အာဖဂန်နစ္စတန်နိုင်ငံ၌ ရုတ်တရက်ရေကြီးမှုကြောင့် လူ ၁၀ ဦး သေဆုံး

News Image

  • အာဖဂန်နစ္စတန်နိုင်ငံ၌  ရုတ်တရက်ရေကြီးမှုကြောင့် လူ ၁၀ ဦး သေဆုံး

မေ ၂၂

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာဂလန်ပြည်နယ်ရှိ ခရိုင်များစွာတွင် ညတွင်းချင်း ရေကြီးမှုများကြောင့် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာ တိုလိုသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ပြီး စိုက်ပျိုးမြေဧကထောင်ပေါင်းများစွာ ရေလွှမ်းမိုးခံခဲ့ရကာ ကျေးလက်စီးပွားရေးကို ထိခိုက်မှုပြင်းထန်ခဲ့ကြောင်း ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့၏အကြီးအကဲ ဟီဒါယာတူလာ ဟမ်ဒါ့ဒ်က ပြောကြားခဲ့သည်။

တောင်ပိုင်း ကန်ဒါဟာ ပြည်နယ်တွင် မေ ၂၀ ရက် ညပိုင်းက ပြင်းထန်သောလေမုန်တိုင်းများတိုက်ခတ်ခဲ့ရာ လူသုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် လွန်ခဲ့သောရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများကြောင့် လာမည့်ရက်များတွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း   နိုင်ငံ၏ မိုးလေဝသဌာနက သတိပေးချက်များထုတ်ပြန်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

MDN