ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ နန်နင်းမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလက်ဖက်နေ့အခမ်းအနား တက်ရောက်
နေပြည်တော် မေ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် မေ ၂၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်း မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လက်ဖက်နေ့ အခမ်းအနားသို့ တက်ရောက်ကြ သည်။
ဦးစွာ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသရေးရာဌာနက “ပိုးလမ်းမထက်က လက်ဖက်ရနံ့နှင့် အနာဂတ်စိုက်ပျိုးရေးနည်း ပညာဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပ သည့် အဆိုပါအခမ်းအနားသို့ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူများ၊ စိုက်ပျိုး ရေးနှင့် ကျေးလက်ဒေသရေးရာဌာန တာဝန်ရှိသူများ၊ ဦးစီးဌာနများ၊ သုတေသနနှင့် တက္ကသိုလ်၊ သိပ္ပံများမှ ပညာရှင်များ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ ကင်ညာနိုင်ငံနှင့် FAO တို့မှ ကိုယ်စားလှယ်များ၊ လက်ဖက်ပညာရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားသည်။
ယင်းနောက် Liyuan International Conference Center ၌ ခင်းကျင်းပြသထားသည့် ဒေသအသီးသီးမှ လက်ဖက်ခြောက် မျိုးစုံပြခန်းများကို လှည့်လည် ကြည့်ရှုကြပြီး နန်နင်းမြို့မှ ၁၀၀ ကီလိုမီတာခန့် ကွာဝေးသည့် ဟန်ကျိုးမြို့တော် National Modern Agricultural Industrial Park ၌ တည်ရှိသော စပယ်ပန်းရနံ့ လက်ဖက်ထုတ်လုပ်သည့် လုပ်ငန်းခွင်နှင့် စပယ်ပန်းစိုက်ခင်းများကို သွားရောက်လေ့လာခဲ့ကြသည်။
မေ ၂၁ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်-အာဆီယံ သိပ္ပံဉာဏ်ရည်တုဆိုင်ရာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ခြင်းစင်တာသို့ သွားရောက်၍ စိုက်ပျိုးရေး အပါအဝင် ကဏ္ဍအသီးသီး၌ သိပ္ပံဉာဏ်ရည်တုကို အသုံးချနိုင်ရန် တီထွင်စမ်းသပ်မှုများ၊ တရုတ်နှင့် အာဆီယံဒေသများ အကြား သတင်းအချက်အလက်များကို လုံခြုံစွာစီးဆင်းနိုင်စေရန် စီမံ ဆောင်ရွက်ထားရှိမှုများကို လေ့လာခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် လေ ကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြကြောင်း သိရသည်။
သတင်းစဉ်
MDN
