မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားလိုကြောင်း အေစီမီလန်အသင်း တောင်ပံတိုက်စစ်ကစားသမား ရာဖေးလီယိုပြောကြား
မန်ချက်စတာ ဇွန် ၇
လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် အေစီမီလန်အသင်းမှ ထွက်ခွာရန်ဆုံးဖြတ်ထားသည့် တောင်ပံ တိုက်စစ်ကစားသမား ရာဖေးလီယိုက မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားလိုကြောင်း ပြောကြားခဲ့သည်။
ရာဖေးလီယိုသည် ၂၀၁၉ ခုနှစ်က မြင့်မားသော ပြောင်းရွှေ့ကြေးဖြစ်သည့် ယူရို သန်း ၇၀ ဖြင့် လိုင်လီအသင်းမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ကစား ခဲ့ပြီး အေစီမီလန်အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။
ရာဖေးလီယိုနှင့် အေစီမီလန်အသင်းတို့စာချုပ် သက်တမ်းမှာ တစ်နှစ်ကျန်ရှိနေသေးသော်လည်း ရာဖေးလီယိုကိုယ်တိုင်က လက်ရှိ နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင်ပင် အသင်းမှထွက်ခွာရန်ဆုံးဖြတ်ထားခြင်းဖြစ်သည်။ အေစီမီလန် အသင်းကလည်း ရာဖေးလီယိုကို လာမည့်နှစ်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်သည့် အခြေအနေများကြောင့် လက်ရှိအပြောင်းအရွှေ့ကာလတွင် ရောင်းချဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀ အထိ အလိုရှိနေခြင်းဖြစ်သည်။
လက်ရှိတွင် ရာဖေးလီယိုကို မန်ယူအသင်း အပါအဝင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထိပ်တန်းကလပ်အသင်းအများစုက ခေါ်ယူလိုနေပြီး မန်ယူအသင်းကလည်း အသင်းတောင်ပံတိုက်စစ်ပိုင်းကို ပိုမိုအင်အား တောင့်တင်းလိုသည့်အတွက် နည်းပြကာရစ်က ရာဖေးလီယိုကို ခေါ်ယူရန် မကြာမီ ဆွေးနွေးမှုများ လုပ်ဆောင်ဖွယ်ရှိကြောင်း သိရသည်။
Ref;Fabrizio Romano
MWD
