အီရန်စစ်ပွဲကြောင့် အမေရိကန် အိမ်ထောင်စုများ စွမ်းအင်စရိတ် ပိုမို ကုန်ကျနေ

News Image

  • အီရန်စစ်ပွဲကြောင့် အမေရိကန် အိမ်ထောင်စုများ စွမ်းအင်စရိတ် ပိုမို ကုန်ကျနေ

Brown တက္ကသိုလ်၏ သုတေသနပြုချက်အရ အီရန်နှင့် စစ်ပွဲစတင်ကတည်းက ဓာတ်ဆီနှင့် ဒီဇယ်စျေးနှုန်းများ အဆမတန်မြင့်တက်လာမှု ကြောင့် အမေရိကန် စားသုံးသူများသည် ဒေါ်လာ ၃၇ ဘီလီယံခန့် ထိခိုက်နစ်နာမှုနှင့် ရင်ဆိုင်နေရသည်။ တနင်္လာနေ့ (မေ ၁၁) မွန်းလွဲပိုင်းအထိ စာရင်းများအရ ထိုသို့ ကုန်ကျစရိတ်မြင့်တက်လာမှုသည် အိမ်ထောင်စု တစ်စုလျှင် ပျမ်းမျှ ၂၈၄ ဒေါ်လာကျော်အထိ ရှိလာခဲ့သည်။

အဆိုပါ ခန့်မှန်းချက်များကို ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ပွဲစတင်ကတည်းက ဓာတ်ဆီနှင့် ဒီဇယ်အတွက် ပိုမိုကုန်ကျလာသော စရိတ်စကများကို Brown တက္ကသိုလ်က တွက်ချက်ထားသည့် အီရန်စစ်ပွဲ စွမ်းအင်စရိတ်ခြေရာခံစနစ် (Iran War Energy Cost Tracker) အပေါ် အခြေခံထားခြင်းဖြစ်သည်။ အဆိုပါစနစ်သည် လက်ရှိစျေးနှုန်းများကို စစ်ပွဲမဖြစ်ပွားခဲ့လျှင် ရှိနေမည့် စွမ်းအင်စျေးနှုန်းခန့်မှန်းချက်များနှင့် နှိုင်းယှဉ်တွက်ချက်ထားခြင်း ဖြစ်သည်။

ဓာတ်ဆီဈေးနှုန်းသည် စစ်ပွဲစတင်ချိန်တွင် တစ်ဂါလန်လျှင် ၂.၉၈ ဒေါ်လာ ရှိရာမှ တနင်္လာနေ့ (မေ ၁၁) တွင် ၄.၅၂ ဒေါ်လာအထိ မြင့်တက်လာခဲ့ပြီး ယင်းကြောင့် အမေရိကန် စားသုံးသူများအတွက် ဒေါ်လာ ၂၀ ဘီလီယံ ခန့် ပိုမိုကုန်ကျစေခဲ့သည်။ 

လယ်သမားများ၊ ကုန်တင်ကားမောင်းသူများနှင့် ရထားလမ်းကဏ္ဍတို့အတွက် အရေးပါသော ဒီဇယ်စျေးနှုန်းသည် ၂၀၂၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သောအမြင့်ဆုံးစံချိန်တင်စျေးနှုန်းထက် ၁၈ ဆင့်သာ လျော့နည်းတော့သည့် အခြေအနေတွင်ရှိနေပြီး ဒီဇယ်စျေးနှုန်း မြင့်တက်မှုကြောင့် နောက်ထပ် ဒေါ်လာ ၁၆.၉ ဘီလီယံခန့် ကုန်ကျစရိတ် တက်လာခဲ့သည်။ 

အဆိုပါတွက်ချက်မှုတွင် စားသုံးသူများအပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက်သော သက်ရောက်မှုနှစ်ခုလုံးပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာမှု၊ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း၊ စစ်ရေးအသုံးစရိတ် မြင့်တက်လာခြင်းနှင့် အမေရိကန်၏ ကြွေးမြီများအပေါ် အတိုးနှုန်းပိုမို ပေးဆောင်ရခြင်း စသည့် ပိုမိုကျယ်ပြန့်သော နောက်ဆက်တွဲစရိတ်စကများကိုမူ ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးကြောင်း Brown တက္ကသိုလ်က ဆိုသည်။

ကိုးကား- CNN

Photo: PBS

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး