တရုတ်နိုင်ငံက ထိုင်ဝမ်ကမ်းလွန်တွင် အထူးရေကြောင်းစစ်ဆင်ရေးတစ်ရပ် စတင်

News Image

  • တရုတ်နိုင်ငံက ထိုင်ဝမ်ကမ်းလွန်တွင် အထူးရေကြောင်းစစ်ဆင်ရေးတစ်ရပ် စတင်

ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးဆွေးနွေးပွဲများ  ပြုလုပ်မည်ဟု ကြေညာခဲ့ခြင်းအပေါ်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ထိုင်ဝမ် အရှေ့ဘက်ကမ်းလွန်ရေပြင်တွင် အထူးရေကြောင်းဥပဒေစိုးမိုးရေး စစ်ဆင်ရေးတစ်ရပ်ကိုစတင်လိုက်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေး၌ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ တို့က ၎င်းတို့၏ သက်ဆိုင်ရာ သီးသန့်စီးပွားရေးဇုန်များနှင့် ပင်လယ်ရေအောက် ရေတိမ်ပိုင်းရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးဆွေးနွေးပွဲများ စတင်တော့မည်ဖြစ်ကြောင်း ပူးတွဲကြေညာခဲ့ကြသည်။ သို့သော် ထိုင်ဝမ် ကို မိမိ၏ အချုပ်အခြာအာဏာပိုင်နယ်နိမိတ်အဖြစ် ရှုမြင်ထားသည့် ပေကျင်း အစိုးရက အဆိုပါညှိနှိုင်းမှုများသည် အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ရာ ရောက်သည် ဟုဆိုကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဂျပန်နှင့် ဖိလစ်ပိုင်တို့ နယ်နိမိတ်သတ်မှတ်ရန် ရည်ရွယ်ထားသည့် ထိုင်ဝမ်အရှေ့ဘက်ရေပြင်သည် တရုတ် ၏ သီးသန့်စီးပွားရေးဇုန်ဖြစ်သဖြင့် မည်သည့်ညှိနှိုင်းမှုတွင်မဆို တရုတ်နိုင်ငံ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် ယခုလုပ်ရပ်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ 

ဆင်ဟွာသတင်းဌာန၏ဖော်ပြချက်အရ တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနသည် အမျိုးသားရေးအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ရေကြောင်းစီမံခန့်ခွဲမှု ဥပဒေစိုးမိုးရေးဆိုင်ရာစီရင်ပိုင်ခွင့်ကို အပြည့်အဝကျင့်သုံးရန်အတွက် အဆိုပါ အထူးစစ်ဆင်ရေးကို ဒေသန္တရအာဏာပိုင်များနှင့် ပူးပေါင်းကာ စနေနေ့ (ဇွန် ၆) တွင် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲများနှင့်ပတ်သက်၍ ထိုင်ဝမ်အစိုးရကလည်း ၎င်းတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများရှိနေသည့် ရေပြင်များနှင့်ထပ်တူကျနေနိုင်သဖြင့် မိမိတို့နှင့် လာရောက်တိုင်ပင်ဆွေးနွေးရန် တိုကျိုနှင့် မနီလာတို့ကို သတိပေးတိုက်တွန်းခဲ့သည်။ သို့သော်လည်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မိနိုရု ကီဟာရ က ဂျပန်နှင့် ဖိလစ်ပိုင်တို့အကြားရရှိလာမည့် မည်သည့်သဘောတူညီချက်မဆို တတိယအဖွဲ့အစည်း အပေါ် ဥပဒေအရစီရင်ပိုင်ခွင့် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က တရုတ်၏ စစ်ဆင်ရေးသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေကြောင်း စွပ်စွဲခဲ့ပြီး သင့်လျော်သလို တုံ့ပြန်ရန်အတွက် အနည်းဆုံး ရေယာဉ် ၅ စီးကို စေလွှတ်ကာ တရုတ်ပြည်မကြီး ရှမန် ဆိပ်ကမ်းမှ ထွက်ခွာလာသည့် တရုတ်အစိုးရပိုင် ရေယာဉ် ၄ စီးကို စောင့်ကြည့်လျက်ရှိသည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်တို့အကြားတင်းမာမှုများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက အရှိန်မြင့်တက်နေခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် တာကာအီချီက တရုတ်၏ ထိုင်ဝမ်ကို သိမ်းပိုက်ရန်ကြိုးပမ်းမှုသည် စစ်ရေးအရ ကြားဝင်စွက်ဖက်ရန် အကြောင်းပြချက် ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သဖြင့် တရုတ်နိုင်ငံက တာကာအီချီ၏ ပြောကြားချက်သည် ဂျပန်စစ်ဝါဒက ကျူးကျော်မှုများ ပြုလုပ်ရန် အမြဲသုံးလေ့ရှိသည့် ဗျူဟာဟောင်းဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြသည်။

လက်ရှိတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးအတွက် စစ်အင်အားအသုံးပြုမှုကို ချန်လှပ်ထားရန် ငြင်းဆန်ထားဆဲဖြစ်ရာ ယခုရေကြောင်း ပြဿနာကြောင့် ဒေသတွင်းတင်းမာမှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်ရပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး