ပရီးမီးယားလိဂ်ပြိုင်ပွဲ စပိန်လာလီဂါပြိုင်ပွဲနှင့် အီတလီစီးရီးအေပြိုင်ပွဲများ ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် Vs ချယ်လ်ဆီး
ကစားမည့် ရက် / အချိန်
(၁-၃-၂၀၂၆ ရက် ည ၁၁:၀၀ နာရီ)
နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
အာဆင်နယ် ၁ - ၀ ချယ်လ်ဆီး
ချယ်လ်ဆီး ၂ - ၃ အာဆင်နယ်
ချယ်လ်ဆီး ၁ - ၁ အာဆင်နယ်
နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ
အာဆင်နယ် အိမ်(နိုင်) ဝေး(သရေ) ဝေး(နိုင်)
ချယ်လ်ဆီး အိမ်(သရေ) ဝေး(နိုင်) အိမ်(သရေ)
ခန့်မှန်းရလဒ်
အာဆင်နယ် ၂ - ၁ ချယ်လ်ဆီး
အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ရမှတ်ငါးမှတ်ဖြတ်တောက်ပြီး အမှတ်ပေးဇယားကို ဦးဆောင် နေတယ် ဆိုပေမယ့် တစ်ပွဲပိုကစားထားလို့ လက်ကျန်ပွဲစဉ်တွေမှာ ရမှတ်လိုအပ်ချက်တွေရှိနေ ပါတယ်။ အာဆင်နယ် အသင်းက ချယ်လ်ဆီးအသင်း ကို ၂၀၂၁ ခုနှစ်ကရှုံးနိမ့်ပြီးနောက်ပိုင်းမှာ တစ်ကြိမ်မှ မရှုံးနိမ့်ဖူးဘဲ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက ချယ်လ်ဆီးအသင်းကို နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းငါးပွဲဆက် နိုင်ပွဲတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အထိ မှတ်တမ်း ကောင်းတွေရရှိနေတာကို တွေ့ရမှာပါ။ အာဆင်နယ် အသင်းရဲ့ ဒီဘောလုံးရာသီ ပရီးမီးယားလိဂ်အိမ်ကွင်း စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ၁၃ ပွဲကစားပြီးချိန်မှာ ၁၀ ပွဲအနိုင်ရရှိပြီး နှစ်ပွဲသရေရလဒ်နဲ့ တစ်ပွဲတည်းသာရှုံးနိမ့်ခဲ့လို့ မန်စီးတီးအသင်းပြီးရင် အိမ်ကွင်းစွမ်းဆောင်ရည် အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေလို့ အခုပွဲစဉ်မှာလည်း ချယ်လ်ဆီးအသင်းကို အကောင်းဆုံး ဖိအားပေးကစားနိုင်မှာပါ။
ချယ်လ်ဆီးအသင်းကတော့ အာဆင်နယ်အသင်း အိမ်ကွင်းမှာ သွားရောက်ကစားရတိုင်း ရုန်းကန်နေ ရတာကိုတွေ့ရမှာပါ။ ချယ်လ်ဆီးအသင်းအတွက် အာဆင်နယ်အသင်းအိမ်ကွင်းမှာကစားခဲ့တဲ့ နောက် ဆုံးငါးပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့အထိ ရုန်းကန်နေရတာကို တွေ့ရမှာပါ။ ချယ်လ်ဆီးအသင်းက ချန်ပီယံ လိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် အားပြိုင်နေရလို့ ရမှတ် လိုအပ်ချက်ရှိနေတယ်ဆိုပေမယ့် ပြိုင်ဘက်အသင်း က အာဆင်နယ်အသင်းဖြစ်နေလို့ အဝေးကွင်းမှာ ခက်ခဲမှာအမှန်ပါပဲ။ ချယ်လ်ဆီးအသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ်အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင် ၁၃ ပွဲကစားပြီးချိန်မှာ ခြောက်ပွဲအနိုင်ရရှိပြီး လေးပွဲသရေရလဒ်နဲ့ သုံးပွဲရှုံးနိမ့်ထားလို့ စွမ်းဆောင်ရည်ပိုင်းကတော့ သာမန်အနေအထားမှာပဲ ရှိနေတာကို တွေ့ရမှာပါ။ ချယ်လ်ဆီးအသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ခံစစ်ကစားသမားတွေ အမှားတွေကျူးလွန်နေပြီး ရုန်းကန်နေရလို့ အခုပွဲစဉ်မှာလည်း အာဆင်နယ် အသင်းတိုက်စစ်ပိုင်းကို ထိန်းချုပ်ရခက်ခဲမှာပါ။
ဒီနှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှုအပိုင်းကို ကြည့်မယ်ဆိုရင်တော့ အာဆင်နယ်အသင်းက ၁၈ ကြိမ်အနိုင် ရရှိထားပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ၁၅ ကြိမ်အနိုင်ရရှိပြီး ၁၂ ကြိမ်သရေရလဒ် ထွက်ပေါ်ထားပါတယ်။ ဒါကြောင့် အိမ်ရှင်အားသာချက်ရော နောက်ပိုင်းတွေ့ဆုံမှုတွေမှာပါ အမြဲအသာစီးရရှိထားတဲ့ အာဆင်နယ် အသင်းပဲ မပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ရယူသွားပါလိမ့်မယ်။
ဘတ်တစ် Vs ဆီဗီလာ
ကစားမည့် ရက် / အချိန်
(၁-၃-၂၀၂၆ ရက် ည ၁၂:၀၀ နာရီ)
နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
ဆီဗီလာ ၀ - ၂ ဘတ်တစ်
ဘတ်တစ် ၂ - ၁ ဆီဗီလာ
ဆီဗီလာ ၁ - ၀ ဘတ်တစ်
နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ
ဘတ်တစ် ဝေး(နိုင်) ဝေး(နိုင်) အိမ်(သရေ)
ဆီဗီလာ အိမ်(သရေ) အိမ်(သရေ) ဝေး(နိုင်)
ခန့်မှန်းရလဒ်
ဘတ်တစ် ၂ - ၁ ဆီဗီလာ
နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံငါးပွဲမှာ တစ်ပွဲ တည်းသာရှုံးနိမ့်ပြီး သုံးပွဲနိုင်၊ တစ်ပွဲသရေရလဒ်ရရှိထားတဲ့ ဘတ်တစ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ရမှတ်ပြည့်ရရှိဖို့ အမှားခံမှာမဟုတ်ပါဘူး။ ဘတ်တစ်အသင်းက အဆင့်(၅)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် မျှော်လင့်ချက်ရှိနေဆဲဖြစ်လို့ အခုလိုအိမ်ကွင်း ပွဲစဉ်မှာ ရမှတ်ပြည့်ရရှိဖို့ အကောင်းဆုံးပြင်ဆင်လာမှာပါ။ ဘတ်တစ်အသင်းရဲ့ ဒီဘောလုံးရာသီ စပိန်လာလီဂါအိမ်ကွင်း စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ၁၂ ပွဲကစားပြီးချိန်မှာ ခုနစ်ပွဲအနိုင် ရရှိထားပြီး နှစ်ပွဲသရေ ရလဒ်နဲ့သုံးပွဲ ရှုံးနိမ့်ထားလို့ အိမ်ကွင်းဆိုရင် အသင်းလိုက်ကစားပုံကောင်းမွန်တာကို တွေ့ရမှာပါ။ အန်တိုနီဦးဆောင်နေတဲ့ ဘတ်တစ်အသင်းတိုက်စစ်ပိုင်းကလည်း အိမ်ကွင်းဆိုရင် ဂိုးသွင်းအားကောင်းလေ့ရှိတာကို တွေ့ရမှာပါ။
