မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံ၏အမျိုးမျိုးသော ဒေသရေမြေ ရာသီဥတု သဘာဝအရ စိုက်ပျိုးနိုင်သောသီးနှံများကို ရွေးချယ်စိုက်ပျိုးလျက်ရှိရာတွင် ဆန်စပါးသာမက ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်များ၊ စက်မှုကုန်ကြမ်း သီးနှံများ၊ ဆီထွက်သီးနှံများ စသည်ဖြင့် သက်ဆိုင်ရာ ဒေသများအလိုက် အထူးပြု စိုက်ပျိုးထုတ်လုပ် လျက်ရှိပါသည်။
စားသုံးဆီအတွက် အဓိကအားထားရသော သီးနှံများမှာ မြေပဲ၊ နှမ်း၊ နေကြာ စသည့်သီးနှံများ ဖြစ်ကြပြီး ယင်းသီးနှံများအနေဖြင့် ရာသီသဘာဝ အပေါ်အမှီပြု၍ စိုက်ပျိုးထုတ်လုပ်မှု အတက်အကျ များပြားမှုရှိသည့် သီးနှံများဖြစ်ကြပါသည်။ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဆီထွက်သီးနှံများ အနေဖြင့် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ခြင်းမရှိသေးသဖြင့် လိုအပ်သောပမာဏအား နှစ်စဉ်ပြည်ပမှ တင်သွင်းနေရပါသည်။
ဆီအုန်းတစ်ဧကမှ ဆီသီးခိုင်ပျမ်းမျှ ငါးတန်ထွက်ရှိနိုင်
ဆီထွက်သီးနှံများအနက် တစ်ဧက ဆီထွက်နှုန်းကောင်းသော ဆီအုန်းစိုက်ပျိုးခြင်းမှ စားသုံးဆီ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရေမြေရာသီဥတုအရ ဆီအုန်းတစ်ဧကမှ ဆီသီးခိုင်ပျမ်းမျှ ငါးတန်ထွက်ရှိနိုင်ပါသည်။ အဆိုပါ ဆီသီးခိုင် ငါးတန်မှ ဆီကြမ်း တစ်တန်ခန့် ထုတ်လုပ်ရရှိမည်ဖြစ်ပါသည်။ ဆီကြမ်းတစ်တန်ကို သန့်စင်ပါက စားဆီချော ၁/၃ တန်ခန့် ရရှိမည်ဖြစ်ပါသည်။
စားအုန်းဆီ တန်ချိန် တစ်သိန်း လိုအပ်ပါက ဆီအုန်းစိုက်ဧက သုံးသိန်းစိုက်ပျိုးရန် လိုအပ်ပါသည်။ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း လုံလောက်မှု မရှိသေးသဖြင့် နိုင်ငံတော်က ၁၉၉၉ ခုနှစ်တွင် ဆီအုန်းစိုက်ပျိုးရန် သင့်တော်သောရာသီဥတုရှိသည့် တနင်္သာရီတိုင်းဒေသကြီးတွင် “တနင်္သာရီတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်ရ မည်” ဟု ရည်မှန်းချက်ထားပြီး ဧကငါးသိန်း တိုးချဲ့စိုက်ပျိုးရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ သည်။ သို့ဖြစ်၍ ဆီအုန်းစိုက်ဧကများ တိုးတက်လာခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆီအုန်း ၃၉၆၈၆၅ ဧက စိုက်ပျိုးထားရှိပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း စတင်စဉ်ကာလများတွင် ပြည်တွင်း၌ ဆီအုန်းစပ် မျိုးစေ့များ ထုတ်လုပ်နိုင်မှုမရှိသေး၍ ဆီအုန်းမျိုးစေ့များကို မလေးရှား၊ ကော်စတာရီကာ၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံများမှ ဈေးကြီးပေး၍ ဝယ်ယူတင်သွင်း စိုက်ပျိုးနေရသဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်မှုကို နှောင့်နှေးစေခဲ့ပါသည်။
ထို့ပြင် ဝယ်ယူတင်သွင်းသော ဆီအုန်းမျိုးစေ့များက မြန်မာနိုင်ငံ ဒေသရေမြေ ရာသီဥတုနှင့် သင့်လျော်မှု ရှိ/မရှိ သေချာမှုမရှိသေးဘဲ စိုက်ပျိုးခဲ့ကြရပါသည်။ ယခင်စိုက်ပျိုးခဲ့သည့် ဆီအုန်းဧရိယာ များ စီးပွားရေးသက်တမ်းပြည့်မီ၍ ပြန်လည်စိုက်ပျိုးချိန်တွင် မြန်မာနိုင်ငံ ရေမြေရာသီဥတုနှင့် သင့်လျော် ကိုက်ညီသည့် ဆီအုန်းမျိုးစေ့များဖြင့် စိုက်ပျိုးပါက အထွက်ပိုမိုလာနိုင်မည်ဖြစ်သည့်အပြင် ပြည်ပမှ ဆီအုန်းမျိုးစေ့ တင်သွင်းရမှုကို လျော့ကျသွားစေပြီး နိုင်ငံခြားငွေသုံးစွဲရမှုကို သက်သာစေမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်တွင်း၌ ဆီအုန်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးရန် မဖြစ်မနေလိုအပ်နေပြီ ဖြစ်ပါသည်။
စပ်မျိုးစေ့များကိုသာ မျိုးအဖြစ် အသုံးပြုစိုက်ပျိုး
စီးပွားဖြစ်စိုက်ပျိုးသော ဆီအုန်းမျိုးစေ့များသည် ရွေးချယ်မွေးမြူထားသော မိခင်မျိုးပင် ဒူရာ(Dura) နှင့် ဖခင်မျိုးပင် ပက်ဆီဖာရာ(Pisifera) တို့အား မျိုးစပ်ပေး၍ ရရှိသော စပ်မျိုးစေ့ (F1) တင်နရာ (Tenera) မျိုးစေ့များဖြစ်ပြီး အဆိုပါစပ်မျိုးစေ့များကိုသာ မျိုးအဖြစ် အသုံးပြုစိုက်ပျိုးရပါသည်။ စိုက်ကွက်ထဲမှ ရရှိသော ဆီအုန်းအသီးမှ ရရှိသည့် အစေ့များကို မျိုးအဖြစ် ပြန်လည်အသုံးပြု၍မရပါ။
မြန်မာနိုင်ငံ၏ ရေမြေသဘာဝ ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသော ပြည်တွင်းဆီအုန်းစပ်မျိုးများရရှိရေးအတွက် ကော့သောင်း ခရိုင်ရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ(ဟတ်စဒင်း)တွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာ နှစ်မှစ၍ ဆီအုန်းမျိုးစေ့ခြံ တည်ထောင်ကာ ဆီအုန်းမိခင်မျိုးလိုင်းနှင့် ဖခင်မျိုးလိုင်းများ ရွေးချယ်ခြင်း၊ ဆီအုန်းမျိုးစပ်ခြင်းနှင့် စပ်မျိုးသစ်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။
မိခင်မျိုးများ ရွေးချယ်မွေးမြူရာတွင် ပြည်ပမှ တင်သွင်းစိုက်ပျိုးထားသော ဆီအုန်းမျိုးအပင်များထဲမှ အသီးခိုင်အထွက်နှုန်း အကောင်းဆုံးအပင်များ ကိုရွေးချယ်ကာ ဝတ်မှုန်ကူးခြင်းပြုလုပ်ပြီး မိခင်မျိုး လိုင်း(ဒူရာ)ပင်၊ ဖခင်မျိုးလိုင်း(ပက်ဆီဖာရာ)ပင် များရရှိရန် ရွေးချယ်ထုတ်လုပ်ရပါသည်။ ယင်း ထုတ်လုပ်ရရှိသော ဒုတိယသားဆက် မိခင်မျိုးလိုင်း (ဒူရာ)ပင်များ၊ ဖခင်မျိုးလိုင်း(ပက်ဆီဖာရာ)ပင်များ ပွားများခြင်းနှင့် ဗီဇညံ့မှုများမရှိစေရန် အတွဲ အမျိုးမျိုးဖြင့် မျိုးစပ်ပြီး ရရှိသောစပ်မျိုးအတွဲများ(Genetic Crosses)အား တတိယသားဆက်များ ရရှိအောင်စမ်းသပ်ကွက်များကို နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ဟတ်စဒင်း) တွင် စိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။
ဆီအုန်းစပ်မျိုးစေ့များ ထုတ်လုပ်နိုင်သည့် အခြေအနေတွင်ရှိ
မြန်မာနိုင်ငံ၌ ဆီအုန်းမျိုးရိုးဗီဇများ (Germplasm) လုံလောက်စွာ မရှိသေးသော်လည်း လက်ရှိအနေအထားဖြင့် ဆီအုန်းစပ်မျိုးစေ့များ ထုတ်လုပ်နိုင်သည့် အခြေအနေတွင် ရှိနေပြီးဖြစ်ပါ သည်။ ပြည်တွင်းတွင် လိုအပ်သော ဆီအုန်းမျိုးစေ့များ ထုတ်လုပ်သွားခြင်းအားဖြင့် ဆီအုန်းစိုက်ပျိုးရေး အခန်းကဏ္ဍသည်လည်း ပိုမိုအဆင့်မြင့်သည်ထက် မြင့်လာမည် ဖြစ်ပါသည်။
စီးပွားဖြစ်စိုက်ပျိုးသော ဆီအုန်းစပ်မျိုး (တင်နရာ) ထုတ်လုပ်ရရှိရန် (ဒူရာ) မိခင်ပင်နှင့် (ပက်ဆီဖာရာ) ဖခင်ပင်များကို ရွေးချယ်ရန် လိုအပ်ပါသည်။ ဒူရာမိခင်ပင် ရွေးချယ်ရာတွင် အသီးခိုင်အထွက်နှုန်းကိုအခြေခံထားပါသည်။ တစ်ပင်ချင်း ရွေးချယ်ခြင်း၊ အပင်အုပ်စုအလိုက် ရွေးချယ်ခြင်း နှစ်မျိုးစလုံးဆောင်ရွက်ရပါသည်။ အထွက်နှုန်း အကောင်းဆုံးအုပ်စုထဲမှ အထွက်နှုန်း အကောင်းဆုံး အပင်ကို ရွေးချယ်ရာတွင် တစ်နှစ်လျှင်တစ်ပင်မှ ဆီသီးခိုင် အထွက်များပြီး ပျမ်းမျှဆီသီးခိုင်အထွက် နှုန်း ၂၀၀ ကီလိုဂရမ်ကျော်သော အပင်များကို ရွေးချယ်ရပါသည်။
ဆီအုန်းစပ်မျိုးထုတ်လုပ်ရာတွင် အဓိကအရေးကြီးဆုံးမှာ ဖခင်မျိုးပင် (ပက်ဆီဖာရာ) ဖြစ်ပါသည်။ (ပက်ဆီဖာရာ)ဖခင်ပင်များသည် ပန်းခိုင်အထွက်များသော်လည်း အသီးတင်နှုန်း နည်းပါးပါသည်။ ထို့ကြောင့် မိခင်၊ ဖခင်စပ်မျိုးတူ အထွက်နှုန်း ကောင်းသော တင်နရာပင်ကို အခြေခံ၍ အဖိုပန်းခိုင် အစ်မပန်းခိုင် အချိုး (Sex Ratio) ရာခိုင်နှုန်း ကောင်းပြီး အပင်နိမ့်၍ မျိုးရိုးဗီဇသန့်သော ဖခင် မျိုးပင် (ပက်ဆီဖာရာ)(Sterile Pisifera) အပင်များကို ဦးစားပေး ရွေးချယ်ရပါသည်။
မိခင်ပင်နှင့် ဖခင်ပင်များကို သတ်မှတ်ထားသည့် အရည်အသွေးအတိုင်း ရွေးချယ်ပြီးသောအခါ လူဖြင့် ဝတ်မှုန်ကူး မျိုးစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရပါသည်။ ဝတ်မှုန်ကူး မျိုးစပ်ရန်အတွက် ရွေးချယ်ထားသော (ပက်ဆီဖာရာ) ဖခင်မျိုးလိုင်းအပင်၏ အဖို ပန်းခိုင်များနှင့် (ဒူရာ) မိခင်မျိုးလိုင်းအပင်၏ အမ ပန်းခိုင်များကို ပန်းခိုင်ဖုံးများ မကွဲခင် ပန်းမပွင့်ခင် ခုနစ်ရက်ခန့် ကြိုတင်ပြီး ပြင်ပမှဝတ်မှုန်များ မဝင်ရောက်နိုင်သော နှစ်ဖက်မြင်ရသည့် ၂၄" x ၁၈" အရွယ်ရှိ အိတ်ကို ဝတ်မှုန်စွပ်အိတ်များဖြင့် မှောက်၍စွပ်ပေးရပါသည်။
ဝတ်မှုန်စွပ်အိတ်များစွပ်ရာတွင် အမပန်းပွင့်များပေါ်သို့ မလိုလားအပ်သောဝတ်မှုန်များ မကျ စေရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။ အဖိုပန်းပွင့်များ ပွင့်လာ သောအခါ ပန်းခိုင်ကိုဖြတ်ယူပြီး ဝတ်မှုန်များကို ပလတ်စတစ်အိတ်အတွင်းသို့ ခါချရပါသည်။ ရရှိ သောဝတ်မှုန်များကို ဆန်ခါဖြင့်စစ်၍ အမှိုက်များကို ဖယ်ရှားရပါသည်။ အမှိုက်စစ်ပြီး ဝတ်မှုန်ကို ၃၅-၄၀ ဒီဂရီစင်တီဂရိတ်တွင် ၂၄ နာရီ အခြောက်ခံပြီး ဖန်ဘူးအသေးများဖြင့် လေလုံပိတ်ကာ အအေး ခန်း(ရေခဲသေတ္တာ)တွင် သိုလှောင်ထားရပါသည်။
အိတ်စွပ်ထားသော အမပန်းခိုင်များ ပန်းပွင့်လာ သောအခါ ယင်းပန်းပွင့်များပေါ်သို့ အဖိုဝတ်မှုန်များ ကို ကူးပေးပါသည်။ ဝတ်မှုန်ကူးရာတွင် လေညှစ်ဘူးများကိုအသုံးပြုပြီး လေညှစ်အားဖြင့် မှုတ်ထုတ် ခြင်းဖြစ်ပါသည်။ ဝတ်မှုန်မကူးမီ အိတ်ကို ဖော်မလင်ဖြင့် ဖျန်းပေးရပါသည်။ အသုံးပြုသည့် ကိရိယာ အားလုံးကိုလည်း ပိုးသန့်ရပါသည်။ ဝတ်မှုန်ကို နေရာအနှံ့ရောက်အောင် တိတ်အကြည်စကိုခွာ၍ အပေါက်မှ ဝတ်မှုန်ဖြူးပေးရပါသည်။ ဝတ်မှုန်ကူးရာတွင်လတ်ဆတ်သည့် ဝတ်မှုန်များကိုသာ အသုံးပြု ရပါသည်။ တစ်လထက်ကျော်ပြီး သိုလှောင်ထားပါက ဝတ်မှုန်များ၏ အောင်မြင်မှုရာခိုင်နှုန်း အနည်း ငယ်ကျဆင်းပါသည်။ ဝတ်မှုန်ကူးခြင်းကို နံနက်ပိုင်း တွင်ပြုလုပ်ပြီး အသီးတင်နှုန်းကောင်းစေရန် အမ ပန်းခိုင်တစ်ခိုင်ပေါ်တွင် သုံးရက်ဆက်တိုက် ဝတ်မှုန်ခံ ပန်းရောင်အားလုံးဖြစ်သည်အထိ ဝတ်မှုန်ကူးရပါသည်။
ဝတ်မှုန်ကူးပြီး တစ်လခန့်ကြာသောအခါ အမ ပန်းခိုင်အား စွပ်ထားသောအိတ်များကို ဖြုတ်ပေးပါ သည်။ ဝတ်မှုန်ကူးပြီး ငါး-ခြောက်လကြာသောအခါတွင် ရင့်မှည့်သော ဆီသီးခိုင်များကို ခုတ်သိမ်းရပါ သည်။ ဆီသီးခိုင်မှ အသီးများကိုခြွေယူပြီး အခွံခွါရပါသည်။ အခွံခွာရာတွင် အသီးများကို ရေသန့်သန့်ဖြင့် ခုနစ်ရက်စိမ်ပြီး နေ့စဉ်ရေလဲကာ အခွံခွာရပါသည်။ အခွံခွာပြီးမျိုးစေ့ကို ရေစင်ကြယ်စွာဆေးပြီး မှိုသတ်ဆေးစိမ်ကာ အရိပ်တွင် လေသလပ်ပြီးထားရပါသည်။ အစိုဓာတ်ကို ၁၈ ရာခိုင်နှုန်းထက် မလျော့အောင် လေသလပ်ခံထားရပါသည်။
အဆင့်ဆင့် ဆီအုန်းစပ်မျိုးစေ့များ ထုတ်ယူကာ အပင်ဖောက်ခြင်း၊ အကြိုပျိုးခင်းနှင့် ပျိုးခင်းကြီး တည်ထောင်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရပါသည်။ ထို့နောက် အကောင်းဆုံး ပျိုးပင်များ ရွေးချယ်စိုက်ပျိုးသွားခြင်းအားဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်သော ဆီအုန်းစိုက်ခင်းများ ရရှိလာမည်ဖြစ်ပါကြောင်း ဆီအုန်းစိုက်ပျိုး ထုတ်လုပ်သော တောင်သူဦးကြီးများနှင့် ပြည်သူများအား နည်းပညာပေးတင်ပြလိုက်ရပါသည်။ ။
MDN (ကြေးမုံ)
သတင်းဆောင်းပါး ဘာသာပြန်သူ။ ။ Htay Oung
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် PLA ရဲ့ရေတပ်မတော်ဟာ လျင်မြန်စွာ အင်အားတိုးချဲ့လာနေပြီး အိန္ဒိယသမုဒ္ဒရာအတွင်းကိုလည်း ဝင်ရောက်လှုပ်ရှားလာနေတယ်။ အဲဒီရေပြင်တွေမှာ တရုတ်စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေ ရောက်ရှိနေကြတာ အတော်ကြာပါပြီ။ သူတို့တွေဟာ သီရိလင်္ကာနဲ့ ကမ္ဘောဒီးယားတို့လို အနီးအနားနိုင်ငံများရဲ့ ဆိပ်ကမ်းတွေကို အသုံးပြုနေကြပါတယ်။ နယူးဒေလီဟာ သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်လာပြီး ကိုယ့်ကိုယ်ကို ကာကွယ်မယ့် စစ်ရေးအစီအစဉ်များကို ပြောင်းလဲဆောင်ရွက်နေရတယ်လို့ အိန္ဒိယအမျိုးသားထောက်လှမ်းရေးရဲ့ လက်ရုန်းတပ်ဆွယ်တစ်ခုဖြစ်တဲ့ အိန္ဒိယကာကွယ်သုတေသနတပ် IDRW (24 May 2026) က ရေးတယ်။
လောလောဆယ် အိန္ဒိယဟာ ပင်လယ်ပြင်ကို စောင့်ကြည့်ထိန်းချုပ်ဖို့အတွက် သူပိုင်ကျွန်းတွေကို အသုံးပြုလာတယ်။ အရှေ့ဘက် (မြန်မာနိုင်ငံ တောင်ဘက်အောက်တည့်တည့်) အက်ဒမန်ကျွန်းနဲ့ နီကိုဘာကျွန်းများ၊ အနောက်ဘက်ရှိ လက်ရှက်ဝိဒ်ကျွန်းတွေဟာ အလွန်အရေးကြီးလာတယ်။ အဲ့ဒီကျွန်းတွေဟာ အသွားအလာများပြားတဲ့ ရေကြောင်းလမ်းများနဲ့ မလက္ကာရေလက်ကြားတို့လို ကျဉ်းမြောင်းတဲ့ ရေလမ်းများအနီး တည်ရှိနေတယ်။ အဲ့ဒီလိုနေရာများမှာ စစ်အခြေစိုက်စခန်းတွေ တည်ဆောက်ခြင်းအားဖြင့် အိန္ဒိယဟာ နိုင်ငံတကာရေ ကြောင်း သယ်ယူပို့ဆောင်ရေးကို စောင့်ကြည့်နိုင်ပြီး စစ်မက်ဖြစ်ပွားလာမယ်ဆိုရင် ရန်သူသင်္ဘောများကို ဟန့်တားနိုင်ဖွယ် ရှိပါတယ်။
အဲ့ဒီကျွန်းများနဲ့ ပတ်သက်ပြီး အိန္ဒိယက “dual-use” “နှစ်မျိုးသုံး”အစီအစဉ်ကို အကောင်အထည် ဖော်လိုတယ်။ စစ်ရေးအခြေစိုက်စခန်းများနဲ့ ကုန်သွယ်ရေးဆိပ်ကမ်းကြီးများကို တစ်ပြိုင်နက်တည်း တည်ဆောက်ခြင်းဖြစ်တယ်၊ ဥပမာ အိန္ဒိယဟာ ဂရိတ်နီကိုဘာကျွန်းနဲ့ မီနီကွိုင်ကျွန်းများရှိ လေယာဉ်ပြေးလမ်းများနဲ့ ဆိပ်ကမ်းများကို အဆင့်မြှင့်တင်နေတယ်။ အဲ့ဒီနေရာများမှတစ်ဆင့် အိန္ဒိယရဲ့ကင်းလှည့်လေယာဉ်များ ပျံသန်းနိုင်ပါလိမ့်မယ်။ ဒရုန်းများ အသုံးပြုနိုင်မှာဖြစ်ပြီး ဒုံးကျည်စနစ်များကိုလည်း တပ်ဆင်နိုင်ပါလိမ့်မယ်။ ဒီလိုနဲ့ အာရေဗျပင်လယ်မှ အရှေ့တောင်အာရှအထိ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်မှာဖြစ်ပြီး တရုတ်ကိုသွားလာနေတဲ့ ရေနံတင်ပို့မှုများကိုလည်း တားဆီးနိုင်ပါလိမ့်မယ်။
ဒါပေမဲ့ အိန္ဒိယရဲ့ ကျွန်းဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ နှေးကွေးလွန်းနေတယ်။ အစိုးရစာရွက်စာတမ်းလုပ်ငန်းစဉ်များ၊ စစ်တပ်ဌာနခွဲအသီးသီးတို့ရဲ့ စားပွဲတစ်ခုနဲ့ တစ်ခုအကြား သဘောမတူညီမှုများ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးပြဿနာတွေဟာ တည်ဆောက်ရေးလုပ်ငန်းတွေကို နှစ်ပေါင်းများစွာ နှောင့်နှေးစေခဲ့တယ်၊ လူအတော်များများက အဲ့ဒီကျွန်းတွေရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားမှာ စိုးရိမ်ကြပေမယ့် စီမံကိန်းများနှောင့်နှေးနေခြင်းက အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ပျက်စီးစေကြောင်း အသိပေးလိုပါတယ်။
တစ်ဖက်မှာလည်း အိန္ဒိယအနေနဲ့ ကိုယ့်ဖာသာရပ်တည်နိုင်ဖို့ ကြိုးစားနေရတယ်။ ရေတပ်အင်အားကောင်းမွန်စေဖို့ ကိုယ်ပိုင်နျူကလီယားရေငုပ်သင်္ဘောများကို တည်ဆောက်နေတယ်။ အဲ့ဒီရေငုပ်သင်္ဘောများအနက် (၃) စီးမှာ လက်ရှိ အသုံးပြုနေပြီး စတုတ္ထမြောက်တစ်စင်းကလည်း မကြာမီ တပ်တော်ဝင်ပါလိမ့်မယ်။ နောက်ဆုံး အဲဒီကျွန်းတွေဟာ အိန္ဒိယရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နယ်စပ်လုံခြုံရေးကို အထောက်အကူပြုနိုင်ပါတယ်။ အိန္ဒိယသမုဒ္ဒရာမှာ တရုတ်က အင်အားအလွန်အကျွံ ခြေကုပ်မရမီ အဲ့ဒါတွေအားလုံး အမြန်ပြီးစီးအောင် တည်ဆောက်နိုင်ရေးဟာ နယူးဒေလီအတွက် အဓိကစိန်ခေါ်ချက်ဖြစ်နေတယ်လို့ IDRW က ဆိုတယ်။
((IDRW ရဲ့ သတင်းဆောင်းပါးမှာ မြန်မာနိုင်ငံအကြောင်း တိုက်ရိုက်အမည်တပ်ပြီး စာတစ်လုံးမှ ဖော်ပြထား ခြင်း မရှိပါဘူး၊ ဒါပေမဲ့ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း တရုတ်နဲ့ အိန္ဒိယတို့ရဲ့ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု အခင်းအကျင်းမှာ မြန်မာဟာ နှစ်နိုင်ငံလုံးအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ တည်ရှိကြောင်း ညွှန်ပြနေ တယ်))
နယူးဒေလီက မြန်မာနိုင်ငံတောင်ဘက်တည့်တည့် သူပိုင်ကျွန်းများမှာ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုးမြှင့်ပြီး အရှေ့အလယ်ပိုင်းမှ တရုတ်ကို သွားမယ့် ရေနံတင်သင်္ဘောများကို (Sea-denial) ဖယ်ထုတ်ရန်၊ အထူးသဖြင့် မလက္ကာရေလက်ကြားကို ထိန်းချုပ်ရန် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဒီလိုဆိုရင် မြန်မာနိုင်ငံမှတစ်ဆင့် ဖြတ်သန်းသွားတဲ့ တရုတ်-မြန်မာ ရေနံ-ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့က ပေကျင်းအတွက် ပိုမိုအရေးပါလာတယ်။ တရုတ်ဟာ အိန္ဒိယထိန်းချုပ်ထားတဲ့ မလက္ကာရေလက်ကြားကို ရှောင်ကွင်းပြီး အိန္ဒိယသမုဒ္ဒရာမှ ရေနံနဲ့ ကုန်စည်တွေကို မြန်မာပြည်မှတစ်ဆင့် တိုက်ရိုက်တင်သွင်းနိုင်ရေး တိုတိုပြောရရင် တရုတ်မြန်မာကုန်သွယ်ရေးစင်္ကြံ CMEC အမြန်အကောင်အထည်ဖော်ရေးဟာ အရေးကြီးလာပါတယ်။
အိန္ဒိယဟာ အက်ဒမန်ကျွန်းစုမြောက်ပိုင်း “အိုင်အင်အက်စ် ကိုဟက်ဆာ စစ်အခြေစိုက်စခန်း” မှတစ်ဆင့် ကင်းလှည့်ခြင်း၊ ဒရုန်းအသုံးပြုခြင်းနဲ့ ရေဒါစောင့်ကြည့်နိုင်တဲ့နယ်မြေကို အရှေ့တောင်အာရှအထိ တိုးချဲ့နေတယ်။ အဲ့ဒီနေရာဟာ မြန်မာပိုင် ကိုကိုးကျွန်းနဲ့ နီးကပ်စွာ တည်ရှိပါတယ်။ အိန္ဒိယရဲ့ စစ်ဘက်ဆိုင်ရာ စောင့်ကြည့်မှုဧရိယာဟာ မြန်မာ့ရေပိုင်နက်နဲ့ ကမ်းရိုးတန်းဒေသများကိုပါ တိုက်ရိုက်လွှမ်းခြုံသွားမှာဖြစ်ပြီး သွားလာလှုပ်ရှားမှုအားလုံးကို နယူးဒေလီက မျက်ခြေမပြတ် ပိုမိုစောင့်ကြည့်လာမယ့် သဘောဖြစ်တယ်။
တရုတ်က ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ မော်လ်ဒိုက်တို့မှာ ခြေကုပ်ယူရန် ကြိုးပမ်းနေသလို အိန္ဒိယကလည်း ၎င်းကိုယ်တိုင် အင်အားတိုးချဲ့ပြီး ကာကွယ်ရန် ပြင်ဆင်နေတယ်။ မြန်မာဟာ တရုတ် အိန္ဒိယနှစ်နိုင်ငံစလုံးနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ပေကျင်းအတွက် အိန္ဒိယသမုဒ္ဒရာ (ဘင်္ဂလားပင်လယ်အော်) ကို ထွက်ပေါက်ပေး နိုင်တယ်။
အလားတူ နယူးဒေလီအတွက် ဝေးလံခေါင်ဖျား အရှေ့မြောက်ဖျား ပြည်နယ် ၇ ခုနဲ့ ပို့ဆောင်ဆက် သွယ်ရေး “ကုလားတန်ဘက်စုံစီမံကိန်း” နဲ့ “အိန္ဒိယ-မြန်မာ-ထိုင်း အာဆီယံအဝေးပြေးလမ်းမကြီး” အရှေ့ မျှော်မူဝါဒကို မြန်မာက ဖြည့်ဆည်းပေးနိုင်တယ်။ ကမ္ဘာ့လူဦးရေအများဆုံး နျူကလီးယားလက်နက်ပိုင် အာရှအင်အားကြီး နှစ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုမှာ မြန်မာဟာ ဗဟိုချက်မ ဖြစ်လာတယ်။ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံလုံးက မြန်မာအပေါ် လွှမ်းမိုးရန် ကြိုးပမ်းလာနိုင်ပါတယ်။
တရုတ်က မြန်မာဆိပ်ကမ်းများနဲ့ စီမံကိန်းများကို သူ့ရဲ့ စစ်ဘက်/အရပ်ဘက် မဟာဗျူဟာအတွက် အသုံးချရန် ပိုမိုဖိအားပေးလာနိုင်သလို၊ အိန္ဒိယကလည်း မြန်မာနိုင်ငံမှာ တရုတ်ရဲ့ဩဇာ ကြီးထွားမလာစေရန် တန်ပြန်စောင့်ကြည့်မှုများ၊ သံတမန်ရေး၊ စစ်ရေးအရ အပြန်အလှန် လွှမ်းမိုးရန် ကြိုးပမ်းမှုများ ပိုမိုပြုလုပ်လာနိုင်တယ်။
မြန်မာအတွက် ဝမ်းနည်းစရာကောင်းတာက နိုင်ငံသမိုင်းတလျောက် အဆိုးရွားဆုံး သွေးစည်းညီညွတ်မှု ပြိုကွဲခြင်းနဲ့ ရင်ဆိုင်နေရတယ်။ နှစ် ၇၀ ကျော်ကြာပြည်တွင်းပဋိပက္ခဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပိုမိုပြင်းထန်လာပြီး တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် လက်နက်ကိုင်အဖွဲ့ (၂၀၀ )ကျော်က နေပြည်တော်ကို ဆန့်ကျင်ပုန်ကန်နေကြတယ်။ တော်လှန်ရေးသမားတို့ လက်တွင်းမှ မြို့ပေါင်း (၁၅)မြို့ခန့်ကို တပ်မတော်က ပြန်လည်သိမ်း ယူနိုင်ပေမယ့် မြို့ကြီးငယ်ပေါင်း (၇၀) ကျော်ကို လက်လွတ်ထားရဆဲဖြစ်တယ်။
တရုတ်-အိန္ဒိယပြိုင်ဆိုင်မှုမှာ အရေးပါနယ်မြေတစ်ခုဟာ ရခိုင်ပြည်နယ်ဖြစ်တယ်။ မေလ ပထမပတ် ဘင်္ဂလားဒေ့ရှ်ဟာ အမေရိကန်စစ်သင်္ဘောတွေ ဝင်ထွက်ခွင့်ရရှိစေမယ့် မဟာဗျူဟာမြောက်ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို ဝါရှင်တန်နဲ့ လက်မှတ်ရေးထိုးခဲ့တယ်။ ဒီကိစ္စဟာ ဘင်္ဂလားပင်လယ်အော် တရုတ်-အိန္ဒိယ ပြိုင်ဆိုင်မှုအတွင်း အမေရိကန် ဝင်ရောက်လာကြောင်း၊ ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများနဲ့ စစ်အေးတိုက်ပွဲ အချက်အချာနယ်မြေအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ India.com (14 May 2026) က ရေးတယ်။
ဒါကာ-ဝါရှင်တန်သဘောတူညီချက်ဟာ ဒီလောက်နဲ့ ရပ်တန့်သွားခြင်းမရှိပဲ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အထွေထွေလုံခြုံရေးသဘောတူစာချုပ် (GSOMIA) နဲ့ အပြန်အလှန် သိုမှီး-ထောက်ပံ့ရေးသဘောတူစာချုပ် (ACSA) တို့ကို ဆက်လက်ချုပ်ဆိုရန် ကျန်ရှိနေတယ်။ အမေရိကန်ရေတပ်သင်္ဘောများနဲ့ လေယာဉ်တွေဟာ ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းများနဲ့ လေဆိပ်များမှာ ပြုပြင်ထိန်းသိမ်းရေး၊ လောင်စာဆီဖြည့်တင်းရေးနဲ့ ရိက္ခာအထောက်အပံ့ကိစ္စများအတွက် ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပြီး စစ်တကောင်းနဲ့ကော့ခ်ဘဇားရှိ မာတာဘာရီရေနက်ဆိပ်ကမ်းတို့ဟာ အဓိကနေရာများဖြစ်တယ်။
အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်အကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု (ACSA နှင့် GSOMIA) တိုးမြှင့်လာခြင်းဟာ အိမ်နီးချင်း မြန်မာနိုင်ငံအတွက် (အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် နယ်စပ်ဒေသများအတွက်) အလွန်ကြီးမားတဲ့ နိုင်ငံရေး၊ စစ်ရေး အကောင်းအဆိုး ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာစေတယ်။
ဝါရှင်တန်နဲ့ ဒါကာအစိုးရတို့ဟာ မြန်မာအစိုးရအပေါ် ဖိအားပေးရန် ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) အပါအဝင် ချင်းအမျိုးသားတပ်ဦး (CNF) တို့လို တော်လှန်ရေးအဖွဲ့များနဲ့ ဆက်သွယ်မှုများ ပြုလုပ်လိုကြောင်း အရိပ်အယောင် မြင်ရတယ်။
လောလောဆယ် ရခိုင် ပြည်နယ်အတွင်း သန်းနဲ့ချီတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်း အမေရိကန်ကျောထောက်နောက်ခံနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံလမ်းကြောင်း (Humanitarian Corridor) ဖွင့်လှစ်ပြီး အစားအသောက်နဲ့ ဆေးဝါးများကို တိုက်ရိုက်ကူညီပေးဖွယ်ရှိပါတယ်။
ဘင်္ဂါလီအရေး ပိုမိုစနစ်ကျလာနိုင်ပြီး ရခိုင်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော် လေယာဉ်များ ပျံသန်းခွင့်မရှိတဲ့ Save Zone လည်း ပေါ်ပေါက်လာဖွယ်ရှိတယ်။
အဲ့ဒီလိုအချိန်မှာ ရခိုင်လက်နက်ကိုင် ULA/AA က စစ်သွေးကြွများကို ကာကွယ်ရန် အကြောင်းပြပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ၂၀၂၆-ခုနှစ် မေ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်တယ်။ လူလက်နက်အင်အား ပြုန်းတီးပြီး စစ်ပန်းနေတဲ့ AA ဟာ ပြည်မကြီး ဝင်ထွက်ပေါက်များမှာ တပ်မတော်ရဲ့ ထိုးစစ်ခြိမ်းခြောက်မှုများနဲ့ ရင်ဆိုင်နေရတယ်။ ဒီအတွက် အမေရိကန်+ဘင်္ဂလားဒေ့ရှ် စစ်ရေးထီးရိပ်အောက်မှာ ခိုလှုံလိုကြောင်း ပြသရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပါ။
အဲ့ဒါကို လက်မခံနိုင်တဲ့ အိန္ဒိယ တရုတ် အထူးသဖြင့် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ဖိအားပေးလိမ့်မယ်။ ဒါပေမဲ့ အမေရိကန်ကို မတားဆီးနိုင်ပါ။ အမေရိကန်အနေနဲ့ သူ့ဖာသာ နောက်ဆုတ်သွားခြင်းမှတစ်ပါး တားဆီးနိုင်သူ မရှိသေးပါ။
Np news

အခြေခံပညာကျောင်းများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကို စတင်တော့မည်ဖြစ်သည်။ ကျောင်းဖွင့်ရာသီရောက်တိုင်း ပညာရေးဝန်ထမ်း အသီးသီးသည် ကျောင်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေကြသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းဖွင့်လှစ်နိုင်ရေး လမ်းညွှန်ချက်များ၊ နှိုးဆော်ချက်များ၊ ထုတ်ပြန်ချက်များထုတ်ပြန်အသိပေးခြင်းများဖြင့် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သောပညာသင်နှစ်က အောင်စာရင်းများကိုထုတ်ပြန်ပြီး လာမည့်ပညာသင်နှစ်အတွက် အရှိန်ယူဆောင်ရွက်ကြရသည်မှာ နိုင်ငံတော်၏အရေးပါသော တာဝန်များကို ဆောင်ရွက်နေကြခြင်းလည်း မည်ပါသည်။ မိမိတို့၏ရင်သွေးငယ်များ၊ တပည့်များကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေ၍ ပညာသင်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးရေးသည် အရေးကြီးသောအမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည်။ ပညာဖြင့် ဦးဆောင်နေသောခေတ်တွင် တစ်မျိုးသားလုံးပညာ တတ်မြောက်ရေးသည် မလွဲမသွေ ဆောင်ရွက်ကြရပေမည်။ ဘဝတစ်လျှောက်တွင် ပညာများကို စဉ်ဆက်မပြတ်လေ့လာနိုင်ရန် စာတတ်မြောက်ရန်လိုအပ်သည်။ စာတတ်မြောက်ခြင်းတွင် အတန်းပညာအခြေခံမြင့်မြင့်မားမားရရှိမှုအပေါ်မူတည်၍ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များ ကွာခြားသွားသည်။ ထို့ကြောင့် ပညာတတ်ခြင်း၏အခြေခံဟုဆိုနိုင်သော ကျောင်းပညာသင်ယူနိုင်ရေးသည် ပဓာနနေရာတွင်ရှိနေသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆောင်ပုဒ်အဖြစ် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းအပ်နှံကြပါစို့”ဟူ၍ သတ်မှတ်ကာ လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၅ ရက်မှ စတင်ဆောင်ရွက်လျက်ရှိပြီး မေလ ၂၅ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများသည် သက်ဆိုင်ရာအတန်းအလိုက် ရက်တိုသင်တန်းများ တက်ရောက်ခဲ့ပြီး ပညာသင်နှစ်အသစ်တွင် ပညာရေးတာဝန်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပြည့်ဝသောသင်ကြားရေး အတွေ့အကြုံများ၊ နည်းလမ်းများဖြင့် သင်ကြားလေ့ကျင့်ပေးကြတော့မည်ဖြစ်သည်။ ပညာရပ်အသီးသီးသည် ရပ်တန့်နေသည်မဟုတ်ဘဲ အစဉ်အမြဲပြောင်းလဲ တိုးတက်လျက်ရှိရာ ခေတ်နှင့်အညီ ပညာအချက်အလက်များ၊ သင်ကြားနည်းများဖြင့် သင်ကြားကြရမည်ဖြစ်သည်။
နိုင်ငံတော်က ပညာရေးကဏ္ဍမြှင့်တင်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။စာတတ်မြောက်မှုနှုန်းမြင့်မားအောင် ဆောင်ရွက်နိုင်မှသာ နိုင်ငံသားတိုင်းပညာ တတ်မြောက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသောလူသား အရင်းအမြစ်များဖြစ်လာပေမည်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကျွန်တော်တို့နိုင်ငံလူဦးရေ၏ စာတတ်မြောက်မှုမှာ ၉၁ ဒသမ ၁ ရာခိုင်နှုန်းကျော်ရှိသော်လည်း အခြေခံပညာမူလတန်းအဆင့် တတ်မြောက်သူများသာ များပြားပြီး အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် တတ်မြောက်သူနည်းပါးလျက် ရှိကြောင်းတွေ့ရှိရသည်။ ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေးမရရှိမီ အချိန်ကာလအတွင်း ကိုလိုနီလက်အောက်ပညာရေးနှင့် ကမ္ဘာ့စစ်ဒဏ်ကို ခံစားခဲ့ရသောကြောင့် ပညာသင်ကြားရေးကို ထိခိုက်ပြီး ပညာရေးတွင် အားနည်းခဲ့ရသည်။ ထို့ကြောင့် လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်းတွင် စာမတတ်သူပပျောက်ရေးအတွက် “အ”သုံးလုံးလှုပ်ရှားမှုများကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ အတန်းပညာ သင်ကြားသည့် ကျောင်းပညာသင်ကြားမှုများ အားနည်းခဲ့သောကြောင့် ထိုကာလကတည်းက ပညာတတ်များနည်းပါးခဲ့သည်။ ခေတ်အဆက်ဆက်ဖြတ်သန်းရသည့်သမိုင်းကြောင်းတွင် ပညာရေးအားနည်းချက်များကြောင့် အေးချမ်းတည်ငြိမ်မှုနှင့် တိုးတက်မှုနည်းပါးခဲ့ရသည်။
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဟူသည့်အတိုင်း စာသင်ကျောင်းတွင် အတန်းပညာတက်ရောက် သင်ကြားခဲ့ရသူများသည် အတန်းပညာ မသင်ကြားခဲ့ရသည့်သူများထက် စည်းကမ်းနှင့် အလေ့အကျင့်များ ပိုမိုကောင်းမွန်ကြသည်ကို တွေ့ရ သည်။ ကျောင်းသင်ပညာရေးတွင် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများအောက်တွင် ကြီးပြင်းလာရသဖြင့် ယဉ်ကျေးလိမ္မာမှုများ၊ စည်းကမ်းလိုက်နာမှုများရှိကြခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့်စည်းကမ်းထိန်းသိမ်းရေးအတွက် များစွာအကျိုးသက်ရောက်မှုရှိပေသည်။ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော ပဋိပက္ခများသည် ပညာအားနည်းမှု၊ အတန်းပညာ၊ အသိပညာအားနည်းမှုတို့ဖြစ်ကြောင်း တွေ့နိုင်သည်။ အသိဉာဏ်ပညာ အားနည်းမှုကြောင့် အခြားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိဘဲ ဆင်ကန်းတောတိုး လုပ်ဆောင်ကြခြင်းကြောင့် နိုင်ငံတည်ငြိမ်မှုပျက်ပြားကာ တိုးတက်မှုနှေးကွေးခဲ့ရသည်။ ထို့ကြောင့် ပညာရေးကိုမြှင့်တင်၍ နိုင်ငံသူ၊နိုင်ငံသားတို့၏စိတ်နေစိတ်ထား(Mind Set )မြင့်မားလာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအဆင့်၌ အပိုင်းနှစ်ပိုင်းရှိသည်။ ပထမတစ်ပိုင်းမှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး ဒုတိယတစ်ပိုင်းမှာ ကျောင်းတက်ရောက်နေသည့်ကလေးတိုင်းကို အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်သည်။ အခြေခံပညာကျောင်းများတွင် အချို့ကျောင်းများသည် စံကိုက်ဖြစ်သော်လည်း အချို့ကျောင်းများမှာ ကျောင်းအင်္ဂါရပ်များနှင့် ပြည့်စုံမှုမရှိသည်ကို တွေ့ရသည်။
ကွာဟချက်၊ အားနည်းချက်များ နည်းနိုင်သမျှနည်းပြီး စံကိုက်လုပ်ဆောင်နိုင်သည့် ကျောင်းများဖြစ်အောင် ကြိုးစားကြရပေမည်။ပညာခေတ်တွင် ပညာရေးနည်းစနစ်တို့သည် အစဉ်အမြဲပြောင်းလဲ တိုးတက်နေသည်ဟု ဆိုခဲ့သည့်အတိုင်း ပြောင်းလဲတိုးတက်နေသည့် ခေတ်နှင့်အညီ သင်ကြားရေးဆိုင်ရာ နည်းစနစ်များကို ခေတ်နှင့်လျော်ညီစွာ ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထိုအထဲတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်လိုသည့်စိတ်များရှိအောင် ဆွဲဆောင်စည်းရုံးပေးရမည်ဖြစ်သည်။ သင်ကြားမှုတိုးတက်ကောင်းမွန်လာရေးအတွက် အမြဲသုတေသနပြု ဆောင်ရွက်၍ ကလေးများ၏ လိုလားချက်ကို ဖြည့်ဆည်းပေးရမည်။
အခြေခံပညာမူလတန်းမှစ၍ အခြေခံပညာအထက်တန်း ပြီးဆုံးသည်အထိ စနစ်တကျသင်ကြားပေးရန်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ လိုက်နာမှုရှိစေရန်အတွက်လည်း သင်ကြားလေ့ကျင့် ဆောင်ရွက်ပေးရပေမည်။
နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာလာစေရန် အမျိုးသားပညာရေး ကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားရန်အတွက် နှစ် ၃၀ အမျိုးသားပညာရေး စီမံကိန်းကိုလည်း ဆက်လက် အကောင်အထည်ဖော်နေသည်။ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ရေးနှင့် KG +9 ပြီးမြောက်ရေး၊ အလယ်တန်းပညာပြီးဆုံးအောင်မြင်သူများကို စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် တက်ရောက်သင်ယူနိုင်ရေး၊အသက်မွေးဝမ်းကျောင်းအခြေခံများ ရရှိစေရန် Grade-10 ၊ Grade-11 ၊ Grade-12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များသင်ကြားနိုင်ရေး၊ အဆင့်မီသူများကို သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များတွင် ဆက်လက်ပညာ သင်ယူနိုင်ရေးအစီအမံများကို အကောင်အထည်ဖော်လျက်ရှိသည်။
မိဘများအနေဖြင့် လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖဆိုသည့်အတိုင်း သားသမီးများ၏ ပညာရေးကို စတင်ပျိုးထောင်ပေးသူများဖြစ်သည်။ သားသမီးများကျောင်းနေ အရွယ်ရောက်သည်နှင့် ပညာတတ်များဖြစ်လာအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ ဘဝအခြေခံအုတ်မြစ်ခိုင်မာအောင် ကျောင်းစတင်အပ်နှံပြီး ပညာသင်ယူစေရမည်။ အချို့မိဘများသည် စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ရင်းမှပင် သားသမီးများ၏ အနာဂတ်ဘဝလှပစေရန် ကြိုးစားကျောင်းထားပေးကြသည်။
အလွန်ဝမ်းမြောက် ကျေးဇူးတင်စရာကောင်းလှသည်။ထို့ကြောင့် မိဘဆရာပူးပေါင်း ကလေးပညာကောင်းဟူသည့်အတိုင်း ကျောင်းနေအရွယ်ကလေး အားလုံး စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိစေရန် မိဘအားလုံးက ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပါဝင်ကြိုးပမ်းကြလျှင် ပညာမတတ်၍ အသိငတ်သော၊ အတွေးခေါ်မှားယွင်းသော ကျောင်းနေအရွယ် ကလေးများပပျောက်၍ အသိပညာ၊ အတတ်ပညာ၊ စည်းကမ်း၊ စိတ်ဓာတ်၊ ကိုယ်ကျင့်တရားများ မြင့်မြတ်ကောင်းမွန်သော လူငယ်များပေါများလာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဝန်းအဝိုင်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
MWD
ကမ္ဘာတစ်ဝန်း၌ သွေးတိုးရောဂါ၏ ဝန်ထုပ်ဝန်ပိုးသည်လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်းမြင့်တက်လာခဲ့ပြီး အထူးသဖြင့် ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်နိုင်ငံများ၌ ဖြစ်ပွားမှုနှုန်းတိုးလာခဲ့သည်။ ၂၀၂၆ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆက်စပ်သော ကျန်းမာရေးစစ်တမ်းများအရ ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် အသက် ၃၀ မှ ၇၉ နှစ်ကြား လူဦးရေ ၁ ဒသမ ၄ ဘီလီယံခန့်သည် သွေးတိုးရောဂါခံစားနေရသည်။ ထိန်းချုပ်မှုမရှိပါက ၂၀၃၀ ပြည့်နှစ် တွင် လူဦးရေ၏ ၁ ဒသမ ၅ ဘီလီယံကျော်သည် သွေးတိုးရောဂါခံစားရမည်ဖြစ်ပြီး နိုင်ငံပေါင်း ၉၉ နိုင်ငံ၌ ထိန်းချုပ်မှုနှုန်းမှာ၂၀ ရာခိုင်နှုန်းအောက်၌သာ ရှိနေမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
ကမ္ဘာတစ်ဝန်းရှိ သွေးတိုးရောဂါရှိသူငါးဦးလျှင် တစ်ဦးထက်နည်းသောသူများသည်သာ သွေးတိုးရောဂါအခြေအနေကို လုံလောက်စွာ ထိန်းချုပ်နိုင်ကြသည်။ သွေးတိုးရောဂါရှိသော လူငယ်အရေအတွက်သည် လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုအတွင်း နှစ်ဆနီးပါးမြင့်တက်လာခဲ့ပြီး အဝလွန်ခြင်းနှင့် တီဗွီကြည့်ခြင်း၊ ဖန်သားပြင် အသုံးပြုခြင်းကဲ့သို့ အထိုင်များသော လူနေမှုပုံစံအလေ့အထများကြောင့် ဖြစ်သည်။ အဝလွန်ခြင်းသည် ကလေးများအတွက် အပြင်းထန်ဆုံးအန္တရာယ်ရှိသောအချက်ဖြစ်ပြီး အဝလွန်သော လူငယ် ၁၉ ရာခိုင်နှုန်းနီးပါးသည် သွေးတိုးရောဂါကို ခံစားနေရသည်။ သွေးတိုးရောဂါသည် လေဖြတ်ခြင်း၊ နှလုံးဖောက်ပြန်ခြင်းနှင့် သွေးကြောရောဂါများ၏ အဓိကအကြောင်းရင်းအဖြစ် ဆက်လက်တည်ရှိနေပြီး လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း ကမ္ဘာလုံးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး နှစ်ဆနီးပါးမြင့်တက်လာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ သွေးတိုးရောဂါနှင့်ပတ်သက်သော အသိပညာများ တိုးတက်လာခြင်းသည် သက်ရောက်မှုရှိသူများ၏ ထက်ဝက်ခန့်တွင် သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ပြီး ၂၀၅၀ ပြည့်နှစ်တွင် သေဆုံးမှုနှုန်း ၇၆ သန်းကို ကာကွယ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် မူလသွေးတိုးရောဂါစောင့်ရှောက်မှု အစီအမံများကို အားကောင်းစေခြင်း၊ ဆားစားသုံးမှုကို လျှော့ချခြင်းနှင့် ပုံမှန်ကျန်းမာရေး ဝန်ဆောင်မှုများတွင် သွေးတိုးရောဂါစစ်ဆေးခြင်းကို ပေါင်းစပ်ခြင်းသည် သွေးတိုးရောဂါ ကာကွယ်ရန်နှင့် ပြန်လည်ကောင်းမွန်လာစေရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။
သွေးတိုးရောဂါဟု လူသိများသော သွေးပေါင်ချိန်မြင့်မားခြင်းသည် သိသာထင်ရှားသော လက္ခဏာများ သို့မဟုတ် ရောဂါလက္ခဏာများမရှိဘဲ နှစ်ပေါင်းများစွာကြာအောင် ဖြစ်ပွားတတ်သည့် တိတ်တဆိတ် အခြေအနေတစ်ခုဖြစ်သည်။
သွေးတိုးရောဂါရှိသော လူသန်းပေါင်းများ စွာသည် ပြင်းထန်သော ကျန်းမာရေး အခြေအနေရှိသော်လည်း လုံးဝမသိရှိကြဘဲ သွေးတိုးရောဂါရှိသူ လူကြီး ၄၂ ရာခိုင်နှုန်းခန့်သာ သွေးတိုးရောဂါရှိမှန်း သိရှိသည်ကို တွေ့ရှိရသည်။ လူအများစုက ၎င်းတို့တွင် သွေးတိုးရောဂါရှိပါက ထိုအခြေအနေကြောင့် နေမကောင်းဖြစ်လိမ့်မည်ဟု ထင်မြင်ကြသော်လည်း ပထမဆုံးသတိပေး လက္ခဏာများသည် အလွန်သိမ်မွေ့သောကြောင့် သတိမပြုမိဘဲရှိနေတတ်သည်။ လူတစ်ဦးချင်းစီသည် မိမိတွင်ဖြစ်ပေါ်သော သိမ်မွေ့သောလက္ခဏာများနေ့စဉ် အသေးအဖွဲပြောင်းလဲမှုများကိုအာရုံစိုက်ခြင်းဖြင့် ပိုမိုပြင်းထန်သော ပြဿနာများမပေါ်ပေါက်မီ သွေးတိုးရောဂါ လက္ခဏာများကို ရှာဖွေတွေ့ရှိနိုင်ပေမည်။
သွေးတိုးရောဂါ၏အစောပိုင်းသတိပေးလက္ခဏာများ
ခေါင်းကိုက်ခြင်း
လူအများစုတွေ့ကြုံရသော အစောပိုင်း သတိပေး လက္ခဏာတစ်ခုမှာ နံနက်ပိုင်းတွင် ခေါင်းကိုက်ခြင်းဖြစ်သည်။ ရံဖန်ရံခါ ခေါင်းကိုက်ခြင်းသည် ပုံမှန်ဖြစ်နိုင်သော်လည်း ခေါင်းနောက်တွင် ပြင်းထန်စွာ တဒုတ်ဒုတ်ခေါင်းကိုက်ခြင်း၊ ထပ်ခါတလဲလဲ ခေါင်းကိုက်ခြင်းနှင့် ခေါင်းကိုက်ခြင်း ကြောင့်နိုးထလာပါက သွေးပေါင်ချိန်မြင့် တက်လာခြင်းဖြစ်နိုင်သည်။ အများအားဖြင့် ခေါင်းကိုက်ခြင်းသည် တစ်နေ့တာကုန်လွန်လာသည်နှင့်အမျှ သက်သာလာတတ်သောကြောင့် နေ့စဉ်ဘဝ၏ ဖိစီးမှုများ သို့မဟုတ် အိပ်ရေးမဝခြင်းကြောင့်ဟု ယူဆရန်လွယ်ကူသဖြင့် သတိထားပြီး သွေးပေါင်ချိန်တိုင်းတာရန် လိုအပ်ပါသည်။
ပုံမှန်မဟုတ်သောမောပန်းနွမ်းနယ်မှု
အိမ်တွင်ဖြစ်ပွားနိုင်သည့် နောက်ထပ်လက္ခဏာတစ်ခုမှာ ပုံမှန်ထက်ပို၍မောပန်းနွမ်းနယ်ခြင်းဖြစ်သည်။ သွေးပေါင်ချိန် မြင့်မားခြင်းသည် နှလုံးအားခန္ဓာကိုယ်မှ တစ်ဆင့် သွေးများကိုတွန်းပို့ရန် ပိုမိုအလုပ်လုပ်စေသောကြောင့် သွေးတိုးရောဂါရှိသူများသည် အချိန်တိုင်းမောပန်း နွမ်းနယ်မှု ကိုခံစားရလေ့ရှိသည်။ သာမန်လုပ်ဆောင်မှုများကို လုပ်ဆောင်ရန် ခက်ခဲလာခြင်း သို့မဟုတ် ရုတ်တရက် မောပန်းနွမ်းနယ်လာပါက သွေးပေါင်ချိန်ကို စစ်ဆေးရန် လိုအပ်ပါသည်။
အသက်ရှူမဝခြင်း
နေ့စဉ် ပုံမှန်လုပ်ဆောင်မှုများအတွင်း အသက်ရှူမဝခြင်းသည် သွေးပေါင်ချိန် မြင့်မားခြင်း၏ ညွှန်ပြချက်တစ်ခုဖြစ်နိုင် သည်။ လှေကားတက်ခြင်း၊ အကွာအဝေး တိုများ လမ်းလျှောက်ခြင်း သို့မဟုတ် အိမ်မှုကိစ္စများလုပ်ခြင်းကဲ့သို့သော ပုံမှန်အလုပ်များကို လုပ်ဆောင်သည့်အခါ မကြာခဏအသက်ရှူမဝခြင်းကို ခံစားရပါက ခန္ဓာကိုယ်အတွင်း နှလုံးနှင့်သွေးကြော များကို ထိခိုက်စေသောအခက်အခဲတစ်ခု ရှိနေကြောင်း ညွှန်ပြခြင်းဖြစ်နိုင်သည်။
နှာခေါင်းသွေးယိုခြင်း
လူအများစုသည် ထင်ရှားသော အကြောင်းရင်းမရှိဘဲ နှာခေါင်းသွေးယိုခြင်းကို မကြာခဏခံစားရနိုင်သည်။ လူတချို့တွင် ခြောက်သွေ့သောလေ သို့မဟုတ် ဓာတ်မတည့်မှုများကြောင့် ဖြစ်နိုင်သော်လည်း မကြာခဏခံစားရပါက အထူးသဖြင့် သွေးတိုးရောဂါ၏ တခြားသတိပေး လက္ခဏာများနှင့်အတူ ဖြစ်ပွားပါက လျစ်လျူရှုမထားသင့်ပါ။
အမြင်အာရုံဝေဝါးခြင်း
အမြင်အာရုံဝေဝါးခြင်းနှင့် ခေါင်းကိုက်ခြင်းကဲ့သို့သော ခံစားမှုများသည် အစော ပိုင်းသတိပေး လက္ခဏာများ ဖြစ်နိုင်သည်။ သွေးပေါင်ချိန်မြင့်မားနေချိန်တွင် မျက်လုံးများရှိ သွေးကြောများထိခိုက်ပြီး အမြင်အာရုံချို့ယွင်းမှုများ ဖြစ်ပေါ်လာနိုင်သည် သို့မဟုတ် အာရုံစူးစိုက်ရန် ခက်ခဲစေသည် သို့မဟုတ် မျက်လုံးများတစ်ဝိုက်တွင် ဖိအားဖြစ်စေနိုင်သည်။
အိပ်မပျော်ခြင်း
လူအများစုသည် အိပ်စက်မှုပုံစံမမှန်ခြင်းကို ခံစားရကြောင်း မကြာခဏပြော တတ်ကြသည်။ ကောင်းမွန်စွာအိပ်မပျော် ခြင်း၊ ညဘက်တွင် မကြာခဏနိုးထခြင်းနှင့် ဟောက်ခြင်းသည် သွေးပေါင်ချိန်နှင့် ပတ်သက်၍ ပြဿနာတစ်ခုရှိနေနိုင်သော လက္ခဏာဖြစ်နိုင်သည်။အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းကဲ့သို့သော အခြေအနေများသည် သွေးတိုးရောဂါနှင့် မကြာခဏ ဆက်စပ်နေပြီး အချိန်ကြာလာသည်နှင့် အမျှ အကျိုးသက်ရောက်မှုများကို ပိုမို ဆိုးရွားစေနိုင်သည်။
ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ် တင်းကျပ်ခြင်း တစ်စုံတစ်ရာ ခံစားရခြင်း သည် အစောပိုင်းသတိပေးလက္ခဏာ တစ်ရပ်ဖြစ်နိုင်သည်။ အဆိုပါခံစားချက်များ သည် အမြဲတမ်းပြင်းထန်မည် မဟုတ်သော်လည်း ရင်ဘတ်နာကျင်မှုအကြိမ်များစွာ ဖြစ်ပွားပါက အလေးအနက်ထားပြီး ဆရာဝန်နှင့်ပြသင့်သည်။
စိတ်ဖိစီးမှုပြဿနာများ
နာတာရှည်စိတ်ဖိစီးမှုနှင့် ဒေါသသည် သွေးတိုးရောဂါနှင့် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ စိတ်ခံစားမှုအရ၊ ခန္ဓာကိုယ်ပေါ်တွင် ဖိစီး မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို သတိမပြုမိခင် ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများဖြစ်နိုင်သည်။
အထက်ဖော်ပြပါရောဂါလက္ခဏာများကို အစောပိုင်းတွင်သိရှိပြီး အချိန်မီကုသခြင်းဖြင့် အဓိကနောက်ဆက်တွဲပြဿနာများဖြစ်သော နှလုံးရောဂါ၊လေဖြတ်ခြင်းနှင့် ကျောက်ကပ်ရောဂါများ မဖြစ်ပွားစေရန်ကာကွယ်ပေးနိုင်သည်။ သွေးတိုးရောဂါရှာဖွေရန် နည်းလမ်းတစ်ခုမှာယုံကြည်စိတ်ချရသော သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် သွေးပေါင်ချိန်ကို အိမ်တွင်မှန်မှန်တိုင်းတာ စစ်ဆေးခြင်းဖြစ်သည်။ သွေးတိုး ရောဂါဖြစ်ပွားနေစဉ် အစောပိုင်းတွင် သွေးတိုးရောဂါရှိကြောင်း သိရှိခြင်းသည် ဆားစားသုံးမှုလျှော့ချခြင်း၊ ကိုယ်အလေး ချိန်လျှော့ချခြင်း၊ မကြာခဏလေ့ကျင့်ခန်း လုပ်ခြင်း၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်းနှင့် ပိုမိုကောင်းမွန်စွာအိပ်စက်ခြင်း စသည့်ဘဝနေထိုင်မှုပုံစံများကို ပြောင်းလဲရန် အခွင့်အရေးရရှိနိုင်သည်။ သွေးပေါင်ချိန်ကို လျော့ကျစေနိုင်သော ဆေးဝါးများဖြင့် သွေးတိုးရောဂါကိုထိန်းချုပ်နိုင်သည်။
လူအများစုသည် သွေးတိုးရောဂါရှိမှန်း မသိရှိခြင်းကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်လုပ်ကိုင်စားသောက်နေကြသည်။ စိတ်ဖိစီးမှုများကို ကိုင်တွယ် ဖြေရှင်းနေကြသည်၊၊ ၎င်းတို့၏နှလုံးသည် အလွန်အလုပ်လုပ်နေရပြီး သွေးကြောများ ပျက်စီးနေသည်ကို လုံးဝမသိရှိကြသောကြောင့် နောက်တစ်နေ့တွင် လေဖြတ်ခြင်း၊နှလုံးဖောက်ပြန်ခြင်း စသည်ဖြင့် နောက်ဆက်တွဲပြဿနာ တစ်စုံတစ်ခုဖြစ်ပျက်ပြီးနောက် ခက်ခဲသောနည်းလမ်းဖြင့် သွေးတိုးရောဂါကို ရှာဖွေတွေ့ရှိကြသည်။ သွေးတိုးရောဂါသည်နှလုံးသွေးကြောဆိုင်ရာရောဂါအတွက် အဓိကပြုပြင်နိုင်သည့်အန္တရာယ်ရှိသောအချက်ဖြစ်ပြီး ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ရောဂါဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လျက်ရှိသည်။
သို့ဖြစ်၍ ခန္ဓာကိုယ်တွင်ဖြစ်ပေါ်နေသော သွေးတိုးရောဂါ၏သိမ်မွေ့သော အစောပိုင်းလက္ခဏာများနှင့် နေ့စဉ် ပြောင်းလဲမှုများကို အာရုံစိုက်ခြင်းဖြင့် ရေရှည်ကျန်းမာရေးနှင့် သွေးတိုးရောဂါကို ကာကွယ်ကုသရန် လူအများစုအား သွေးတိုးရောဂါနှင့် ပတ်သက်သော အသိပညာများပေးရန် ရေးသား တင်ပြလိုက်ရပါသည်။
MWD
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နောက်ပိုင်းမှာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နဲ့ အီရန်တို့ကြား ဆက်ဆံရေးက အရင်လိုသတိထားပြီး အဆင်ပြေအောင် ထိန်းညှိနေနေရတဲ့ အဆင့်ကနေ ပိုမိုတင်းမာလာတဲ့ အခြေအနေအသစ်တစ်ခုထဲကို ဝင်ရောက်လာပါတယ်။ အရင်တုန်းက ယူအေအီးက “ဘယ်ဘက်ကိုမှဘက်မလိုက်ဘူး” ဆိုတဲ့မူဝါဒနဲ့အမေရိကန်၊ အစ္စရေး၊ အီရန်တို့နဲ့ ဆက်ဆံရေးကို တစ်ပြေးညီထိန်းထားနိုင်ပေမယ့် အခုအချိန်မှာတော့အဲဒီညီမျှမှုက လက်တွေ့မဖြစ်လာသလိုဖြစ်နေပါပြီ။ တရားဝင်အနေအထား အရကြည့်ရင် ယူအေအီးကသူတို့ဟာ အမေရိကန်နဲ့အစ္စရေးက အီရန်အပေါ် တိုက်ခိုက်နေတဲ့စစ်ပွဲမှာ မပါဘူးလို့ကြေညာထားပါတယ်။ ယူအေအီးရဲ့ နယ်မြေ၊ ဝေဟင်နဲ့ရေပြင်တွေကိုလည်း အီရန်ကိုတိုက်ခိုက်ဖို့ အသုံးမပြုစေဘူးလို့ အတည်ပြု ပြောဆိုထားပါတယ်။ ဒါပေမဲ့ စစ်ပွဲရဲ့ ပကတိအခြေအနေတွေအရဆိုရင် အီရန်ဘက်က ဒီစကားတွေကို မယုံတော့ဘူးဆိုတာ ပြလာပါတယ်။
အီရန်ရဲ့အမြင်မှာ ယူအေအီးက အမေရိကန်ရဲ့ အရေးကြီးမိတ်ဖက် နိုင်ငံတစ်ခုဖြစ်သလို အစ္စရေးနဲ့ Abraham Accords သဘောတူညီချက်မှာ ပါဝင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ထို့ပြင် ပင်လယ်ကွေ့ဒေသထဲမှာ အနောက်နိုင်ငံတွေအတွက် ငွေကြေး၊ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးဗဟိုချက်တစ်ခုလို ဖြစ်နေပါတယ်။ အဲဒါကြောင့် အီရန်ဟာ ယူအေအီးကို အီရန်ဆန့်ကျင်ရေး မဟာမိတ်ဖွဲ့စည်းမှုထဲ တဖြည်းဖြည်းပါဝင်လာနေတဲ့ နိုင်ငံတစ်နိုင်ငံလိုမျိုးမြင်လာတာပါ။
အခုလိုဖြစ်လာရတဲ့အဓိကပြဿနာက Abu Musa၊ Greater Tunb နဲ့ Lesser Tunb ဆိုတဲ့ ကျွန်းသုံးကျွန်းကိစ္စပါပဲ။ ဒီကျွန်းတွေက ဟော်မုရေလက်ကြားအနီးမှာရှိပြီး ၁၉၇၁ ခုနှစ်မှာ အီရန်ကထိန်းချုပ်ခဲ့တာပါ။ အဲဒီအချိန်က ယူအေအီးကို မတည်ထောင်ခင်ဖြစ်ပါတယ်။
ယူအေအီးဘက်က သူတို့ရဲ့ပိုင်နက်ဖြစ်တဲ့ ဒီကျွန်းတွေကို အီရန်က သိမ်းပိုက်ထားတာလို့ ယူဆနေပြီး ညှိနှိုင်းဆွေးနွေးဖို့ ဒါမှမဟုတ် နိုင်ငံတကာ တရားရုံးကနေတစ်ဆင့် ဖြေရှင်းဖို့ တောင်းဆိုနေခဲ့ပါတယ်။ ဒါပေမဲ့ အီရန်အတွက်တော့ ဒီကိစ္စကပြီးဆုံးသွားပြီ လို့သတ်မှတ်ထားပြီး ကျွန်းတွေဟာ သူတို့ပိုင်နက်အစိတ်အပိုင်းပဲလို့ ယုံကြည်ထားပါတယ်။ ယူအေအီး အတွက် ဒီကျွန်းသုံးကျွန်းဟာ သူတို့နိုင်ငံ စတင်တည်ထောင်ချိန်ကတည်းက ရင်ထဲမှာစွဲကျန်နေတဲ့ အနာတစ်ခုလိုဖြစ်နေပါတယ်။ အိမ်နီးချင်းအင်အားကြီး နိုင်ငံတစ်ခုရှေ့မှာ သူတို့ရဲ့အားနည်းချက်ကို အမြဲတမ်းသတိပေးနေတဲ့ သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ အခုအချိန်မှာ အဲဒီကျွန်းတွေကို စစ်ရေးနည်းလမ်းနဲ့ ပြန်ရယူနိုင်မလားဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာတာဟာ ယူအေအီး-အီရန်ဆက်ဆံရေးထဲက အပြစ်အနာအဆာ အကြီးဆုံးနေရာကို ပြန်ထိလိုက်သလိုဖြစ်နေပါတယ်။
အမေရိကန်-အီရန်စစ်မဖြစ်ခင်က ယူအေအီးဟာ လူတိုင်းနဲ့ အဆင်ပြေအောင်နေဖို့ ကြိုးစားခဲ့ပါတယ်။ အီရန်နဲ့ကုန်သွယ်ရေး ဆက်လုပ်ဖို့လိုသလို လုံခြုံရေးအတွက် အမေရိကန်ကိုမှီခိုရပါတယ်။ နည်းပညာနဲ့ ကာကွယ်ရေးကဏ္ဍမှာ အစ္စရေးနဲ့ပူးပေါင်းဖို့လည်း လိုနေပါတယ်။ ဒါပေမဲ့ အများရှေ့မှာတော့ စစ်ထဲကို တိုက်ရိုက်မပါဝင်သလိုပုံစံ ထိန်းထားချင်ခဲ့ပါတယ်။
သို့သော်လည်း အမေရိကန်နဲ့အစ္စရေးက အီရန်ကို တိုက်ခိုက်ပြီးနောက်ပိုင်း အဲဒီညီမျှမှုက စတင်ယိုယွင်းပျက်စီးလာပါတယ်။ စစ်ပွဲအတွင်း အစ္စရေးအရာရှိတွေနဲ့ ယူအေအီးခေါင်းဆောင်ပိုင်းတို့ကြား လျှို့ဝှက်တွေ့ဆုံမှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ယူအေအီးကို လျှို့ဝှက်သွားရောက်ပြီး ယူအေအီး သမ္မတ မိုဟာမတ်ဘင်ဇာယတ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းဌာနများကဆိုပါတယ်။ ဒီလိုတွေ့ဆုံမှုဟာ စစ်ပွဲဖြစ်ပွားပြီး တင်းမာမှုတွေရှိနေဆဲ အချိန်နောက်ပိုင်းမှာဖြစ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အစ္စရေးဘက်က ဒီခရီးစဉ်ကို အမှန်တကယ်ဖြစ်ခဲ့တယ်လို့ သဘောထားပေမယ့် ယူအေအီးဘက်က လူသိရှင်ကြားငြင်းဆိုခဲ့ပါတယ်။ အဲဒီကွဲလွဲချက်ကပဲ ယူအေအီးရဲ့ “ဘက်မလိုက်” ပုံရိပ်ကိုထိခိုက်စေပြီး အီရန်အတွက် “ယူအေအီးဟာ လျှို့ဝှက်ပူးပေါင်းနေတယ်” လို့ စွပ်စွဲဖို့အကြောင်းပြချက် ထပ်ပေးလိုက်သလိုဖြစ်သွားပါတယ်။ ဒီထက်ပိုစိတ်ဝင်စားဖို့ ကောင်းတာက အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆတ်ရဲ့ အကြီးအကဲ ဒေးဗစ်ဘားနီယာရဲ့ ယူအေအီးခရီးစဉ် သတင်းတွေပါပဲ။ ဘားနီယာဟာ စစ်ဖြစ်စဉ်ကာလအတွင်း ယူအေအီးကို အနည်းဆုံးနှစ်ကြိမ်သွားပြီး အီရန်နဲ့ပတ်သက်တဲ့ စစ်ရေးဆောင်ရွက်မှုတွေကို ညှိနှိုင်းခဲ့တယ်လို့ သတင်းဌာနတချို့က ဆိုပါတယ်။
စစ်ပွဲကာလအတွင်း လျှို့ဝှက်သံတမန် ဆက်သွယ်မှုဆိုတာ အပြည့်အစုံမသိနိုင်ပေမယ့် နိုင်ငံရေးအဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ ယူအေအီးက သူတို့အနေနဲ့“ဘက်မလိုက်”လို့ပြောချိန် အစ္စရေးထောက်လှမ်းရေး အကြီးအကဲတွေ ဝင်ထွက်သွားလာနေတယ်ဆိုရင် အီရန်အတွက်တော့ ယူအေအီးဟာ အစ္စရေး-အမေရိကန်ပူးပေါင်းစနစ်ထဲဝင်နေပြီလို့ မြင်မှာပဲ ဖြစ်ပါတယ်။
ယူအေအီးဘက်က ဒီလိုဆက်ဆံရေးကို ကာကွယ်ရေးပူးပေါင်းမှု၊ သတင်းအချက်အလက်မျှဝေမှုအဖြစ် မြင်နိုင်ပါတယ်။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးနဲ့ စစ်ပွဲမှာပါဝင်မှုကြားကမျဉ်းဟာ ပျောက်သွားတတ်ပါတယ်။ Axios သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် အစ္စရေးဟာ ယူအေအီးကို သံကွန်ချာလေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အဲဒီစနစ်ကိုအသုံးပြုနိုင်တဲ့ စစ်သည်တွေပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဟက်ကာဘီးကလည်း ဒီအချက်ကိုအတည်ပြုခဲ့ပါတယ်။ ယူအေအီးအတွက် ဒါဟာ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် လိုအပ်တဲ့ကာကွယ်ရေး အဆင့်တစ်ခုလို့ ရှင်းပြနိုင်ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့အမြင်မှာတော့ ယူအေအီး ဟာ အစ္စရေးရဲ့စစ်ရေးအခြေခံ အဆောက်အဦထဲ ပေါင်းစည်းလာနေတယ်လို့ပဲ မြင်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုက ဘဏ္ဍာရေးကဏ္ဍပါပဲ။ ယူအေအီးဟာ အီရန်ရဲ့စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဘဏ္ဍာရေးဆိုင်ရာ အရေးကြီးတဲ့ပြင်ပ ဗဟိုချက်တစ်ခုအဖြစ် နှစ်ပေါင်းများစွာကြာအောင်တည်ရှိခဲ့တာပါ။ ကုန်သွယ်ရေးကုမ္ပဏီတွေ၊ ငွေလဲလှယ်ရေးလုပ်ငန်းတွေ၊ ကြားခံငွေကြေးစနစ်တွေကနေ အီရန်ဟာ ပိတ်ဆို့မှုတွေကိုတစ်စိတ်တစ်ပိုင်း ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဖြစ်လာပြီးနောက် ယူအေအီးဘက်က အီရန်နဲ့ဆက်စပ်နေတဲ့ ငွေကြေးလမ်းကြောင်းတွေကိုပိတ်ပင်တာ၊ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတာမျိုး လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ အမေရိကန်ဘက်ကလည်း Amin Exchange ဆိုတဲ့ အီရန်ငွေလဲလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီကွန်ရက်တွေကို ပိတ်ဆို့မှုအသစ်ချမှတ်ခဲ့ပါတယ်။ အဲဒီထဲ ယူအေအီး၊ တူကီယဲ၊ တရုတ်နဲ့ ဟောင်ကောင်မှ ကုမ္ပဏီတွေပါ ပါဝင်တယ်လို့ဆိုပါတယ်။ အီရန်အတွက် ဒါဟာ စစ်မျက်နှာအသစ်တစ်ခုပဲဖြစ်ပါတယ်။ ယူအေအီး ဘက်က “ဒါကပိတ်ဆို့မှုစည်းမျဉ်း လိုက်နာတာပါ” လို့ ပြောနိုင်ပေမယ့် စစ်ဖြစ်နေချိန် အဲဒီလုပ်ရပ်တွေဟာ အီရန်ကိုဖိအားပေးတဲ့ လုပ်ရပ်အဖြစ် မလွဲမသွေရှုမြင် ခံရမှာပါ။
အခြေအနေတွေကို ပိုရှုပ်ထွေးစေတာကတော့ အမေရိကန်အရာရှိတွေဟာ ယူအေအီးကို စစ်ထဲ ပိုမိုပါဝင်လာဖို့ ဖိအားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေပါပဲ။ အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့မှာ အီရန်ပိုင်ကျွန်းတစ်ကျွန်းကို ယူအေအီးအနေနဲ့သိမ်းယူနိုင်ဖို့ စဉ်းစားစေချင်တယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ ဒီသတင်းတွေက အမှန်ဟုတ် မဟုတ် မသိရသေးပေမယ့် ကျွန်းပြဿနာကို အမေရိကန်နဲ့ အစ္စရေးဘက်က အီရန်ကိုဖိအားပေးဖို့ အသုံးချလာနိုင်တယ်ဆိုတဲ့အမြင်ကို ပိုမိုအားကောင်းလာစေပါတယ်။ ယူအေအီးအတွက် ဒီအခြေအနေက အလွန်အန္တရာယ်များပါတယ်။ သူတို့ရဲ့ မြို့၊ ဆိပ်ကမ်း၊ လေဆိပ်၊ စွမ်းအင်စနစ်၊ ငွေကြေးစနစ်တွေက လုံခြုံပြီး စီးပွားရေးကောင်းတဲ့နိုင်ငံဆိုတဲ့ ပုံရိပ်တစ်ခုလုံးဟာ တည်ငြိမ်မှုအပေါ် မူတည်နေပါတယ်။ ဒါကြောင့် စစ်ထဲကို နည်းနည်းလေးပဲ ပါဝင်လိုက်ရင်တောင် ယူအေအီးရဲ့ဖွံ့ဖြိုးရေးပုံစံတစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။
အခုအချိန်မှာ ယူအေအီးရဲ့ဘက်မလိုက်ဆိုတဲ့ ရပ်တည်ချက်ဟာ တဖြည်းဖြည်း မတည်မငြိမ်လာပါပြီ။ ယူအေအီးက စစ်ထဲတိုက်ရိုက်မဝင်ချင်ပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ အစ္စရေးဆီက အပြည့်အဝ ခွာထွက်သွားလို့လည်း မရပါဘူး။ ဘာလို့လဲဆိုတော့အဲဒီဆက်ဆံရေးတွေကပဲ ဒုံးကျည်ကာကွယ်ရေး၊ စစ်ရေးထောက်ပံ့မှုနဲ့ မဟာဗျူဟာ အာမခံချက်တွေပေးနေလို့ပါ။ ဒီနှစ်မျိုးကြားက ရှုပ်ထွေးမှုကြောင့် ယူအေအီးဟာ အရင်လို ကြားနေညှိနှိုင်းသူ မဟုတ်တော့ဘဲ စစ်ပွဲထဲဆွဲသွင်းခံရနိုင်တဲ့အန္တရာယ်အများဆုံးနိုင်ငံတစ်ခုဖြစ်လာနေပါတယ်။ ယူအေအီးအတွက် အကြီးဆုံးအန္တရာယ်ကတော့ စစ်ထဲကိုတစ်ခါတည်း ခုန်ဝင်သွားတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းအဆင့်လိုက်ဆွဲသွင်းခံရနိုင်တာပါပဲ။
အီရန်နိုင်ငံနဲ့သက်ဆိုင်တဲ့ ငွေကြေးကွန်ရက်တွေကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လာမယ်၊ အမေရိကန်-အစ္စရေးကာကွယ်ရေး ပူးပေါင်းမှု ပိုနက်ရှိုင်းလာမယ်၊ အစ္စရေးအရာရှိတွေနဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေ များလာမယ်၊ ဟော်မုရေလက်ကြားလုံခြုံရေးမှာ ပါဝင်လာမယ်၊ နောက်ဆုံး အီရန်အပေါ်ဖိအားပေးဖို့ ကျွန်းပြဿနာကိုအသုံးချလာမယ်။ အဲဒီအဆင့်တစ်ခုချင်းစီကိုကြည့်ရင် “ကာကွယ်ရေးအတွက်ပါ” “မဖြစ်မနေလုပ်ရတာပါ” ဆိုပြီးရှင်းပြနိုင်ပါတယ်။ ဒါပေမဲ့ အားလုံးပေါင်းလိုက်တဲ့အခါ ယူအေအီးဟာ စစ်နား မှာ ရပ်နေတဲ့ နိုင်ငံမဟုတ်တော့ဘဲ စစ်ထဲတကယ် ဝင်ရောက်တဲ့နိုင်ငံ ဖြစ်သွားနိုင်ပါတယ်။
MWD
ယနေ့ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်သည် မြို့ပြများတွင် အခြေချနေထိုင်လာကြပြီး မြို့ပြအသွင်ကူးပြောင်းမှုက အရှိန်အဟုန်ဖြင့် မြင့်မားလာနေပါသည်။ မြို့ပြလူဦးရေ ထူထပ်လာသည်နှင့်အမျှ ရေပေးဝေရေး၊ အမှိုက်သိမ်းဆည်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများသည်လည်း ကြီးမားလာပါသည်။ ထိုစိန်ခေါ်မှုများကို ရိုးရာစီမံခန့်ခွဲမှုပုံစံများဖြင့်သာ ဖြေရှင်းရန်မလုံလောက်တော့ဘဲ စမတ်စီးတီး (Smart City) ခေါ် နည်းပညာအခြေပြု မြို့ပြစီမံခန့်ခွဲမှုစနစ်ကိုဖော်ဆောင်ရန်မှာ ခေတ်ကာလ၏ တောင်းဆိုချက်တစ်ခု ဖြစ်လာပါသည်။
စမတ်စီးတီးဆိုသည်မှာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြု၍ မြို့ပြဝန်ဆောင်မှုများ၏ အရည်အသွေးကိုမြှင့်တင်ခြင်း၊ ကုန်ကျစရိတ်နှင့် သယံဇာတသုံးစွဲမှုကိုလျှော့ချခြင်းနှင့် ပြည်သူလူထုနှင့်အစိုးရကြား အပြန်အလှန်ထိတွေ့ဆက်ဆံမှုကို ပိုမိုအားကောင်းစေခြင်းပင် ဖြစ်ပါသည်။
စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် နည်းပညာကိုကဏ္ဍအသီးသီးတွင် အသုံးချနိုင်ပါသည်။ ယနေ့ခေတ်ကာလတွင် နည်းပညာသည် လူသားတို့၏နေ့စဉ်ဘဝထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီဖြစ်ပါသည်။ မြို့ပြစီမံခန့်ခွဲမှုကဏ္ဍတွင်လည်း ရိုးရာရုံးလုပ်ငန်းစနစ်များမှသည် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုသို့ ပြောင်းလဲခြင်းဖြင့် ပြည်သူလူထုအတွက် ပိုမိုမြန်ဆန်ပြီး ပွင့်လင်းမြင်သာသည့် ဝန်ဆောင်မှုများကိုပေးအပ်နိုင်ပြီ ဖြစ်ပါသည်။
စာရွက်စာတမ်းရှုပ်ထွေးမှုများကို လျှော့ချပေးနိုင်
စည်ပင်နှင့်ပတ်သက်သည့် အိမ်ခွန်၊ မြေခွန် စသည့် အခွန်အခများ ပေးဆောင်ရန်သော်လည်းကောင်း၊ လုပ်ငန်းလိုင်စင်လျှောက်ထားရန်သော်လည်းကောင်း စည်ပင်ရုံးများသို့ ကိုယ်တိုင်သွားရောက်ကာ တန်းစီစောင့်ဆိုင်းရသည့် အလေ့အထရှိခဲ့ပါသည်။ E-Governance စနစ်အရ Mobile Application သို့မဟုတ် Website များမှတစ်ဆင့် အခွန်အခများကို Mobile Banking များဖြင့် မိနစ်ပိုင်းအတွင်း ပေးဆောင်လာနိုင်ပါသည်။ လုပ်ငန်းလိုင်စင်အသစ်လျှောက်ခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကိုလည်း ရုံးသို့သွားရန်မလိုဘဲ အွန်လိုင်းမှဖောင်ဖြည့်တင်သွင်းနိုင်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ပြည်သူများအတွက် သွားလာစရိတ်နှင့် အချိန်ကုန်သက်သာစေနိုင်ပြီး စည်ပင်ဝန်ထမ်းများအတွက်လည်း စာရွက်စာတမ်းရှုပ်ထွေးမှုများကို လျှော့ချပေးနိုင်ပါသည်။
စမတ်စည်ပင်စနစ်တွင် ပြည်သူများက မြို့ပြ၏မျက်စိနှင့်နား ဖြစ်လာကြပါသည်။ လမ်းမီးမလင်းခြင်း၊ ရေပိုက်ပေါက်ခြင်း သို့မဟုတ် အမှိုက်မသိမ်းခြင်း စသည့်ပြဿနာများကို တွေ့ရှိပါက ဖုန်းဖြင့်ဓာတ်ပုံရိုက်ကာတည်နေရာ (GPS Location) နှင့်တကွ Mobile App မှတစ်ဆင့် ချက်ချင်းတိုင်ကြားနိုင်ပါသည်။ တိုင်ကြားထားသည့်ကိစ္စ မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲ၊ မည်သည့်ဌာနက တာဝန်ယူဖြေရှင်းနေသလဲဆိုသည်ကို ပြည်သူက မိမိဖုန်းထဲမှတစ်ဆင့် စောင့်ကြည့်နိုင်သဖြင့် ပွင့်လင်းမြင်သာမှုရှိစေပါသည်။ သတ်မှတ်ချိန်အတွင်းဖြေရှင်းပေးနိုင်မှု ရှိ/မရှိကို စနစ်က မှတ်တမ်းတင်ထားသဖြင့် ဝန်ထမ်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။
ဒီဂျစ်တယ်စနစ်သည် လူနှင့်လူ တိုက်ရိုက်ထိတွေ့ရမှုကို လျှော့ချပေးခြင်းဖြင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေများကို အလိုအလျောက် ဟန့်တားပေးပါသည်။ လုပ်ငန်းစဉ်များအားလုံးကို ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထားခြင်းကြောင့် စာရင်းဇယားအမှားအယွင်းများကို လျှော့ချနိုင်ပြီး စည်ပင်သာယာရေးအဖွဲ့အပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို အမြင့်ဆုံးအထိ တိုးတက်စေပါသည်။ ဒီဂျစ်တယ်စနစ်သည် နည်းပညာကို အသုံးချခြင်းထက် ပိုမိုနက်ရှိုင်းပါသည်။ ‘‘အုပ်ချုပ်သူ’’ နှင့် ‘‘အုပ်ချုပ်ခံ’’ဟူသည့် ဆက်ဆံရေးထက် ‘‘ဝန်ဆောင်မှု ပေးသူ’’ နှင့် ‘‘ဝန်ဆောင်မှုရယူသူ’’ ဆိုသည့် မိတ်ဖက်စိတ်ဓာတ်ကို ပုံဖော်ပေးနိုင်ပါသည်။
မြို့ပြလူဦးရေ တစ်နေ့တည်း တိုးပွားလာသည်နှင့်အမျှ စည်ပင်သာယာရေးအဖွဲ့များအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ‘‘အမှိုက်’’ ပင် ဖြစ်ပါသည်။ ရိုးရာအမှိုက်သိမ်းစနစ်တွင် အမှိုက်ကားများသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း နေ့စဉ်လှည့်လည်ရသဖြင့် အမှိုက်မပြည့်သေးသော အမှိုက်ပုံးများကို သွားရောက်စစ်ဆေးရခြင်း၊ အမှိုက်လျှံနေသောနေရာများကို မရောက်ရှိနိုင်ခြင်း စသည့် အားနည်းချက်များ ရှိနေပါသည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် စမတ်အမှိုက်စီမံခန့်ခွဲမှုစနစ် (Smart Waste Management) သည် အထိရောက်ဆုံးသော လက်နက်တစ်ခု ဖြစ်လာပါသည်။
စမတ်အမှိုက်စီမံခန့်ခွဲမှု၏ အဓိကသော့ချက်
စမတ်အမှိုက်စီမံခန့်ခွဲမှု၏ အဓိကသော့ချက်မှာ အမှိုက်ပုံးများတွင် တပ်ဆင်ထားသော အဆင့်မြင့် အာရုံခံကိရိယာ (IoT Sensors) များ ဖြစ်ပါသည်။ ၎င်း Sensors များက အမှိုက်ပုံးအတွင်းရှိ အမှိုက်ပမာဏကို အချိန်နှင့်တစ်ပြေးညီ တိုင်းတာနေမည်ဖြစ်ပါသည်။ အမှိုက်ပုံးအတွင်း အမှိုက်များ ပြည့်ခါနီးဖြစ်စေ၊ အမှိုက်ပုံးအတွင်း အပူချိန်လွန်ကဲ၍ မီးလောင်နိုင်ခြေရှိလျှင်ဖြစ်စေ ဗဟိုထိန်းချုပ်ရေးစနစ်သို့ အလိုအလျောက် သတင်းပို့ပေးပါသည်။
ယခင်က အမှိုက်ကားတစ်စီးသည် လမ်းကြောင်းတစ်ခုလုံးရှိ အမှိုက်ပုံးတိုင်းဆီသို့ ပြည့်ပြည့်/မပြည့်ပြည့် သွားရောက်ရသဖြင့် ဆီဖိုးနှင့်အချိန် များစွာကုန်ဆုံးစေပါသည်။ စမတ်စနစ်တွင်မူ အမှိုက်အမှန်တကယ်ပြည့်နေသော အမှိုက်ပုံးများဆီသို့သာ သွားရောက်ရန်အတွက် AI စနစ်က အတိုဆုံးနှင့် အမြန်ဆုံးလမ်းကြောင်းကို တွက်ချက်ပေး ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် လောင်စာဆီချွေတာနိုင်ပြီး မလိုအပ်ဘဲကားမောင်းနှင်ရမှုကို လျှော့ချနိုင်သဖြင့် ဘတ်ဂျက်ကုန်ကျစရိတ်သက်သာစေပါသည်။ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချခြင်းသည် အမှိုက်သိမ်းယာဉ်များ လမ်းပေါ်တွင် ကြာမြင့်စွာရှိနေမှုကို လျှော့ချပေးသဖြင့် မြို့ပြယာဉ်ကြောကို သက်သာစေပါသည်။ အမှိုက်ကားများ သက်တမ်းရှည်ကြာစွာ အသုံးပြုနိုင်စေပါသည်။
အမှိုက်ပုံးများ လျှံကျခြင်းသည် မြို့ပြအင်္ဂါရပ်ကို ထိခိုက်စေရုံသာမက ကြွက်၊ ယင်ကောင်နှင့် ပိုးမွှားများပေါက်ပွားရာနေရာ ဖြစ်စေပါသည်။ စမတ်စနစ်သည် အမှိုက်မလျှံမီ ကြိုတင်သိရှိ သိမ်းဆည်းနိုင်သဖြင့် အနံ့အသက်ဆိုးများကို ဟန့်တားပေးပြီး ရောဂါဘယများ ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ မည်သည့်ရပ်ကွက်သည် အမှိုက်အထွက်ဆုံးလဲ၊ မည်သည့်နေ့ရက်များတွင် အမှိုက်ပမာဏပိုများသလဲ စသည့် Data များကို စုဆောင်းထားခြင်းဖြင့် နောင်နှစ်များအတွက် ဘတ်ဂျက်ရေးဆွဲခြင်း၊ အမှိုက်ပုံးအသစ်များ တိုးချဲ့ချထားခြင်းနှင့် လူအင်အားခွဲဝေခြင်းတို့ကို တိကျစွာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ စမတ်အမှိုက်စီမံခန့်ခွဲမှုစနစ်သည် ငွေကုန်ကြေးကျများသော နည်းပညာရင်းနှီးမြှုပ်နှံမှုဟု ထင်ရသော်လည်း ရေရှည်တွင် စည်ပင်သာယာရေးအဖွဲ့များအတွက် စရိတ်စကသက်သာစေပြီး မြို့နေပြည်သူများအတွက် ပိုမိုသန့်ရှင်းလုံခြုံပြီး ကျန်းမာသောပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်က မြန်မာနိုင်ငံ၏ မြို့ပြစည်ပင်သာယာရေးမှာ ပြည်သူနှင့် အနီးကပ်ဆုံး၊ အရင်းနှီးဆုံးစနစ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြို့ပြစီမံခန့်ခွဲမှုသမိုင်းတွင် ‘‘ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်’’ သည် ပြည်သူလူထုနှင့် စည်ပင်သာယာရေးအဖွဲ့များ အကြား ခိုင်မာသောဆက်သွယ်ရေး အလေ့အထတစ်ခုအဖြစ် တည်ရှိနေပါသည်။ ဤစနစ်သည် ရိုးရှင်းသော်လည်း မြို့ပြသန့်ရှင်းရေးနှင့် ရောဂါဘယကာကွယ်ရေးတို့တွင် မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
ခေတ်မီလာသည်နှင့်အမျှ ရိုးရာခေါင်းလောင်းတီးသံကို နားစွင့်နေရသည့်စနစ်မှ နည်းပညာသုံး ဒီဂျစ်တယ်ခေါင်းလောင်း (Digital Bell/ Notifi-cation System) သို့ ကူးပြောင်းနိုင်ပါသည်။ GPS ဖြင့် စောင့်ကြည့်ခြင်းသည် အမှိုက်သိမ်းယာဉ်တွင် GPS တပ်ဆင်ထားခြင်းဖြင့် မိမိတို့လမ်းထဲသို့ အမှိုက်ကားမည်သည့်အချိန်တွင် ရောက်ရှိမည်ကို Mobile Application မှတစ်ဆင့် ပြည်သူများက ကြိုတင်သိရှိနိုင်ပါသည်။ အမှိုက်ကားသည် မိမိအိမ်နှင့် ကိုက် ၅၀၀ အကွာသို့ရောက်ရှိပါက ဖုန်းထဲသို့အချက်ပေးသံ (Notification) ပေးပို့ခြင်းဖြင့် ပြည်သူများအနေဖြင့် အချိန်မရွေး ကြိုတင်ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။
ခေါင်းလောင်းတီးစနစ် အောင်မြင်ရန်အတွက် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးဆုံးဖြစ်ပါသည်။ အမှိုက်ကားလာချိန်တွင် အမှိုက်ကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်း (Dry and Wet Waste Separation) သည် စည်ပင်သာယာရေးအဖွဲ့၏ နောက်ဆက်တွဲ အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို များစွာအထောက်အကူပြုစေပါသည်။ ‘‘ခေါင်းလောင်းသံကြားမှ အမှိုက်စွန့်ပါ’’ ဆိုသည့် စည်းကမ်းကိုလိုက်နာခြင်းဖြင့် စနစ်မဲ့ အမှိုက်စွန့်ပစ်မှုကို အမြစ်ပြတ်ချေဖျက်နိုင်မည် ဖြစ်ပါသည်။
စမတ်စီးတီး (Smart City) တစ်ခု၏အောင်မြင်မှု
စမတ်စီးတီး (Smart City) တစ်ခု၏ အောင်မြင်မှုသည် နည်းပညာပစ္စည်းများ တပ်ဆင်ထားရုံမျှဖြင့် မပြည့်စုံဘဲ ထိုနည်းပညာများမှ ထွက်ပေါ်လာသော အချက်အလက်များကို မည်သို့ခွဲခြမ်းစိတ်ဖြာပြီး အကျိုးရှိရှိအသုံးချသနည်းဆိုသည့် အချက်ပေါ်တွင် မူတည်နေပါသည်။ မြို့ပြ၏ နေ့စဉ်လှုပ်ရှားမှုများဖြစ်သော ယာဉ်စီးဆင်းမှု၊ ရေသုံးစွဲမှု၊ အမှိုက်ထွက်ရှိမှုနှင့် လျှပ်စစ်မီးသုံးစွဲမှုတို့မှ ဒေတာပေါင်းသန်းချီကို စက္ကန့်နှင့်အမျှ ရရှိနေပါသည်။ Big Data များကို AI နှင့် Data Analytics နည်းပညာများဖြင့် ပေါင်းစပ်လိုက်သောအခါ စည်ပင်စီမံခန့်ခွဲသူများအတွက် မမြင်ရသောပြဿနာများကို မြင်သာလာစေပါသည်။
ကြိုတင်ခန့်မှန်းနိုင်စွမ်းအားဖြင့် လွန်ခဲ့သော ငါးနှစ်စာ ရေပိုက်လိုင်းပေါက်သည့် မှတ်တမ်းများကို ဆန်းစစ်ခြင်းဖြင့် မည်သည့်ရပ်ကွက်ရှိ ပိုက်လိုင်းများသည် မကြာမီပျက်စီးနိုင်ခြေရှိသည်ကို ကြိုတင်ခန့်မှန်းပြီး ကြိုတင်လဲလှယ်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။ စည်ပင်သာယာရေးအဖွဲ့ များတွင် ဘတ်ဂျက်နှင့်လူအင်အားမှာ အကန့်အသတ်ရှိပါသည်။ အချက်အလက်အခြေပြုစနစ်သည် မည်သည့်နေရာတွင် ရင်းနှီးမြှုပ်နှံမှု အလိုအပ်ဆုံးလည်းဆိုသည်ကို တိကျစွာလမ်းညွှန်ပေးနိုင်ပါသည်။ တိုင်ကြားစာအများဆုံးတက်သည့်နေရာ သို့မဟုတ် ရောဂါဖြစ်ပွားမှု အများဆုံးနယ်မြေများကို Data အရ သိရှိနိုင်သဖြင့် ရန်ပုံငွေကို လေလွင့်မှုမရှိဘဲ အထိရောက်ဆုံးနေရာများတွင် အသုံးပြုနိုင်ပါသည်။ ထို့ပြင် အမှိုက်သိမ်းဝန်ထမ်း သို့မဟုတ် လုံခြုံရေးဝန်ထမ်းများကို အလုပ်အများဆုံးအချိန်နှင့် နေရာများသို့ အချိန်ကိုက်တာဝန်ချထားနိုင်ပါသည်။
Data အသုံးချမှုသည် မြို့ပြ၏ဘေးကင်းလုံခြုံမှုကိုလည်း မြှင့်တင်ပေးပါသည်။ ရေပေးဝေ ရေးတွင်လည်း ရေမီတာဒေတာများကို စောင့်ကြည့်ခြင်းဖြင့် ရေအလေအလွင့်ဖြစ်နေသည့် နေရာများကိုရှာဖွေနိုင်ပြီး ရေပြတ်လပ်မှုဒဏ်ကို လျှော့ချနိုင်ပါသည်။ ထို့ပြင် မိုးလေဝသဒေတာနှင့် မြောင်းများ၏ ရေမျက်နှာပြင်အမြင့်ကို ချိတ်ဆက်ဆန်းစစ်ခြင်းဖြင့် မည်သည့်ရပ်ကွက်တွင် ရေကြီးနိုင်ခြေရှိသည်ကို နာရီပိုင်းအလိုကတည်းက ကြိုတင်သတိပေးနိုင်ပါသည်။
အချက်အလက်အခြေပြု ဆုံးဖြတ်ချက်များသည် ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများမှကင်းဝေးစေပါသည်။ ဆုံးဖြတ်ချက်တိုင်းတွင် ခိုင်လုံသော Data ရှိနေသဖြင့် ပြည်သူလူထုကို ရှင်းလင်းတင်ပြရာတွင် ပိုမိုခိုင်မာစေနိုင်ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင့်တိုင်းကိုလည်း မှတ်တမ်းတင်ထားနိုင်သဖြင့် ဝန်ထမ်းများ၏ လုပ်ဆောင်ရည်ကို တိကျစွာတိုင်းတာနိုင်ပါသည်။ အချက်အလက်အခြေပြု ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် မြို့ပြစီမံခန့်ခွဲသူများကို မှန်းဆချက်များမှ ရုန်းထွက်စေပြီး ‘‘သေချာရေရာမှု’’ ဆီသို့ ပို့ဆောင်ပေးပါသည်။ ဤစနစ်ကို ကျင့်သုံးခြင်းဖြင့် စည်ပင်သာယာရေးလုပ်ငန်းများသည် ပိုမိုမြန်ဆန်ထိရောက်ပြီး ပြည်သူများ၏ လိုအပ်ချက်ကို အစစ်အမှန်ဖြည့်ဆည်းပေးနိုင်သော စမတ်ကျသည့် အစိုးရယန္တရားတစ်ခုဖြစ်လာမည် ဖြစ်ပါသည်။
မြို့ပြတစ်ခုစနစ်ကျရန်မှာ စည်းကမ်းရှိမှုနှင့် စောင့်ကြည့်ထိန်းကျောင်းမှုသည် အဓိကကျပါသည်။ ယခင်က မြို့ပြပြဿနာများကို လူကိုယ်တိုင်လိုက်လံစစ်ဆေး ဖြေရှင်းခဲ့ကြသော်လည်း ယနေ့ ခေတ်တွင်မူ ဉာဏ်ရည်တုနည်းပညာကို အသုံးပြု၍ ပိုမိုတိကျမြန်ဆန်သော မြို့ပြစောင့်ကြည့်ရေး စနစ်များကို တည်ဆောက်လာကြပြီဖြစ်ပါသည်။ ယာဉ်ကြောပိတ်ဆို့မှုသည် မြို့ကြီးများ၏ စီးပွားရေးနှင့် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေသည့် အဓိကအချက် ဖြစ်ပါသည်။ AI စနစ်သုံး မီးပွိုင့်များသည် CCTV ကင်မရာများမှတစ်ဆင့် လမ်းဆုံလမ်းခွတစ်ခုချင်းစီ၏ ယာဉ်စီးဆင်းမှုပမာဏကို အချိန်နှင့်တစ်ပြေးညီ တွက်ချက်ပေးပါသည်။ ယာဉ်အစီးရေ များပြားနေသောလမ်းဘက်ကို စိမ်းရောင်ပြချိန်ပိုပေးပြီး ကားရှင်းနေသောလမ်းဘက်ကို အလိုအလျောက် အချိန်လျှော့ချပေးခြင်းဖြင့် ပိတ်ဆို့မှုကိုဖြေရှင်းပေးပါသည်။ Emergency Priority အနေဖြင့် လူနာတင်ယာဉ် သို့မဟုတ် မီးသတ်ကားများလာပါက AI စနစ်သည် ဦးစားပေးလမ်းကြောင်း ဖွင့်ပေးခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါသည်။
မြို့ပြအလှအပကို ဖျက်ဆီးနေသည့် လမ်းဘေးကျူးကျော်ဈေးသည်များ၊ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများနှင့်လမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများပုံထားခြင်းများကို လူကိုယ်တိုင် လိုက်လံဖမ်းဆီးရန်ခက်ခဲပါသည်။ AI Monitoring စနစ်သည် သတ်မှတ်ထားသော နေရာမဟုတ်ဘဲ အမှိုက်ထုတ်လာချခြင်း သို့မဟုတ် လူသွားလမ်းပေါ် ကျူးကျော်ခြင်းတို့ကို ကင်မရာမှတစ်ဆင့် အလိုအလျောက်မှတ်သားထားပါသည်။ စည်းကမ်းဖောက်ဖျက်မှု တွေ့ရှိသည်နှင့် သက်ဆိုင်ရာစည်ပင်နယ်မြေအဖွဲ့ထံသို့ အချက်ပေးချက်ပို့ပေးခြင်းဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်ပါသည်။
AI နည်းပညာသည် စည်ပင်သာယာရေးအတွက်သာမက မြို့ပြလုံခြုံရေးအတွက်ပါ အရေးပါပါသည်။ မျက်နှာမှတ်မိခြင်းနှင့် ယာဉ်နံပါတ်ပြားဖတ်ခြင်းစနစ်များကြောင့် ပြစ်မှုကျူးလွန်သူများကို လျင်မြန်စွာဖော်ထုတ်နိုင်ခြင်း၊ ညဘက်တွင် လမ်းမီးမလင်းသောနေရာများ သို့မဟုတ် လူပြတ်သောနေရာများတွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှုရှိပါက ကြိုတင်သတိပေးနိုင်ခြင်းတို့ကြောင့် ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်မည် ဖြစ်ပါသည်။
AI စနစ်သည် မြို့ပြ၏ ပျက်စီးယိုယွင်းမှုများကိုလည်း စောင့်ကြည့်ပေးနိုင်ပါသည်။ ဥပမာအားဖြင့် လမ်းမများပေါ်တွင် ကျင်းများဖြစ်ပေါ်နေခြင်း၊ ရေနုတ်မြောင်းများ ပိတ်ဆို့နေခြင်း သို့မဟုတ် ပန်းခြံအတွင်းရှိ ပစ္စည်းများပျက်စီးနေခြင်းတို့ကို AI က ခွဲခြားသိရှိနိုင်သဖြင့် ပျက်စီးမှုများကို အချိန်မီပြုပြင်နိုင်သည့်စနစ်ကို ဖော်ဆောင်နိုင်ပါသည်။ ဉာဏ်ရည်တုဆိုသည်မှာ လူသားတို့၏ နေရာတွင် အစားထိုးရန်မဟုတ်ဘဲ လူသားတို့၏စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားလာစေရန် ပံ့ပိုးပေးခြင်းဖြစ်ပါသည်။ နည်းပညာဖြင့် စောင့်ကြည့်ထိန်းကျောင်းသော မြို့ပြစနစ်သည် ပိုမိုသေသပ်ရုံသာမက တရားဥပဒေစိုးမိုးမှုနှင့် တန်းတူညီမျှမှုရှိသော လူနေမှုဝန်းကျင်ကိုပါ ပုံဖော်ပေးနိုင်မည်ဖြစ်ပါသည်။
စမတ်စီးတီးသို့ ကူးပြောင်းခြင်းသည် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ပြောင်းလဲနိုင်သည့်ကိစ္စရပ် မဟုတ်ဘဲ စနစ်တကျပြင်ဆင်ရမည့် ခရီးရှည်တစ်ခုဖြစ်ပါသည်။ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုများစွာရှိနေပါသည်။ နည်းပညာအခြေပြု မြို့ပြတစ်ခုဖြစ်ရန်အတွက် မြန်နှုန်းမြင့်အင်တာနက်ကွန်ရက်၊ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားနှင့် အဆင့်မြင့် ကင်မရာ/အာရုံခံကိရိယာများ လိုအပ်ပါသည်။ ဤအရာများသည် ကနဦးရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်မြင့်မားသဖြင့် နိုင်ငံတော်ဘတ်ဂျက် တစ်ခုတည်းအပေါ် အားကိုးခြင်းထက် Public Private Partnership (PPP) အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအခက်အခဲကို ကျော်လွှားနိုင်ပါသည်။
စမတ်စီးတီးသို့ ကူးပြောင်းရာတွင် တစ်မြို့လုံးကို တစ်ပြိုင်နက်ပြောင်းလဲရန် ကြိုးစားမည့်အစား အချက်အချာကျသောနယ်မြေများကို အရင်စတင်ပြီးမှ တိုးချဲ့ဆောင်ရွက်သင့်ပါသည်။ နည်းပညာများ မည်မျှပင်ကောင်းမွန်စေကာမူ ယင်းကိုကိုင်တွယ်မည့်ဝန်ထမ်းများ၏ အရည်အသွေးမှာ အရေးကြီးဆုံးဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် ခေတ်မီ Software များ၊ Data ဆန်းစစ်မှုနည်းလမ်းများကို ကျွမ်းကျင်စွာအသုံးချနိုင်ရန် စဉ်ဆက်မပြတ်လေ့ကျင့် သင်တန်းပေးရမည်ဖြစ်ပါသည်။ ရိုးရာစနစ်မှ ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲရာတွင် ကြုံတွေ့ရလေ့ရှိသော အပြောင်းအလဲအပေါ်ကြောက်ရွံ့ခြင်း သို့မဟုတ် ငြင်းဆန်ခြင်းများကို စနစ်တကျစီမံခန့်ခွဲပြီးဝန်ထမ်းများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ မြှင့်တင်ပေးရန်လိုအပ်ပါသည်။
ပြည်သူများ၏ အချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် သိမ်းဆည်းသောအခါ Cyber Security ခေါ် ဆိုင်ဘာလုံခြုံရေးသည် အထူးအရေးကြီးလာပါသည်။ ပြည်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံမှုရှိစေရန် ခိုင်မာသောဥပဒေနှင့် နည်းပညာဆိုင်ရာ တားမြစ်ချက်များ ရှိရပါမည်။ နည်းပညာအပေါ် ယုံကြည်မှုရှိလာစေရန် အချက်အလက်များကို မည်သို့အသုံးချသည်ကို ပွင့်လင်းမြင်သာစွာချပြရပါမည်။ စမတ်စီးတီး၏ အောင်မြင်မှုသည် လူနည်းစုအတွက်သာ မဖြစ်သင့်ဘဲ အလွှာစုံမှပြည်သူများ လက်လှမ်းမီနိုင်သော ဝန်ဆောင်မှုဖြစ်ရပါမည်။ နည်းပညာကို နားမလည်သေးသော သက်ကြီးရွယ်အိုများနှင့် အခြေခံ လူတန်းစားများအတွက်လည်း လွယ်ကူရိုးရှင်းသော အသုံးပြုမှုပုံစံများ ဖန်တီးပေးရန် လိုအပ်ပါသည်။
စမတ်စီးတီးဖော်ဆောင်ခြင်းသည် စည်ပင်သာယာရေးအဖွဲ့များအတွက် ခေတ်မီခြင်းတစ်ခု တည်းကိုသာ ရည်ရွယ်သည်မဟုတ်ဘဲ ပြည်သူများ၏လူနေမှုဘဝကို အရည်အသွေးမြှင့်တင်ပေးခြင်းပင် ဖြစ်ပါသည်။ စည်ပင်သာယာရေးအဖွဲ့များ၏ ရည်မှန်းချက်မှာ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးပင်ဖြစ်ပါသည်။ နည်းပညာကို စနစ်တကျအသုံးချခြင်းဖြင့် ပိုမိုသန့်ရှင်းလုံခြုံပြီး နေချင့်စဖွယ်ကောင်းသော မြို့ပြပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ “စမတ်စီးတီး” သို့ ဦးတည်တက်လှမ်းရာတွင် စည်ပင်သာယာရေးအဖွဲ့များ၏ တက်ကြွစွာဆောင်ရွက်မှု၊ ပြည်သူလူထုပါဝင်မှုနှင့် ခေတ်မီ နည်းပညာပေါင်းစပ်မှုသည် မရှိမဖြစ်လိုအပ်သော မောင်းနှင်အားဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
မှီငြမ်းကိုးကားစာရင်း
1. United Nations (UN-Habitat): World Cities Report 2024 - မြို့ပြအသွင်ကူးပြောင်းမှုနှင့် စမတ်စီးတီးဖွံ့ဖြိုးမှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များ။
2. ASEAN Smart Cities Network (ASCN): အာဆီယံနိုင်ငံများအတွင်း စမတ်စီးတီး ဖော်ဆောင်ရေး မူဘောင်နှင့် နည်းဗျူဟာများ။
3. ITU (International Telecommunication Union): Smart Sustainable Cities Indicators - စမတ်စီးတီးများအတွက် သတ်မှတ်ထားသော စံနှုန်းများနှင့် နည်းပညာဆိုင်ရာ အညွှန်းကိန်း များ။
4. World Bank: Digital Transformation in Urban Governance - ဒီဂျစ်တယ်စနစ်ဖြင့် မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ လေ့လာမှုများ။
5. Myanmar Municipal Governance Reports: မြန်မာနိုင်ငံ၏ စည်ပင်သာယာရေးဥပဒေများနှင့် မြို့ပြဖွံ့ဖြိုးရေး မျှော်မှန်းချက်များ။
moi
Climate Action မှ ရရှိလာမည့် ပူးတွဲအကျိုး ကျေးဇူးများ
ယနေ့ကမ္ဘာကြီးတွင် အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်းဖြစ်ပေါ်ခြင်းနှင့် လေထုညစ်ညမ်းမှုများကို ပိုမိုတွေ့ကြုံလာရသည်။ တစ်ချိန်က “ရာသီဥတုပြောင်းလဲမှု”သည် ဝေးလံသော အနာဂတ်ပြဿနာတစ်ခုလို ထင်မြင်ခဲ့ကြသော်လည်း ယနေ့တွင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝထဲသို့ရောက်ရှိလာပြီဖြစ်သည်။
