အယ်နာဆာအသင်းကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ပြီးနောက် နည်းပြဂျီးဆပ် အသင်းမှထွက်ခွာ
ရီယက် မေ ၂၃
အယ်နာဆာအသင်းဝါရင့်နည်းပြ ဂျီးဆပ်သည် ယခုဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ချန်ပီယံ ဆုဆွတ်ခူးပေးနိုင်ပြီးနောက် အသင်းမှ စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာခဲ့ကြောင်း သိရသည်။
အယ်နာဆာအသင်းက နည်းပြဂျီးဆပ်ကို အသင်းအား ဆက်လက်တာဝန်ယူ ကိုင်တွယ်စေလိုသော် လည်း ဂျီးဆပ်ကိုယ်တိုင်က အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နည်းပြ ဂျီးဆပ်သည် ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင်ပင် အယ်နာဆာအသင်းနှင့် နှစ်ပေါင်းအတန်ကြာ ကွာဝေး နေသည့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဂျီးဆပ်သည် ယခုဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးပေးနိုင်ခဲ့သည့်အပြင် အာရှချန်ပီယံလိဂ်-၂ ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပြီးနောက် ဂျပန်ကလပ် ဂမ်ဘာအသင်းကိုရှုံးနိမ့်သည့်အတွက် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။
နည်းပြဂျီးဆပ်သည် အယ်နာဆာအသင်းကို ယခုဘောလုံးရာသီ၌ ပြိုင်ပွဲစုံ ၄၉ ပွဲ တာဝန်ယူကိုင်တွယ် ရာတွင် ပွဲပေါင်း ၄၀ အနိုင်ရရှိအောင် စွမ်းဆောင်ပေး နိုင်ပြီး နှစ်ပွဲသရေရလဒ်နှင့် ခုနစ်ပွဲရှုံးနိမ့်ကာ နိုင်ပွဲရရှိမှုရာခိုင်နှုန်း ၈၂ ရာခိုင်နှုန်းအထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
နည်းပြဂျီးဆပ်သည် လက်ရှိတွင် ပေါ်တူဂီအသင်း နည်းပြသစ်အဖြစ် ရေပန်းစားလျက်ရှိကြောင်း သိရသည်။
MWD
