Fentanyl နှိမ်နင်းရေး တရုတ်ကို ဖိအားပေးရန် ထရမ့်၏ ခြေလှမ်း တရားရုံးချုပ်ကြောင့် အားနည်းသွား
သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းနှင့် ဒုတိယသက်တမ်း တစ်လျှောက်လုံးတွင် ၎င်းသည် အမေရိကန်နိုင်ငံ၌ ဖြစ်ပွားနေသော ဘိန်းဖြူကဲ့သို့သော မူးယစ်ဆေးဝါး (Opioid) ပြဿနာကို အဓိက ပစ်မှတ် ထားခဲ့သည်။ အထူးသဖြင့် သေစေနိုင်သော Fentanyl မူးယစ်ဆေးနှင့် ယင်း၏ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွင် တရုတ်နိုင်ငံ၏ ပါဝင် ပတ်သက်မှု တို့ဖြစ်သည်။
မက္ကဆီကိုနှင့် အခြားနိုင်ငံများတွင် Fentanyl နှင့် အခြားသော ဓာတ်ခွဲခန်း ထုတ် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရန်အသုံးပြုသည့် ရှေ့ပြေး ဓာတု ပစ္စည်းများ (Precursor chemicals) အများဆုံးထွက်ရှိရာနေရာမှာ တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်းသို့ Fentanyl များ စီးဝင်နေမှု ကို တရုတ်အစိုးရက "ဆက်လက်ရှင်သန်စေသည်" ဟု ထရမ့်အစိုးရက အပြစ်တင်ထားသည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏ကျယ်ပြန့်သော ဆေးဝါး ထုတ်လုပ်ရေးကဏ္ဍမှ မူးယစ်ဆေးဝါးများ ပြည်ပသို့ထွက်ခွာမှုကို တားဆီးရန် သိသာထင်ရှားသော ခြေလှမ်းများ လုပ်ဆောင်ခဲ့သော်လည်း ကျွမ်းကျင်သူများနှင့် အမေရိကန်အရာရှိများကမူ ယခုထက်ပို၍ လုပ်ဆောင် နိုင်သည်ဟု ဆိုကြသည်။
ပြီးခဲ့သည့် မတ်လက ကျင်းပခဲ့သော ကုလသမဂ္ဂ မူးယစ်ဆေးဝါးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် အမေရိကန်က တရုတ်နိုင်ငံအား ဥပဒေ စိုးမိုးရေး တွင် လျော့ရဲနေသည်ဟုစွပ်စွဲခဲ့ပြီး တရုတ်ကလည်း ဝါရှင်တန်အား တစ်ဖက်သတ်အနိုင်ကျင့်နေသည်ဟုတုံ့ပြန်ခဲ့ရာ Fentanyl ကိစ္စနှင့် ပတ်သက်၍ တင်းမာမှုများ အရှိန်မြင့်လာခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလက တောင်ကိုရီးယားတွင် ထရမ့်နှင့် တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်တို့ နောက်ဆုံးတွေ့ဆုံခဲ့စဉ်ကလည်း ထိုအရေးကိစ္စ အကြောင်း ဆွေးနွေးခဲ့ပြီး ထိုစဉ်က တရုတ်အစိုးရက Fentanyl ကို နှိမ်နင်းပေးမည်ဟူသောကတိဖြင့် အမေရိကန်က တရုတ်ကုန်ပစ္စည်းများ အပေါ် အကောက်ခွန်လျှော့ချပေးရန် သဘောတူခဲ့သည်။
သို့သော် ထိုအချိန်မှစ၍ "ထရမ့်အစိုးရသည် ၎င်း၏အသာစီးရနိုင်သော အခြေအနေကို အားနည်းသွားစေခဲ့သည်" ဟု Brookings အဖွဲ့အစည်းမှ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးတန်းသုတေသနအရာရှိ Vanda Felbab-Brown က ထရမ့်-ရှီ တွေ့ဆုံပွဲမတိုင်မီ တင်ပြချက်တွင် ရေးသားခဲ့သည်။
ဥပမာအားဖြင့် ထရမ့်၏ ကျယ်ပြန့်သော အရေးပေါ်အကောက်ခွန်များမှာ တရားမဝင်ကြောင်း ဖေဖော်ဝါရီလတွင် တရားရုံးချုပ်က ဆုံးဖြတ်ချက် ချပြီးနောက် ထရမ့်၏ အကောက်ခွန်ဖြင့် ခြိမ်းခြောက်နိုင်စွမ်းမှာ ယခင်က ကဲ့သို့ အာဏာမရှိတော့ကြောင်း သူမက ထောက်ပြခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
