ရှီတာကီမှို(မှိုမွှေး)အကြောင်းတစေ့တစောင်း
Posted_Date
Image
Body
ကမ္ဘာပေါ်တွင် ပေါက်ရောက်ရှင်သန်ကြသောမှိုမျိုးများစွာရှိရာ အအေးပိုင်းဒေသတွင်ဖြစ်ထွန်းသောမှိုမျိုးနှင့် အပူပိုင်း/သမပိုင်းဒေသများတွင် ပေါက်ရောက်ရှင်သန်နိုင်သော မှိုမျိုးဟူ၍ အကြမ်းအားဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။ အအေးပိုင်းဒေသများတွင်သာ ရှင်သန်ဖြစ်ထွန်းနိုင်သောမှိုမျိုးကွဲများအနက်မှ ရှီတာကီမှိုစိုက်ပျိုးထုတ်လုပ်ပုံအကြောင်းကို ပြည်သူအများသိရှိနိုင်ရန် တင်ပြလိုပါသည်။ ရှီတာကီမှိုအား သူ၏သိသာထင်ရှားသောမွှေးရနံ့ကြောင့် မှိုမွှေးဟုလည်း ခေါ်ဆိုကြပါသေးသည်။
ရှီတာကီမှိုအား ဝက်သစ်ချမျိုးရင်းဝင်အပင်များဖြစ်သော ညံ၊ ကြွက်စာ၊ ရင်းကူ၊ ဖက်ကြမ်း၊ ကြိမ်ပင်စသည့်အပင်များပေါ်တွင် သဘာဝအလျောက်ပေါက်ရောက်ရှင်သန်နေသည်ကို ၁၁၀၀ ခုနှစ်ခန့်က တရုတ်နိုင်ငံတွင် စတင်တွေ့ရှိခဲ့ကြသည်။ ၁၉၃၆ ခုနှစ် ဂျပန်နိုင်ငံတွင် သဘာဝအတိုင်း ပေါက်ရောက်စေခြင်းမဟုတ်ဘဲ ဝက်သစ်ချသားသစ်တုံးပေါ်တွင် ရှီတာကီမှိုမျိုးထည့်သွင်း၍ စမ်းသပ်စိုက်ပျိုးကြည့်ရာ အောင်မြင်ခဲ့သည်။
၁၉၈၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ လွှစာရောစပ်စာအသုံးပြုစိုက်ထုပ်ဖြင့် မှိုမျိုးထည့်သွင်းစိုက်ပျိုးရာ အောင်မြင်ခဲ့သည်။ ရှီတာကီမှိုသည် ကျန်းမာရေးနှင့် ညီညွတ်စေသဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယား စသည့် အရှေ့အာရှနိုင်ငံများတွင် ရာစုနှစ်ပေါင်း များစွာစားသုံးခဲ့ကြသည်။ အာဟာရနှင့် ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများကြောင့် သစ်တုံးအပြင် ဝက်သစ်ချသားလွှစာ ရောစပ်စာစိုက်ထုပ်ဖြင့် စီးပွားဖြစ်အမြောက်အမြား စိုက်ပျိုးထုတ်လုပ်လာကြသည်။ ရှီတာကီမှိုသည် အသားကဲ့သို့အရသာရှိပြီး ထူးခြားသောမွှေးရနံ့ကြောင့်လည်း ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်လာကြပြီး လူကြိုက်အများဆုံးအစားအစာ ထဲတွင် ပါဝင်လာပါသည်။
ရှီတာကီမှိုကို သက်သတ်လွတ်ဟင်းလျာအဖြစ် စားသုံးနိုင်သလို အသားနှင့်ရောနှောချက်ပြုတ်၍လည်း စားနိုင်ပါသည်။ ထို့ပြင် မှိုကုန်းဘောင်ကြော်၊ ဟင်းသီးဟင်းရွက်အစုံကြော်တို့တွင်လည်း ထည့်သွင်းချက်ပြုတ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် အအေးပိုင်းဒေသရှိ မှိုသုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ(ပြင်ဦးလွင်)တွင် ၁၉၉၅ ခုနှစ်မှစ၍ စတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ ဖြစ်ထွန်းအောင်မြင်ခဲ့သည့်အတွက် ထိုကာလများက ရှီတာကီမှိုကိုသာ အဓိကစိုက်ပျိုးထုတ်လုပ်ခဲ့ကြ သည်။
ရှီတာကီမှိုသည် မြန်မာနိုင်ငံ၏ရာသီဥတုအရဆိုလျှင် အပူချိန် ၈ -၂၇ ဒီဂရီစင်တီဂရိတ်အတွင်းရှိသည့် အအေးပိုင်းဒေသများတွင် ကောင်းစွာရှင်သန်ဖြစ်ထွန်းနိုင်ကြောင်း တွေ့ရှိရသည်။ မှိုစိုက်ထုပ်ပြုလုပ်ရန်အသုံးပြုသည့် ရောစပ်စာလွှစာကုန်ကြမ်းသည် ဝက်သစ်ချမျိုးရင်းဝင်အပင်များ အများဆုံးပေါက်ရောက်ရာ အအေးပိုင်းဒေသများတွင်သာရှိသဖြင့် ရှီတာကီမှိုကို အအေးပိုင်းမှိုဟု ခေါ်ဝေါ်ကြသေးသည်။ ရှီတာကီမှိုသည် ဝက်သစ်ချလွှစာတွင်သာ အကောင်းဆုံးဖြစ်ပြီး အခြားသောသစ်ပွလွှစာများ ရောစပ်အသုံးပြုလိုပါက ၃ပုံ ၁ပုံသာ ရောစပ်သုံးသင့်သည်။
ကုန်ကြမ်းရောစပ်စာကို လွှစာ ၁၀၀ ရာခိုင်နှုန်းတွင် ဖွဲနု ၇ ရာခိုင်နှုန်း၊ ထုံး ၁ ရာခိုင်နှုန်း၊ ဆားခါး သုည ဒသမ ၂ ရာခိုင်နှုန်းနှင့် သကြား ၁ ရာခိုင်နှုန်း ၊ ရေအစိုဓာတ် ၆၅ ရာခိုင်နှုန်းတို့ဖြင့် သမအောင်ရောစပ်၍ စိုက်ထုပ်အိတ်အတွင်း လေဟာနယ်မရှိအောင် ထည့်ပေးရမည်ဖြစ်သည်။
စိုက်ထုပ်ပြုလုပ်ပြီးပါက ရောစပ်စာအတွင်းပါရှိလာသည့် ရောဂါပိုးမွှားများ ပပျောက်သွားစေရန် ပေါင်းတင်ပိုးသန့်စင်ခြင်းလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်သည်။ ပေါင်းတင် ပိုးသန့်စင်ခြင်းဆောင်ရွက်ရာတွင် အငွေ့လုံပီပါခွံကို တိုင်ကီအဖုံးတွင် ၂ လက်မ သံချောင်းဖြင့် အပေါက်ငယ်
တစ်ပေါက် ဖောက်ထားပေးရမည်။ တိုင်ကီအောက်ခြေတွင် ၅ - ၆ လက်မအမြင့်ရှိ သစ်သားစင်အား အောက်ခံအဖြစ်ထည့်သွင်း၍ ရေကို ၄လက်မခန့်ထည့်ပေးထားပြီးမှ မှိုစိုက်ထုပ်များ စီထပ်ပေးရမည်ဖြစ်သည်။ မီးပြင်းပေးရန် မီးသွေး/ထင်း/လောင်စာခဲများ အသုံးပြုရမည်ဖြစ်ပြီး မီးပြင်းအားညီစေရန် အထူးသတိပြုရပါမည်။ မီးအပူပေး၍ တိုင်ကီအဖုံးရှိ အပေါက်ငယ်မှ အငွေ့စထွက်လာချိန်မှစ၍ ၃ - ၄ နာရီခန့်ကြာအောင် ပေါင်းပေးရမည်ဖြစ်သည်။ အချိန်ပြည့်ပြီးနောက် ပေါင်းအိုးမှ ချက်ချင်းမထုတ်ဘဲ ပေါင်းအိုးအတွင်း အပူလျော့ကျသည်အထိ နှပ်ထားပေးရမည်။
ပေါင်းတင်ပိုးသန့်စင်ပြီးသော စိုက်ထုပ်များကို သီးသန့်ပြုလုပ်ပေးထားသော မှိုမျိုးသွင်းခန်းတွင် ကြမ်းခင်းကို သန့်ရှင်းရေးပြုလုပ်ရလွယ်ကူစေရန် ကြွေပြား/ကွန်ကရစ်/ပျဉ်ခင်း၍ အပေါ်တွင် ဖယောင်းပုဆိုးခင်းပေးထားရမည်ဖြစ်ပြီး အခန်းဝတွင် ခြေထောက်မှတစ်ဆင့် ရောဂါပိုးမွှားများ ကပ်ပါလာခြင်းမရှိစေရန် ထုံးထည့်ထားသော ခြေနင်းဗန်းထားရှိပေးရပါမည်။
