ဆွေးနွေးချက်များ

ကျွန်တော်တို့က အရာရာကို အသစ်နဲ့သွားရမယ့်အချိန် ရောက်ရှိလာပါပြီ။ အစိုးရအဖွဲ့အစည်းမှာ တာဝန်ယူကြမယ့်သူတွေအတွက် ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေက သဲတစ်ပွင့်ဖြစ်ခဲ့ရင် ကျေနပ်ပါတယ် ...

ဦးညိုအုန်းမြင့် (အကြံပေး၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့)

နေပြည်​တော် မတ် ၁၄

မြန်မာ့မျက်နှာစာသစ်ဖိုရမ်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ နှစ်ရက်တာကာလ ဖိုရမ်မှရရှိခဲ့သည့် အသိအမြင်၊ ဗဟုသုတ၊ အကြံပြုချက်၊ သုံးသပ်ဆွေးနွေးချက်များက အ​ခြေခံမျှသာဖြစ်​သော်လည်း မိမိတို့အ​တွေ့အကြုံများနှင့်​ပေါင်းစပ်၍ ဆက်လက်​ဆောင်ရွက်သွားပါက နိုင်ငံဖွံ့ဖြိုးတိုးတက်​ရေးကို များစွာအ​ထောက်အပံ့ဖြစ်​ပေမည်။ ပါဝင်ဆွေးနွေးပေးကြသည့် ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်သူများ အားလုံးတွင် နိုင်ငံကို ပိုမိုတိုးတက်ကောင်းမွန်စေလိုသည့် တူညီသောစိတ်စေတနာကို အထင်းသားမြင်တွေ့ရပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီစွာ ရှေ့ဆက်နိုင်ရန် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ရာ တက်ရောက်လာသူများ၏ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ရပါသည် -

ဦးညိုအုန်းမြင့် အကြံပေး၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့

ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲက အနာဂတ်မှာ နိုင်ငံကို ဘယ်လိုဆက်လက်သွားမယ်ဆိုတာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို လမ်းညွှန်သွားပါတယ်။ ကျွန်တော် သဘာပတိအဖြစ် ဆောင်ရွက်မယ့်အစီအစဉ်မှာ ဒစ်ဂျစ်တယ်စီးပွားရေးကို ဘယ်လိုဖော်ဆောင်ကြမလဲ၊ လူသားအရင်းအမြစ်တွေကို ဒီထက်ပိုပြီးအကျိုးရှိအောင် ဘယ်လိုလုပ်မလဲ၊ အစိုးရသစ်နဲ့ လွှတ်တော်အသစ် အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုသွားကြမလဲဆိုတာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက အသိအမြင်ဗဟုသုတများတဲ့သူတွေဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရှင်တွေက ဘက်ပေါင်းစုံက အသိပညာတွေကို မျှဝေပေးကြတဲ့ ဖိုရမ်ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အတွေ့အကြုံ၊ အတွေးအမြင်တွေကို အမြဲတမ်းလေ့လာ သင်ယူနေရပါတယ်။ နိုင်ငံအတွက် အကျိုးရှိမယ့် စိုက်ပျိုးရေး၊ စီးပွားရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး စသဖြင့်ကဏ္ဍစုံမှာ နိုင်ငံတကာပညာရှင်တွေရဲ့ အကြံပြုချက်တွေ၊ ကျွန်တော်တို့ရဲ့ ဆွေးနွေးချက်တွေက​နေ အကျိုးရှိရှိ အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုဆိုရင် ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိလာပါပြီ။ ကျွန်တော်တို့က အရာရာကို အသစ်နဲ့သွားရမယ့်အချိန် ရောက်ရှိလာပါပြီ။ အစိုးရအဖွဲ့အစည်းမှာ တာဝန်ယူကြမယ့်သူတွေအတွက် ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေက သဲတစ်ပွင့်ဖြစ်ခဲ့ရင် ကျေနပ်ပါတယ်။ အသစ်တစ်ခုကိုသွားဖို့ ဒီဖိုရမ်က ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပိုမိုကောင်းမွန်တဲ့ နိုင်ငံတစ်ခုကို ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်၊၊

ဒေါက်တာနိုင်ဆွေဦး ဒါရိုက်တာ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့

အခွင့်အလမ်းနှင့်စိန်ခေါ်မှုအပိုင်း(၂)မှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးကနေ စက်မှုစီးပွားကူးပြောင်းရာမှာ အခွင့်အလမ်းတွေ၊ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍ၊ လုပ်သားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ အခြေခံအဆောက်အအုံတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံအတွက်အရေးကြီးတဲ့ စွမ်းအင်ကဏ္ဍကိုလည်း ဆွေးနွေးခဲ့ပါတယ်။ မကြာခင်စတင်တော့မယ့် လွှတ်တော်ကို တက်ရောက်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကို ပညာရှင်တွေက လေ့လာထားတဲ့ အတွေ့အကြုံ၊ ပညာရပ်တွေ၊ အချက်အလက်တွေ မျှဝေပေးခြင်းအားဖြင့် ဥပဒေပြဋ္ဌာန်း ပြင်ဆင်ရေးကဏ္ဍတွေမှာ အကျိုးပြုပေးနိုင်မှာဖြစ်ပါတယ်။ ဒီဖိုရမ်ကတစ်ဆင့် ထွန်းလင်းတောက်ပပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကို မြင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒေါ်သိင်္ဂီဝင်းရွှေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ပညာရှင်တွေက သူတို့ရဲ့အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ လေ့လာဆည်းပူးထားတဲ့ အသိပညာတွေကို ဆွေးနွေးပြောကြားပေးတဲ့အတွက် ဖိုရမ်ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲကို ကျေးဇူး တင်ပါတယ်။ ဒီဖိုရမ်ကရရှိတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ပြန်လည်အသုံးချပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အမျိုးသားအကျိုးစီးပွားအတွက် အကောင်းဆုံးတာဝန်ထမ်းဆောင်သွားမှာဖြစ်ပါ တယ်။​

ရောင်နီသစ်ပြီဖြစ်တဲ့အတွက် ကျွန်မတို့နိုင်ငံက ကောင်းတဲ့အလားအလာ၊ အခွင့်အလမ်းတွေအများကြီးရရှိနေပြီဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း နိုင်ငံ့ကောင်းကျိုးအတွက် အားလုံးပူးပေါင်းပြီး တက်ညီလက်ညီနဲ့ ကြိုးစားဖော်ဆောင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ကျွန်မတို့အနေနဲ့လည်း​ နိုင်ငံရဲ့လိုလားချက်တွေ၊ ဖြစ်နေတဲ့အခင်းအကျင်းတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး အကောင်းဆုံးမှတ်တမ်းရေးထိုးနိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။​

ဦးသန်းရွှေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ဒီဖိုရမ်က နိုင်ငံအတွက် အများကြီးအကျိုးရှိပါတယ်၊၊ ပထမနေ့မှာ ပညာရှင်တွေက Green Economy ကနေ စိုက်ပျိုးရေးကိုအခြေခံတဲ့ Land Reform ကို ဆွေးနွေးပေးသွားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တန်ဖိုးရှိပါတယ်။ ကျန်ရှိနေတဲ့ကဏ္ဍတွေမှာလည်း အများကြီးပြောင်းလဲဖို့လိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ကြရမှာဖြစ်ပါတယ်။ ဒီဖိုရမ်ကနေ ဗဟုသုတတွေ၊ အတွေးအမြင်သစ်တွေ အများကြီးရရှိတဲ့အတွက် အကျိုးရှိပါတယ်လို့ ပြောချင်ပါတယ်။

