ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံးစံချိန်ကို မန်ယူအသင်းမှ ဖာနန်ဒက်လိုက်မီ
မန်ချက်စတာ မေ ၁၈
ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်ကို မန်ယူအသင်းကွင်းလယ် ကစားသမား ဖာနန်ဒက်က လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၇)အဖြစ်ကစား သည့် မန်ယူအသင်းက နော်တင်ဟမ်အသင်းကို ၃ ဂိုး-၂ ဂိုးဖြင့်အနိုင်ရရှိသည့် ပွဲစဉ်တွင် ဖာနန်ဒက် သည် ပွဲချိန် ၇၆ မိနစ်တွင် သွင်းယူသည့် အသင်းဖော် အမ်ဘူမို၏သွင်းဂိုးကို ဖန်တီးမှုပြုလုပ်နိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်ကို လိုက်မီနိုင်ခဲ့ ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံးကစား သမားအဖြစ် ၂၀၀၂-၂၀၀၃ ဘောလုံးရာသီက အာဆင်နယ်အသင်းကစားသမားဟောင်း အွန်နရီက ဂိုးဖန်တီးမှုအကြိမ် ၂၀ ပြုလုပ်နိုင်ခဲ့ပြီး တစ်ရာသီ အတွင်း ဂိုးဖန်တီးမှုအကြိမ် ၂၀ ပြုလုပ်နိုင်သည့် ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ထို့နောက် ၂၀၁၉- ၂၀၂၀ ဘောလုံးရာသီက မန်စီးတီး အသင်း ကစားသမားဟောင်း ဒီဘရိုင်းကလည်း ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်နိုင်ခဲ့ပြီး ဒုတိယကစား သမားအဖြစ် စံချိန်တင်နိုင်ကာ ယခုအခါ ဖာနန်ဒက်ကလည်း ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲအလိုတွင်ပင် အွန်နရီနှင့် ဒီဘရိုင်းတို့စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုဘောလုံးရာသီတွင် မန်ယူအသင်းအနေဖြင့် နောက်ဆုံးပွဲစဉ်အဖြစ် မေလ ၂၄ ရက်တွင် ဘရိုက်တန် အသင်းနှင့်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်၌ ဖာနန်ဒက်အနေဖြင့် ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင် ခဲ့ပါက အွန်နရီနှင့် ဒီဘရိုင်းတို့ကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်မည် ဖြစ်သည်။
ဖာနန်ဒက်သည် ယခုဘောလုံးရာသီအစပိုင်းတွင် နည်းပြအမိုရင်ကိုင်တွယ်စဉ်က ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ရာသီဝက်ကာလတွင် နည်းပြကာရစ်လက်အောက်၌ ခြေစွမ်းပိုင်းများ သိသိသာသာမြင့်တက်လာကာ သွင်းဂိုးများအပြင် ဂိုးဖန်တီးမှုများလည်း ပြုလုပ်နိုင်ပြီးနောက် တစ်နှစ် တာ အကောင်းဆုံး ကစားသမားဆုရရှိရန် နီးစပ်နေကြောင်း သိရသည်။
MWD