ပူပြင်းလာသော ရာသီဥတု၊ အသက်ရှူရခက်စေသော မီးခိုးမြူများနှင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာခြင်းများသည် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို နေ့စဉ်သတိပေးနေသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “A Global Call for Climate Action - ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” သည် ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းပူးပေါင်းတိုက်ဖျက်ရန် နှိုးဆော်ထားခြင်းဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကိုလျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရန် ဆောင်ရွက်သော လုပ်ငန်းများသည် Climate Action ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်း၊ လျှပ်စစ်စွမ်းအင်ချွေတာသုံးစွဲခြင်း၊ အများပြည်သူသုံးယာဉ်များ အသုံးပြုခြင်း၊ အမှိုက်မီးမရှို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် လေထုညစ်ညမ်းမှုလျှော့ချခြင်းတို့သည် Climte Action ၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။ ထို့ပြင် ရေကိုချွေတာသုံးစွဲခြင်း၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်း၊ သဘာဝသစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းခြင်းတို့သည်လည်း Climate Action တွင်ပါဝင်သည်။
Climate Action ၏ အရေးကြီးသောအချက်တစ်ခုမှာ ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးရုံသာမက လူသားတို့၏ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် လူမှုဘဝအတွက်ပါ အကျိုးကျေးဇူးများစွာကို တစ်ပြိုင်နက်ရရှိစေခြင်းဖြစ်သည်။ ထိုအကျိုးကျေးဇူးများကို “ပူးတွဲ အကျိုးကျေးဇူးများ”ဟု ခေါ်ဆိုသည်။
သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများ (Short-Lived Climate Pollutants – SLCPs) ၏ အခန်းကဏ္ဍနှင့် လေထုညစ်ညမ်းမှုလေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့သည် တစ်ခုနှင့်တစ်ခုနီးကပ် စွာဆက်နွှယ်နေသည်။ မော်တော်ကားမီးခိုး၊ စက်ရုံမီးခိုး၊ အမှိုက်မီးရှို့ခြင်းနှင့် ထင်း၊ မီးသွေးအသုံးပြုခြင်းတို့မှထွက်ရှိသော ညစ်ညမ်းပစ္စည်းများသည် လေထုအရည်အသွေးကို ထိခိုက်စေရုံသာမက ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ပိုမိုဆိုးရွားစေသည်။
အထူးသဖြင့် သက်တမ်းတို ရာသီဥတုညစ်ညမ်းပစ္စည်းများသည် ယနေ့ကမ္ဘာတွင် ပိုမိုအာရုံစိုက်လာရသော လေထုညစ်ညမ်းပစ္စည်းများဖြစ်သည်။ ၎င်းတို့သည် လေထုထဲတွင် CO2 ထက် သက်တမ်းတိုသော်လည်း ရာသီဥတုပူနွေးမှုအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိနိုင်သည်။ အဓိက SLCPs များမှာ အနက်ရောင်ကာဗွန်မီးခိုးအမှုန်များ၊ မီသိန်း၊ မြေပြင်အနီးရှိ အိုဇုန်းနှင့် ဟိုက်ဒရိုဖလိုရိုကာဗွန်တို့ဖြစ်သည်။
SLCPs များ၏ ထူးခြားသောအချက်မှာ ၎င်းတို့သည် လေထုထဲတွင် CO2 ကဲ့သို့ နှစ်ရာချီမတည်ရှိဘဲ အချိန်တိုအတွင်းသာ တည်ရှိနေခြင်းဖြစ်သည်။ ဥပမာအားဖြင့် Black Carbon သည် လေထုထဲတွင် ရက်သတ္တပတ်အနည်းငယ်သာတည်ရှိနိုင်ပြီး Tropospheric Ozone သည် နာရီပိုင်းမှ ရက်ပိုင်းအထိသာ တည်ရှိနိုင်သည်။
Methane သည် ပျမ်းမျှအားဖြင့် ၁၂ နှစ်ခန့်တည်ရှိနိုင်ပြီး HFCs အချို့မှာ ၁၅ နှစ်ခန့်အထိ တည်ရှိနိုင်သည်။ ထို့ကြောင့် SLCPs များကို လျှော့ချနိုင်ပါက လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် အချိန်တိုအတွင်း အကျိုးသက်ရောက်မှုကောင်းများ ရရှိနိုင်သည်။
အနက်ရောင်ကာဗွန်မီးခိုးအမှုန်များ (Black Carbon - BC)
Black Carbon - BC သည် ထင်း၊ မီးသွေး၊ ဒီဇယ်အင်ဂျင်၊ အမှိုက်မီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့ကဲ့သို့ လောင်စာများမပြည့်စုံစွာ လောင်ကျွမ်းရာမှထွက်ရှိသော အလွန်သေးငယ်သည့် မီးခိုးအမှုန်များဖြစ်သည်။ ၎င်းသည် Particulate Matter 2.5 (PM2.5) ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်းပိုင်းအထိ အလွယ်တကူဝင်ရောက်နိုင်သောကြောင့် အသက်ရှူလမ်းကြောင်းနှင့် နှလုံးဆိုင်ရာရောဂါများကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် နေရောင်ခြည်အပူကို စုပ်ယူနိုင်သောကြောင့် ကမ္ဘာကြီးပူနွေးလာမှုကိုလည်း ပိုမိုဆိုးရွားစေသည်။
မီသိန်း(Methane - CH4 )
မီသိန်းသည် အမှိုက်ပုံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ အများဆုံးထွက်ရှိပြီး လေထုထဲတွင် ပျမ်းမျှအားဖြင့် ၁၂ နှစ်ခန့်တည်ရှိနိုင်သည်။ ၎င်းသည် နှစ် ၁၀၀ ကာလအတွင်း CO2 ထက် အပူဖမ်းယူနိုင်စွမ်း ၂၈ ဆခန့် ပိုမိုမြင့်မားပြီး နှစ် ၂၀ ကာလတိုအတွင်းတွင်မူ အဆ ၈၀ ကျော်အထိ ပိုမိုပြင်းထန်သော အပူဖမ်းယူနိုင်စွမ်းရှိသည်။ ထို့ပြင် မီသိန်းသည် မြေပြင်အနီးရှိ အိုဇုန်းဖြစ်ပေါ်လာစေရန်လည်း အထောက်အကူပြုသောကြောင့် လေထုအရည်အသွေးနှင့် ရာသီဥတုပြောင်းလဲမှု နှစ်ခုစလုံးအတွက် အရေးကြီးသော ညစ်ညမ်းဓာတ်ငွေ့တစ်မျိုးဖြစ်သည်။
မြေပြင်အနီးရှိ အိုဇုန်း (Tropospheric Ozone - O3)
မြေပြင်အနီးရှိ အိုဇုန်းသည် ယာဉ်မီးခိုးနှင့် စက်မှုလုပ်ငန်းများမှ ထွက်ရှိသော ဓာတ်ငွေ့များ နေရောင်ခြည်နှင့်ဓာတ်ပြုရာမှ ဖြစ်ပေါ်လာသော လေထုညစ်ညမ်းပစ္စည်းဖြစ်သည်။ ၎င်းသည် လေထုအတွင်း နာရီပိုင်းမှရက်ပိုင်းအထိတည်ရှိနိုင်ပြီး နေပူပြင်း၍ လေထုငြိမ်သက်သော အခြေအနေများတွင် သီတင်းပတ်အနည်းငယ်အထိ ဆက်လက်တည်ရှိနိုင်သည်။ လေထုအတွင်း အချိန်တိုသာတည်ရှိသော်လည်း လူသားတို့၏ ကျန်းမာရေး၊ သဘာဝအပင်များနှင့် သီးနှံအထွက်နှုန်းများအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်သည်။
ဟိုက်ဒရိုဖလိုရိုကာဗွန်များ (Hydrofluorocarbons -HFCs)
ဟိုက်ဒရိုဖလိုရိုကာဗွန်များသည် လေအေးပေးစက်များ၊ ရေခဲသေတ္တာများနှင့် အအေးပေးစနစ်များတွင် အသုံးပြုသောဓာတ်ငွေ့များဖြစ်သည်။ ၎င်းတို့သည် လေထုထဲတွင် ၁၅ နှစ်ခန့်တည်ရှိနိုင်ပြီး CO2 ထက် ကမ္ဘာ့ပူနွေးမှုအလားအလာ (GWP) အဆပေါင်းထောင်နှင့်ချီ၍ ပိုမိုမြင့်မားသော အစွမ်းထက်မှန်လုံအိမ်ဓာတ်ငွေ့များဖြစ်သည်။
SLCPs များသည် လေထုထဲတွင် သက်တမ်းတိုသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် လေထုညစ်ညမ်းမှုအပေါ် တစ်ပြိုင်နက်သက်ရောက်မှုရှိသော အရေးကြီးသည့် ညစ်ညမ်းပစ္စည်းများဖြစ်သည်။ အထူးသဖြင့် Black Carbon သည် WHO Global Air Quality Guidelines တွင်ပါဝင်သော အရေးကြီးသည့် လေထုအရည်အသွေး Parameter တစ်ခုဖြစ်သည့် PM2.5 ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မီသိန်းသည် လေထုထဲတွင် ဓာတုတုံ့ပြန်မှုများမှတစ်ဆင့် Ground-level Ozone (O3) ဖြစ်ပေါ်မှုကို အားပေးသော အကြိုဓာတ်ပစ္စည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ အမှိုက်မီးရှို့ခြင်းနှင့် လောင်စာမပြည့်စုံစွာ လောင်ကျွမ်းမှုတို့မှထွက်ရှိသော SLCPs များကို လျှော့ချခြင်းသည် PM2.5 နှင့် O3 ကဲ့သို့သော ကျန်းမာရေးကို ထိခိုက်စေနိုင်သော အရေးကြီးသည့် လေထုညစ်ညမ်းပစ္စည်းများကို လျော့နည်းစေပြီး မိမိတို့နိုင်ငံ၏ အခြေခံလေထုအရည်အသွေးကောင်းမွန်လာစေရန် တိုက်ရိုက်အထောက်အကူပြုနိုင်သည်။
ထိုသို့ လျှော့ချနိုင်ခြင်းကြောင့် လေထုအတွင်း PM2.5 နှင့် မြေပြင်အနီးရှိ အိုဇုန်းပမာဏများ လျော့နည်းလာကာ ၎င်းတို့ကြောင့် ဖြစ်ပွားနိုင်သော ပန်းနာ ရင်ကျပ်ရောဂါ၊ အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများအပြင်လေဖြတ်နိုင်ခြေကိုပါ တိုက်ရိုက်လျှော့ချပေးနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ SLCPs များကို ထိရောက်စွာလျှော့ချခြင်းသည် လေထုအရည်အသွေးကို မြှင့်တင်ပေးရုံသာမက လူသားတို့၏ ကျန်းမာရေးကို ကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းတို့အတွက်ပါ တစ်ပြိုင်နက် အကျိုးရှိစေသော Climate Action တစ်ရပ်ဖြစ်သည်။
Climate Action မှ ရရှိလာမည့် အဓိက ပူးတွဲအကျိုးကျေးဇူးများ
(က) လေထုအရည်အသွေး ပိုမို ကောင်းမွန်လာခြင်း- PM2.5၊ Black Carbon နှင့် မြေပြင်အနီးရှိ အိုဇုန်းတို့ကို လျှော့ချခြင်းဖြင့် မီးခိုးမြူငွေ့များလျော့နည်းလာကာ လေထုသည် ပိုမိုသန့်ရှင်းလာသည်။ ထို့ကြောင့် မြို့ပြ ဒေသများတွင် အမြင်အာရုံကြည်လင်ရှင်းလင်းမှု ကောင်းမွန်လာပြီး လူသားများ၏ လူမှုဘဝအရည်အသွေးလည်း တိုးတက်လာနိုင်သည်။
(ခ) လူသားတို့၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ- သန့်ရှင်းသောလေထုသည် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများအတွက် အထူးအရေးကြီးသည်။ Climate Action များကို အကောင်အထည်ဖော်ခြင်းဖြင့် ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများနှင့် လေဖြတ်နိုင်ခြေများ လျော့ကျစေနိုင်ပြီး ကျန်းမာရေး စရိတ်များကိုလည်း သက်သာစေနိုင်သည်။ ထို့ပြင် မီးခိုးနည်းမီးဖိုများနှင့် သန့်ရှင်းသော ချက်ပြုတ်မှုနည်းပညာများကို အသုံးပြုခြင်းဖြင့် အိမ်တွင်းလေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ပြီး အထူးသဖြင့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာ ရေးကို ပိုမိုကာကွယ်ပေးနိုင်သည်။
(ဂ) စီးပွားရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အကျိုးကျေးဇူးများ- Climate Action သည် စီးပွားရေးနှင့် စိုက်ပျိုး ရေးကဏ္ဍများအတွက်လည်း အရေးကြီးသော အကျိုးကျေးဇူးများရရှိစေသည်။ လူသားများကျန်းမာလာသောကြောင့် အလုပ်ပျက်ကွက်မှုလျော့နည်းလာပြီး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နိုင်စွမ်းများ တိုးတက်လာနိုင်သည်။ ထို့ပြင် မြေပြင်အနီးရှိ အိုဇုန်းလျော့နည်းလာပါက သီးနှံများ ပျက်စီးမှုလျော့နည်းလာပြီး စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုသည်။ Climate Action များကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် အပူလှိုင်းဖြစ်ပေါ်မှုများကို လျှော့ချနိုင်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း သက်သာစေနိုင်သည်။
လူတစ်ဦးချင်းစီမှ စတင်ဆောင်ရွက်နိုင်သော Climate Action များ
Climate Action သည် ကြီးမားသော စီမံကိန်းများမှသာ စတင်ရမည့်အရာမဟုတ်ပါ။ မိမိအိမ်၊ မိမိရုံးနှင့် မိမိရပ်ကွက်အတွင်းမှ စတင်နိုင်သော လုပ်ဆောင်ချက်များစွာရှိသည်။
• အမှိုက်မီးရှို့ခြင်းကို ရှောင်ကြဉ်ပါ။
• စွမ်းအင်ချွေတာပြီး LED မီးနှင့် စွမ်းအင်သက်သာသော လျှပ်စစ်ပစ္စည်းများ အသုံးပြုပါ။
• လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် အများပြည်သူသုံးယာဉ်များအသုံးပြုပါ။
• သစ်ပင်စိုက်ပျိုးပြီး သစ်တောများ ထိန်းသိမ်းပါ။
• အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ပြီး 3R စနစ်ဖြစ်သော လျှော့ချသုံးစွဲခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင်အသုံးချခြင်းတို့ကို ကျင့်သုံးပါ။
• ထင်းနှင့်မီးသွေးအစားသန့်ရှင်းသော ချက်ပြုတ်နည်းပညာများ အသုံးပြုပါ။
• ရေကို ချွေတာသုံးစွဲပါ။
• လေထုအရည်အသွေးစောင့်ကြည့်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင် ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပါ။
• Climate Action အကြောင်း အသိပညာများ မျှဝေပါ။
ထိုသို့သော သေးငယ်သည့် လုပ်ဆောင် ချက်တစ်ခုချင်းစီသည် လူအများစုပူးပေါင်းပါဝင်လာသောအခါ လေထုအရည်အသွေးကောင်းမွန်ရေး၊ လူသားတို့၏ ကျန်းမာရေးကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်သည်။ ရာသီဥတုဆိုင်ရာလှုပ်ရှားမှု (Climate Action) သည် အစိုးရများနှင့် အဖွဲ့အစည်းများ၏ တာဝန်သာမက
လူတိုင်း၏ နေ့စဉ်ဘဝတွင် ပါဝင်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်လည်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းသည် ကမ္ဘာကြီးအတွက်သာမက ကျွန်ုပ်တို့၏ကျန်းမာရေး၊ မိသားစုဘဝ၊ စီးပွားရေးနှင့်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။
သန့်ရှင်းသောလေထုရရှိရေးအတွက် လုပ်ဆောင်မှုတိုင်းသည် ရာသီဥတုကို ကာကွယ်ပေးနိုင်ပြီး ကျန်းမာသော လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးနိုင်သည်။
ယနေ့ ကျွန်ုပ်တို့ရှူရှိုက်နေသော လေထုအရည်အသွေးကောင်းမွန်အောင်လုပ်ဆောင်ခြင်းသည် မနက်ဖြန်၏ ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆိုသည့် စိတ်ဓာတ်ဖြင့် လူတိုင်းပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းနှိုးဆော် တင်ပြအပ်ပါသည်။ ။
MWD
အခုလို မိုးဦးကျကာလဟာ မျှစ်များလှိုင်လှိုင်ထွက်တဲ့ကာလပါ။ အိမ်ရှင်မတွေရဲ့ ထမင်းဝိုင်းမှာ ခံတွင်းမြိန်စေမယ့် ဟင်းတစ်ခွက်အဖြစ် မျှစ်ကိုခပ်စိတ်စိတ် တွေ့ရမယ့်အချိန်ပေါ့။ အခုကစလို့ လာမယ့်ဇွန်လ၊ ဇူလိုင်လလောက် အထိကတော့ စာရေးသူတို့နိုင်ငံမှာ မျှစ်တွေအပေါများဆုံး ထွက်တဲ့ အချိန်လို့တောင်ဆိုရမှာပါ။
တောင်ပေါ်တောများမှာ အများဆုံးစားကြတဲ့ မျှစ်အမျိုးအစားကတော့ သိုက်မျှစ်၊ ကြသောင်းမျှစ်၊ မျှင်မျှစ်၊ ဝါးဖြူမျှစ်နဲ့ ဝါးပိုးမျှစ်တို့ဖြစ်ပါတယ်။
ဝါးပိုးဝါးမျှစ်များဟာ မျှစ်ချဉ်လုပ်ရင် အရည်အသွေးအင်မတန်ကောင်းပါတယ်။ သိုက်မျှစ်ကတော့ အရင်ဦးဆုံးပေါ်တဲ့မျှစ်ဖြစ်ပြီး ဈေးကွက်မှာ ဈေးကောင်းရလေ့ရှိပါတယ်။ အခြားမျှစ်များကလည်း သူ့နည်းနဲ့သူ့ဟန် အရသာတစ်မူထူးတာမို့ လူကြိုက်များတဲ့ဟင်းတစ်မယ်အဖြစ် ရှိနေကြတာပါပဲ။ ကျေးလက်က မီးဖိုဆောင်ကလေးကနေ အဆင့်မြင့်ဟိုတယ်ကြီးတွေအထိ မျှစ်ကိုအမျိုးမျိုးအဖုံဖုံ ချက်ပြုတ်စားသောက်ကြလေ့ရှိပါတယ်။
ကြသောင်းမျှစ်ဆိုရင် အချိုချက်စားရင်ဖြစ်ဖြစ်၊ ကြော်စားရင်ဖြစ်ဖြစ် လူကြိုက်များလှပါတယ်။
သိုက်မျှစ်နဲ့ဝါးဖြူမျှစ်တွေကိုတော့ အတို့အမြှုပ်အဖြစ်လည်း တွဲဖက်သုံးဆောင်ကြပါသေးတယ်။
မျှင်မျှစ်ခေါ် မျှစ်နီများကို ဒေသတွင်းစားသုံးရုံမကနီးစပ်ရာမြို့ကြီးများဆီကို အများဆုံးတင်ပို့ကြရပါတယ်။ မျှစ်အစိုဆိုရင် ထားသိုဖို့အချိန်အကန့်အသတ်ရှိပေမယ့်မျှစ်ခြောက်၊ မျှစ်ချဉ် စသည်ဖြင့် အခြောက်လှန်း၊အချဉ်တည်ပြီး နှစ်ပေါက်ကြာရှည်ခံအောင်ထားသိုသုံးစွဲခဲ့ကြတာ ရှေးအစဉ်အဆက်ကတည်းကပါပဲ။
ဝါးမျိုးနယ်ဝင်မျှစ်ကို အင်္ဂလိပ်လို(Bamboo Sprouts) လို့ခေါ်ပြီး ရုက္ခဗေဒအရ Bambusa Vulgaris၊ Phyllostachys Edulis လို့ခေါ်ပါတယ်။
ရက်သတ္တနှစ်ပတ်သားမတိုင်ခင် ဝါးပင်ပေါက်အရွယ်မှာချိုးယူပြီး မျှစ်အဖြစ်စားသောက်နိုင်ပါတယ်။
မျှစ်ကို ချက်ချင်းချိုးယူပြီး စားသုံးနိုင်သလို တာရှည်ခံအောင်ပြုပြင်ထားသိုပြီးလည်း စားသုံးနိုင်ပါတယ်။
