ဘေးကင်းလုံခြုံသော ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် ရွှေဈေးနှုန်းသည် စံချိန်သစ်များ ဆက်လက်တင်
ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများ မြင့်တက်လာခြင်းနှင့် အမေရိကန်ဒေါ်လာ၏ မတည်ငြိမ်မှုများကြားတွင် ရင်းနှီးမြှုပ်နှံသူများသည် ဘေးကင်းလုံခြုံမှုကို ရှာဖွေလာကြသောကြောင့် ရွှေဈေးနှုန်းများသည် စံချိန်သစ်တစ်ခုသို့ ထိုးတက်သွားခဲ့သည်။
အိတ်ချိန်းအချက်အလက်များအရ Comex ရှိ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွက် ကြိုတင်ရောင်းဝယ်မှုစာချုပ်သည် တနင်္လာနေ့ (ဇန်နဝါရီ ၂၆) တွင် တစ်ထရိုင်အောင်စလျှင် ၅,၁၀၀ ဒေါ်လာကို ကျော်လွန်သွားခဲ့ပြီး ၂.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။
ဈေးကွက်ကျွမ်းကျင်သူများက ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်လာခြင်းမှာ ဈေးကွက်မတည်ငြိမ်မှုနှင့် မူဝါဒအပြောင်းအလဲများကြောင့်ဟု ဆိုကြသည်။ ယင်းတွင် ဗဟိုဘဏ်အပေါ် လွှမ်းမိုးရန် ရည်ရွယ်သည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များ၊ ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ၎င်း၏ရည်ရွယ်ချက်နှင့် ဗင်နီဇွဲလားရှိ စစ်ရေးအရ ကြားဝင် စွက်ဖက်မှုများ ပါဝင်သည်။
ဈေးကွက်မတည်ငြိမ်သည့် ကာလများအတွင်း အဖိုးတန်သတ္တုများကို ဘေးကင်းလုံခြုံသော ပိုင်ဆိုင်မှုများအဖြစ် ယေဘုယျအားဖြင့် ရှုမြင်ကြသောကြောင့် လွန်ခဲ့သည့်နှစ်အတွင်း ရွှေနှင့် ငွေဈေးနှုန်းများ နှစ်ခုစလုံး မှာ မြင့်တက်ခဲ့သည်။ ရွှေဈေးနှုန်းသည် ၂၀၂၅ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်း ကျော် မြင့်တက်ခဲ့ပြီး ငွေ(သတ္ထု)ဈေးနှုန်းမှာ ၁၅၀ ရာခိုင်နှုန်းခန့် မြင့်တက် ခဲ့သည်။
နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများအတွက် ရွှေဝယ်ယူမှုကုန်ကျစရိတ်ကို သက်သာစေသည့် အမေရိကန်ဒေါ်လာတန်ဖိုး သိသိသာသာ ကျဆင်းလာမှုက ရွှေဈေးနှုန်းမြင့်တက်မှုကို ပိုမိုတွန်းအားပေးခဲ့သည်။ ဂျပန်နိုင်ငံတွင် အစိုးရငွေတိုက်စာချုပ်များ သမိုင်းဝင် အကြီးအကျယ် ရောင်းချမှုကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နိုင်ငံပိုင်ကြွေးမြီများအပေါ် ပြန်လည် သုံးသပ်လာကြသည့် မတည်ငြိမ်မှုများက ဒေါ်လာဈေး ကျဆင်းမှုကို ပိုမို ဆိုးရွားစေခဲ့သည်။
ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်မှုကြောင့် ရုရှားနိုင်ငံအတွက် မမျှော်လင့်ထားသော အကျိုးအမြတ်များ ရရှိစေခဲ့ပြီး ယင်းအမြတ်ပမာဏမှာ အနောက် နိုင်ငံများတွင် ပိတ်ဆို့ခံထားရသည့် ရုရှားနိုင်ငံပိုင် ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၃၀၀ ဘီလီယံခန့်နှင့် ညီမျှကြောင်း Bloomberg က ဖော်ပြခဲ့သည်။ ပိတ်ဆို့ခံထားရသော ရန်ပုံငွေများနှင့်မတူဘဲ ရုရှား၏ အရန်ရွှေ စုဆောင်းမှုများကို ရောင်းချခြင်း သို့မဟုတ် အာမခံအဖြစ်ထားရှိခြင်း ပြုလုပ်နိုင်သဖြင့် ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်ကို သိသိသာသာ ပြန်လည် ကောင်းမွန်စေခဲ့သည်။
ဖက်ဒရယ်စစ်ဆေးရေးဌာန (Federal Assay Chamber) ၏ နောက်ဆုံးအချက်အလက်များအရ ၂၀၂၆ ခုနှစ် အစတွင် ရုရှား၏ အရန်ရွှေ စုဆောင်းမှုသည် ထရိုင်အောင်စ ၇၄.၈ သန်း (၂,၃၂၆.၅၄ မက်ထရစ်တန်) ရှိသည်။ အဆိုပါ ရွှေတုံးများ၏ ဈေးကွက်တန်ဖိုးမှာ ဇန်နဝါရီ ၁ ရက်နေ့ အထိ စာရင်းများအရ ယခင်နှစ်ထက် ၆၇ ရာခိုင်နှုန်းနီးပါး မြင့်တက် လာခဲ့ပြီး ဒေါ်လာ ၁၉၅.၇ ဘီလီယံမှ ၃၂၆.၅ ဘီလီယံအထိ ရှိလာခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ဗဟိုဘဏ်များ အပြင် စားသုံးသူများထံမှ ဝယ်လိုအား ပြင်းထန်နေခြင်းတို့ကြောင့် ယခုနှစ်အတွင်း ရွှေဈေးနှုန်းသည် ဒေါ်လာ ၆,၀၀၀ ဝန်းကျင်အထိ ဆက်လက် မြင့်တက်ရန် အလားအလာရှိကြောင်း လေ့လာသုံးသပ်သူများ၏ ပြောကြားချက် ကို Reuters က ကိုးကားဖော်ပြခဲ့သည်။ ရွှေဈေးနှုန်းသည် ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်တွင် "ဒေါ်လာ ၅,၀၀၀ သို့ ဦးတည်သွားမည်" ဟု မျှော်မှန်းထားသည့် JPMorgan ၏ ဒီဇင်ဘာနှောင်းပိုင်း ခန့်မှန်းချက်ကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး- ၂
