အတွက် ဒေသတွင်းကုန်ကြမ်းများကို အခြေခံကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ နည်းပညာနှင့် ရင်းနှီးမတည်ငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ လိုအပ်သော သွင်းအားစုများနှင့် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များ စနစ်တကျ ထောက်ပံ့ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်ပေးလျက်ရှိသည်။ အဆိုပါအစီအစဉ်များသည် လွန်ခဲ့သောကာလများက နိုင်ငံတော်သမ္မတကြီး၏ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့ကြီးများ၌ ပြည်သူများနှင့် တွေ့ဆုံခဲ့သော တွေ့ဆုံပွဲ ၄၁ ကြိမ်၏ လမ်းညွှန်မှုများမှ ရရှိလာခြင်းဖြစ်ကာ လက်တွေ့အကျိုးရလဒ်များ ပေါ်ထွက်လာခြင်းဖြစ်ပြီး MSME ကဏ္ဍမှတစ်ဆင့် နိုင်ငံတော်စီးပွားရေးကို တည်ငြိမ် ခိုင်မာစေရန် အထောက်အကူပြုမည် ဖြစ်သည်။ ။
MWD
