ကိုလံဘီယာနိုင်ငံတွင် တနင်္ဂနွေနေ့ (မေ ၃၁) က ကျင်းပခဲ့သည့် သမ္မတ ရွေးကောက်ပွဲ ပထမအဆင့်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရင်းနှီးကျွမ်းဝင်ပြီး Anti-woke လမ်းစဉ်ကို ကိုင်စွဲထားသူ ရှေ့နေ အဗီလာဒို ဒီလာအက်စပရီယဲလာ (Abelardo de la Espriella) က မဲအနည်းငယ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ မဲရုံစုစုပေါင်း ၉၉ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်တွင် ကွန်ဆာဗေးတစ်မူဝါဒရှိသူ ဒီလာအက်စပရီယဲလာက မဲအရေအတွက် ၄၃.၇၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သူ လက်ဝဲဝါဒီ လွှတ်တော်အမတ် အီဗန် ဆီပီဒါ (Ivan Cepeda) က ၄၀.၉၂ ရာခိုင်နှုန်း ရရှိခဲ့သည်။ ကွန်ဆာဗေးတစ် ကိုယ်စားလှယ် ပါလိုမာ ဗလင်စီယာကမူ ၆.၉၂ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်သာရှိခဲ့ပြီး မည်သည့်ကိုယ်စားလှယ်မျှ မဲအပြတ်အသတ် မနိုင်ခဲ့ခြင်းကြောင့် ထိပ်ဆုံးမှ ပြိုင်ဘက်နှစ်ဦးသည်လာမည့် ဇွန်လ ၂၁ ရက်နေ့တွင်ကျင်းပမည့် အဆုံးအဖြတ်ပေးမည့်နောက်ဆုံးအဆင့် (Runoff) ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ယခုရွေးကောက်ပွဲသည် သမိုင်းတစ်လျှောက် အမေရိကန်၏ အရေးအပါဆုံးလုံခြုံရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဟာမိတ်ဖြစ်ခဲ့သည့် ကိုလံဘီယာ နိုင်ငံအတွက် နိုင်ငံခြားရေးမူဝါဒအလှည့်အပြောင်း ဖြစ်လာနိုင်ခြေ ရှိနေသည်။ လက်ရှိ သမ္မတ ဂူစတာဗို ပက်ထရို၏လက်ထက်တွင် ဝါရှင်တန်နှင့် ဆက်ဆံရေး သိသိသာသာဆိုးရွားခဲ့ပြီး ပက်ထရိုသည် ထရမ့်၏ ရွှေ့ပြောင်း နေထိုင်သူများကို ပြည်နှင်ဒဏ်ပေးမှုနှင့် စစ်ရေးဝင်ရောက်စွက်ဖက်မှုများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကာ ၎င်းတို့နှစ်ဦးအကြား လူသိရှင်ကြား အပြန်အလှန်ပုတ်ခတ်မှုများ ရှိခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသက်တမ်းနောက်တစ်ကြိမ် ယှဉ်ပြိုင်ခွင့်မရှိသည့် ပက်ထရိုသည် လက်ဝဲဝါဒီ လွှတ်တော်အမတ် ဆီပီဒါကို ထောက်ခံအားပေးထားသည်။ကိုယ်စားလှယ်နှစ်ဦးစလုံးသည် အမေရိကန်နှင့်ပတ်သက်၍ ပြတ်သားပြီး ဆန့်ကျင်ဘက်အမြင်များကို ကိုင်စွဲထားကြသည်။ ဒီလာအက်စပရီယဲလာ သည် အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလား သမ္မတ မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားသည့်စီးနင်းမှုကို ထောက်ခံခဲ့ပြီး ထရမ့်အစိုးရအနေဖြင့် ကိုလံဘီယာရှိ လက်ဝဲယိမ်းမှုများကို ထိန်းချုပ်ပေးရန် လိုလားသူဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ကွန်မြူနစ် လွှတ်တော်အမတ်ဟောင်းတစ်ဦး၏ သားဖြစ်သူ ဆီပီဒါက အမေရိကန်၏ ဩဇာလွှမ်းမိုးမှုနှင့် စွက်ဖက်မှုများကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီး ကိုလံဘီယာကို မည်သည့်နယ်ချဲ့အာဏာရှင်အောက်မှ အညံ့ခံမည်မဟုတ်ကြောင်းနှင့် ဒေသတွင်းကို ငြိမ်းချမ်းရေးဇုန်အဖြစ်သာ ထိန်းသိမ်းသွားမည်ဟု ကြေညာထားသည်။ သို့ဖြစ်ရာ ဇွန်လတွင်ကျင်းပမည့် ရွေးကောက်ပွဲသည် ကိုလံဘီယာ၏ အနာဂတ် ပြည်တွင်း၊ ပြည်ပမူဝါဒများအတွက် အရေးပါသည့် အဆုံးအဖြတ်တစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။ကိုးကား- RTဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Sun, 31-May-2026