အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်း တီမောကို အနိုင်ရ

News Image

  • အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်း တီမောကို အနိုင်ရ

ရန်ကုန် ဇွန်  ၇ 

၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (A) နောက်ဆုံးနေ့ကို  ယမန်နေ့က  အင်ဒိုနီးရှားနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းက တီမောအသင်းကို ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းရော တီမောအသင်းပါ နောက်တစ်ဆင့်တက်ရောက်ရန်   အခွင့်အရေးမရှိသော်လည်း အနိုင်ရရှိရေးအတွက် ကြိုးစားကစားခဲ့ပြီး မြန်မာအသင်းသည် နောက်မှလိုက်ကစားကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ခြေအသာဖြင့် ကစားနိုင်ပြီး  ဂိုးသွင်းခွင့်များစွာရခဲ့သော်လည်း အသုံးမချနိုင်သဖြင့် ရုန်းကန်ခဲ့ရပြီး ပထမပိုင်းပြီးခါနီးတွင် ဦးဆောင် ဂိုးပေးလိုက်ရသဖြင့် နောက်မှလိုက်ကစားရကာ ဒုတိယပိုင်းသွင်းဂိုးများကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ပွဲစကတည်းက ဖိကစားနိုင်သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ဂိုးမရဘဲ ၄၃ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ပြန်လျှံထွက်လာသောဘောလုံးကို မာစီယိုကကန်သွင်းခဲ့သဖြင့် တီမောအသင်း ဦးဆောင်ဂိုးရခဲ့သည်။ ပထမပိုင်းတွင် အရေးနိမ့်နေသည့်  မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရရန် အားထည့်ကစားလာပြီး ၄၈ မိနစ်တွင် လမင်းပြည့်စုံက ချေပဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း ဆက်တိုက်ဖိကစားခဲ့ပြီး ၆၇ မိနစ်တွင် စွမ်းဇာနည်က ဒုတိယဂိုးသွင်းယူခဲ့သည်။ မြန်မာအသင်းအတွက် တတိယဂိုးကို ၉၀+၁ မိနစ်တွင်  စိုင်းဘိုဘိုကျော်က သွင်းယူခဲ့သည်။

အုပ်စု (A) အခြားပွဲတွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းက ဗီယက်နမ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။   

အုပ်စု (A) ပွဲစဉ်များအပြီးတွင်   အင်ဒိုနီးရှားအသင်းက ကိုးမှတ်၊ ဗီယက်နမ်အသင်းက ခြောက်မှတ်၊ မြန်မာအသင်းက သုံးမှတ်ရခဲ့ပြီး တီမောအသင်းမှာမူ အမှတ်မရခဲ့ပေ။ အင်ဒိုနီးရှားအသင်းသည် အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး    ဒုတိယရခဲ့သည့်  ဗီယက်နမ်အသင်းမှာမူ ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြားအုပ်စုများမှ အုပ်စုဒုတိယနေရာရအသင်းများ၏   ရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF

MWD