နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်

News Image

  • နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်

နေပြည်တော် မေ ၂၃

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ မေ ၂၄ ရက်တွင် ကျင်းပမည့် “50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနား ပါဝင်တက်ရောက်ရန် Korean Wave Culture Industry Forum (KWCIF) ၏ စီစဉ်ဖိတ်ကြားမှုဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသကြီးမှူးသည့် ကိုယ်စားလှယ် အဖွဲ့သည် မေ ၂၂ ရက်က ကိုရီးယားသမ္မတနိုင်ငံသို့ ကြွရောက်ရာ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းလေဆိပ်၌ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ စစ်သံ(ကြည်း၊ ရေ၊ လေ) ရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ်ဝင့်သူနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုကြသည်။

ထို့နောက် ဆိုးလ်မြို့ရှိ Jogyesa Temple ၌ ကျောင်းထိုင်ဆရာတော် Venerable Damhwa Wonmyeong နှင့်လည်းကောင်း၊ Office of the President of the Jogye Order ၌ Jogye Order of Korean Buddhism ၏ ၃၇ ယောက်မြောက် ဥက္ကဋ္ဌ Ven. Jinwoo နှင့် လည်းကောင်း တွေ့ဆုံသည်။

Jogyesa Temple သည် ကိုရီးယားနိုင်ငံ ဗုဒ္ဓဘာသာ Jogye Order ၏ အဓိကဗဟိုဘုန်းတော်ကြီး ကျောင်းဖြစ်ပြီး ၁၉၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ကာ ကိုရီးယားဗုဒ္ဓဘာသာ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာလှုပ်ရှားမှုများအတွက် အရေးပါသော နေရာတစ်ခုဖြစ်သည့်အပြင် ကိုရီးယားရိုးရာဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသော Daeungjeon Hall (Main Buddha Hall)၊ နှစ်ရာချီ သက်တမ်းရှိသောသစ်ပင်ကြီးများနှင့် ရိုးရာမီးပုံး ပွဲတော်များကြောင့် ပြည်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်တစား လာရောက်ကြသည့်နေရာလည်း ဖြစ်သည်။

ယင်းနောက် ဆရာတော်နှင့်အဖွဲ့သည် Dongguk University ၏ ဥက္ကဋ္ဌ Yun Jae-woon နှင့်တွေ့ဆုံခြင်း၊ Dongguk University ရှိ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခြင်းတို့ ဆောင်ရွက်ကြသည်။

ဆက်လက်၍ Buddhist Broadcasting System (BBS) ၏ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ပါဝင် ပြီး တရားဓမ္မဆိုင်ရာ မေးမြန်းလျှောက်ထားမှုများအပေါ် မိန့်ကြားသည်။

BBS သည် ကိုရီးယားသမ္မတနိုင်ငံ၏ ပထမဆုံးသော ဗုဒ္ဓဘာသာရုပ်သံနှင့် ရေဒီယိုကွန်ရက်ဖြစ်ပြီး ရေဒီယိုအစီအစဉ်များအပြင် ရုပ်သံလိုင်း (BBS TV) များမှတစ်ဆင့် ဗုဒ္ဓစာပေ၊ ဝိပဿနာနှင့် ကိုရီးယား နိုင်ငံနှင့် နိုင်ငံတကာဗုဒ္ဓဘာသာသတင်းများကို တင်ဆက်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ဆရာတော်ကြီးနှင့် အဖွဲ့သည် UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် မှတ်တမ်းဝင်ဖြစ်သော Bulguksa Temple ၌ Venerable Jongcheon နှင့်လည်းကောင်း၊ Tongdosa Temple ၌ Venerable Hyeon-deok နှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

သတင်းစဉ်

MDN