ဦးစိုင်းခမ်းလင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ဖိုရမ်က နိုင်ငံတည်ဆောက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ သိသင့်သိထိုက်တဲ့ အတွေးအမြင်တွေကို ပြည့်ပြည့်စုံစုံသိရှိစေပါတယ်။ ပြည်တွင်း၊ ပြည်ပပညာရှင်တွေပေးတဲ့ အသိပညာ ဝေမျှမှုတွေက ထိရောက်ပါတယ်။ ဒီလိုဖိုရမ်တွေ မကြာခဏကျင်းပပေးစေချင်ပါတယ်။ ကိုယ်တိုင်လေ့လာတာထက် ပညာရှင်တွေ မျှဝေပေးတာက အသိပညာတွေကို တစ်စုတစ်စည်းတည်းရရှိလိုက်တဲ့အတွက် အင်မတန် တန်ဖိုးရှိပါတယ်။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမယ့်သူတွေဖြစ်တဲ့အတွက် ဒီလိုဖိုရမ်က အကျိုးကျေးဇူးများစွာရရှိစေပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ မိမိရဲ့တာဝန်လို့ ခံယူထားပြီး ပြည်သူကို အကျိုးပြုဖို့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒေါ်နန်းဝိုးစိန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဒီဖိုရမ်က ထိရောက်တဲ့အသိပညာတွေ ရရှိစေပါတယ်။ မြန်မာ့မျက်နှာစာသစ်ဖိုရမ်က ဒေသအားလုံးကို အကျိုးပြုမယ့် ဖိုရမ်တစ်ခုဖြစ်ပါတယ်။ တောင်ပေါ်ဒေသရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးနဲ့ Telecommunication ကောင်းမွန်ဖို့၊ ဈေးကွက်စီးပွားရေးရရှိအောင် ဆောင်ရွက်နိုင်ဖို့ ဒီဖိုရမ်ကနေ အသိပညာတွေရရှိပါ တယ်။ ကျွန်မတို့ ရှမ်းပြည်နယ်နဲ့ အနီးစပ်ဆုံးက ထိုင်းနဲ့တရုတ်နိုင်ငံဖြစ်ပါတယ်။ ​​ဆွေး​နွေးချက်​​တွေက​နေ ငွေကြေးလဲလှယ်မှုနဲ့ တရားမဝင်ဖြစ်နေတဲ့ကိစ္စတွေ၊ ငွေလွှဲပြောင်းမှုတွေကို တရားဝင်ဆောင် ရွက်နိုင်တယ်ဆိုတာကို သိရှိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အမေးအရေး-သန့်ကျော်စွာ 

moi

မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အိန္ဒိယနိုင်ငံအနေနဲ့ ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်(H.E. Mr. Abhay Thakur (မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး))

နေပြည်တော် မတ် ၁၃ 

မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) "Forum on The Dawn of A New State "(Trust , Stability & Development)ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC I) ၌ မတ် ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တာ ကျင်းပလျက်ရှိသည်။

အဆိုပါဖိုရမ်သို့ နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပပညာရှင်များ၊ ပြည်တွင်းနိုင်ငံရေးသုတေသီများ၊ မြန်မာနိုင်ငံအရေး စိတ်ပါဝင်စားကြသူများ တက်ရောက်ဆွေးနွေးကြရာ ဖိုရမ်တက်ရောက်သူများ၏ မျှော်မှန်းချက်များ၊ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ရပါသည်။

H.E. Mr. Abhay Thakur  (မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး)

အခုလို ထူးခြားတဲ့အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အစိုးရအသစ်ဖွဲ့စည်းပြီး လွှတ်တော်အသစ်၊ ခေါင်းဆောင်အသစ်တွေ ပေါ်ထွန်းမယ့်ကာလဖြစ်တဲ့အပြင် သမိုင်းဝင်အကူးအပြောင်းကာလလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာအခုကျင်းပတဲ့ ဆွေးနွေးပွဲကတစ်ဆင့် အနှစ်သာရပြည့်ဝတဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေသတွင်း ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍကို အနည်းငယ်ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံက အိန္ဒိယ၊ တရုတ်၊ အာဆီယံအစရှိတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှုဆိုင်ရာကဏ္ဍတွေ ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိနေပါတယ်။ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာ အားကောင်းလာမယ်ဆိုရင် မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် ကုန်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်ကဏ္ဍ၊ ခရီးသွားလုပ်ငန်း အစရှိတဲ့ ကဏ္ဍတွေဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်မှုကို အိန္ဒိယနိုင်ငံရဲ့ မြင်တွေ့လိုတဲ့ဆန္ဒ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အိန္ဒိယနိုင်ငံအနေနဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။ 

ဦးခင်ရီ  (ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

ဒီဖိုရမ်က မြန်မာ့စာမျက်နှာသစ်အတွက် ကဏ္ဍအသီးသီးမှာ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကို Brainstorming လုပ်တဲ့ အစီအမံလို့ယူဆပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး တက်ရောက်ကြပြီး သံတမန်တွေနဲ့ ဆက်စပ်တဲ့ကဏ္ဍအသီးသီးကိုလည်း ဖိတ်ကြားထားပါတယ်။ ဒီနေ့ဆွေးနွေးပွဲ က သေသေချာချာနားထောင်သင့်တဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်။ မျက်နှာစာသစ်မှာ စီးပွားရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသဖြင့် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အချက်တွေပါဝင်မယ်လို့ထင်ပါတယ်။ အနာဂတ်မှာ လှမ်းမယ့်ခြေလှမ်းတွေနဲ့ပတ်သက်ပြီး ဒီမှာအကြမ်းအားဖြင့် ချပြမယ်လို့ယုံကြည်ပါတယ်။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ပြီးရင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ပေါ်လာပြီး သီးခြားစီအပြန်အလှန် ထိန်းကျောင်းပြုပြင်သွားမယ်ဆိုတဲ့ သဘောရှိပါတယ်။ 

အခုကျင်းပတဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှာ ယုံကြည်မှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ လွှတ်တော်နဲ့သက်ဆိုင်တဲ့ ဥပဒေပြုလုပ်ငန်းတွေနဲ့ နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးလုပ်ဆောင်မယ့် လုပ်ငန်းတွေလည်း ပါလာမှာဖြစ်ပါတယ်။ နောင်လာမယ့်အစိုးရသစ်မှာ ဒါဟာအင်မတန်ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုစတင်လိုက်တယ်လို့မြင်ပါတယ်။ ဒီဖိုရမ်နဲ့ပတ်သက်ပြီး အများကြီးမျှော်လင့်ထားပါတယ်။ လက်ရှိအချိန်ထက် ပိုပြီးကောင်းမွန်ဖို့ပဲရှိပါတယ်။ 

ဒီလိုဖိုရမ်တွေက လုပ်သင့်ပါတယ်။ ပြည်တွင်း ပြည်ပပညာရှင်တွေလည်း တက်ရောက်တဲ့အတွက် ပညာရှင်တွေရဲ့ အတွေးအမြင်တွေလည်း ကြားသိရတယ်။ နောင်ဆက်လက်ဖော်ဆောင်မယ့် လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတွေလို့ မြင်ပါတယ်။ အင်မတန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ 

ဦးကိုကို (ဥက္ကဋ္ဌ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့)

မကြာမီ မြန်မာနိုင်ငံမှာ လွှတ်တော်အစည်းအဝေးတွေကျင်းပပြီး လွှတ်တော်ကနေတစ်ဆင့် ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့တွေလည်း ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်တစ်ခုကို ပြန်လည်ဖော်ဆောင်ခြင်းဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်သစ်တစ်ခုကို ဖော်ထုတ်ထုဆစ်ကြရမယ့် အချိန်ကာလဖြစ်ပါတယ်။ ဒီဖိုရမ်ကြီးကို အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာရှိတဲ့ ကိုယ်စားလှယ်တွေ စုံစုံညီညီတက်ရောက်ကြတဲ့အပြင် တခြားသောနိုင်ငံရေးပါတီတွေက ပါတီခေါင်းဆောင်တွေအပါအဝင် ပညာရှင်တွေလည်း တက်ရောက်ကြပါတယ်။

ရည်ရွယ်ချက်ကတော့ ဒီလိုမျိုး အကူးအပြောင်းကာလမှာ အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွသွားကြမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အတွေ့အကြုံရှိတဲ့ နိုင်ငံတကာပညာရှင်တွေ၊ ပြည်တွင်းပညာရှင်တွေက သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ တွေ့ကြုံ၊ ဖြတ်သန်း၊ သင်ယူ၊တတ်မြောက်ထားခဲ့တဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေ၊ အထူးသဖြင့် စီးပွားရေး၊ နိုင်ငံရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံ၊ အသိအမြင်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြခြင်းဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ပြည်သူတွေရဲ့ အသံကိုနားထောင်ပြီး ပြည်သူကို ကိုယ်စားပြုဆောင်ရွက်ရပါတယ်။ ဒီနေရာမှာ ပြည်သူ့ကိုယ်စားလှယ်တွေက ပညာရှင်တွေရဲ့အသံကို နားထောင်တဲ့ပွဲလို့ ပြောလို့ရပါတယ်။ အဓိကရည်ရွယ်ချက်က အတူတကွ အားလုံးပူးပေါင်းဆောင်ရွက်ကြမယ်၊ ညီညွတ်ကြမယ်၊ စည်းလုံးကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်မျက်နှာစာသစ်ဟာ လှပတဲ့မျက်နှာစာသစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။

အဓိကက နိုင်ငံရဲ့မျက်နှာစာသစ်မှာ အရေးကြီးဆုံးလုပ်ရမယ့်အလုပ်က စည်းလုံးရေးနဲ့ ပေါင်းစည်းရေးပဲ ဖြစ်ပါတယ်။ တည်ငြိမ်ရေးကို သွားဖို့ယုံကြည်မှု တည်ဆောက်ရမှာဖြစ်ပါတယ်၊ ဒီဖိုရမ်က Trust၊ Stabilityနဲ့ Development ဆိုတဲ့ ယုံကြည်ကြမယ်၊ ချစ်ခင်ကြမယ်၊ ညီညွတ်ကြမယ်၊ နိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်ကြမယ်၊ အဲဒီကနေတစ်ဆင့် ပြည်သူတွေအားလုံး မျှော်လင့်တောင့်တနေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုကို တည်ဆောက်ကြမယ်လို့ ပြောချင်ပါတယ်၊၊

ဦးသောင်းအေး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ထွက်ပေါ်လာပါတယ်။ မကြာမီမှာ လွှတ်တော်စတင်ကျင်းပပြီး အစိုးရအဖွဲ့အစည်းအသစ်လည်း ထွက်ပေါ်လာမှာဖြစ်တဲ့အတွက် ဒီဖိုရမ်ကျင်းပပေးခြင်းဟာ အခြေအနေအချိန်အခါနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်ချက်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်၊ မဏ္ဍိုင်အသီးသီးနဲ့ တိုင်းပြည်အတွက် လိုအပ်ချက်ကို လမ်းပြပေးမယ့် ဖိုရမ်ဖြစ်တဲ့အတွက် လှိုက်လှဲစွာကြိုဆိုပါတယ်။ ပြည်သူလူထုက နိုင်ငံတော်အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးလိုက်တာဆိုတော့ ပြည်သူ့အတွက် အကျိုးပြုပေးမယ့် ဆန္ဒတွေနဲ့ ရောက်ရှိလာကြတာလို့ ထင်ပါတယ်။ ပြည်ပပညာရှင်တွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ၊ အခွင့်အရေးတွေကို ရှင်းလင်းဆွေးနွေးကြတဲ့အခါ ကိုယ်စားလှယ်တွေက အခြေခံအခွင့်အလမ်းတွေ ရရှိသွားမယ်လို့ထင်ပါတယ်။ စာမျက်နှာသစ်ကို ရေးခွင့်ရကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဒီဖိုရမ်ကအင်မတန်အကျိုးရှိပါတယ်။ ပညာရှင်တွေရဲ့ ဆွေးနွေးတင်ပြချက်တွေကို မိမိတို့ရဲ့အတွေ့အကြုံနဲ့နှိုင်းယှဉ်ပြီး နိုင်ငံနဲ့ ဒေသအကျိုးအတွက် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်သူအားလုံးတိုးတက်ဖို့ဆိုရင်ယုံကြည်မှုက အရင်းခံဖြစ်ပြီး တည်ငြိမ်အေးချမ်းဖို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အစိုးရ၊ ပြည်သူ၊ လွှတ်တော်ကိုယ်စားလှယ်တွေက အားလုံးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် မျှော်လင့်ထားတဲ့ မြန်မာ့မျက်နှာစာအသစ်က အောင်အောင်မြင်မြင်နဲ့ ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အားလုံးကိုလည်း ဝိုင်းဝန်းကြိုးစားပေးစေချင်ပါတယ်။ 

တွေ့ဆုံမေးမြန်း-သန့်ကျော်စွာ

moi

မြန်မာ့မျက်နှာစာသစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်အမှာစကား

အားလုံးမင်္ဂလာပါ။

ယနေ့ကျင်းပတဲ့ “မြန်မာ့မျက်နှာစာသစ်ဖိုရမ်” ကို တက်ရောက်လာကြတဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲဟာ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများမှာ အမြင်ကျယ်ကျယ်နဲ့ ရှုမြင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ကြိုတင်သိမြင်နိုင်စေဖို့၊ နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်/သွင်းကုန်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍတွေမှာ ဥပဒေများရေးဆွဲကြတဲ့အခါ ချဉ်းကပ်ဆောင်ရွက်ရမယ့်နည်းလမ်းများနဲ့ ထိရောက်တဲ့ ဥပဒေတွေရေးဆွဲပြဋ္ဌာန်းနိုင်စေဖို့၊ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားဆောင်ရွက်သင့်တဲ့ အချက်အလက်တွေ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့အချက်အလက်တွေကို သိရှိနိုင်စေဖို့၊ နိုင်ငံတော်အစိုးရသစ်လုပ်ငန်းများ ဆောင်ရွက်ရာမှာ အဆင်ပြေ ချောမွေ့စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီဆောင်ရွက်နိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်(၄)ရပ်နဲ့ ကျင်းပတယ်လို့ သိရပါတယ်။

တကယ်တော့ ဒီဖိုရမ်ကို “နိုင်ငံ့မျက်နှာစာသစ်”လို့ အမည်တပ်ထားပေမယ့် နိုင်ငံရဲ့ရုပ်ပိုင်းဆိုင်ရာ မျက်နှာစာသစ်တစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ စိတ်သစ်၊ လူသစ်၊ အတွေးအမြင်သစ်၊ အခင်းအကျင်းသစ်၊ လုပ်နည်းလုပ်ဟန်သစ်၊ Vision အသစ်၊ Mission အသစ်တို့ကိုပါ ထည့်သွင်းညွှန်းဆို ရည်ရွယ်တာဖြစ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေးကြေညာစာတမ်းကို ပြန်ကြည့်ရင် ကျွန်တော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေဟာ လွတ်လပ်ရေးကို လေးစားမြတ်နိုးတန်ဖိုးထား ထိန်းသိမ်းသူတွေ၊ ငြိမ်းချမ်းရေးကို အလေးထားသူတွေ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသူတွေဖြစ်တယ်ဆိုတာ တွေ့ကြရမှာဖြစ်ပါတယ်။

“ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီးရဲ့သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်ပါမည်။ ငါတို့၏လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့လိုလား သူများနှင့်အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း” လို့ ရေးသားကြေညာခဲ့တာကို တွေ့ရှိကြရမှာဖြစ်ပါတယ်။

အဲဒီလွတ်လပ်ရေးကြေညာစာတမ်းဟာ မျက်မှောက်ခေတ် နိုင်ငံသားတွေအတွက်သာမက နောင်မျိုးဆက်သစ် နိုင်ငံသားများကပါ လေးစားလိုက်နာပြုကျင့်ကြရမယ့် သမိုင်းပေးတာဝန်တွေ ဖြစ်တယ် ဆိုတာ အထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ လွတ်လပ်ရေးရရှိခဲ့တာ နှစ်ပေါင်း ၈၀ ကျော်ရှိခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာကို ကျွန်တော်တို့အားလုံးက လေးစားမြတ်နိုးတန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းနေကြရဆဲဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာလည်း တက်ကြွစွာပါဝင်ဆောင်ရွက်နေရဆဲဖြစ်တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ

နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါ အကောင်းမြင်လွန်းခြင်း၊ အဆိုးမြင်လွန်းခြင်းဆိုတဲ့ အစွန်းတရား ၂ ပါးကို ရှောင်ရှားပြီး ပကတိအခြေအနေ၊ ပကတိအမြင်များနဲ့သာ ရှုမြင်သုံးသပ်ပြောဆိုကြရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေး လမ်းကြောင်းဟာ လှိုင်းလေထန်ခဲ့တယ်လို့ ပြောဆိုသူတွေရှိကြသလို နာတာရှည်ခရီးကြမ်းကြီးပါလို့ ပြောဆိုကြသူတွေလည်းရှိကြပါတယ်။ ၁၉၄၈ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းဟာ အကောင်းအဆိုးတို့ ရောပြွမ်းဖြစ်တည်နေခဲ့တာကို တွေ့ကြရမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သက်ဆိုးအရှည်ဆုံးနိုင်ငံလို့တောင် ပြောစမှတ်ပြုခဲ့ကြပါတယ်။

လွတ်လပ်ရေးရပြီး ၂ လအကြာကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ကြီးစိုးလာခဲ့တာဟာ ယနေ့အချိန်ထိ ချုပ်ငြိမ်းပျောက်ကွယ်မှုမရှိနိုင်သေးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပျောက်ကွယ်မှုမရှိသေးတာဟာ အချို့သော လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ကိုယ်ကျိုးစီးပွားအခြေခံတဲ့ လက်နက်ကိုင်လမ်းစဉ်တွေကြောင့်လို့ ဆိုနိုင်သလို အမျိုးသားနိုင်ငံရေးအပေါ်ခံယူကျင့်သုံးခဲ့မှု အားနည်းခဲ့တာကြောင့် ယုံကြည်ချက်၊ ခံယူချက်တွေ လွဲမှားကြတာကြောင့်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

အမျိုးသားရေးမူဝါဒနဲ့ အမျိုးသားနိုင်ငံရေးဆိုတာဟာ လူထုလူတန်းစားရေး၊ လူမျိုးရေး၊ ဝါဒရေးတို့ထက် အရေးကြီးတယ်ဆိုတာကို နိုင်ငံသားအားလုံး သတိပြုကြဖို့လိုအပ်ပါတယ်။ ဘယ်နိုင်ငံရဲ့ အမျိုး သားရေးဝါဒကိုပဲကြည့်ကြည့် မိမိတို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းနဲ့ သီးခြားခွဲထွက်မနေဘဲ ဆက်စပ်နေတယ်ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားရေးဝါဒ၊ အမျိုးသား နိုင်ငံရေးဆိုတာကတော့ ကျွန်တော်တို့ အမြဲတမ်းပြောနေတဲ့ ဒို့တာဝန်အရေးသုံးပါးပဲလို့ ပြောကြားလိုပါတယ်။

တကယ်တော့ စစ်ပွဲတိုင်း ဒါမှမဟုတ် လက်နက်ကိုင်ပဋိပက္ခတိုင်းဟာ နိုင်ငံရေးနဲ့ ကင်းလွတ်တာမဟုတ်တဲ့အတွက် နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာကြရမှာဖြစ်ပါတယ်။ ဒီနေ့ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ။ ယခင်ကမပြောနိုင်တဲ့ ကိစ္စတွေ၊ မပြောရဲတဲ့ကိစ္စတွေကို ပြောရဲဆိုရဲ ပြောနိုင်ဆိုနိုင်ရှိလာကြပြီဖြစ်ပါတယ်။ ယခင်က မမျှော်လင့်ရဲတာတွေ မျှော်လင့်နိုင်သလို ယခင်ကမမက်ရဲခဲ့တဲ့ အိပ်မက်တွေကိုတောင် မက်ခွင့်ရနေပါပြီ။ တစ်နည်းအားဖြင့်ပြောရရင် ကမ္ဘာ့နိုင်ငံအားလုံးနီးပါး မျက်နှာမူရာဖြစ်နေတဲ့ ဒီမိုကရေစီစနစ်ကို စနစ်တကျပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံရေး အသစ်၊ ယဉ်ကျေးမှုအသစ်တွေကို ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ဟာ နိုင်ငံသားအားလုံးလိုလားတဲ့ ဒီမိုကရေစီစနစ်ကို စတင်အသက်သွင်းနိုင်ခဲ့သလို ယခုတစ်ဖန်အရေးကြီးတဲ့ နိုင်ငံရေးအလှည့်အပြောင်းကြီး တစ်ခုကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပြီဆိုတာကိုလည်း ကျွန်တော်အလေးအနက် ပြောကြားလိုပါတယ်။

ယခုလို ရရှိထားပြီးဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းမှုတွေကို ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွေနဲ့ ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့အားလုံး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားခဲ့ကြပေမယ့် လုံးဝအဆုံးသတ်အောင်မြင်တဲ့အထိ မဆောင်ရွက်နိုင်သေးဘဲ ပြည်တွင်း ပြည်ပသွေးထိုးနှောင့်ယှက်မှုတွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေသေးတာ ကျွန်တော်တို့အားလုံးအသိပဲ ဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ဆိုတာ အပစ်အခတ်ရပ်စဲရေးတစ်ခုကိုသာမက လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဇာစ်မြစ်ကိုပါ ဖြေရှင်းနိုင်အောင် ကြိုးစားရမှာဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းပေးကြရမှာဖြစ်ကြောင်း ထပ်မံအသိပေး ပြောကြားလိုပါတယ်။ တိုင်းရင်းသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ စာနာမှုတွေမွေးမြူပြီး အနာဂတ်နိုင်ငံတော်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် “အမျိုးသားစည်းလုံးညီညွတ်ရေး” လမ်းကြောင်းပေါ် အတူတကွလျှောက်လှမ်းကြဖို့ အစဉ်အမြဲဖိတ်ခေါ်ကမ်းလှမ်းခဲ့သလို ယခုလည်းဆက်လက်ပြီးတော့လည်း ဖိတ်ခေါ်ကြောင်း ပြောကြားလိုပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံဟာ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု၊ အခြေခံအဆောက်အအုံများ တည်ရှိမှုတို့ပဲဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု ရှိအောင် တပ်မတော်အနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ရေးငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အတူတကွ ပေါင်းစည်းနေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဆောင်ရွက်နိုင်ခဲ့ပေမယ့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေ အားနည်းခဲ့မှု၊ အဖွဲ့အစည်းအသီးသီးရဲ့ အတိတ်ဖြစ်ရပ်တွေအပေါ် မကျေနပ်ချက်တွေဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်လာမှု၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲများကို ရှေ့တန်းတင်ပြီး နိုင်ငံ့အကျိုးကို လျစ်လျူရှုမှုတွေကြောင့် တည်ငြိမ်အေးချမ်းမှုတွေ အားနည်းခဲ့ရပါတယ်။ ဒီအားနည်း ချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး အေးချမ်းတည်ငြိမ်တဲ့ လူမှုပတ်ဝန်းကျင်တွေ ဖြစ်ပေါ်လာအောင် တည်ဆောက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

တရားဥပဒေစိုးမိုးမှုရှိမှသာ တရားမျှတမှုနဲ့ လူမှုဝန်းကျင်တည်ငြိမ်မှုရှိမှာဖြစ်သလို တရားဥပဒေစိုးမိုးမှုဟာ ဖွံ့ဖြိုးရေးရဲ့အခြေခံအုတ်မြစ် လည်းဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေးကို တစ်ဖက်က ဆောင်ရွက်ပေးရမှာဖြစ်သလို အခြားတစ်ဖက်ကလည်း ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာရေးအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု (Reform)ကို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ကြမှသာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အရည်အသွေးမြင့်တက်လာမှာဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အပြင် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးတိုးတက်ဖို့လည်း မလွဲမသွေ လိုအပ်မှာဖြစ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှု အားနည်းရခြင်းရဲ့ အဓိကအချက်မှာ စီးပွားရေးကို မောင်းနှင်လုပ်ဆောင်နိုင်မယ့် အတတ်ပညာရှင်တွေ အားနည်းခဲ့လို့ဖြစ်ပါတယ်။ အတတ်ပညာဆိုတာ အတန်းပညာကိုအခြေခံပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပညာရေးကိုမဖြစ်မနေ အားပေးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ယူစဉ်ကာလမှာ ပညာရေးနဲ့ပတ်သက်ပြီး စာသင်ကျောင်းအရေအတွက်နဲ့ ပညာရေးဝန်ထမ်း အရေအတွက်ဆိုင်ရာတွေနဲ့ လိုအပ်ချက်တွေကို လေ့လာဖော်ထုတ်ခဲ့သလို အနာဂတ်ပညာတတ် လူငယ်တွေများပြားလာစေဖို့အတွက် Polytechnic တက္ကသိုလ်တွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အလားတူ စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်ပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွေကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါတယ်။ နောင်လာမယ့် လွှတ်တော် အသီးသီးနဲ့ အစိုးရအသီးသီးမှာလည်း အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက် ပညာရေးကို ဆက်လက်အားပေးဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ လမ်းပန်းဆက်သွယ်မှုနဲ့ ဒေသတစ်ခုနဲ့တစ်ခု ကွန်ရက်ချိတ်ဆက်နိုင်မှု၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးစနစ် အားကောင်းမှုတို့ဟာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှု တိုးတက်ရေးတို့အတွက် အခရာကျတဲ့ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် နိုင်ငံတော်အစိုးရတစ်ခု တည်းက ဆောင်ရွက်လို့မရဘဲ ဒေသခံပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ ဒါတွေကို အစိုးရက တည်ဆောက်အကောင် အထည်ဖော်ပေးရမှာဖြစ်သလို ဒေသခံပြည်သူအားလုံးက မပျက်စီး၊ မပျောက်ပျက်အောင်၊ မသမာသူတွေရဲ့ ဖျက်ဆီးမှုမခံရအောင် ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ လိုအပ်ကြောင်းကိုလည်း အသိပေးပြောကြားလိုပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ

ကျွန်တော်တို့နိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မယ့် အစီအမံတွေကို ချမှတ်ကြတဲ့အခါ စီးပွားရေးအရ၊ လုံခြုံရေးအရနဲ့ နည်းပညာအရဆိုတဲ့မတူညီတဲ့ နယ်ပယ်တွေနဲ့ လိုက်ဖက်မျှတစွာ ပေါင်းစပ်စီမံ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေးအပိုင်းမှာ ပြောင်းလဲလာနေတဲ့ ကမ္ဘာ့အစီအစဉ်သစ် (New World Order)နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြရမှာဖြစ်ပါတယ်။ ဈေးကွက်တစ်ခုတည်းကို အလွန်အမင်းမှီခိုနေမှုကို လျှော့ချကြရပါမယ်။ ကုန်သွယ်ဆက်ဆံရေးတွေကို ဒေသစုံဖြန့်ကြက် နိုင်စွမ်းမြှင့်တင်ကြရပါလိမ့်မယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာပြတ်တောက်မှု (Global Disruptions) တွေကြောင့်ဖြစ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့အတွက်လည်း ဒေသဆိုင်ရာစီးပွားရေးပေါင်းစည်းမှု (Regional Economic Integration) တွေကို လုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ဒေသတွင်းထုတ်လုပ်မှုကွင်းဆက်(Supply Chains)တွေကို အားကောင်းလာစေဖို့ ပူးပေါင်းပါဝင်ကြရပါမယ်။ နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွားလုံခြုံရေးအတွက် အဓိကကဏ္ဍ တွေဖြစ်တဲ့ စားရေရိက္ခာ၊ စွမ်းအင်နဲ့နည်းပညာကဏ္ဍတွေလို လုပ်ငန်းတွေကို လိုအပ်သလို ဦးစားပေးရင်းနှီးမြှုပ်နှံကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် နည်းပညာနဲ့ ဒစ်ဂျစ်တယ်အချုပ်အခြာပိုင်ဆိုင်မှုဟာလည်း အဓိကရင်းနှီးမြှုပ်နှံဆောင်ရွက်ကြရမယ့် ကဏ္ဍတွေပဲဖြစ်ပါတယ်။ ဝင်ရိုးစုံကမ္ဘာရဲ့ ယှဉ်ပြိုင်မှုကြီးထဲမှာ နည်းပညာဟာ အခြေခံကျတဲ့ စစ်မြေပြင်တစ်ခုလို အသွင်ဆောင်နေတယ်ဆိုတာ အားလုံးသတိပြုကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဉာဏ်ရည်တုနည်းပညာ(AI)၊ ဆီမီးကွန်ဒတ်တာ (Semiconductors)တွေနဲ့ ဆိုက်ဘာလုံခြုံရေးတွေဟာ အဆုံးအဖြတ်ပေးလာမယ့် နည်းပညာရပ်တွေပဲဖြစ်တယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

အဲဒီသွင်ပြင်လက္ခဏာတွေကြောင့် နိုင်ငံတိုင်းဟာ မိမိတို့ပြည်တွင်း နည်းပညာစွမ်းရည်တွေကို တိုးတက်သည်ထက် တိုးတက်အောင်မြှင့်တင်လုပ်ဆောင်လာကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် သုတေသနလုပ်ငန်းတွေ၊ တီထွင်ဆန်းသစ်မှုတွေနဲ့ အခြေခံအဆောက်အအုံတွေအပေါ် ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးခြင်းဖြင့် နိုင်ငံရပ်ခြားနည်းပညာအပေါ် မှီခိုမှုတွေကိုလျှော့ချနိုင်မှာဖြစ်သလို ဆိုက်ဘာ လုံခြုံရေးနဲ့ အချက်အလက်ကာကွယ်ရေးတွေကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း နိုင်ငံတကာနည်းတူ နည်းပညာပိုင်းဆိုင်ရာမှာ ရင်ပေါင်တန်း အမီလိုက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

အလားတူ စွမ်းအင်နဲ့အရင်းအမြစ်လုံခြုံရေးဟာလည်း နောက်ထပ်စဉ်းစားရမယ့် အကြောင်းကိစ္စဖြစ်ပါတယ်။ စွမ်းအင်၊ ရေနဲ့ရှားပါးသတ္တုတွေကို ရယူသုံးစွဲနိုင်မှုဟာ ရေရှည်တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးတယ်ဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနဲ့ ကွဲပြားခြားနားတဲ့ အခြားသော စွမ်းအင်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။ ပထဝီနိုင်ငံရေးကြောင့် ပြတ်တောက်မှုတွေ ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေအတွက် ကြိုတင်ဆောင်ရွက်တဲ့အနေနဲ့ ရှားပါးသတ္တုတွေနဲ့ စားရေရိက္ခာဖူလုံရေးတွေကိုလည်း လုံခြုံစိတ်ချရအောင် စီမံဆောင်ရွက်ထားကြရမှာ ဖြစ်ပါတယ်။

ပြောင်းလဲနေတဲ့ နိုင်ငံတကာအခြေအနေတွေအောက်မှာ မြန်မာနိုင်ငံဟာလည်း စိန်ခေါ်မှုတွေနဲ့အတူ အခွင့်အလမ်းများစွာရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရှင်သန်ရေးနဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်လျက်ရှိတယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုကို တစ်ဖက်က ကြိုးစားဆောင်ရွက်နေသလို အခြားတစ်ဖက်မှာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ စီးပွားရေးနဲ့အတူ လူမှုဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဆက်စပ်ဆောင်ရွက်သွားရမှာဖြစ်လို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ညီညွတ်မှုနဲ့ လူမှုသဟဇာတဖြစ်မှုတွေကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးသွားဖို့လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု၊ ဒီမိုကရေစီထွန်းကားမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်မှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ စာနာနားလည်မှု၊ ထောက်ခံအားပေးမှုနဲ့ ရိုင်းပင်းကူညီမှုတွေကို ယခုထက်ပိုမိုရရှိလာလိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ

ယနေ့ဆွေးနွေးပွဲမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့မှ စီးပွားရေးဆိုင်ရာပညာရှင်တွေ လာရောက်ဆွေးနွေးကြတဲ့အတွက် ၂၀၂၆ ခုနှစ် မြန်မာ့မျက်နှာစာသစ်ကို ပုံဖော်တည်ဆောက်မှုမှာ များစွာ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒီဆွေးနွေးပွဲကြီးကနေ စစ်မှန်တဲ့အကြံပြုချက်တွေနဲ့ စေတနာပါတဲ့ ထောက်ပြပြောဆိုမှုတွေကို ကျွန်တော်တို့ လေးစားတန်ဖိုးထားကြောင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ယခုဆွေးနွေးပွဲကြီးရဲ့ ရလဒ်တွေဟာ မြန်မာနိုင်ငံရဲ့ မျက်နှာစာသစ်ကို လှပစွာပုံဖော်နိုင်ဖို့ ပံ့ပိုးဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မကြာခင်ကာလမှာ အစိုးရအဖွဲ့သစ်နဲ့အတူ မြန်မာနိုင်ငံရဲ့ အရုဏ်ဦး နံနက်ခင်းသစ်တစ်ခု ဒါမှမဟုတ် မျက်နှာစာသစ်တစ်ခုကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမှောင်တွေပြေပျောက်ပြီး ရွှေရောင်လင်းလက် အလင်းဖြာစေမယ့် ရောင်နီသစ်ချိန် ရောက်ရှိတော့မှာဖြစ်ပါတယ်။ယခုလို မင်္ဂလာရှိတဲ့ အချိန်အခါသမယမှာ မြန်မာနိုင်ငံသားအားလုံး စည်းလုံးမှု၊ ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု၊ လွတ်လပ်မှုစတဲ့ ကောင်းကျိုးတရားများရရှိခံစားနိုင်ကြပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို အတူတကွ တည်ထောင်အကောင်အထည် ဖော်ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

moi

စက်သုံးဆီနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြည်သူသို့ အသိပေးပြောကြားချက်

နေပြည်တော် မတ် ၄

ဒီနေ့မှာတော့ မီဒီယာများမေးမြန်းနေကြတဲ့ စက်သုံးဆီကိစ္စနဲ့ပတ်သက်ပြီး ပြောကြားပါမယ်။ မနေ့ကတော့ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပြည်သူသို့ အသိပေးပန်ကြားချက်ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို အဓိကထုတ်ပြန်ရတဲ့ အကြောင်းအရင်းကတော့ နံပါတ်တစ် ကျွန်တော်တို့နိုင်ငံမှာ အရန်စက်သုံးဆီ မရှိလို့မဟုတ်ပါဘူး။ ထပ်ပြောပါမယ်၊ အရန်စက်သုံးဆီမရှိလို့ ထုတ်ပြန်ခဲ့ခြင်း မဟုတ်ပါဘူး။ ရေရှည်ဖြစ်လာနိုင်တဲ့ကိစ္စတွေကိုတွက်ဆပြီးတော့ ကျွန်တော်တို့ ခြိုးခြံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ စနစ်တကျအသုံးပြုပြီးတော့ ကမ္ဘာမှာကြုံတွေ့နေရတဲ့ လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျဖြတ်သန်းနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စက်သုံးဆီသုံးစွဲမှု တစ်ရက်ကို ဓာတ်ဆီ ၁.၅ သန်းဂါလန်ရှိပါတယ်။ ဒီဇယ်ဆီ ၁.၇ သန်း ဂါလန်ခန့်ရှိပါတယ်။ စုစုပေါင်းရင်တော့ တစ်ရက်ကို ဆီဂါလန် ၃.၂ သန်းခန့် သုံးစွဲနေတာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ လက်ရှိ မြန်မာနိုင်ငံမှာ ဓာတ်ဆီ ဂါလန် သန်း ၆၀ ရှိပြီး စုပုံထားပြီး ဖြစ်ပါတယ်။ ဒီဇယ်ဆီ ဂါလန် သန်း ၇၀ နီးပါး စုပုံထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မလို့ မြန်မာနိုင်ငံအတွင်းမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက် ၄၀ စာရှိတယ်လို့ ခိုင်မာစွာပြောကြားလိုပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းမှာ ယခုလက်ရှိ ဆီမချရသေးဘဲနဲ့ ကပ်ထားတဲ့ သင်္ဘော ၂ စင်းရောက်ရှိနေတာ ရှိပါတယ်။ ကျွန်တော်တို့ ဝယ်ယူထားပြီးသား လမ်းမှာ စက်သုံးဆီ သင်္ဘော ၁၄ စင်း ရှိပါတယ်။ အဲဒီ ၁၄ စင်းကလည်း ကျွန်တော်တို့ဆီကို ရက်ပိုင်းတွေအတွင်းမှာ ဆိုက်ကပ်လာနိုင်ပါတယ်။ ဘာအခက်အခဲမှ မရှိဘူးဆိုတာ ပြောလိုပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံ ထိုင်းနိုင်ငံအနေနဲ့က သူတို့နိုင်ငံကနေပြီး ဆီတင်ပို့တာ ပိတ်သိမ်းလိုက်ပြီဆိုတာကို ကြေညာတာနဲ့ပတ်သက်ပြီးတော့ ကောလာဟလသတင်းတွေ ထုတ်လွှင့်နေတာရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့သည် ဆီတင်သွင်းတာသည် အရှေ့တောင်အာရှနိုင်ငံတွေထဲကဆိုရင် စင်ကာပူနဲ့ မလေးရှားကနေ ကျွန်တော်တို့တင်သွင်းနေတာ ဖြစ်ပါတယ်။ စင်ကာပူတို့ မလေးရှားတို့မှာလည်း ဆီနဲ့ပတ်သက်လာရင် သူ့မှာရေနံချက်စက်ရုံတွေ သူကရှိပြီးဖြစ်ပါတယ်။ သူတို့နိုင်ငံတွေအနေနဲ့လည်း သူတို့ရေနံချက်စက်ရုံတွေကို ရပ်ပြီးတော့နေမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ အရှေ့အလယ်ပိုင်းက ရေနံမရလည်း ရတဲ့နိုင်ငံကနေ ရေနံသွင်းပြီးတော့ လည်ပတ်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့က ဒါသည် သူတို့ရဲ့လှုပ်ရှားရမယ့် စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် လည်ပတ်မှုရပ်တန့်စရာမရှိပါဘူး။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီစက်သုံးဆီနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ပြတ်လပ်သွားစရာ အကြောင်းမရှိပါဘူး။

သို့သော် ကမ္ဘာမှာဖြစ်ပေါ်နေတဲ့အခြေအနေအရ စက်သုံးဆီများကတော့ ဈေးနှုန်းများက ကမ္ဘာ့ဈေးနှုန်းနဲ့အညီတော့ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဒီနေ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ လိုက်လံပြီးတော့ ပညာပေးတာတွေ၊ လိုက်လံပြီးတော့ အသိပေးတာတွေ၊ ပြည်သူလူထုကိုလည်း မေတ္တာရပ်ခံအသိပေးတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ကလည်း မကြာခင်မှာ အများပြည်သူကို အသိပေးကြေညာချက်တစ်ခု ကြေညာမှာဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ စက်သုံးဆီနဲ့ပတ်သက်ပြီးရင် ပြည်သူလူထုမစိုးရိမ်ဖို့ အကြောင်းတွေပါမှာဖြစ်တယ်၊ ဘယ်လိုထောက်ပံ့ရေးကွင်းဆက် စက်သုံးဆီမပြတ်တောက်ဖို့ ဘယ်လိုလုပ်မလဲ ဆိုတာတွေလည်းပါမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူများအနေနဲ့ ယခုကျွန်တော်တို့ သိရှိရပါတယ်။ စက်သုံးဆီဆိုင်တွေမှာ လှုံ့ဆော်မှုတွေ၊ စိုးရိမ်မှုတွေကြောင့် တန်းစီဝယ်ယူနေတာ ရှိပါတယ်။ ဆီပြတ်သွားစရာ အကြောင်းမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ စနစ်တကျလိုတဲ့သူက ဝယ်မယ်၊ စနစ်တကျ လုပ်ဆောင်သွားကြဖို့ပဲ ပြောလိုပါတယ်။ ဆီနဲ့ပတ်သက်ပြီးတော့ ကျွန်တော်စက်သုံးဆီဆိုင်တွေကိုလည်း ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ဆီနဲ့ပတ်သက်ပြီး မရောင်းတဲ့စက်သုံးဆီဆိုင်တွေရှိရင်လည်း စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဖုန်းနံပါတ်တွေနဲ့ ထုတ်ပြန်ပါမယ်။ တိုင်ကြား နိုင်ပါတယ်။ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ပြောရရင် မြန်မာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ စက်သုံးဆီပုံမှန်သုံးစွဲရင်တောင်မှပဲ ရက် ၄၀ စာ အရန်ရှိပါတယ်။ ဆိပ်ကမ်းမှာ မချရသေးတဲ့ သင်္ဘော ၂ စင်းရှိပါတယ်။ လမ်းမှာ စက်သုံးဆီများ ဝယ်ယူပြီးတော့ တင်ဆောင်ပြီးလာနေတဲ့ သင်္ဘော ၁၄ စင်း ရှိပါတယ်။ စက်သုံးဆီ ပြတ်တောက်စရာအကြောင်းမရှိပါဘူးလို့ပဲ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

moi

ဒီ MSME ပြပွဲမှာ ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကို အရည်အသွေးကောင်းကောင်းနဲ့ ဘယ်လိုအမျိုးအစားတွေ ထုတ်လုပ်ရောင်းချတယ်ဆိုတာ အများပြည်သူကို တိုက်ရိုက်ထိတွေ့ ကြော်ငြာခွင့်ရတာမို့ ကိုယ့်ရဲ့လုပ်ငန်းတိုးတက်ဖို့ ကြိုးစားခွင့်ရတဲ့ နေရာကောင်းတစ်ခုပါ ...

ဦးဟိန်းထွဋ်အောင်

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိရာ ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသရောင်းချလျက်ရှိပြီး ပါဝင်ပြသရောင်းချကြသည့် လုပ်ငန်းရှင်များ၏ စကားသံများကိုဖော်ပြလိုက်ရပါသည် -

ဦးကျော်ကျော်ခိုင်

Managing Director ၊ OK Myanmar Co., Ltd.

ကျွန်တော်တို့နိုင်ငံမှာ ရော်ဘာပစ္စည်းနဲ့ ပတ်သက်ပြီး အဝိုင်းစီးကွင်းလို ပစ္စည်းသေးသေးလေးကစပြီး စက်အကြီးတွေမှာသုံးတဲ့ Rubber Roller အကြီးတွေအထိ နိုင်ငံတကာအဆင့်မီ အရည်အသွေးနဲ့ ထုတ်လုပ်နိုင်ပြီဆိုတာကို ပြည်သူတွေသိရှိအောင် လာရောက်ပြသတာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ပါဝင်ပြသတာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပေမယ့် ကျွန်တော်တို့ကြိုးစား ထားတဲ့ ရော်ဘာထုတ်ကုန်တွေအတွက် ဈေးကွက်ချိတ်ဆက်မှုရရှိခဲ့တယ်။ နောက်ပိုင်းမှာ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ဖို့ကြိုးစားနေပါတယ်။ အခုကတော့ ပြည်တွင်းဈေးကွက်ကိုပဲ အဓိကထား ဖြန့်ဖြူးပေး နေပါတယ်။

ကျွန်တော်တို့ထုတ်ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာအရည်အသွေးကောင်းကောင်းနဲ့ထုတ်လုပ်ပြီး ပြည်ပပို့နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ လိုအပ်ချက်လေးတွေတော့ရှိနေပါတယ်။ အဲဒီအတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုကိုမျှော်လင့်ပါတယ်။ လက်ရှိပြည်တွင်း ဈေးကွက်မှာအသုံးများတဲ့ စက်မှုသုံးကြိုးတွေ၊ ကားတာယာတွေအများကြီး လိုအပ်ပါတယ်။ ဥပမာအနေနဲ့ အများသူငှာမြင်သာတဲ့ ပစ္စည်းကိုပြောပြတာပါ။ ဒီပစ္စည်းတွေကို ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ကောင်းမွန်စွာထုတ်လုပ်နိုင်နေပါပြီ။ စက်ပစ္စည်းတွေနဲ့ စက်ရုံအတွက်နေရာတော့ လိုအပ်ပါတယ်။ အဓိကကတော့ပြခန်းကို လာရောက် လေ့လာခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ ဒါတွေထုတ်လုပ်နိုင်နေပြီဆိုတာ ပြည်သူတွေသိရှိလာမယ်။ လုပ်ငန်းရှင်တွေအချင်းချင်း ချိတ်ဆက်နိုင်မယ်။ လုပ်ငန်းတွေပူးပေါင်းပြီး ဆောင်ရွက်လာနိုင်မယ်။ အဲဒီလို အကျိုးကျေးဇူးတွေရှိတဲ့အတွက် ဒီလိုပြပွဲကို အမြဲမပြတ်ကျင်းပပေးစေချင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း အကျိုးကျေးဇူးများတဲ့အတွက် လာရောက်ပူးပေါင်းပါဝင် ပြသကြဖို့ဖိတ်ခေါ်ပါတယ်။