ရှီတာကီမှိုမျိုးထည့်သွင်းရန်မျိုးပုလင်းကို မျိုးပြည့်ပြီး သက်တမ်း ၂၁ ရက်အတွင်း အသုံးပြုပေးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ မျိုးပုလင်းအတွင်း မှိုရိုင်းများ၊ ပိုးမွှားများ ပါဝင်နေခြင်းမရှိအောင် အထူးသတိပြုရမည်ဖြစ်သည်။ မျိုးသွင်းပြီး ရှီတာကီမှိုစိုက်ထုပ်များကို ရင့်ကျက်ခန်းအတွင်း မှိုမျှင်ပြည့်လာစေရန် ရင့်ကျက်ကာလ လေးလခန့်ကြာအောင် ထားရှိပေးထားရမည်။ ရှီတာကီမှိုအတွက် ရင့်ကျက်ခန်းအပူချိန်သည် ၂၄ - ၂၇ ဒီဂရီစင်တီဂရိတ် အတွင်းသာရှိသင့်သည်။ အလင်းရောင် အနည်းငယ်သာရှိရန်လိုအပ်ပြီး လေဝင်လေထွက်ကောင်းမွန်ကာ သန့်ရှင်းခြောက်သွေ့နေစေရန် ဖန်တီးပေးထားရမည်။ ရှီတာကီမှိုအတွက် မှိုမျှင်ရင့်ကျက်ကာလသည် ပထမအဆင့် မှိုမျှင်ပြည့်ရန် နှစ်လခွဲခန့် ကြာလေ့ရှိပြီး ဒုတိယအဆင့် အင်ဇိုင်းထုတ်ရန် တစ်လခွဲခန့် ကြာတတ်သောကြောင့် ရင့်ကျက်ခန်းအတွင်း ကြာချိန်သည် လေးလခန့် အချိန်ယူရပါသည်။
မှိုမျှင်ပြည့်သွားသောမှိုစိုက်ထုပ်များကို စိုက်ပျိုးခန်းတွင် စင်ပေါ်ထောင်တင်၍ ချစိုက်ပေးချိန်တွင် စိုက်ခန်းအပူချိန်မှာ ၈ - ၁၆ ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ ၇၅ - ၉၀ ရာခိုင်နှုန်းအတွင်း ထိန်းညှိထားနိုင်ရမည်။ စိုက်ထုပ်အား ရေဖျန်းကရားဖြင့် တစ်ရက် ၂ - ၃ ကြိမ်ခန့် ရေမှုန်ရေမွှားပုံစံ ပက်ဖျန်းပေးရမည်ဖြစ်သည်။ ရှီတာကီမှိုစိုက်ထုပ် တစ်ထုပ်လျှင် ၂ - ၃ ကြိမ်အထိ ခူးဆွတ်နိုင်ပြီး မှိုပွင့်အစို ၁၅ - ၂၀ ကျပ်သားခန့် ထွက်ရှိနိုင်ပေသည်။
ရှီတာကီမှိုသည် အအေးပိုင်းဒေသများတွင်သာ ကောင်းစွာဖြစ်ထွန်းနိုင်သည်ဖြစ်ရာ အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်သွားပါက မှိုမျှင်ကြီးထွားမှုရပ်တန့်သွားပြီး အဝါရောင်ပြောင်းသွားကာ ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားလျှင် မှိုမျှင်များ အနီရောင်သို့ပြောင်းသွားပြီး ခြောက်၍သေဆုံးသွားစေသည်။
ရှီတာကီမှိုသည် ဟင်းလျာအဖြစ်သာ အသုံးဝင်သည်မဟုတ်ဘဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ဗီတာမင်ဘီ ( B5, B6 )၊ ဗီတာမင်ဒီ၊ ဆီလီနီယမ်၊ ကော့ပါး၊ ဇင့် စသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်နေသည့် အာဟာရတန်ဖိုးမြင့်မားစွာ ပါရှိနေသည်ကို တွေ့ရှိရပါသည်။ ရှီတာကီမှိုတွင်ပါရှိသော အမျှင်ဓာတ်သည် အစာခြေစနစ်ကို အထောက် အကူဖြစ်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေသော ပိုလီဆက်ကရိုက်များလည်း ပါဝင်နေသေးသည်။ အချို့လေ့လာမှုများအရ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်စွမ်းရှိကြောင်း တွေ့ရှိရပါသည်။ ကိုလက်စထရောပါဝင်မှုကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။ အရိုးများကိုသန်မာစေသည့် အာနိသင်လည်းပါရှိနေသေးသည်။ သို့သော် “တန်ဆေး လွန်ဘေး” ဆိုသကဲ့သို့ အလွန်အကျွံ စားသုံးမိလျှင် အမျှင်ဓာတ်များသွား၍ အစာမကြေဗိုက်အောင့်ခြင်းများ ဖြစ်စေတတ်ပြီး အချို့သောသူများတွင် ဓာတ်မတည့်မှုမျိုးဖြစ်ပေါ်စေသဖြင့် အရေပြားယားယံခြင်းကို ခံစားရစေနိုင်သည်။
ဈေးကွက်တွင်ရောင်းချနေသော ရှီတာကီမှိုခြောက်များကို အခြောက်ခံရာတွင် သဘာဝအတိုင်း နေရောင်ဖြင့်အခြောက်ခံလျှင် မှို၏အရောင်အဆင်းပျက်သွားစေနိုင်ခြင်း၊ မှိုပွင့်အတွင်းရှိ အစိုဓာတ်အား လုံးဝခြောက်သွေ့သွားအောင် မလျှော့ချနိုင်ခြင်းကြောင့် မကြာမီ ပျက်စီးသွားစေနိုင်ခြင်း၊ မှိုပွင့်ပုံသဏ္ဌာန်ပြောင်းလဲသွားစေခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်ဝင် မှိုခြောက်ရရှိစေရန် အခြောက်ခံစက်ဖြင့် ၄၅ - ၆၀ ဒီဂရီစင်တီဂရိတ်ကို နာရီအပိုင်းအခြားအလိုက် ထိန်းညှိ ပေး၍ အခြောက်ခံပေးရမည်။ အခြောက်ခံချိန်ကာလမှာ ၁၈ နာရီခန့်ဖြစ်ပြီး အစိုဓာတ်မှာ ၁၀ - ၁၂ ရာခိုင်နှုန်းအထိ လျှော့ချပေးရမည်ဖြစ်ပါသည်။ မှိုအစိုထက် မှိုအခြောက်တွင် မွှေးရနံ့ပိုရစေသည်။
အအေးပိုင်းဒေသများတွင်သာ စိုက်ပျိုးဖြစ်ထွန်းနိုင်သော ရှီတာကီမှိုကို စိုက်ပျိုးရေး ဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ မှိုသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ပြင်ဦးလွင်)တွင် ၁၉၉၅ ခုနှစ်၊ စမ်းသပ်စိုက်ပျိုးအောင်မြင်ခဲ့ချိန်မှစ၍ ဒေသရာသီဥတုနှင့် ကိုက်ညီမှုရှိသည့်အတွက် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့သည်။ ယခုအချိန်တွင် ရာသီဥတုပြောင်းလဲလာမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိတော့ဘဲ ဆောင်းရာသီ အအေးဆုံး အချိန်ကာလတွင်သာ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးလိုသူများအတွက် မျိုးဖြန့်ဖြူးပေးလျက်ရှိပါသည်။
ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးဖြစ်ပြီး ဆေးဖက်ဝင်အာနိသင်များစွာပါဝင်ကာ တန်ဖိုးမြင့်မှိုဖြစ်သည့် ရှီတာကီမှိုတွင် အရည်အသွေးမြင့် ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်နေခြင်းကြောင့် ပြည်သူအများ သိရှိစားသုံးသင့်သော မှိုသီးနှံဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။ ။
MWD
