အမေရိကန်-တရုတ် ခေါင်းဆောင်များ တွေ့ဆုံမှုအတွင်း လုံခြုံရေးဆိုင်ရာအဆင်မပြေမှုအချို့ ဖြစ်ပွား

News Image

  • အမေရိကန်-တရုတ် ခေါင်းဆောင်များ တွေ့ဆုံမှုအတွင်း လုံခြုံရေးဆိုင်ရာအဆင်မပြေမှုအချို့ ဖြစ်ပွား

ကြာသပတေးနေ့ (မေ ၁၄) တွင် ကျင်းပပြုလုပ်ခဲ့သော အစီအစဉ်များသည် ခမ်းနားထည်ဝါသည့် ကြိုဆိုပွဲအခမ်းအနားမှသည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ နှစ်နိုင်ငံ ဆွေးနွေးပွဲအပြီး ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးခရီးစဉ်အထိ စနစ်တကျ စီစဉ်ညွှန်ကြားထားသည့်အတိုင်း ချောမွေ့စွာ ပြီးမြောက်ခဲ့သည်။ သို့ရာတွင် အဆိုပါခရီးစဉ်အတွင်း အဆင်မပြေမှုအချို့လည်း ပေါ်ပေါက်ခဲ့သည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဆွေးနွေးပွဲများကျင်းပရာ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of the People) သို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Scott Bessent ဝင်ရောက်ရန် ပြင်ဆင်စဉ် လုံခြုံရေးတံဆိပ် (Badge) မပါရှိသဖြင့် လုံခြုံရေးဝန်ထမ်းများက ခေတ္တတားဆီးခဲ့သည်။ CNN သတင်းဌာန၏ ဗီဒီယိုမှတ်တမ်းအရ လုံခြုံရေးဝန်ထမ်းများသည် Bessent ကို တားဆီးကာ ၎င်းတို့၏ အပေါ်အင်္ကျီ ရင်ဘတ်ရှိတံဆိပ်ကို လက်ညှိုးထိုးပြ၍ “Pin, pin” ဟု အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။ အနည်းငယ်ညှိနှိုင်းပြီးနောက် တစ်စုံတစ်ဦးက ရင်ထိုး တံဆိပ်တစ်ခုပေးအပ်ခဲ့ရာ ၎င်းကို တပ်ဆင်ပြီးမှသာ Bessent သည် အတွင်းသို့ ဝင်ရောက်ခွင့်ရရှိခဲ့သည်။

ထို့ပြင် ဆွေးနွေးပွဲကျင်းပနေစဉ်အတွင်း တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဝင်နှစ်ဦးအကြား ခေတ္တမျှ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ဝင် နှစ်ဦးအနက်တစ်ဦးမှာ စစ်ယူနီဖောင်း ဝတ်ဆင်ထားသူဖြစ်ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲများ ပြီးဆုံးပြီးနောက် သမ္မတနှစ်ဦးသည် ကောင်းကင်ဘုံဗိမာန် (Temple of Heaven) သို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။ ထိုသို့ သွားရောက်ရာတွင် အမေရိကန် သမ္မတနှင့်အတူ လိုက်ပါလာသည့် သတင်းမီဒီယာအဖွဲ့သည် ဗိမာန်ဝင်းအတွင်းသို့ဝင်ရောက်ရန် နာရီဝက် နီးပါး ကြန့်ကြာခဲ့ရသည်။ ၎င်းမှာ တရုတ်လုံခြုံရေးများက အမေရိကန် လုံခြုံရေးအဖွဲ့ (Secret Service) အေးဂျင့်တစ်ဦးကို လက်နက်နှင့်အတူ ဝင်ရောက်ခွင့်မပြုဘဲ တားဆီးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သမ္မတ နှင့်အတူ လိုက်ပါလာသည့် သတင်းထောက်များက ဆိုသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အချိန်အတော်ကြာ ပြင်းထန်စွာ ညှိနှိုင်းခဲ့ရပြီးနောက် နှစ်ဖက်အပေးအယူတစ်ခုရရှိခဲ့သဖြင့် အမေရိကန် သတင်းမီဒီယာအဖွဲ့သည် အခမ်းအနားအစီအစဉ်များကို လွတ်လပ်စွာ သတင်းယူခွင့် ရရှိခဲ့ကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး