သတင်းများ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ MSME လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ
မန္တလေး မေ ၂၆ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ တွေ့ဆုံသည်။တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတော်အကျိုးအတွက် လက်ရှိကာလတွင် တက်တက်ကြွကြွ သက်ဝင်လှုပ်ရှား ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ထုံးလုပ်နည်းများ လွဲမှားမှုမရှိစေလိုကြောင်း၊ လွှတ်တော်ဆိုသည်မှာ သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် နေရာတစ်ခုဖြစ်ပါကြောင်း။ဥပဒေပြုလုပ်ငန်းသည် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ပြီး လွှတ်တော်သည် နိုင်ငံသူနိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်ရှိပါကြောင်း၊ သို့ဖြစ်၍ ခေတ်စနစ်နှင့် မလျော်ညီသည့်တည်ဆဲဥပဒေများကို စနစ်တကျလေ့လာပြီး ပြင်ဆင်၊ ဖြည့်စွက်ပြဋ္ဌာန်းပေးရန်လိုပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေကို လေ့လာသုံးသပ်ပြီး ခေတ်နှင့်လျော်ညီသည့် ဥပဒေများပြဋ္ဌာန်ပေးရန်လိုပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်ရေးအတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ မူကြမ်းရေးဆွဲ၍ ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် လွှတ်တော်အနေဖြင့်လည်း ယခုကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေးတွင် အဆိုပါအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမူကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ပြည်သူများအနေဖြင့်လည်း မိမိတို့လွှတ်တော်အပေါ် မျှော်လင့်ချက် ယုံကြည်ချက်ထားရှိနေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းများ တင်သွင်းမေးမြန်းရာတွင် ပြည်သူများ၏ အမှန်တကယ်လိုအပ်သည်များကို တင်သွင်းမေးမြန်းရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် မိမိတို့ မဲဆန္ဒနယ်မြေအကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒကိုအသေးစိတ်သိရှိရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်တွင် အချိန်နှင့် တစ်ပြေးညီတင်ပြ၍ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လွှတ်တော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်း မျက်ခြည်မပြတ် မှတ်သားလေ့လာပြီး လွှတ်တော်ကဏ္ဍမှ ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်နှင့်အစိုးရ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု လိုအပ်ချက်များကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း။လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်စေရန်အတွက် အစိုးရ၏မူဝါဒသိရှိနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၊ မျက်မှောက်ခေတ် နိုင်ငံတကာသတင်းများကို မျက်ခြည်မပြတ် လေ့လာကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲမထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကိုရှေးရှုပြီးဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့လက်ထက်တွင် ပိုမိုကောင်းမွန်သည့် လွှတ်တော်များဖြစ်လာစေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးသော ကိုယ်စားလှယ်များဖြစ်ရန်နှင့် ပြည်သူလူထုက ယုံကြည်ထိုက်သူများဖြစ်ရန် ကြိုးစားသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့လွှတ်တော်သည် ထူးထူးခြားခြား ပြည်သူ့အကျိုးပြုသည့် လွှတ်တော်ဖြစ်စေလိုကြောင်း ပြောကြားသည်။ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမအား ကြည့်ရှုစစ်ဆေးပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံရာ မိမိတို့လွှတ်တော်သည် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲမှ သက်ဆိုင်ရာမဲဆန္ဒရှင်ပြည်သူများက စိတ်ကြိုက်ရွေးချယ်ပေးလိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ လွှတ်တော်များသည် ပြည်သူများ၏ဆန္ဒနှင့်အညီ ရွေးချယ်ပေးလိုက်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသဖြင့် ပြည်သူနှင့် အနီးကပ်ဆုံးအဖွဲ့အစည်း တစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးရမည့် တာဝန်ရှိပါကြောင်း၊ လွှတ်တော်သည် ပြည်သူနှင့်အစိုးရအကြား ပြည်သူများ၏လိုအပ်ချက်များကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူအားကိုးရာ နေရာ တစ်ခုဖြစ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့မိမြို့ဖနှင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏အခက်အခဲနှင့် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက လွှတ်တော်အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးတင်ပြပေးကြရန်နှင့် လွှတ်တော်များမှလည်း သက်ဆိုင်ရာနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လိုအပ်ပါက ဥပဒေအဖြစ် ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်းပေးခြင်းများ ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ ယခုတင်ပြလာသော လူပုဂ္ဂိုလ်တစ်ဦးချင်း ဆိုင်ရာအခက်အခဲများ၊ အများနှင့်သက်ဆိုင်သည့် အခက်အခဲများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော MSME အခက်အခဲများနှင့် ပတ်သက်သည့် တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်စိစစ်ခြင်းနှင့် လိုအပ်ပါက ဥပဒေအဖြစ်ပြဋ္ဌာန်း ဆောင်ရွက်နိုင်ရေးကို ဥပဒေပြုလွှတ်တော်အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။သတင်းစဉ်MOI
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
နေပြည်တော် မေ ၂၇နယ်မြေလုံခြုံရေးအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဒေသတဝိုက်၌ နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိုတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေ့စဉ်လူမှုစီးပွားဘဝများတွင် စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် အသက်ကိုပဓာနမထားဘဲ ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံသားကောင်းတပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။MOI
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ရောက်ရှိနေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ချင်းပြည်နယ်၊ တီးတိန်မြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်
နေပြည်တော် မေ ၂၇တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံဒေသများကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုရရုံးဌာနများနှင့် သာသာရေးဆိုင်ရာ အဆောက်အအုံများအား အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံ အစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ၂၅ ရက်တွင် နေပြည်တော်နှင့် မန္တလေးမြို့တို့မှ တပ်မတော်လေယာဉ်များဖြင့် ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။အဆိုပါကလေးမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို မေလ ၂၆ ရက်နေ့တွင် ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဖလမ်းမြို့သို့ ပို့ဆောင်ပေးခဲ့သည်။ယနေ့တွင်လည်း ကလေးမြို့တွင်ရောက်ရှိနေပြီး တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့ ပို့ဆောင်ရန်ကျန်ရှိသော နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ် မြေ၊ သွပ်၊ သံများနှင့် လူသုံးကုန်ပစ္စည်းများကို ကလေးမြို့မှတစ်ဆင့် တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ ညနေပိုင်းတွင် တီးတိန်မြို့သို့ရောက်ရှိခဲ့ကြောင်း သိရှိရသည်။အဆိုပါ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ တွန်းဇံမြို့သို့ ပို့ဆောင်ရန်ကျန်ရှိသည့် ကုန်ပစ္စည်းများကို ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏လိုအပ်ချက်အပေါ်မူတည်ပြီး ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။MOI
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
နေပြည်တော် မေ ၂၇နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် ရွှေကျင်-ဘောကထနှင့် ဒေသတဝိုက်၌ နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီးပြန် လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေ့စဉ်လူမှုစီးပွားဘဝများတွင် စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် အသက်ကိုပဓာနမထားဘဲ ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသော ရှေ့တန်းပြန်နိုင်ငံသားကောင်းတပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း၊ ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။MOI
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၄ ထပ်လူနေအဆောက်အအုံ ၃ လုံးအား စနစ်တကျထပ်မံဖြိုချဖျက်ဆီး
နေပြည်တော် မေ ၂၇မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝပြန်လည်အခြေချခြင်းမရှိစေရေး ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းလျက်ရှိသည်။ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသော ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျ ဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား ထပ်မံဆောင်ရွက်ခြင်းမပြုနိုင်စေရေးအတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံးအား အဆောက်အအုံအမျိုးအစားအလိုက် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံး၊ ဖောက်ခွဲ၍ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံး ခွဲခြားသတ်မှတ်၍ စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန်သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးကို ယာဉ်၊ ယန္တရားများအသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် စုစုပေါင်းအဆောက်အအုံ ၉ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ရာ ဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံ ၆၈ လုံး ကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့အား ဆက်လက်၍ စနစ်တကျဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။MOI
