အမေရိကန်၏ Project Freedom စစ်ဆင်ရေးရပ်နားပြီးနောက် ဟော်မုဇ်ရေလက်ကြားအား လုပ်ထုံးလုပ်နည်းသစ်ဖြင့် ဖြတ်သန်းနိုင်ပြီ ဟု အီရန်ပြောကြား
အမေရိကန်က ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘောများကို လမ်းညွှန်ပေးရန် လုပ်ဆောင်နေသည့် Project Freedom စစ်ဆင်ရေးကို ရပ်နားလိုက်ပြီးနောက် ယင်းရေလမ်းကြောင်းအတွင်း လုပ်ထုံးလုပ်နည်းအသစ်များဖြင့် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guards) ရေတပ်က ဗုဒ္ဓဟူးနေ့ (မေ ၆) တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရေလက်ကြားသည် စစ်ပွဲကာလအတွင်း အီရန်နှင့် အမေရိကန် တို့၏ ပိတ်ဆို့မှုများကို ကြုံတွေ့ခဲ့ရပြီး အမေရိကန်သည် ၎င်း၏ စစ်ဆင်ရေးကို တနင်္ဂနွေနေ့ (မေ ၃) တွင် စတင်ခဲ့သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုးတက်မှုရှိလာသည်ဟူသော အကြောင်းပြချက်ဖြင့် အင်္ဂါနေ့ (မေ ၅) တွင် ပြန်လည်ရပ်နားခဲ့ခြင်းဖြစ်သည်။
အီရန်အစိုးရသည် ၎င်းတို့၏ လုပ်ထုံးလုပ်နည်းအသစ်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားထားခြင်းမရှိသော်လည်း ပါရှန်ကွေ့နှင့် အိုမန်ပင်လယ်အတွင်းရှိ သင်္ဘောပိုင်ရှင်များနှင့် ကပ္ပတိန်များအနေဖြင့် အီရန်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
ထို့ပြင် အီရန်က ဟော်မုဇ်ရေလက်ကြားသည် ၎င်းတို့၏ အချုပ်အခြာအာဏာသက်ရောက်မှုအတွင်း တည်ရှိကြောင်း အခိုင်အမာဆိုထားပြီး ဖြတ်သန်း သွားလာသည့်သင်္ဘောများထံမှ အခကြေးငွေကောက်ခံရန် စီစဉ်နေကြောင်း သိရှိရသည်။
သို့သော် အီရန်၏ အဆိုပါအစီအစဉ်သည် နိုင်ငံတကာရေကြောင်းဥပဒေနှင့် ဆန့်ကျင်နေပြီး အန္တရာယ်ရှိသောလုပ်ရပ်ဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များက သတိပေးထားကြသည်။ ယခုကဲ့သို့ အီရန်ဘက်က တင်းခံနေမှုများသည် လက်ရှိဖြစ်ပွားနေသောစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် သံတမန်ရေးရာဆွေးနွေးမှုများကို အဟန့်အတားဖြစ်စေပြီး ငြိမ်းချမ်းရေးလမ်းစကို ခြိမ်းခြောက်ရာရောက်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ် နေသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