ဆီဗီလာအသင်းကတော့ ဒီဘောလုံးရာသီမှာ ခြေစွမ်းပိုင်းအတော်လေး ဆိုးရွားနေပါတယ်။ ဆီဗီလာအသင်းက ၂၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၉ မှတ်နဲ့ အဆင့်(၁၂)နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် တန်းဆင်းဇုန်က အသင်းနဲ့ ရမှတ်ကွာဟမှုက ငါးမှတ်သာရှိနေလို့ ဖိအားတွေရှိနေပါတယ်။ ဆီဗီလာအသင်းရဲ့ ဒီဘောလုံးရာသီ စပိန်လာလီဂါ အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ ၁၂ ပွဲကစားပြီးချိန်မှာ လေးပွဲအနိုင်ရရှိပြီး နှစ်ပွဲသရေရလဒ်နဲ့ ခြောက်ပွဲရှုံးနိမ့်ထားလို့ အဝေးကွင်းပွဲစဉ်တွေမှာဆိုရင် ရုန်းကန်နေရတာကို တွေ့ရမှာပါ။ ဆီဗီလာအသင်းက နောက်ဆုံးကစားတဲ့ငါးပွဲမှာလည်း နှစ်ပွဲအနိုင်ရရှိပြီး နှစ်ပွဲသရေရလဒ်နဲ့ တစ်ပွဲရှုံးနိမ့်ထားလို့
သာမန်ခြေစွမ်းပိုင်းသာ ရှိနေလို့ အခုအဝေးကွင်းပွဲစဉ်မှာ ရုန်းကန်ရဖို့ရှိနေပါတယ်။ ဒီဘောလုံးရာသီမှာ ဆီဗီလာ အသင်းရဲ့ အားအနည်းဆုံးက ခံစစ်ပိုင်းဖြစ်နေပြီး ပွဲစဉ်တိုင်းနီးပါး ဂိုးပေးရတဲ့အထိ ရုန်းကန်နေရပါတယ်။
ဒီနှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှုအပိုင်းကို ကြည့်မယ်ဆိုရင်တော့ ဆီဗီလာအသင်းက ၁၇ ကြိမ်အနိုင် ရရှိထားပါတယ်။ ဘတ်တစ်အသင်းကတော့ ခုနစ်ကြိမ်သာအနိုင်ရရှိပြီး ကိုးကြိမ်သရေ ရလဒ်ထွက်ပေါ်ထားလို့ ဆီဗီလာအသင်းက အသာစီးမှာရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းပိုင်းအရ ရောအိမ်ရှင်အားသာချက်နဲ့ပါ ဖိအားပေးကစားလာမယ့် ဘတ်တစ်အသင်းပဲ ရလဒ်ကောင်းသွားမှာပါ။
ရိုးမား Vs ဂျူဗင်တပ်စ်
ကစားမည့် ရက် / အချိန်
(၂-၃-၂၀၂၆ ရက် နံနက် ၂:၁၅ နာရီ)
နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
ဂျူဗင်တပ်စ် ၂ - ၁ ရိုးမား
ရိုးမား ၁ - ၁ ဂျူဗင်တပ်စ်
ဂျူဗင်တပ်စ် ၀ - ၀ ရိုးမား
နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ
ရိုးမား အိမ်(နိုင်) ဝေး(သရေ) အိမ်(နိုင်)
ဂျူဗင်တပ်စ် ဝေး(ရှုံး) အိမ်(ရှုံး) အိမ်(နိုင်)
ခန့်မှန်းရလဒ်
ရိုးမား ၂ - ၁ ဂျူဗင်တပ်စ်
ရိုးမားအသင်းအတွက် အိမ်ကွင်းနှစ်ပွဲဆက် အနိုင်ရရှိထားပြီး ပုံစံကောင်းပြသနေလို့ အခုပွဲစဉ် မှာလည်း အိမ်ကွင်းမှာ ရမှတ်ပြည့်ရရှိဖို့အတွက် အကောင်းဆုံးပြင်ဆင်လာမှာပါ။ ရိုးမားအသင်း အတွက် အခုပွဲစဉ်မှာအနိုင်ရရှိမယ်ဆိုရင် အဆင့်(၃) နေရာအထိတောင် တက်ရောက်နိုင်မှာဖြစ်လို့ အိမ်ကွင်းမှာ နိုင်ပွဲရရှိဖို့အတွက် အမှားခံမှာမဟုတ်ပါဘူး။ ဒီဘောလုံးရာသီ ရိုးမားအသင်းရဲ့ စီးရီးအေအိမ်ကွင်း စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ၁၃ ပွဲကစားပြီးချိန်မှာ ကိုးပွဲအနိုင်ရရှိပြီး တစ်ပွဲသရေရလဒ်နဲ့ သုံးပွဲရှုံးနိမ့်ထားလို့ အမှတ်ပေးဇယားထိပ်ဆုံးကဦးဆောင်နေတဲ့ အင်တာမီလန်အသင်းပြီးရင် အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်း အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတာကို တွေ့ရမှာပါ။ ရိုးမားအသင်းအတွက် အခုပွဲစဉ်မှာသာ ရလဒ်ဆိုးခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် စိုးရိမ်စရာဖြစ်လာမှာဖြစ်လို့ ရလဒ်ကောင်းတစ်ခုအတွက် ဦးတည်ကြိုးစားကစားလာမှာပါ။
ဂျူဗင်တပ်စ်အသင်းကတော့ အခုပွဲစဉ်မှာ အဓိက ကစားသမားတချို့ကို အနီကတ်ပြစ်ဒဏ်နဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် လက်လွှတ်ရမှာဖြစ်လို့ အဝေး ကွင်းမှာ ရုန်းကန်ရပါလိမ့်မယ်။ဂျူဗင်တပ်စ်အသင်း က နောက်ဆုံးကစားတဲ့ငါးပွဲမှာ တစ်ပွဲတည်းသာ အနိုင်ရရှိပြီး သုံးပွဲရှုံးနိမ့်ခဲ့ကာ တစ်ပွဲသရေရလဒ် ထွက်ပေါ်ထားလို့ တည်ငြိမ်မှုမရှိဘဲ ရုန်းကန်နေရ တာကို တွေ့ရမှာပါ။ ဂျူဗင်တပ်စ်အသင်းရဲ့ စီးရီးအေ အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ၁၃ ပွဲကစားပြီးချိန်မှာ ခြောက်ပွဲနိုင်၊ နှစ်ပွဲ သရေရလဒ်နဲ့ ငါးပွဲရှုံးနိမ့်ထားလို့ အဝေးကွင်းခြေစွမ်းပိုင်းက စိတ်ချလို့မရတာကို တွေ့ရမှာပါ။ ဒါ့ပြင် ဂျူဗင်တပ်စ်အသင်းခံစစ်ပိုင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ အတော်လေးဆိုးရွားနေပြီး ရုန်းကန်နေရလို့ အဝေးကွင်းမှာ ရိုးမားအသင်းတိုက်စစ်ပိုင်းကို ပွဲချိန်ပြည့်ထိန်းချုပ်ရ ခက်ခဲနိုင်ပါတယ်။
ဒီနှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှုအပိုင်းကို ကြည့်မယ်ဆိုရင်တော့ ဂျူဗင်တပ်စ်အသင်းက ၁၈ ကြိမ်အနိုင် ရရှိထားပါတယ်။ ရိုးမားအသင်းကတော့ ရှစ်ကြိမ်သာအနိုင်ရရှိပြီး ၁၀ ကြိမ်သရေ ရလဒ်ထွက်ပေါ်ထားလို့ ဂျူဗင်တပ်စ်အသင်းက အသာစီးမှာရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းပိုင်းကလည်း ကွာခြားမှုမရှိလို့ အိမ်ရှင်အားသာချက်အခွင့်အရေးကို အကောင်းဆုံးအသုံးချလာမယ့် ရိုးမားအသင်းပဲနိုင်ပွဲ ရယူသွားပါလိမ့်မယ်။
စည်သူအောင်
MWD