မကွေးမြို့နယ်၌ ငွေကျပ်သိန်း ၄၅၀၀ တန်ဖိုး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၂၀၇ သိန်းတန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိ
နေပြည်တော် မေ ၂၆မကွေးမြို့နယ်၌ ငွေကျပ်သိန်း ၄၅၀၀ တန်ဖိုး၊ ပြည်ကြီးတံခွန် မြို့နယ်၌ ငွေကျပ် ၂၀၇ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရမေ ၂၄ ရက် ညနေ ၆ နာရီခွဲတွင် မကွေးမြို့နယ် ကန်ပြားကျေးရွာအနီးတွင် တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်နေ ဟန်မင်းကို(ခ)မင်းမင်း (၄၈) နှစ် မောင်းနှင်လာသော TOYOTA LANDCRUISER PRADO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ (တစ် ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၅၀၀) ဖမ်းဆီးရမိသဖြင့် ဟန်မင်း ကို(ခ)မင်းမင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။ထို့အတူ မေ ၂၄ ရက် ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်ရှိ ကားဂိတ်၌ မီနီအိုးဝေဖြင့် တန်ဆာပစ္စည်း လာရောက်ထုတ်ယူသူ အောင်မြေသာစံမြို့နယ် ရွှေလောင်းညွန့်ရပ်ကွက်နေ ညီညီဝိုင်း(၃၉)နှစ်အား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၉ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၀၇ သိန်း) ဖမ်းဆီးရမိသဖြင့် ညီညီဝိုင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။သတင်းစဉ်MOI
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား လေးဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့
နေပြည်တော် မေ ၂၆နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ် လျက်ရှိသည်။ထိုသို့ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦး၊ နီပေါနိုင်ငံသားတစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသားလေးဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်း စံလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မေ ၂၆ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၁၄၆၈၉ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသား အားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၆၈ ဦးတွင် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၅၀၆ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ် နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။သတင်းစဉ်MOI
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အအုံသစ် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော် မေ ၂၆အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အအုံသစ်ဆောက်လုပ်မည့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် ရွှေကြာပင်လမ်းနှင့် မြတ်မင်္ဂလာလမ်းထောင့်ရှိ မြေနေရာ၌ ကျင်းပသည်။အခမ်းအနားသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် အင်ဂျင်နီယာချုပ်များ တက်ရောက်ကြသည်။ဦးစွာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆောက်လုပ်မည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အဆောက်အအုံသစ်နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။ထို့နောက် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက ဗဟိုပန္နက်တိုင်ကိုလည်းကောင်း၊ ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်တို့က သတ်မှတ်နေရာအသီးသီးရှိ ပန္နက်တိုင်များကိုလည်းကောင်း မင်္ဂလာပန္နက်တော်တင်ကြပြီး မင်္ဂလာပန်းကြဲခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ကြကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန တည်ဆောက်မည့်နေရာအား လိုက်လံကြည့်ရှုသည်။အဆိုပါ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန နှစ်ထပ်အဆောက်အအုံသစ်အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ကျခံသုံးစွဲတည်ဆောက်ခြင်းဖြစ်ပြီး မြေဧက ၈ ဒသမ ၅ ဧက အကျယ်အဝန်းရှိကြောင်း၊ အဆောက်အအုံ၏ ပထမထပ်တွင် စုစုပေါင်းအခန်း ၄၁ ခန်းနှင့် မြေညီထပ်တွင် အစည်းအဝေးများပြုလုပ်နိုင်ရန် အင်အား ၁၈၀ ခန့် ဝင်ဆံ့သည့် ခန်းမတစ်ခန်း၊ ၂၀၀ ခန့်ဝင်ဆံ့သည့် ထမင်းစားခန်းတစ်ခန်းအပါအဝင် စုစုပေါင်း ၄၂ ခန်း ပါဝင်ကြောင်းနှင့် ငလျင်ဒဏ်ခံ နှစ်ထပ်အဆောက်အအုံဖြစ်ကြောင်း သိရသည်။သတင်းစဉ်MOI
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
နေပြည်တော် မေ ၂၆နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဟိုမိန်းဒေသ တစ်ဝိုက်စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။MOI