အာရှနိုင်ငံတွေ သတိမထားရင် နောက်ထပ် ပဋိပက္ခဗဟိုချက်ဖြစ်လာနိုင်တဲ့ မလက္ကာ
Posted_Date
Image
Body
အီရန်အရေးကိစ္စတွေ၊ ပိတ်ဆို့အရေးယူမှုတွေ၊ အခွန်အတားအဆီးတွေနဲ့ တရုတ်(တိုင်ပေ)အရေးတို့ကြောင့် တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ခရီးစဉ်ကိုကြည့်ရင် ဟော်မုရေလက်ကြားအကျပ်အတည်းဟာ စစ်တလင်းပြင်တစ်ခုထက်ပိုပြီး ဘယ်လောက်တောင် ကျယ်ပြန့်သွားပြီလဲဆိုတာပြသနေပါတယ်။ ဒေသတွင်းစစ်ပွဲအဖြစ်စတင်ခဲ့ရာကနေ အခုဆိုရင် စွမ်းအင်စျေးကွက် ဘဏ္ဍာရေးဆိုင်ရာနိုင်ငံရေးနဲ့ အမေရိကန်-တရုတ်ကြား သြဇာလွှမ်းမိုးမှု အားပြိုင်ပွဲတွေအထိ ရိုက်ခတ်လာနေပါပြီ။ အမေရိကန်က ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အာရှမိတ်ဖက်တွေကို အမေရိကန်ရဲ့ငွေကြေးဖြစ်တဲ့ ဒေါ်လာစနစ်ထဲမှာပဲဆက်ရှိနေဖို့ ထိန်းထားချင်ပြီးတရုတ်ကတော့ ကုန်သွယ်ရေး ကဏ္ဍတွေမှာ ယွမ်ငွေကိုသာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာအောင် ဆက်လက်တွန်းအားပေးနေပါတယ်။
ဒီနေရာမှာ ကမ္ဘာ့စီးပွားရေးကြီး အကြီးအကျယ် ပျက်စီးမယ့်အရေးကို သံတမန်ရေးနည်းလမ်းနဲ့ တားဆီးနိုင်မလားဆိုတာ သေချာမှုမရှိသေးပါဘူး။ ဒါပေမဲ့ သင်ခန်းစာတစ်ခုကတော့ ရှင်းရှင်းလင်းလင်း သိလိုက်ရပါပြီ။ အဲဒါကတော့ ဟော်မုရေလက်ကြားတစ်ခုလုံးဟာ ဒေသတွင်းလုံခြုံရေး ပြဿနာသက်သက်မဟုတ်တော့ဘဲ ကမ္ဘာ့စီးပွားရေးကမှီခိုနေရတဲ့ မဟာဗျူဟာမြောက် ရေလမ်းကြောင်းတိုင်းအတွက် သတိပေး ခေါင်းလောင်းသံဖြစ်လာတာပါပဲ။ သင်္ဘောလိုင်းတွေရဲ့ လုံခြုံရေးဆိုတာက လက်တွေ့အသုံးချနေရတဲ့ အင်အားတစ်ခုဖြစ်ပြီး မဟာဗျူဟာမြောက် ရေလက်ကြားတွေဟာ ပထဝီဝင်ကုန်သွယ်ရေးနဲ့ အာဏာစက်တွေ ထိပ်တိုက်တွေ့ရာမှာ ဖိအားပေးတဲ့နေရာတွေဖြစ်လာပါတယ်။ ဒါကို ဟော်မုရေလက်ကြားက အထင်ရှားဆုံးပြသနေတာပါ။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်မှာ ဟော်မုရေလက်ကြားကို ဖြတ်ပြီး တစ်ရက်ကို ရေနံစိမ်းနဲ့ စွမ်းအင်ထုတ်ကုန် စည်ပေါင်း သန်း ၂၀ လောက်ဖြတ်သန်းခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ကမ္ဘာ့ပင်လယ်ရေကြောင်း ရေနံကုန်သွယ်မှုရဲ့ လေးပုံတစ်ပုံခန့်ရှိပြီး အဲဒီအထဲကမှ ၈၀ ရာခိုင်နှုန်းက အာရှကိုဦးတည်တာပါ။ ကာတာနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က သူတို့ရဲ့ သဘာဝဓာတ်ငွေ့အရည်တင်ပို့နိုင်ဖို့အတွက် ဟော်မုရေလက်ကြားလမ်းကြောင်းကိုပဲ အားကိုးနေရတာဖြစ်ပါတယ်။ ဒီတင်ပို့မှုက ကမ္ဘာ့သဘာဝဓာတ်ငွေ့အရည်ကုန်သွယ်မှုရဲ့ ငါးပုံတစ်ပုံနီးပါးရှိပါတယ်။
ဟော်မုရေလက်ကြားမှာ နှောင့်ယှက်မှုဖြစ်တာနဲ့ကမ္ဘာ့စီးပွားရေးအပေါ် ဘယ်လောက်အထိမြန်မြန် ရိုက်ခတ်သွားသလဲဆိုတာ မြင်ခဲ့ရပြီးပါပြီ။ ပြီးခဲ့တဲ့ မတ်လတုန်းက ကမ္ဘာ့ရေနံထောက်ပံ့မှုကွင်းဆက်မှာတစ်ရက်ကို ရေနံစည်ပေါင်း ၁၀ သန်းကျော်အထိ ကျဆင်းသွားခဲ့ပြီး ဒါဟာ သမိုင်းတစ်လျှောက် အဆိုး
ဝါးဆုံးအနှောင့်အယှက်ဖြစ်လာပါတယ်။ ရေနံစျေးတွေကလည်း တစ်လအတွင်း အမြင့်ဆုံးစံချိန်တင် တက်သွားခဲ့ပြီး မြောက်ပင်လယ်ရေနံစိမ်းစျေးဟာ ပဋိပက္ခမတိုင်ခင်ကထက် ဒေါ်လာ ၆၀ လောက် ခုန်တက်ကာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၃၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ရရှိလိုက်တဲ့ အဓိကသင်ခန်းစာက ဟော်မုရေလက်ကြားတင်မဟုတ်ဘဲ မလက္ကာရေလက်ကြားအထိပါ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမှာပါ။ အစကတော့ အဆင်ပြေချောမွေ့နေတယ်လို့ထင်ရတဲ့ ရေကြောင်းပိတ်ဆို့မှုက တကယ့်လက်တွေ့မှာ စနစ်တစ်ခုလုံးကို ရုတ်တရက်ဆိုသလို
အားနည်းသွားစေနိုင်ပါတယ်။ စာရွက်ပေါ်မှာပဲရှိတဲ့ အလှည့်အပြောင်းလမ်းကြောင်းအသစ်တွေက ဖိအားတွေနဲ့ကြုံလာရတဲ့အခါ စိတ်မချရတော့ဘဲ ခဏတာ အနှောင့်အယှက်ဖြစ်ရင်တောင် စီးပွားရေးအပေါ် အကြီးအကျယ် သက်ရောက်မှုရှိသွားစေနိုင်ပါတယ်။ အဲဒီအချိန်မှာပဲ ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာနဲ့အမျှ ဒီရေကြောင်းလမ်းတွေကို ထိန်းချုပ်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားလာကြပြန်ပါတယ်။
ဟော်မုရေလက်ကြားက ကမ္ဘာ့မငြိမ်မသက်ဆုံး စွမ်းအင်အဆို့ရှင်လို့ဆိုရင် မလက္ကာရေလက်ကြားဆိုတာ ကမ္ဘာ့အလုပ်အရှုပ်ဆုံး သွေးလွှတ်ကြောကြီးလို့ပြောလို့ရပါတယ်။ ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်မှုရဲ့ ၂၂ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ တစ်ရက်ကို ရေနံစည် ၂၃ ဒသမ၂ သန်းနဲ့ တစ်နှစ်ကိုသင်္ဘောအစင်းရေ ၁၀၂၅၀၀ ကျော်က ဒီရေလက်ကြားကို ဖြတ်သန်းနေရတာမို့ ဒါဟာ အာရှစီးပွားရေးပုံစံမှာ အဓိက အခြေခံအုတ်မြစ်ကြီးဖြစ်ပါတယ်။
မလက္ကာရေလက်ကြားဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ပေးထားတဲ့အတွက် အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အရှေ့အာရှကြားမှာ အတိုဆုံးသော ပင်လယ်ရေကြောင်းလမ်းဖြစ်ပေမယ့် ဖိလစ်ပိုင်ရေလက်ကြားနားရောက်ရင်တော့ ရေလက်ကြားရဲ့အကျယ်က ၂ ဒသမ ၇ ကီလိုမီတာပဲရှိပါတော့တယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဒီလမ်းကြောင်းကို မြန်ဆန်သက်သာပြီး တစ်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအတွက် အကောင်းဆုံးလို့ သတ်မှတ်ခဲ့ကြပေမယ့်အခုအခါမှာ အဲဒီအဆင်ပြေမှုကပဲ အန္တရာယ်ရှိတဲ့ အားနည်းချက်ဖြစ်လာနေပါပြီ။
ဒီနေရာမှာ တခြားလမ်းကြောင်းတွေရှိတယ်လို့ အလွယ်တကူထင်တတ်ကြပါတယ်။ သီအိုရီအရဆိုရင် သင်္ဘောတွေကို ဆွန်ဒါ ဒါမှမဟုတ် လွမ်ဘော့ရေလက်ကြားတွေဘက်ဆီ လွှဲမောင်းလို့ရပါတယ်။
သို့ပေမယ့် လက်တွေ့မှာတော့ ဒါတွေကကုန်ကျစရိတ် ပိုများတဲ့လမ်းလွှဲတွေပါ။ မလက္ကာကို ရှောင်သွားမယ်ဆိုရင် ခရီးစဉ်အချိန်ပိုကြာမယ်။ ကုန်ပစ္စည်းရောက်ဖို့ နောက်ကျမယ်။ ကုန်စျေးနှုန်းတွေတက်လာမယ်။
ပြီးတော့ အလွန်ကြီးမားတဲ့သင်္ဘောအချို့ကတော့ အဲဒီလမ်းလွှဲတွေကို သွားလို့မရပါဘူး။ ကုန်းလမ်းကနေ ပိုက်လိုင်းတွေနဲ့ သွားဖို့ဆိုတာလည်း လက်တွေ့မှာမဖြစ်နိုင်ပါဘူး။
အနှောင့်အယှက်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ စနစ်တစ်ခုလုံးပျက်စီးသွားဖို့ ရေကြောင်းလမ်းကြီးတစ်ခုလုံး ပိတ်သွားစရာမလိုပါဘူး။ ခြိမ်းခြောက်မှုတစ်ခုခု၊ ဖြတ်သန်းခကောက်ဖို့ ကမ်းလှမ်းမှု၊ ရေတပ်အချင်းချင်း ထိပ်တိုက်တွေ့မှု ဒါမှမဟုတ် အာမခံကြေးအန္တရာယ်မြင့်တက်လာမှုမျိုးရှိရုံနဲ့တင် လုံလောက်ပါတယ်။ ကုလသမဂ္ဂရဲ့ ကုန်သွယ်ရေးနဲ့ဖွံ့ဖြိုးမှုအေဂျင်စီကလည်း ရေကြောင်းလမ်းတွေပိုရှည်လာပြီး နိုင်ငံရေးဆန်လာတာကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဟာ ပိုပြီးမငြိမ်မသက်ဖြစ်လာတယ်လို့ သတိပေးထားပါတယ်။
စူးအက်တူးမြောင်းနဲ့ ပင်လယ်နီတို့မှာ ကြုံခဲ့ရတဲ့ အနှောင့်အယှက်တွေက လက်ရှိအခြေအနေနဲ့ အနီးစပ်ဆုံးတူညီနေပါတယ်။ ၂၀၂၄ ခုနှစ်အလယ်ပိုင်းလောက်မှာ အေဒင်ပင်လယ်ကွေ့ကို ဖြတ်သန်းတဲ့ သင်္ဘောပမာဏ ၇၆ ရာခိုင်နှုန်းကျဆင်းသွားပြီး စူးအက်တူးမြောင်းမှာ ၇၀ ရာခိုင်နှုန်းကျဆင်းကာ ဂွတ်ဟုပ်အငူကို ပတ်သွားတဲ့ သင်္ဘောတွေ ၈၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပါတယ်။ လမ်းကြောင်းတွေ ပိုရှည်လာတာကြောင့် ကမ္ဘာ့သင်္ဘောတွေရဲ့ခရီးမိုင် လိုအပ်ချက် ၃ ရာခိုင်နှုန်းတက်လာပြီး ကွန်တိန်နာ သင်္ဘောလိုအပ်ချက်က ၁၁ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိတက်လာခဲ့ပါတယ်။
ဒီလိုအခြေအနေမျိုး မလက္ကာရေလက်ကြားမှာ ဖြစ်လာရင် ပိုပြီးတော့တောင် ဆိုးရွားသွားနိုင်ပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသမှ ပင်လယ်ရေကြောင်းအတိုင်းတင်သွင်းတဲ့ ရေနံစိမ်း ၇၅ ရာခိုင်နှုန်းလောက်ဟာ ဒီလမ်းကြောင်းကိုပဲ ဖြတ်သန်းနေရတာကြောင့်ဖြစ်ပါတယ်။ လတ်တလောပြောဆိုချက်တွေကလည်း ဒီအပြောင်းအလဲကိုထင်ဟပ်နေပါတယ်။ အင်ဒိုနီးရှားအစိုးရက မလက္ကာမှဖြတ်သန်းတဲ့ သင်္ဘောတွေကို ဖြတ်သန်းခကောက်ခံဖို့ စဉ်းစားခဲ့ကြပုံရပါတယ်။ လက်တွေ့မှာ မလုပ်ဆောင်ရသေးပေမယ့် ဒီလိုအဆိုပြုချက် ထွက်လာတာကိုကြည့်ရင် ရေကြောင်းလမ်းတွေကို ထိန်းချုပ်နိုင်တာဟာ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် အားသာချက်ဖြစ်လာနိုင်တယ်ဆိုတာ ပိုပြီးသတိပြုမိလာကြကြောင်း ပြသနေပါတယ်။
