အမေရိကန်က ထိန်းသိမ်းထားသော အီရန်၏ပိုင်ဆိုင်မှုများကို ပင်လယ်ကွေ့မဟာမိတ်များထံလွှဲပြောင်းပေးရန်စီစဉ်နေ
အမေရိကန်စစ်အခြေစိုက်စခန်းများ တည်ရှိရာ ပင်လယ်ကွေ့အာရပ်နိုင်ငံများ၌ အီရန်နိုင်ငံ၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသော စွမ်းအင်နှင့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ကထိန်းသိမ်းထားသော အီရန်၏ပိုင်ဆိုင်မှုများကိုလွှဲပြောင်းအသုံးပြုရန် အမေရိကန်အစိုးရက စီစဉ်နေကြောင်း သတင်းဌာနများကဖော်ပြထားသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်၏ညွှန်ကြားချက်အရ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပင်လယ်ကွေ့ဒေသ၌ရှိ သော မဟာမိတ်နိုင်ငံများ၏ပျက်စီးဆုံးရှုံးမှုစာရင်းကိုကောက်ယူနေပြီး ယခင်က အီရန်ကျောထောက်နောက်ခံပြု အဖွဲ့များကြောင့် ဖြစ်ပွားခဲ့ရသည့် ပျက်စီးမှုများအတွက်ပါအဆိုပါရန်ပုံငွေများကို အသုံးပြုနိုင်ခြေ ရှိ၊မရှိ ဆန်းစစ်နေသည်။
အမေရိကန်နှင့် အီရန်ကြား သွယ်ဝိုက်ဆွေးနွေးမှုများတွင် အီရန်ဘက်က ၎င်းတို့၏ထိန်းသိမ်းခံထားရသော အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ ပြန်လည်ရရှိရေးကိုတောင်းဆိုထားမှုကြောင့် လက်ရှိဆွေးနွေးမှုများရပ်တန့်နေသည်။ အီရန်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ်ဂါရီဘာဘာဒီက နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးပါက ပထမအဆင့်အနေဖြင့် ဒေါ်လာ၁၂ ဘီလီယံကို ချက်ချင်းလွှဲပြောင်းပေးရန် တောင်းဆိုထားသည်။ မတ်လအတွင်းက အစ္စရေး၏တိုက်ခိုက်မှုကြောင့် အီရန်၏ သဘာဝဓာတ်ငွေ့တွင်း ပျက်စီးပြီးနောက် အီရန်က ပင်လယ်ကွေ့ရှိ အမေရိကန်စစ်စခန်းနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Ref: RT
MWD
