နဝမအကြိမ် MBC Professional Boxing Matches (PBM-9) ပြိုင်ပွဲကို ခြောက်ချီတွဲဆိုင်း ငါးဆိုင်းဖြင့် ရန်ကုန်မြို့၌ ကျင်းပ
ရန်ကုန် မေ ၂၃
မြန်မာဘောက်ဆင် အဖွဲ့ချုပ် (MBC)က ကျင်းပသည့် နဝမအကြိမ် MBC Professional Boxing Matches(PBM-9)ပြိုင်ပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံ၌ ခြောက်ချီတွဲဆိုင်း ငါးဆိုင်းဖြင့် ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ဦးစွာ ၅၀ ဒသမ ၈ ကီလို (ဖလိုင်း ဝိတ်တန်း) ပွဲစဉ်အဖြစ် ဉာဏ်လင်းထက် (MBC Boxing Club)နှင့် ဖြိုးသူအောင်(Eagle Club)တို့ပွဲတွင် ဉာဏ်လင်းထက်က အနိုင်ရရှိခဲ့သည်။
ထို့ပြင် ၅၅ ဒသမ ၃၇ ကီလို (စူပါဘန်တမ်ဝိတ်တန်း) ပွဲစဉ်အဖြစ် ရဲမိုးအောင်(MBC Boxing Club)နှင့် မျိုးမြတ် (Taunggyi Club)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာတွင် ခြောက်ချီပြည့်သည်အထိ အနိုင်အရှုံးမပေါ်သဖြင့် ဒိုင်များ၏ အမှတ်ပေး ဆုံးဖြတ်ချက်အရ ရဲမိုးအောင်က အနိုင်ရရှိခဲ့သည်။
ယင်းနောက် ၆၆ ဒသမ ၃၇ ကီလို (ဝယ်လ်တာဝိတ်တန်း)တိုးအောင်လှိုင် (Phantom Club)နှင့် ဟိန်းထက်အောင်(Danuphyu Club)တို့ပွဲစဉ်တွင် ဟိန်းထက် အောင်က အလဲထိုးဖြင့်အနိုင်ရရှိခဲ့ သလို ၆၉ ဒသမ ၉ ကီလို (စူပါ ဝယ်လ်တာဝိတ်တန်း) စောဒဲနစ် (MBC Boxing Club)နှင့် စောအား အားအယ်(Pathein Club)တို့ပွဲစဉ်တွင် ပထမအချီ ၁ မိနစ် ၃၆ စက္ကန့် ၌ စောဒဲနစ်၏ အားပါပြင်းထန် သည့် လက်သီးထိုးချက်ကြောင့် စောအားအားအယ် အမှတ်စဉ်ရေတွက်ခံရပြီး ဆက်လက် မယှဉ်ပြိုင်နိုင်ဘဲ အရှုံးပေးခဲ့ရသည်။
ဆက်လက်၍ ခေါင်ပွဲဖြစ်သည့် ၆၃ ဒသမ ၅ ကီလို (စူပါလိုက် ဝိတ်တန်း) သီဟအောင်(Boxing Family Club)နှင့် ထွန်းထွန်းထက် (MBC Boxing Club)တို့ပွဲမှာ ဘတစ်ပြန်ကျားတစ်ပြန် အပြန် အလှန်ထိုးသတ်ကြသဖြင့် ပွဲမှာ အကြိတ်အနယ်ရှိလှပြီး ပရိသတ် အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ သော်လည်း ခြောက်ချီပြီးဆုံးသည်အထိ တစ်ဖက်နှင့်တစ်ဖက် အလဲထိုးနိုင်ခြင်းမရှိသဖြင့် ဒိုင်များ ၏ အမှတ်ပေးဆုံးဖြတ်ချက်အရ သီဟအောင်က အနိုင်ရရှိခဲ့သည်။
လင်းရာမ
MDN