မြန်မာ့ဆေးကျမ်းများအလိုအရ “ဒဗ္ဗဂုဏပကာသနီ”ဆေးကျမ်းမှာ “မျှစ်နုသည် ဖန်သောအရသာ၊ ချိုသောအရသာရှိ၏။ ပူ၏။ သလိပ်ကိုနိုင်၏။” လို့ဆိုထားပါတယ်။ “ဘာဝပ္ပကာသကျမ်း” မှာ “မျှစ်သည်ချို၏။ ပူ၏။ ဖန်၏။ လေသလိပ်ကို ပျက်စေတတ်၏။” လို့ဆိုထားပါတယ်။ “သုဿုတကျမ်း” မှာ မျှစ်သည်ချို၏။ ဖန်၏။ ဝမ်းမီးချက်ပြီးနောက် ပျက်စေတတ်၏။”လို့ဆိုထားပါတယ်။
ခေတ်သစ်ဆေးပညာအလိုအရလည်း မျှစ်ဟာ အာဟာရဓာတ် ကြွယ်ဝလှပါတယ်။ ၁၀၀ ဂရမ်အလေးချိန်ရှိတဲ့ လတ်လတ်ဆတ်ဆတ် ဝါးပင်ပေါက်မျှစ်စို့တစ်ခုမှာ ၁၂ ကယ်လိုရီပါရှိပြီး ပရိုတင်းဓာတ်၊ ရေဓာတ်၊ ကြေညက်လွယ်သောအမျှင်ဓာတ်၊ အိုမီဂါ-၃ဖက်တီးအက်စစ်၊ အိုမီဂါ-၆ ဖက်တီးအက်စစ်တို့အပြင် ဗီတာမင်ဓာတ်တွေဖြစ်တဲ့ သီအာမင်၊ ရီဘိုဖလာဗင်၊ နီအာစင်၊ ဗီတာမင် ဘီ-၆၊ ဖောလစ်၊ ပန်တိုသင်းနစ်အက်စစ်တို့ပါရှိပါတယ်။ ဒါ့အပြင် သတ္တုဓာတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ မီးစုန်း၊ ပိုတက်စီယမ်၊ ဇင့်၊ ကော့ပါး၊ မဂ္ဂနီးစ်၊ စီလီနီယမ်တို့လည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် မျှစ်ကို သဘာဝရဲ့ အာဟာရသိုက်လို့တင်စား ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
ဝါရှင်တန်ပြည်နယ်တက္ကသိုလ်က လေ့လာမှုတစ်ခုအရဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့မျှစ်ကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် သွေးထဲမှာရှိတဲ့ ကောင်းကျိုးမပြုတဲ့ LDL ကိုလက်စထရောအဆီကို သိသိသာသာလျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ Phytonutrients ကြွယ်ဝတဲ့မျှစ်က နှလုံးရဲ့စွမ်းဆောင်ချက်ကို ကောင်းမွန်အောင် ထိန်းသိမ်းပေးပါတယ်။ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ မျှစ်မှာပါတဲ့ ပိုတက်စီယမ်ဓာတ်က နှလုံးကို ပုံမှန်အလုပ်လုပ်စေခြင်း စတဲ့အကျိုးကျေးဇူးတွေကြောင့် မျှစ်ကိုစားသုံးခြင်းအားဖြင့် နှလုံးရောဂါဖြစ်ပွားခြင်းကိုတောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
နောက်ထပ် သတင်းကောင်းတစ်ခုကတော့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအတွက် မျှစ်ဟာ အကျိုးပြုအစားအစာ တစ်မျိုးပါပဲ။ မျှစ်မှာ ကယ်လိုရီနဲ့ အဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူတွေအနေနဲ့ စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များတဲ့အတွက် မျှစ်ကိုစားသုံးပေးခြင်းအားဖြင့် အစာအိမ်ကိုပြည့်တင်းစေပြီး နောက်ထပ် အစာစားချင်စိတ်ကိုချိုးနှိမ်ပေးတာကြောင့် ကိုယ်အလေးချိန်မတက်စေဖို့ တစ်ဖက်တစ်လမ်းကနေ ကာကွယ်ရာလည်းရောက်ပါတယ်။ မျှစ်ထဲမှာပါဝင်တဲ့ သဘာဝ Phytonutrients တွေက အစွမ်းထက်မြက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် စွမ်းဆောင်ပေးကြပါတယ်။
ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ ဖရီးရယ်ဒီကယ်လ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်တာကြောင့် ကင်ဆာရောဂါများမဖြစ်ပွားစေရေး အတွက်လည်း မျှစ်ကို စားသုံးပေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
ဒါ့အပြင် မျှစ်ထဲမှာပါတဲ့ Chlorophyll က ကင်ဆာဆဲလ်တွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။
ပြီးတော့ Anti-inflamatory ဂုဏ်သတ္တိတွေက ဗက်တီးရီးယားနဲ့ ကူးစက်ရောဂါပိုး အန္တရာယ်ကြောင့်ဖြစ်တတ်တဲ့ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို လျှော့ချပေးနိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့မျှစ်ကို စားသုံးပေးခြင်းအားဖြင့် အစာကိုကြေညက်စေပြီး အူထဲမှာရှိတဲ့ ကောင်းကျိုးပြုဗက်တီးရီးယားတွေကို ကြီးထွားစေပါတယ်။ အူသိမ်အူမတို့ရဲ့ လုပ်ငန်းဆောင်တာကို ချောမွေ့စေပါတယ်။ ဒါကြောင့် ဝမ်းချုပ်တတ်သူများ အနေနဲ့ မျှစ်ကို မကြာခဏစားပေးသင့်လှပါတယ်။
မျှစ်ဟာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေမြင့်မားစွာ ပါဝင်နေတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။ ရင်ကျပ်ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းအတွက် မျှစ်ပြုတ်ရည်ကို ပျားရည်စစ်စစ်နဲ့ရောပြီး သောက်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက်လည်း မျှစ်ပြုတ်ရည်သောက်ခြင်း၊ မျှစ်စားသုံးခြင်းများပြုလုပ်နိုင်ပါတယ်။
မျှစ်ထဲမှာ ပိုတက်စီယမ်မြင့်မားစွာပါရှိတာကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်ဓာတ်များကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အရေပြားရဲ့ ဆဲလ်အသစ်များ ထုတ်လုပ်ခြင်းကိုလည်း အားပေးတာကြောင့် အသားအရေကောင်းလိုသူများ မျှစ်စားပေးနိုင်ပါတယ်။
တရုတ်နိုင်ငံမှာ ရိုးရာကုထုံးဓာတ်စာအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်များ ချောချောမွေ့မွေ့ မီးဖွားစေနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံးလမှာ မျှစ်ကို စားသုံးစေပါတယ်။ မျှစ်က သွေးကြောနံရံထဲမှာရှိတဲ့ ကိုလက်စထရောဖြစ်တည်မှုကို ကာကွယ်ပေးပြီး မကောင်းတဲ့LDL ကိုလက်စထရောတွေကို လျှော့ချပေးနိုင်သောကြောင့် နှလုံးကိုကျန်းမာစေပါတယ်။ မျှစ်ထဲမှာပါဝင်တဲ့ အမျှင်ဓာတ်များက အစာစားပြီးနောက် သွေးထဲမှာရှိတဲ့သကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်များအတွက်လည်း မျှစ်က အလွန်ကောင်းကျိုးပြုတယ်လို့ဆိုရမှာပါ။
နောက်ထပ် မျှစ်မှာ Ayurvedic ဆေးစွမ်းသတ္တိပါရှိပြီး အဲဒီအစွမ်းက တိရစ္ဆာန်များရဲ့ အဆိပ်အတောက်ကို ပြေစေနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အဆိပ်ရှိမြွေနဲ့ ကင်းမြီးကောက် အဆိပ်ဖြေဆေးအတွက် မျှစ်ကို ရိုးရာကုထုံးအဖြစ် အသုံးပြုကြလေ့ရှိတယ်လို့ သိရပါတယ်။
မျှစ်ထဲမှာပါတဲ့ မဂ္ဂနီးစ်ဓာတ်က ခန္ဓာကိုယ်ဇီဝဖြစ်စဉ် ပုံမှန်လုပ်ဆောင်မှုအတွက် အင်ဇိုင်းအဖြစ် အကျိုးသက်ရောက်မှုဖြစ်ပေါ်စေပါတယ်။ မျှစ်ထဲမှာ ကယ်လ်စီယမ်ဓာတ်အများအပြား မပါရှိပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ကယ်လ်စီယမ်ဓာတ်ကိုတော့ လုံလုံလောက်လောက်ပေးစွမ်းနိုင်ပါတယ်။
ဒါကြောင့် မျှစ်စားသုံးပေးခြင်းအားဖြင့် အရိုးများကိုလည်း သန်မာစေမှာဖြစ်ပါတယ်။
အခုလို မိုးဦးကျရာသီမှာ ပေါပေါများများရရှိနိုင်တဲ့ မျှစ်မှာ စာရေးသူတင်ပြခဲ့သလို အာဟာရဓာတ်များ ပြည့်ပြည့်စုံစုံပါရှိနေပါတယ်။ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသလို နည်းလမ်းအသွယ်သွယ်နဲ့ ချက်ပြုတ်စားသောက်နိုင်ပြီး ကျန်းမာရေးကိုများစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။ဒါကြောင့် “မသိသူကျော်သွား၊ သိသူဖော်စား” ဆိုတဲ့အတိုင်း မိမိတို့လက်တစ်ကမ်းမှာရှိနေတဲ့ မျှစ်ရဲ့ကောင်းကျိုးအထွေထွေကို အကျိုးရှိရှိအသုံးချနိုင်စေဖို့ ရာသီပေါ်မျှစ်နဲ့ အာဟာရတန်ဖိုးများ အကြောင်းကို ရေးသားတင်ပြလိုက်ရပါတယ်။ ။
MWD
မိုးရာသီတွင်ပေါ်သည့် သီးနှံတစ်မျိုးဖြစ်သော အနံ့မွှေးပြီး အရသာချိုသည့် လိုက်ချီးသီး၏ ကျန်းမာရေးကိုအထောက်အကူပြုသည့် ဆေးဖက်ဝင်ပုံများကို ဖော်ပြလိုပါသည်။ လိုက်ချီးပင်ကို အင်္ဂလိပ်အမည် Lychee သို့မဟုတ် Litchi ဟုခေါ်ပြီး Sapindaceae မျိုးရင်းအုပ်စုဖြစ်ကာ ရုက္ခဗေဒအမည် Litchi chin-ensis ဟုခေါ်သည်။
လိုက်ချီးသီးတွင်ပါဝင်သောအာဟာရဓာတ်များ
လိုက်ချီးသီးသည် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်ပြီး အာဟာရဓာတ်များစွာ ကြွယ်ဝစေသည်။
လိုက်ချီးသီးတွင် ဗီတာမင်-C ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်သည်။
ကယ်လိုရီနှင့် အဆီနည်းပါးသော်လည်း မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များပါဝင်မှုမြင့်မားသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်စေသည်။ လိုက်ချီးသီးတွင် မြင့်မားသော ဗီတာမင်-C ပါဝင်မှုကြောင့် ကယ်လိုရီပိုလျှံမှုကိုမစားသုံးဘဲ အာဟာရဓာတ်ကိုမြှင့်တင်လိုသူများအတွက် အထူးကောင်းမွန်စေသည်။ ထို့ပြင် ဗီတာမင်-B6၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ် ကဲ့သို့ အရေးကြီးသောအာဟာရဓာတ်များ ပါဝင်နေ သည်။ သို့ဖြစ်၍ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝ သောအစားအစာများကို ပုံမှန်စားသုံးခြင်းသည် နာတာရှည်ရောဂါဖြစ်နိုင်ခြေကို နည်းပါးစေပြီး အသက်ရှည်စေရန် အထောက်အကူဖြစ်စေသည်။
အစာကြေစေပြီး ဆီးရွှင်စေနိုင်
လိုက်ချီးသီးသည် အစာကြေစေပြီး ဆီးရွှင်စေသည်။ လိုက်ချီးသီးသည် အစာချေဖျက်ရန် မရှိမဖြစ်လိုအပ်သော အမျှင်ဓာတ်၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်သည်။ အမျှင်ဓာတ်သည် ဝမ်းထဲသို့ အမြောက်အမြားပေါင်းထည့်ပြီး အစာခြေလမ်းကြောင်းကို လွယ်ကူစွာဖြတ်သန်းနိုင်ကာ ဝမ်းချုပ်ခြင်းကိုလျှော့ချပေးသည်။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာသည် အူလမ်းကြောင်းပုံမှန်လှုပ်ရှားမှုကို အားကောင်းစေပြီး အူလမ်းကြောင်းကျန်းမာရေးကို ပံ့ပိုးပေးသောကြောင့် အူသိမ်အူမရောင်ရောဂါနှင့် Diverticulitis အပါအဝင် အစာခြေလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နိုင်ခြေနည်းပါးခြင်းနှင့် ဆက်စပ်နေ သည်။ ထို့ပြင် လိုက်ချီးသီးတွင် ရေဓာတ်ပါဝင်သော ကြောင့် အစာခြေစနစ်ကိုချောမွေ့စေပြီး အမျှင်ဓာတ် နှင့် ရေပေါင်းစပ်မှုကြောင့် အစာခြေကျန်းမာရေးအတွက် ကောင်းမွန်စေသည်။ အစာကြေကွဲခြင်းနှင့်အာဟာရစုပ်ယူမှုတို့ကို လွယ်ကူချောမွေ့စေသောကြောင့် သင့်လျော်သောရေဓာတ်သည် အကောင်းဆုံးအစာခြေမှုအတွက် အရေးကြီးသည်။ လိုက်ချီးသီးတွင်ပါဝင်သည့် သဘာဝသကြားဓာတ်က အစာအိမ်နာကိုသက်သာစေပြီး အစာမကြေသည့်လက္ခဏာများကို သက်သာစေသည်။
ကိုယ်အလေးချိန်ကျဆင်းစေနိုင်
လိုက်ချီးသီးသည် အရသာချိုမြိန်သော်လည်း ယင်းထဲတွင်ပါရှိသော သကြားဓာတ်က သဘာ၀ သကြားဓာတ်ဖြစ်ကာ ကယ်လိုရီပါ၀င်မှုနည်းပြီး လူကိုဘေးဖြစ်စေတတ်သော ပြည့်၀ဆီနှင့် ကိုလက် စထရောလုံး၀မပါရှိသည့်အပြင် ကြေညက်လွယ်သော အမျှင်ဓာတ်များ ကြွယ်၀စွာပါရှိသည့်အတွက် ကိုယ်အလေးချိန် ကျဆင်းမှုကိုလည်း အထောက်အပံ့ဖြစ်စေသောကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများအနေဖြင့် လိုက်ချီးသီးကို စားသုံးနိုင်သည်။ လိုက်ချီးသီးတွင် အများဆုံးပါဝင်သည့် Niacin ၊ Thiamin နှင့် Folate စသည့် ဗီတာမင်-B အုပ်စုက ကာဗိုဟိုက်ဒရိတ်၊ အဆီနှင့်ပရိုတင်းတို့ကို ချေဖျက် ပေးနိုင်သောကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်း ပေးနိုင်သည်။
ရေဓာတ်ခန်းခြောက်မှုကိုတားဆီးပေးနိုင်
လိုက်ချီးသီးသည် ရေ ၈၂ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသဖြင့် ရေဓာတ်ပြည့်ဝသော အသီးအနှံဖြစ်ပြီး နေ့စဉ်အရည်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ သင့်လျော်သောရေဓာတ်သည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းရန်၊ ဇီဝဖြစ်ပျက်မှုကိုပံ့ပိုးပေးပြီး ကိုယ်တွင်းအင်္ဂါများနှင့် တစ်သျှူးများ၏မှန်ကန်သော လုပ်ဆောင်ချက်ကို သေချာစေရန်အရေးကြီးသည်။ ရေဓာတ်ပြည့်ဝသောဆဲလ်များသည် သူ့ဘာသာပြန်လည်ပြုပြင်ရန်နှင့် အရေးကြီးသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် ပိုမိုထိရောက်ပြီး ကျန်းမာရေးနှင့်တက်ကြွမှုကို မြှင့်တင်ပေးသည်။
လိုက်ချီးသီးကဲ့သို့ ရေဓာတ်ကြွယ်ဝသော အသီးအနှံများကိုစားသုံးခြင်းသည် အထူးသဖြင့် ပူပြင်းသောရာသီဥတုတွင် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးနောက် ရေဓာတ်ပြည့်ဝနေစေရန် ကူညီပေးနိုင်သည်။ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အသားအရေခြောက်သွေ့ခြင်းကဲ့သို့သော ရေဓာတ်ခန်းခြောက်ခြင်းဆိုင်ရာ ပြဿနာများကိုလည်း တားဆီးပေးနိုင်သည်။ လိုက်ချီးသီး၏ သဘာဝသကြား နှင့် အီလက်ထရောနစ်များက စွမ်းအင်ပမာဏကို ဖြည့်တင်းပေးပြီး ခံနိုင်ရည်ကိုမြှင့်တင်ပေးနိုင်သောကြောင့် အားကစားသမားများ စားသုံးသင့်သည်။
နှလုံးရောဂါသက်သာစေနိုင်
လိုက်ချီးသီးတွင် နှလုံးကျန်းမာရေးအတွက် အကျိုးပြုသည့် အာဟာရဓာတ်များစွာနှင့် ခန္ဓာကိုယ်အတွင်းရှိ ဆိုဒီယမ်၏အာနိသင်ကို ထိန်းညှိပေးခြင်းဖြင့် သွေးဖိအားကိုထိန်းညှိပေးသည့် ပိုတက်ဆီယမ် နှင့် ရောင်ရမ်းမှုကိုဆန့်ကျင်သည့် ဂုဏ်သတ္တိများရှိသော Polyphenols နှင့် Flavonoids ပါဝင်သည်။
ယင်းတို့သည် ရောင်ရမ်းမှုကိုလျှော့ချပေးကာ ကိုလက်စထရောအဆင့်ကိုလျှော့ချခြင်းဖြင့် နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်သည်။ လိုက်ချီးသီးတစ်ခွက်စာ ပမာဏထဲတွင်ပါရှိသော ပိုတက်ဆီယမ်သည် ခန္ဓာကိုယ်အတွက် အရေးပါသောသတ္တုဓာတ်ဖြစ်ပြီး လိမ္မော်သီးအသေး တစ်လုံးထဲတွင်ပါရှိမှုထက်ပိုမိုပါဝင်ပြီး သွေးဖိအားနှင့် နှလုံးခုန်နှုန်းတို့ကို ဟန်ချက်ညီညီထိန်းချုပ်ပေးနိုင်ကာ သွေးခဲခြင်း၊ ဆဲလ်များပျက်စီးခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်သည်။ ထို့ပြင် နှလုံးကို ပုံမှန်ခုန်စေပြီး နှလုံးကြွက်သားများကျုံ့ခြင်း၊ ချဲ့ခြင်းနှင့် နှလုံးသွေးကြောများ လည်ပတ်စီးဆင်းမှုစသည့် နှလုံးရောဂါဝေဒနာ အမျိုးမျိုးတို့ကို သက်သာစေရုံသာမက နှလုံးရောဂါဝေဒနာရှင်များကိုလည်း လေဖြတ်ခြင်းမှ ၅၀ ရာခိုင်နှုန်းသက်သာ လျော့နည်းစေနိုင်သည်။ ကျန်းမာသောသွေးပေါင်ချိန်ကို ထိန်းသိမ်းခြင်းသည် နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကို လျှော့ချရန်အရေးကြီးသည်။ ပိုတက်ဆီယမ်ကြွယ်ဝသောအစားအစာသည် ဆိုဒီယမ်များသော အစားအစာများ၏ ဆိုးကျိုးများကို တွန်းလှန်နိုင်သောကြောင့် သွေးတိုးရောဂါရှိသူများအတွက် စားသုံးရန် အကြံပြုထားသည်။ လိုက်ချီးသီးတွင် ပါဝင်သည့် Polyphenols နှင့် Flavonoids များသည် သွေးလွှတ်ကြောများတွင် Plaque များစုပုံခြင်းကိုလျှော့ချနိုင်ပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေကာ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပြီး နှလုံးပျက်စီးခြင်းမှကာကွယ်ပေးနိုင်သည်။
ခွန်အားတိုးစေနိုင်
လိုက်ချီးသီးတွင် ကြေးနီဓာတ် လုံလောက်စွာ ပါရှိခြင်းကြောင့် သွေးနီဥများကို ထုတ်လုပ်ပေးနိုင်သဖြင့် သွေးအားကောင်းစေသည့်အပြင် ခွန်အားတိုးပွားစေနိုင်သောကြောင့် သွေးအားနည်းသူများနှင့် သက်ကြီးရွယ်အိုများ စားသုံးသင့်သည်။
ကင်ဆာရောဂါအတွက် ကောင်းကျိုးပြုနိုင်
လိုက်ချီးသီးတွင် Citric Acid ကဲ့သို့သော ဗီတာမင်-C ၄၀ ရာခိုင်နှုန်းခန့်ပါရှိရာ လိမ္မော်သီးထဲတွင်ပါ၀င်မှုပမာဏထက်ပိုများသည်။ နှလုံးရောဂါ၊ ကင်ဆာနှင့် ဆီးချိုရောဂါများကဲ့သို့ နာတာရှည်ရောဂါ များအထိဖြစ်စေနိုင်သည့် ခန္ဓာကိုယ်ကို ကောင်းကျိုး မပြုသော Free Radical များကို တိုက်ထုတ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည်။ လိုက်ချီးသီးတွင်ပါဝင်သော ဗီတာမင်-C ၊ Polyphenols နှင့် Flavonoid စသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အန္တရာယ်ရှိသော မော်လီကျူးများကို ဖယ်ရှားရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး Free Radical များကြောင့် ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးကာ အလုံးစုံကျန်းမာရေးကို မြှင့်တင်ပေးသည်။ Free Radical များသည် အကျိုးဆက်အနေဖြင့် ကုသရန်ခက်ခဲသော ကင်ဆာရောဂါများအတွက် ကောင်းကျိုးပြုသည်။
အရိုးနှင့်သွားများသန်မာစေနိုင်
လိုက်ချီးသီးတွင် ကယ်လ်စီယမ်၊ ဖော့စဖရပ်စ် နှင့် မဂ္ဂနီဆီယမ် စသည့်သတ္တုဓာတ်များ ပါရှိသောကြောင့် အရိုးနှင့်သွားများ ကြီးထွားမှုအတွက် အလွန် အရေးပါသဖြင့် ကြီးထွားဖွံ့ဖြိုးဆဲကလေးများ စားသုံး သင့်သည်။
နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်
လိုက်ချီးသီးတွင်ပါဝင်သည့် Polyphenols နှင့် Flavonoids တို့သည် ရောင်ရမ်းမှုကိုလျှော့ချရာတွင် ကူညီပေးနိုင်ပြီး နာတာရှည်ရောင်ရမ်းခြင်းနှင့် ဆက်နွှယ်သည့်ရောဂါများကို ထပ်မံကာကွယ်ပေးနိုင်သည်။
ထို့ကြောင့် လိုက်ချီးသီးစားသုံးခြင်းဖြင့် နာကျင်မှုကို လျော့ကျစေပြီး ဂလင်းများရောင်ရမ်းမှုကို သက်သာစေနိုင်သကဲ့သို့ အစာအိမ်ရောင်ရမ်းနာဝေဒနာအတွက် လိုက်ချီးသီးက လွန်စွာအကျိုးဖြစ်စေသည်။
အရွယ်တင်နုပျိုစေနိုင်
လိုက်ချီးသီးတွင် အသားအရေကို ကောင်းမွန်စေ ပြီး အရေးအကြောင်းများနှင့် လျော့တွဲခြင်းများကို ကာကွယ်ပေးသော ကော်လာဂျင်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး အသားအရေတင်းရင်းမှုကိုထိန်းသိမ်းပေးသည့် ဗီတာမင်-C ကြွယ်ဝစွာပါဝင်မှု ကြောင့် အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး ပျော့ပျောင်းစေကာ အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။ ဗီတာမင်-C သည် ကော်လာဂျင် ပေါင်းစပ်မှုကိုမြှင့်တင်ခြင်းဖြင့် အသက်အရွယ်နှင့်ဆိုင်သော အရေပြားပြဿနာများဖြစ်ပွားခြင်းကို နှောင့်နှေးစေပြီး နုပျိုသောအသွင်အပြင်ကို ကြာရှည်ထိန်းထားနိုင်သည်။
တုပ်ကွေးဗိုင်းရပ်စ်များကိုတွန်းလှန်ပေးနိုင်
လိုက်ချီးသီးတွင် Oligonol (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါရှိနေသည့်အတွက် မိုးရာသီကာလ တုပ်ကွေးဗိုင်းရပ်စ်ပိုးများကို တွန်းလှန်ပေးနိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်ထဲရှိ အင်္ဂါအဖွဲ့အစည်းများထဲတွင် သွေးလည်ပတ်စီးဆင်းမှုကိုလည်း တိုးတက်ကောင်းမွန်စေသည်။
သတိပြုရန်
လိုက်ချီးသီးတွင် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါးသော်လည်းအမှည့်လွန်အသီးများတွင် အချဉ်ဓာတ်ပေါက်သည့် အရသာရှိ၍ လတ်ဆတ်သော အသီးများကိုသာ စားသုံးသင့်သည်။ အစာမရှိဘဲ လိုက်ချီးသီးစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပြီး အလွန်အကျွံစားလျှင် သွေးချိုတက်နိုင်သည်။ တစ်ရက်လျှင် လိုက်ချီးသီး ၁၀ လုံးခန့်သာစားသင့်ပြီး အစာမရှိဘဲ အလွန်အကျွံစားမိပါက သကြားဓာတ်များ၍ သွေးချိုကျခြင်းနှင့် တက်ခြင်းဖြစ်နိုင်သောကြောင့် ဆီးချို၊ သွေးချိုသမားများ ငါးလုံးထက်ပို၍မစားသင့်ပေ။
ကလေးငယ်များကိုလည်း အနည်းငယ်သာကျွေးသင့်ပြီး နံနက်စာစားပြီး (၁–၂) နာရီအကြာတွင်စားပါက အစာခြေမှုကောင်းပြီး စွမ်းအင်ရစေကာ နေ့လယ်စာစားပြီးနောက်စားပါက ပင်ပန်းမှုလျော့စေသော်လည်း ညနက်ပိုင်းစားမိပါက သကြားဓာတ်ကြောင့် အိပ်စက်ခြင်းကို ထိခိုက်နိုင်သည်။ အစာစားပြီးမှစားခြင်းက ပိုမိုကောင်းမွန်ပြီး ဆီးချို၊ သွေးချိုရောဂါအခံရှိသူများ သွေးချိုစစ်ပြီးမှစားလျှင် ပို၍ကောင်းသည်။
အချုပ်အားဖြင့်ဆိုရသော် လိုက်ချီးသီးသည် ရေငတ်ပြေစေခြင်း၊ ကိုယ်ခံအားတိုးတက်စေခြင်း၊ အသားအရေကောင်းစေခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ အပူဒဏ်လျော့စေခြင်း၊ နှလုံးသွေးကြောရောဂါနှင့် လေဖြတ်ဝေဒနာများမဖြစ်စေရန် ကာကွယ်ပေးနိုင်ခြင်း စသည့်ကျန်းမာရေးကို အထောက်အကူပြုသော ဂုဏ်သတ္တိများနှင့်ပြည့်စုံသောကြောင့် ကျန်းမာရေးနှင့်အညီ သင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း ရေးသားလိုက်ရပါသည်။
MWD
အီရန်တပ်မတော်ရဲ့ စစ်ဆင်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ဇိုဖာဂါရီက “ဟော်မုရေလက်ကြားအောက်က ဖြတ်သန်းသွားတဲ့ ရေအောက်အင်တာနက်ကြိုးတွေအတွက် အီရန်က အသုံးပြုခ ကောက်ခံသွားမယ်” လို့ မကြာသေးခင်က ကြေညာခဲ့ပါတယ်။ ဒီသတင်းက အံ့ဩစရာတော့ မဟုတ်ပေမယ့် ပင်လယ်ကွေ့ဒေသရဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦနဲ့ ပတ်သက်တဲ့တင်းမာမှုကို ပိုပြီးမြင့်တက်သွားစေခဲ့ပါတယ်။ မေလ ၁၈ ရက်ကစပြီး ဟော်မုရေလက်ကြားအခြေအနေကို Persian Gulf Strait Authority ဆိုတဲ့အဖွဲ့အသစ်က ထိန်းချုပ်လာပါတယ်။ ဒီအဖွဲ့ကိုအီရန်အမျိုးသား လုံခြုံရေးကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပြီး တီဟီရန်ကသတ်မှတ်ထားတဲ့ ရေကြောင်း သွားလာရေးစည်းမျဉ်းတွေကို လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖို့တာဝန်ယူထားပါတယ်။ အမေရိကန်နိုင်ငံကဦးဆောင်တဲ့ ရေတပ်ပိတ်ဆို့မှုကို တုံ့ပြန်ဖို့ ဒီအဖွဲ့ကိုဖွဲ့ခဲ့တာပါ။ အခုအချိန်မှာ အီရန်ကရေအောက်မှာရှိတဲ့ အင်တာနက်အခြေခံအဆောက်အဦတွေအပါအဝင် ဟော်မုရေလက်ကြားတစ်ခုလုံးကို သူတို့ရဲ့မဟာဗျူဟာ ထိန်းချုပ်နယ်မြေတစ်ခုလို သဘောထားနေပါတယ်။
တကယ်တော့ အခုလောက်အထိအခြေအနေတွေ မတင်းမာခင်ကတည်းက အီရန်မီဒီယာတွေမှာ ဟော်မုရေလက်ကြားက အင်တာနက်ကြိုးတွေအကြောင်း ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လပိုင်းတုန်းက IRIB ရုပ်သံအစီအစဉ်တစ်ခုမှာ ပထမဆုံး လူအများစိတ်ဝင်စားလာခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ကျွမ်းကျင်သူတစ်ယောက်က “ဟော်မုရေလက်ကြားမှာရှိတဲ့ အင်တာနက်ကြိုးတွေ ထိခိုက်သွားရင် ကမ္ဘာ့အင်တာနက်လမ်းကြောင်းကြီးတစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်တယ်”လို့ ပြောခဲ့ပါတယ်။ ဒီကိန်းဂဏန်းက အနည်းငယ်ချဲ့ကားသလိုဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ကမ္ဘာလုံးကိုလွှမ်းခြုံတဲ့ အင်တာနက်စနစ်မှာ အရန်လမ်းကြောင်းဆိုတာတွေရှိနေပြီး ဥရောပနဲ့အာရှကြားရှိ အချက်အလက်စီးဆင်းမှုအများစုက ပင်လယ်နီ၊ အီဂျစ်နဲ့ မြေထဲပင်လယ်လမ်းကြောင်းတွေကိုလည်း အသုံးပြုနေကြလို့ပါ။ ဒါပေမဲ့ အခုလိုမျိုး အီရန်ရဲ့ပြောဆိုလာမှုကို လုံးဝပေါ့ပေါ့တန်တန် သဘောထားလို့မရပါဘူး။ ၂၀၁၉ ခုနှစ်တုန်းက အာရပ်နိုင်ငံတွေဟာ ဒီသတိပေးချက်တွေကို “ပါရှန်ပုံပြင်တွေ” လို့ပဲ သဘောထားခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခြေအနေမှာတော့ သူတို့တွက်ချက်မှုမှားခဲ့တာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီ ၂၀၁၉ ခုနှစ်က ပြောဆိုချက်ဟာ အီရန်က အင်တာနက်ကြိုးတွေကို တကယ်ဖြတ်တောက်မယ်ဆိုတဲ့ တရားဝင်ခြိမ်းခြောက်မှု မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဟော်မုရေလက်ကြား အောက်ခြေမှာရှိတဲ့ အင်တာနက်ဆိုင်ရာ အခြေခံအဆောက်အဦတွေ ဘယ်လောက်အားနည်းချက်ရှိတယ်၊ ဒေသတွင်းစစ်ရေးတင်းမာမှုကြီးဖြစ်လာရင် ကမ္ဘာတစ်ဝန်း ဘယ်လောက်အထိ သက်ရောက်နိုင်တယ် ဆိုတာကိုပြသခဲ့တာပါ။ တကယ်တမ်းတော့ အဲ့ဒီအချိန်ကတည်းက အီရန်တို့ဟာ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦကို မဟာဗျူဟာဖိအားပေးရေး ကိရိယာတစ်ခုလို မြင်ထားပြီးသားဖြစ်ပါတယ်။
အခုမေးခွန်းက အီရန်က ဟော်မုရေလက်ကြားမှာ အင်တာနက်ကြိုးတွေကို တကယ်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာပါ။ ဒါကို နည်းပညာပိုင်းပြဿနာ တစ်ခုတည်းအဖြစ် မကြည့်သင့်ပါဘူး။ အီရန်ရဲ့ ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကြည့်ရမှာပါ။ အီရန်အတွက်တော့ အခု ရေအောက်ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦက ရေနံ၊ ရေနံတင်သင်္ဘော၊ ဆိပ်ကမ်း၊ စွမ်းအင်လမ်းကြောင်းတွေနဲ့ တန်းတူ ဖိအားပေးနိုင်တဲ့အရာတစ်ခု ဖြစ်လာနေပါတယ်။ ဒါပေမဲ့ အားနည်းချက်ရှိတယ်လို့ ထောက်ပြတာနဲ့ တကယ်သွားဖျက်တာကတော့ မတူပါဘူး။
၂၀၂၆ ခုနှစ်မှာ အီရန်က ဒီအင်တာနက်ကြိုးကိစ္စကို ထပ်ပြီးတင်လာခဲ့ပါတယ်။ ဧပြီလ ၂၂ ရက်မှာ IRGC နဲ့နီးစပ်တဲ့ Tasnim သတင်းဌာနက ပါရှန်းပင်လယ်ကွေ့မှာရှိတဲ့အင်တာနက်ကြိုးတွေနဲ့ တခြားဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦတွေရဲ့မြေပုံကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဟာက အခြေခံအားဖြင့် ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦတွေကိုလည်း စစ်ရေးပဋိပက္ခဇုန် တစ်ခုလိုမျိုး ရှုမြင်နိုင်တယ်ဆိုတဲ့ သတိပေးချက်ပဲ ဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ ပင်လယ်ကွေ့ဒေသမှာရှိတဲ့အစိုးရတွေဟာ ပင်လယ်ရေကြောင်း အင်တာနက်လမ်းကြောင်းတွေအပေါ် အီရန်ထက် ပိုမှီခိုနေရတယ်လို့ အထူးဖော်ပြထားပါတယ်။ ၂၀၂၆ ခုနှစ် မေလကိုရောက်လာတော့ အဲဒီအယူအဆက နိုင်ငံရေးနဲ့ စီးပွားရေးမဟာဗျူဟာတစ်ခုအထိ တိုးလာပါတယ်။ အီရန်အစိုးရမီဒီယာတွေက ဟော်မုရေလက်ကြားကိုဖြတ်သွားတဲ့ အင်တာနက်ကြိုးတွေအတွက် ပြည်ပနည်းပညာ ကုမ္ပဏီတွေဆီက အခကြေးငွေကောက်ခံနိုင်တယ်ဆိုတဲ့ အယူအဆကို စတင်အားပေးလာပါတယ်။
ဒါက အသုံးပြုခကောက်ခံမယ်ဆိုတာတင် မဟုတ်ပါဘူး။ အီရန်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရ၊အင်တာနက်ကြိုးထိန်းသိမ်းမှုနဲ့ ပြုပြင်ရေးလုပ်ငန်းတွေကိုလည်း အီရန်ကပဲ ထိန်းချုပ်ချင်တယ်ဆိုတဲ့ အဆင့်အထိ ရောက်လာတာပါ။
စစ်ရေးအရကြည့်မယ်ဆိုရင်လည်း အီရန်မှာ အခုလောက်အထိခြိမ်းခြောက်လာနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဟော်မုရေလက်ကြားမှာက ရေတိမ်တယ်။ သင်္ဘောသွားလာမှုများတယ်။ အင်တာနက်ကြိုးတွေကလည်း ရေအောက်မှာ တိုက်ရိုက်ထိတွေ့နေရတဲ့ အရာတွေဖြစ်ပါတယ်။ တကယ်တော့ ရေအောက်အင်တာနက်ကြိုးတွေ ပျက်စီးမှုအများစုက ဖျက်ဆီးမှုကြောင့်မဟုတ်ဘဲ သင်္ဘောကျောက်ဆူးတွေ၊ ငါးဖမ်းပစ္စည်းတွေ၊ ရေလမ်းကြောင်း အမှားအယွင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီကြိုးတွေအနေနဲ့ထိခိုက်သွားနိုင်တဲ့ အန္တရာယ်က တကယ်ရှိပါတယ်။ ဒါပေမဲ့ အင်တာနက်ကြိုးကိုတကယ်သွားဖြတ်တာက အီရန်အတွက် အန္တရာယ်ကြီးတဲ့ လှုပ်ရှားမှုဖြစ်လာနိုင်ပါတယ်။ အမေရိကန်၊ ပင်လယ်ကွေ့နိုင်ငံတွေ၊ နည်းပညာကုမ္ပဏီကြီးတွေက ဒါကိုတုံ့ပြန်မှုလို့ မမြင်ဘဲ နိုင်ငံတကာအတွက်အရေးကြီး အခြေခံအဆောက်အဦကို တိုက်ခိုက်တာလို့ မြင်သွားနိုင်ပါတယ်။ နောက်ပြီး ဒီလိုမျိုးဖျက်ဆီးမှုလုပ်ရင် ဖုံးဖိထားဖို့လည်းခက်ပါတယ်။ ဟော်မုဒေသက စစ်ရေး စောင့်ကြည့်မှု အလွန်ပြင်းထန်တဲ့နေရာပါ။ တစ်ခုခုဖြစ်တာနဲ့ အီရန်ရဲ့ရန်သူတွေက ပြင်းထန်တဲ့ တုံ့ပြန်မှုလုပ်ဖို့ အကြောင်းပြချက်ရသွားနိုင်ပါတယ်။
လက်ရှိဟော်မုရေလက်ကြားအောက်မှာ အဓိက ဆက်သွယ်ရေးစနစ်ကြီး ခုနစ်ခုရှိပြီး အင်တာနက်ကြိုးလိုင်းပေါင်း ၁၇ ခုလောက် ဖြန့်ကြက်ထားပါတယ်။
အဲဒီအင်တာနက်ကြိုးတွေကို စစ်အင်အားမရှိဘဲ ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အခြေခံအဆောက်အဦတွေက ရေအောက်မှာအရှည်ကြီး ဖြစ်နေပြီး ရုပ်ပိုင်းအရ ထိတွေ့နိုင်ခြေပိုများပါတယ်။
ဒါပေမဲ့ လတ်တလောအခြေအနေတွေမှာ တွေ့ရသလို နှစ်ဖက်စလုံးက စစ်သင်္ဘောတွေကို အန္တရာယ်ရှိတဲ့နေရာမှာ မထားချင်ကြပါဘူး။ အင်တာနက်ကြိုးပျက်သွားရင် ပြုပြင်ရေးလုပ်ဖို့ကလည်း အလွန်ခက်ပါတယ်။ ပြုပြင်ရေးအတွက် အထူးဖန်တီးထားတဲ့ပြုပြင်ရေး သင်္ဘောတွေသွားရမယ်၊ လုံခြုံရေးကိုအာမခံရမယ်။
စစ်ရေးတင်းမာမှုတွေရှိနေတဲ့အချိန်မှာ အင်ဂျင်နီယာ ပြဿနာကနေ နိုင်ငံရေးနဲ့ စစ်ရေးပြဿနာအဖြစ်ချက်ချင်းပြောင်းသွားနိုင်ပါတယ်။ အီရန်ရဲ့တိုက်ရိုက်ခွင့်ပြုချက် ဒါမှမဟုတ် အနည်းဆုံး သဘောတူမှုမရှိရင် ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
ဒါကြောင့် အီရန်အတွက် အင်တာနက်ကြိုးတွေကို တကယ်ဖြတ်စရာမလိုဘဲ ဖြတ်နိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့တင် ထိတ်လန့်စရာကောင်းနေပါတယ်။
တကယ်ပျက်စီးသွားရင် ပင်လယ်ကွေ့နိုင်ငံတွေမှာ အင်တာနက်အမြန်နှုန်းတင်မဟုတ်ဘဲ Cloud ဝန်ဆောင်မှု၊ ဘဏ်လုပ်ငန်းစနစ်၊ စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ ပလက်ဖောင်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးစနစ်တွေအထိ ထိခိုက်သွားနိုင်ပါတယ်။ AWS၊ Microsoft တို့လို ဒေတာစင်တာကြီးတွေရှိတဲ့ ဥရောပတောင်ပိုင်းနဲ့ ချိတ်ဆက်မှုပျက်သွားရင် ပိုပြီးအရေးကြီးလာနိုင်ပါတယ်။ အချက်အလက်စီးဆင်းမှု လမ်းကြောင်းတွေကို တခြားလမ်းကြောင်းတွေဆီ အလျင်အမြန် ပြောင်းလဲရမယ်ဆိုရင် ကွန်ရက်အပေါ် ဖိအားတက်လာမယ်။ အဲ့ဒီအခါ အင်တာနက်အမြန်နှုန်းနှေးတာ၊ အင်တာနက်မတည်ငြိမ်တာ၊ cloud ပလက်ဖောင်းထဲဝင်မရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ အပေါ်ကပြောခဲ့သလိုပဲ အင်တာနက်ကြိုးတစ်ခုတည်းပျက်သွားရုံနဲ့ ကမ္ဘာ့အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးပြတ်တောက်သွားမယ်ဆိုတာတော့ မဟုတ်ပါဘူး။ အရန်လမ်းကြောင်းတွေ ရှိနေပါတယ်။
ဒါပေမဲ့ အင်တာနက်ကြိုးအများကြီးက တစ်ပြိုင်နက်ပျက်သွားရင်တော့ ပင်လယ်ကွေ့နိုင်ငံတွေမှာ ဘဏ်လုပ်ငန်း၊ ဒစ်ဂျစ်တယ်အစိုးရလုပ်ငန်းစနစ်၊ သတင်းအချက်အလက်ပေးပို့မှုစနစ်တွေအထိ ထိခိုက်နိုင်ပါတယ်။ တခြားအင်တာနက်ဝန်ဆောင်မှုတွေ ကမ္ဘာတစ်ဝန်းလုံးပျောက်သွားတာမျိုးတော့ မဖြစ်နိုင်ပေမယ့်ဒေသတချို့မှာ ဆက်သွယ်မှုမတည်ငြိမ်တာတွေ ဖြစ်လာနိုင်ပါတယ်။
လေ့လာသူအများစုကတော့ အီရန်က အင်တာနက်ကြိုးကို တကယ်သွားဖြတ်ဖို့ထက် ဖြတ်နိုင်တယ်ဆိုတဲ့ခြိမ်းခြောက်မှုကို ဖိအားအဖြစ်သုံးဖို့ပိုများနေတယ်လို့ သုံးသပ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီအင်တာနက်ကြိုးတွေက ပစ်မှတ်ဖြစ်နိုင်တယ်လို့ပြောရုံနဲ့တင် ဈေးကွက်ရဲ့ပုံစံပြောင်းသွားပါတယ်။
တကယ်အင်တာနက်ကြိုးကိုဖြတ်လိုက်တာကတော့ နောက်ဆုံးအဆင့် တင်းမာမှုဖြစ်ပြီး စစ်ရေးတင်းမာမှု အလွန်မြင့်သွားမှသာ ဖြစ်နိုင်ပါတယ်။ လက်ရှိ အီရန်ရဲ့ ဖိအားပေးမဟာဗျူဟာအရ ဒါဟာ အကျိုးအမြတ်အရှိဆုံး လုပ်ရပ်မဟုတ်သေးဘူးလို့ လေ့လာသူတွေကမြင်နေကြပါတယ်။ ။
MWD