တစ်ဖက်မှာလည်း စင်ကာပူအစိုးရက ပင်လယ်ရေကြောင်းဖြတ်သန်းခွင့်ကို ကုလသမဂ္ဂရဲ့ ပင်လယ်ရေကြောင်းဥပဒေအရ အာမခံထားတာကြောင့် ဘေးကင်းလုံခြုံစွာဖြတ်သန်းခွင့်အတွက် ညှိနှိုင်းမှာမဟုတ်သလို ဖြတ်သန်းခပေးပြီး သွားရမယ့်စနစ်ကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒီလိုမျိုးထိန်းချုပ်ချင်တဲ့စိတ်နဲ့ ပွင့်လင်းမြင်သာမှု ရှိချင်တဲ့စိတ်ကြားက တင်းမာမှုတွေဟာ ခါးသီးတဲ့လက်တွေ့အမှန်တရားတစ်ခုကိုညွှန်ပြနေပါတယ်။
ကမ္ဘာ့စီးပွားရေးဗိသုကာတစ်ခုလုံးဟာ အမြတ်အစွန်းနဲ့ အချိန်တိုအတွင်းကုန်ပစ္စည်းပေးပို့နိုင်မှုအပေါ်မှာပဲအခြေခံပြီး တည်ဆောက်ထားခဲ့တာကြာပါပြီ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေက ကပ်ရောဂါ၊ ဒေသတွင်းစစ်ပွဲတွေနဲ့ မဟာဗျူဟာမြောက် အကျပ်အတည်းတွေကြောင့် အချိန်မရွေးပြိုလဲသွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့မြင်လာရပါတယ်။ ဒါကြောင့်အာရှနိုင်ငံတွေအနေနဲ့ စီးပွားရေးလုံခြုံမှုကိုကာကွယ်ဖို့အတွက် ပထဝီနိုင်ငံရေး တင်းမာမှုတွေကို သံတမန်ရေးနည်းလမ်းနဲ့ လိမ္မာပါးနပ်မှုရှိစွာ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်သလို တစ်ဖက်ကလည်း ရေရှည်အတွက်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေဆီ မြန်မြန်ဆန်ဆန်ကူးပြောင်းပြီး ကမ္ဘာ့ရေကြောင်းပိတ်ဆို့မှုတွေအပေါ် မှီခိုနေရမှုကိုလျှော့ချဖို့ အရေးတကြီးလိုအပ်နေပြီ ဖြစ်ကြောင်း ထင်ထင်ရှားရှား သတိပေးနေတာကို တွေ့ရပါတယ်။
အနာဂတ်မှာ ဘယ်သူက ဒီလိုအရေးပါတဲ့ ဖြတ်သန်းရာလမ်းကြောင်းတွေကို ပိုမိုထိန်းချုပ်နိုင်မလဲ သို့မဟုတ် ပိုမိုပွင့်လင်းအောင် ထိန်းသိမ်းနိုင်မလဲဆိုတာကပဲ ကမ္ဘာ့သြဇာအာဏာချိန်ခွင်လျှာကို အဆုံးအဖြတ်ပေးသွားမယ့် အဓိကအချက်ဖြစ်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် မလက္ကာရေလက်ကြားလိုနေရာမျိုးဟာ အာရှတိုက်တစ်ခုလုံးရဲ့ နှလုံးသွေးကြောဖြစ်နေတာကြောင့် အဲဒီနေရာမှာ တင်းမာမှုဖြစ်လာရင် ကမ္ဘာ့ကုန်သွယ်ရေးတင်မကဘဲ နိုင်ငံတကာရဲ့စွမ်းအင်ဖူလုံမှုကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေမှာပါ။ အဆုံးသတ်မှာတော့ မလက္ကာရေလက်ကြားဟာ ကမ္ဘာ့စီးပွားရေးရဲ့အောင်မြင်မှုကို ဖော်ဆောင်ပေးခဲ့တဲ့ အချက်အချာနေရာတစ်ခုဖြစ်နေသလို တစ်ဖက်မှာလည်း ပထဝီနိုင်ငံရေးမုန်တိုင်းတွေကြားထဲမှာ အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ နောက်ထပ်ဗဟိုချက် အသစ်တစ်ခုဖြစ်လာနိုင်ခြေရှိနေတာမို့ အာရှတစ်လွှားက ခေါင်းဆောင်တွေအနေနဲ့ အထူးသတိပြုပြင်ဆင်ကြရမှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
