တရုတ်နိုင်ငံ၏ Great Rejuvenation နှင့် ထရမ့်၏ MAGA တို့အတူတကွ ဒွန်တွဲသွားနိုင်ကြောင်း သမ္မတ ရှီကျင့်ဖျင် ပြောကြား

News Image

  • တရုတ်နိုင်ငံ၏ Great Rejuvenation နှင့် ထရမ့်၏ MAGA တို့အတူတကွ ဒွန်တွဲသွားနိုင်ကြောင်း သမ္မတ ရှီကျင့်ဖျင် ပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မေလ ၁၄ ရက်နေ့ညတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲ၌ နှစ်နိုင်ငံဆက်ဆံရေးအတွက် နှစ်လိုဖွယ်ကောင်းသော မိန့်ခွန်းတစ်ရပ်ကိုပြောကြားခဲ့ပြီး တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံလုံး၏ ရည်မှန်းချက်များသည် တစ်ပြိုင်တည်း အောင်မြင်နိုင်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ 

သမ္မတ ရှီက တရုတ်နှင့် အမေရိကန်ပြည်သူများသည် ကြီးမြတ်သောပြည်သူများဖြစ်ကြကြောင်း ချီးကျူးစကားဆိုခဲ့ပြီး တရုတ်ကွန်မြူနစ် ပါတီ၏ ရည်မှန်းချက်ဖြစ်သော "တရုတ်အမျိုးသားများ၏ ကြီးမြတ်သော ပြန်လည်ဆန်းသစ်လာမှု" (Great Rejuvenation) နှင့် ဒေါ်နယ်ထရမ့်၏ အဓိကဆောင်ပုဒ်ဖြစ်သော "အမေရိကန်ကို ပြန်လည်ကြီးမြတ်စေခြင်း" (Make America Great Again) တို့သည် အချင်းချင်း ဆန့်ကျင်ဘက်ဖြစ်မနေဘဲ တစ်ခုနှင့်တစ်ခု အတူတကွ ဒွန်တွဲသွားနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံစလုံးအနေဖြင့် အပြန်အလှန်အထောက်အကူပြုကာ အောင်မြင်မှုများရရှိစေရန် ဆောင်ရွက်နိုင်ရုံသာမက တစ်ကမ္ဘာလုံး၏ သာယာဝပြောရေးကိုလည်း အတူတကွ တိုးမြှင့်ဖော်ဆောင်ပေးနိုင်ကြောင်း ၎င်းကဆက်လက်အလေးပေး ပြောကြားသွားခဲ့သည်။ ယခုကဲ့သို့ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အမှတ်အသားဖြစ်သော ဆောင်ပုဒ်များကို ယှဉ်တွဲသုံးနှုန်း၍ ပြောကြားလိုက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတွင် ပူးပေါင်း ဆောင်ရွက်မှု အလားအလာကောင်းများကို ဖော်ဆောင်လိုသည့် သဘောထားကို ပြသရာရောက်ကြောင်း ရှုမြင်သုံးသပ်လျက်ရှိကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး