ရုရှား-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုကို ချိတ်ဆက်ပေးမယ့် သက်ရှိလူသား တံတားများ

Posted_Date

Image

ရုရှား-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုကို ချိတ်ဆက်ပေးမယ့် သက်ရှိလူသား တံတားများ

Body

     ရုရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားက ဆက်ဆံရေးဟာ သာမန်ဆက်ဆံရေးမျိုးမဟုတ်ဘဲ အထူးအခွင့်အရေးရရှိထားတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ကမ္ဘာမှာအင်အားကြီးနိုင်ငံတွေကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုရဲ့ စံပြနမူနာတစ်ခုလို့တောင် ပြောလို့ရနေပါပြီ။ နှစ်နိုင်ငံကြားမှာ ကုန်သွယ်မှုတွေ အရှိန်အဟုန်နဲ့ တိုးတက်လာနေပြီး ၂၀၃၀ ပြည့်နှစ်အရောက်မှာ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရောက်ရှိဖို့ ရည်မှန်းထားတာဟာ နှစ်နိုင်ငံဆက်ဆံရေး ကနောက်ထပ်တစ်ဆင့်ကို ကူးပြောင်းနေပြီဆိုတာ ပြသနေတာပါ။ ဒါပေမဲ့ ရေရှည်မှာ ဒီလိုတိုးတက်မှုမျိုး အမှန်တကယ် ခိုင်မာတည်တံ့ဖို့ဆိုရင် ကုန်သွယ်မှု စီးဆင်းရုံ ဒါမှမဟုတ် အခြေခံအဆောက်အအုံ စီမံကိန်းတွေ အတူတူလုပ်ရုံနဲ့တင် မလုံလောက်ပါဘူး။ နှစ်နိုင်ငံကြားမှာ ပညာရေး၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ နယ်ပယ်တစ်ခုကို အတူတကွ ပူးတွဲဖန်တီးနိုင်စွမ်း ရှိ၊ မရှိဆိုတဲ့အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။

ဒီနေရာမှာ ရုရှားအရှေ့ဖျားဒေသ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာက ရုရှားနဲ့အိန္ဒိယနှစ်ဦးနှစ်ဖက်စလုံး အတွက် အထူးစိတ်ဝင်စားစရာ အချက်အချာနေရာဖြစ်လာပါတယ်။ ရုရှားအတွက် ဒီဒေသဟာ သဘာဝသယံဇာတ အမြောက်အမြား တည်ရှိနေတာ၊အာရှ-ပစိဖိတ်ဒေသရဲ့ အဓိကသယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်ဖြစ်နေတာအပြင် အရှေ့ဘက်နယ်စပ်တွေကို ခိုင်မာအောင် လုပ်ဖို့အတွက် မဟာဗျူဟာမြောက် ဦးစားပေးဒေသလည်း ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အိန္ဒိယက ဒီဒေသကို အာရှဒေသအတွင်းမှာ စီးပွားရေးဩဇာချဲ့ထွင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက် အလားအလာကောင်းတဲ့ နေရာတစ်ခုအဖြစ်ရှုမြင်ထားပါတယ်။

ဒီလိုမျိုးအပြန်အလှန် စိတ်ဝင်စားမှုတွေ ရှိနေသော်လည်း အစိုးရအချင်းချင်းချုပ်ဆိုထားတဲ့ ကတိကဝတ်တွေ၊ ဥပမာ - ၂၀၂၄ ခုနှစ်ကနေ ၂၀၂၉ ခုနှစ်အထိရုရှားအရှေ့ဖျားဒေသကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုရှား-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေ၊ ရုရှားအာတိတ်ဇုန် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တွေက ဝန်ကြီးအဆင့် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပေမယ့် လက်တွေ့မှာ သိသာထင်ရှားတဲ့ အောင်မြင်မှုနမူနာပြစရာ မရှိသေးပါဘူး။ ဒီလိုဖြစ်ရတဲ့ အဓိက စိန်ခေါ်မှုတစ်ခုကတော့ ဒီဒေသမှာ လူဦးရေသိပ်သည်းဆ အလွန်နည်းပါးနေတာပဲဖြစ်ပါတယ်။ ရုရှားအရှေ့ဖျားဒေသဟာ ကဏ္ဍစုံမှာသာမန်အလုပ်သမားကအစ အရည်အချင်းမြင့် ပညာရှင်တွေအထိ လုပ်သားအင်အားပြတ်လပ်မှုဒဏ်ကို နာတာရှည်လို ခံစားနေရပါတယ်။ အထူးသဖြင့် စီးပွားရေးတိုးတက်မှုရဲ့ အခြေခံအဆောက်အအုံနဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေး၊ ဧည့်ဝတ်ပြုရေး၊ ခရီးသွားလုပ်ငန်းနဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ လုပ်သားအင်အား သောင်းနဲ့ချီလိုအပ်နေတာပါ။

ဒီလိုမျိုးလုပ်သားပြတ်လပ်မှုကိုဖြေရှင်းဖို့ အဓိကနည်းလမ်းကတော့ ပြည်ပအလုပ်သမားတွေကို ဆွဲဆောင်ဖို့ပါပဲ။ မကြာသေးခင်က အိန္ဒိယနိုင်ငံသားတွေကို ရုရှားမှာအလုပ်လုပ်ကိုင်ခွင့်ပါမစ် ထုတ်ပေးမှုဟာ ၈၀၀၀ ကနေ ၃၆၂၀၀ အထိ တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားတွေသာ အများစုဖြစ်နေလို့ နည်းပညာမြင့်ကဏ္ဍအတွက် လိုအပ်တဲ့လူဦးရေကို မဖြည့်ဆည်းပေးနိုင်သေးပါဘူး။ ဒါကို ဖြေရှင်းဖို့ဆိုရင် သာမန်အလုပ်သမား ရွှေ့ပြောင်းတာမျိုးထက် အရှေ့ဖျားဒေသစီးပွားရေးရဲ့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီမယ့် ပညာရှင်တွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး ရေရှည်ဆွဲဆောင် ထိန်းသိမ်းထားနိုင်မယ့် ဘက်စုံစနစ်တစ်ခုလိုအပ်ပါတယ်။

ဒါ့အပြင် ရုရှားနဲ့ အိန္ဒိယကြားက တက္ကသိုလ် ပညာတော်သင်ဖလှယ်ရေးအစီအစဉ်တွေကိုလည်း အခြေခံကစပြီးပြန်ပြင်ဖို့လိုနေပါတယ်။ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ရုရှားကို လာရောက်တဲ့ အိန္ဒိယကျောင်းသား အရေအတွက်ဟာ ၅၈ ဒသမ ၉  ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့ပေမယ့် ဖွဲ့စည်းပုံပိုင်းမှာ ကြီးမားတဲ့ မမျှတမှုရှိနေပါတယ်။

အဲဒါကတော့ ကျောင်းသား ၉၅ ရာခိုင်နှုန်းကျော်ဟာ ဆေးပညာ တစ်ခုတည်းကိုပဲ အဓိကထား တက်ရောက်နေကြတာပါ။ သူတို့ဟာ ကျောင်းပြီးသွားတဲ့အခါ ရုရှားလူ့အဖွဲ့အစည်း ဒါမှမဟုတ် စီးပွားရေးနယ်ပယ်ထဲကိုဝင်ရောက်လုပ်ကိုင်ခြင်းမရှိဘဲ အိန္ဒိယနိုင်ငံကိုပဲ ပြန်သွားကြတာများလို့ ရုရှားရဲ့ ပညာရေးပို့ကုန်ဟာ ရေရှည်အတွက်ထိရောက်မှု နည်းပါးနေပါတယ်။

တစ်ဖက်မှာလည်း အိန္ဒိယကျောင်းသားတွေကအမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဩစတြေးလျတို့မှာ ဝင်ခွင့်အတင်များကြတဲ့ ဘာသာရပ်တွေဟာ ရုရှားမှာတော့ လုံးဝမရှိသလောက် ဖြစ်နေတာဟာလည်း ထူးဆန်းတဲ့ အချက်တစ်ခုပါ။ အဲဒီဘာသာရပ်တွေဟာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ကုန်ကြမ်းပစ္စည်းအသစ်များ ထုတ်လုပ်မှုနည်းပညာ၊ သယ်ယူပို့ဆောင်ရေးအင်ဂျင်နီယာဘာသာရပ်၊ ဆေးဝါးဓာတုဗေဒနှင့် ကိရိယာတန်ဆာပလာ ထုတ်လုပ်မှု၊ သတင်းအချက်အလက် နည်းပညာအစရှိတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။

ဒီလိုမမျှတမှုတွေ ဖြစ်ရတာဟာ တက္ကသိုလ်တွေအချင်းချင်းကြား သဘောတူညီချက် ကွန်ရက်အားနည်းလို့လည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံကတရုတ်နိုင်ငံမှာရှိတဲ့တက္ကသိုလ်တွေနဲ့ဆိုရင် ပူးတွဲအစီအစဉ်တွေ၊ ပူးတွဲတက္ကသိုလ်တွေအထိ ခိုင်ခိုင်မာမာရှိထားပေမယ့် အိန္ဒိယတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ အားနည်းနေပါသေးတယ်။ ဒါဟာ ရုရှားပညာရေးကို အိန္ဒိယဈေးကွက်မှာ နေရာချထားတဲ့ မဟာဗျူဟာ အားနည်းနေတာနဲ့ သတ်မှတ်လုပ်ငန်းခွင်အလိုက် ဦးတည်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေ မရှိနေတာကို ပေါ်လွင်စေပါတယ်။

နောက်ထပ် အဟန့်အတားတစ်ခုကတော့ နှစ်နိုင်ငံကြား အပြန်အလှန်သိရှိနားလည်မှု အားနည်းတာပါ။ အိန္ဒိယဘက်မှာရုရှားအရှေ့ဖျားဒေသရဲ့ ထူးခြားချက်တွေ၊ အခွင့်အလမ်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ် နားလည်မှုအကန့်အသတ် ရှိနေသလို၊ ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေကလည်း အိန္ဒိယဈေးကွက်ရဲ့ လိုအပ်ချက်ပုံစံနဲ့ ပြောင်းလဲမှုတွေကို အပြည့်အဝ နားမလည်ကြသေးပါဘူး။ ဒီလိုမျိုးသတင်းအချက်အလက်ကွာဟချက်တွေကြောင့်ပဲ နိုင်ငံရေးအရသာဆန္ဒရှိပြီး မူဘောင်သဘောတူညီချက်တွေ ရှိနေရင်တောင် လယ်ယာစိုက်ပျိုးရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးစတဲ့ ကဏ္ဍတွေမှာ လက်တွေ့ပူးပေါင်း ဆောင်ရွက်ဖို့နှောင့်နှေးနေရတာ ဖြစ်ပါတယ်။

ဒီကွာဟချက်ကို တံတားခင်းပေးဖို့အတွက် ရုရှားအရှေ့ဖျား ဖက်ဒရယ်တက္ကသိုလ် (Far Eastern Federal University - FEFU) က ကြိုးပမ်းပေးနေပါတယ်။ FEFU ဟာ ၁၈၉၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ အရှေ့တိုင်းပညာရပ်ဆိုင်ရာရိုးရာ အစဉ်အလာကိုခေတ်သစ် စီးပွားရေးဆိုင်ရာသံတမန်ရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်တွေနဲ့ ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဒေသရဲ့အကြီးဆုံးတက္ကသိုလ်ဖြစ်သလို အာရှအရေးလေ့လာရေးမှာ ရုရှားရဲ့ထိပ်တန်းဖြစ်တာကြောင့် နိုင်ငံတော်မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ မဟာဗျူဟာမြောက် စွမ်းဆောင်ပေးနိုင်တဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

ရုရှားနဲ့အိန္ဒိယကြား သိပ္ပံနဲ့ပညာရေး ပူးပေါင်းဆောင်ရွက်မှုကို ပုံစံစုံဖြစ်အောင် လုပ်ဖို့အတွက် ရှေ့ပြေးပုံစံတစ်ခုအနေနဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ သိပ္ပံ၊ ပညာရေးနဲ့ ထုတ်လုပ်မှုကဏ္ဍတွေကို ပေါင်းစပ်ပြီး အခြားကဏ္ဍတွေအတွက် စံပြနမူနာအဖြစ် အသုံးချနိုင်ပါတယ်။ ရုရှားအရှေ့ဖျားဒေသရဲ့ စိုက်ပျိုးရေးအလားအလာဟာ အလွန်ကြီးမားပါတယ်။ သီးနှံစိုက်ပျိုးရုံတင်မကဘဲ   ဖန်လုံအိမ်စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေလည်းပါဝင်ပြီး ၂၀၂၅ ခုနှစ်မှာ သယ်ယူပို့ဆောင်ရေး  ၇ ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။ ဒါပေမဲ့ ခေတ်မီဇီဝနည်းပညာတွေ၊ အဆင့်မြင့် ပြုပြင်ထုတ်လုပ်မှုစနစ်တွေ၊  ဇီဝအင်ဂျင်နီယာဘာသာရပ်နဲ့ ရေနေသတ္တဝါမွေးမြူရေး ကျွမ်းကျင်ပညာရှင်တွေမရှိရင် ဒီအလားအလာကို လက်တွေ့အကောင်အထည်မဖော်နိုင်ပါဘူး။

ဒီအတွက်ကြောင့် FEFU ဟာ လုပ်ငန်းစုကြီးတွေနဲ့ ပူးပေါင်းပြီး ထူးခြားတဲ့ပုံစံတစ်ခုကို ဖော်ဆောင်ထားပါတယ်။ အဲဒါကတော့ လက်တွေ့လုပ်ငန်းခွင်မှဖြစ်ရပ်တွေကို သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းထားပြီး ကျောင်းသားတွေအနေနဲ့ အလုပ်သင်ဆင်းနိုင်သလိုပူးတွဲ သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) လုပ်ငန်းတွေမှာ ပါဝင်ခွင့်ရရှိစေတာပဲ ဖြစ်ပါတယ်။

ဒီလို တက္ကသိုလ် + စက်မှုလုပ်ငန်းမိတ်ဖက် ပုံစံမျိုးကို အိန္ဒိယနဲ့ ဆက်ဆံရေးမှာလည်း တိုးချဲ့အသုံးချသင့်ပါတယ်။ ရုရှားနဲ့ အိန္ဒိယနှစ်ဖက်စလုံးက သတ်မှတ်ထားတဲ့ လုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီး အိန္ဒိယတက္ကသိုလ်တွေနဲ့ ပူးတွဲပညာရေးအစီအစဉ်တွေ ဖန်တီးသင့်ပါတယ်။ ဥပမာ - တိရစ္ဆာန်အစာ ဖြည့်စွက်ပစ္စည်းများနှင့် ပရိုဘိုင်အိုတစ် (Probiotics) ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ ဖလှယ်ခြင်း၊ စိုက်ပျိုးရေးဇီဝနည်းပညာဆိုင်ရာ ပူးတွဲသုတေသနပြုခြင်း၊ ပင်လယ်စာများကို အဆင့်မြင့် ပြုပြင်ထုတ်လုပ်မည့် လုပ်သားများကို လေ့ကျင့်သင်ကြားပေးခြင်း စတာတွေ လုပ်ဆောင်နိုင်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ဒီနေ့ခေတ် ရုရှား-အိန္ဒိယ မိတ်ဖက်ဆက်ဆံရေးရဲ့ မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းဟာ သာမန်ကုန်သွယ်ရေးနဲ့ သီးခြားစီမံကိန်းတွေ လုပ်ဆောင်တဲ့ အဆင့်ကနေ ကျော်လွန်ပြီး ပညာရေးကို  ဗဟိုပြုတဲ့   ရေရှည်တည်တံ့မယ့် ပူးပေါင်းဆောင်ရွက်မှု ဂေဟစနစ် (Collaborative Ecosystems) တစ်ခုဆီသို့ ကူးပြောင်းဖို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် ရုရှားအရှေ့ဖျားဒေသအတွက် ဦးစားပေးကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ အိုင်တီ၊ ဆောက်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေမှာ အထူးပြု ပူးတွဲပညာရေး အစီအစဉ်ကွန်ရက်တွေကို တိုးမြှင့်ဖန်တီးခြင်းဟာ လုပ်သားပြတ်လပ်မှုကို ဖြေရှင်းနိုင်မယ့် တိုက်ရိုက်လမ်းကြောင်း ဖြစ်ပါတယ်။

ဒါတင်မကဘဲ ရုရှားကိုလာမယ့်အိန္ဒိယကျောင်းသားများရဲ့ ဘာသာရပ်ရွေးချယ်မှုကို စုံလင်စေပြီး အဓိကအကျဆုံးအနေနဲ့ နှစ်နိုင်ငံလုံးရဲ့ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းကိုချိတ်ဆက်ပေးမယ့် ခေတ်မီကျွမ်းကျင်မှုတွေရှိထားတဲ့ မျိုးဆက်သစ် ပညာရှင်များကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ဒီပညာရှင်များဟာ ရုရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်နိုင်အောင် တာဝန်ထမ်းဆောင်ပေးမယ့် သက်ရှိ လူသားတံတားများဖြစ်လာမှာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

MWD