ဒေါ်ဆုယဉ်ထွန်း

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဧရာဝတီတိုင်းဒေသကြီး ပြခန်း

ဒီပြပွဲမှာ ကျွန်မတို့ဌာနကနေ ငှက်ပျောချည်နဲ့ပတ်သက်တဲ့ထုတ်ကုန်ကို လာရောက်ပြသတာဖြစ်ပါတယ်။ ငှက်ပျောချည်လုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ဧရာဝတီတိုင်းဒေသကြီးက ငှက်ပျောပင်တွေ ပေါများတယ်။ မြန်မာနိုင်ငံက တချို့ဒေသတွေမှာ ငှက်ပျောပင်တွေ ပေါများကြတယ်။ အဲဒီလိုပေါများတဲ့ ငှက်ပျောပင်ကနေ အရည်သွေးမြင့်တဲ့ ထုတ်ကုန်တွေထုတ်လုပ်နိုင်တယ်ဆိုတာကို ပါဝင်ပြသတာဖြစ်ပါတယ်။ လက်ရှိမှာငှက်ပျောချည်နဲ့ လူသုံးကုန်ပစ္စည်းတွေကို စမ်းသပ်ထုတ်လုပ်နေပါတယ်။ ဒီထက်ပိုကောင်းတဲ့ အရည်အသွေးတွေနဲ့ ကောင်းမွန်တဲ့ထုတ်ကုန် အရည်အသွေးဖြစ်ဖို့အတွက် ကြိုးစားနေပါတယ်။

ငှက်ပျောချည်ကထွက်တဲ့ ထုတ်ကုန်ကို အရည်အသွေးမြှင့်ဖို့ နည်းပညာပိုင်းတော့ လိုအပ်ပါတယ်။ ဒေသခံပြည်သူတွေကိုလည်း သင်တန်းပေးနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ အခုကတော့ ရုံးမှာပဲ စမ်းသပ်ထုတ်လုပ်ပြီး ပြသထားတာဖြစ်ပါတယ်။ အခု စမ်းသပ်ထုတ်လုပ်ထားတာကတော့ ပဝါ၊ တီဗီအစွပ်၊ ခုံအစွပ်၊ အိတ်မျိုးစုံ၊ လက်ကိုင်အိတ်စတာတွေအပြင် အဝတ်အစားတွေပါ ထုတ်လုပ်ဖို့အတွက် လက်ရှိစမ်းသပ်ထုတ်လုပ်နေပါတယ်။

ပြပွဲမှာ ငှက်ပျောချည်နဲ့ ပတ်သက်ပြီးတော့ လက်တွေ့ပြသထားတဲ့အတွက် ပြည်သူတွေက စိတ်ဝင်စားကြပါတယ်။ ခင်းကျင်းပြသထားတဲ့ ထုတ်ကုန်တွေကိုလည်း ဝယ်ယူကြပါတယ်။ ငှက်ပျော ချည်နဲ့ပတ်သက်ပြီး ဒီထက်ပိုပြီး ကောင်းမွန်အောင်လုပ်နိုင်ဖို့အတွက် အကြံဉာဏ်တွေပေးကြပါတယ်။ ကျွန်မတို့ ဧရာဝတီတိုင်းကနေထွက်တဲ့ ငှက်ပျောချည်နဲ့ အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေ အများကြီး ထုတ်လုပ်နိုင်အောင် ကြိုးပမ်းသွားမှာပါ။

ဦးတင်ကို

စက်ရုံမှူး၊ Fuxing Brothers Rubber Industrial Co., Ltd.

စက်ရုံရဲ့ အဓိကရော်ဘာကုန်ကြမ်းကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသ ကြီးတို့က ရယူပါတယ်။ ကချင်၊ ရခိုင်၊ ပဲခူး၊ ရန်ကုန်စတဲ့ ဒေသတွေကနေ ရော်ဘာကုန်ကြမ်း ဝယ်တာလည်းရှိပါတယ်။ ခွက်ကပ်၊ ဆွဲဖက်၊ ရော်ဘာအထူပြား၊ ရော်ဘာအပါးပြားတွေကို ဝယ်ယူပြီးတော့ MSR -10 ၊ MSR -20၊ MSR-RSS စတဲ့ ထုတ်ကုန်သုံးမျိုးကို တာယာစက်ရုံ ကုန်ကြမ်းအဖြစ် ထုတ်လုပ်ရောင်းချတင်ပို့လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အရည်အသွေးပိုင်းဆိုင်ရာ ISO အသိအမှတ်ပြုလက်မှတ်လည်း ရရှိထားပါတယ်။ ဒါကိုအခြေခံပြီးတော့ ထုတ်ကုန်အရည်အသွေး စံချိန်စံညွှန်းနဲ့အညီ တာယာစက်ရုံတွေရဲ့ အမှာပေါ်မှာမူတည်ပြီးတော့ ထုတ်လုပ်မှုကို အရည်အသွေးမီ‌အောင် ထုတ်လုပ်ပေးထားပါတယ်။ ပြည်တွင်းအတွက်တော့ ရန်ကုန်တာယာက ကျွန်တော်တို့ရဲ့ ကုန်ကြမ်းကိုယူသုံးပါတယ်။

ပြပွဲမှာ ကျွန်တော်တို့စက်ရုံရဲ့ ထုတ်ကုန်တွေကို ပြသခွင့်ရတဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ ရော်ဘာနဲ့ပတ်သက်တဲ့ ထုတ်ကုန်လုပ်ငန်းတွေ၊ သူတို့ရဲ့ကုန်ကြမ်းလိုအပ်ချက်တွေကို ကျွန်တော်တို့က တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးရာရောက်ပါတယ်။ အဓိကကတော့ ဒီပြပွဲကနေ ပြည်တွင်းမှာ ဒီလို ထုတ်လုပ်နေတယ်ဆိုတာကို ပြသခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့စက်ရုံမှာ ထုတ်ကုန်တွေကို အရည် အသွေးမီမီထုတ်လုပ်ပြီး တရုတ်နိုင်ငံကတာယာ စက်ရုံတွေကိုတင်ပို့နေပါတယ်။ ပြီးခဲ့တဲ့လပိုင်းက နိုင်ငံတော်က ပို့ကုန်မူဝါဒတွေပြောင်းလဲတဲ့အတွက် ကျွန်တော်တို့လို ကုမ္ပဏီတွေအနေနဲ့ပိုပြီး လုပ်ကိုင် နိုင်စွမ်းရှိလာပါတယ်။ ဒီထက်မက ထုတ်လုပ်နိုင်အောင်လည်း ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ဦးဟန်ရွှေ

အေးချမ်းသာစံပြကျေးရွာ၊ တပ်ကုန်းမြို့နယ်

ကျွန်တော်က တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြ ကျေးရွာကနေ လာရောက်ပြီးတော့ ပစ္စည်းတွေ ဝယ်ယူတာဖြစ်ပါတယ်။ ပြပွဲမှာ ခင်းကျင်းပြသထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ပြခန်းမှာ ဒေသ ထုတ်ကုန်ပစ္စည်းတွေ၊ ရိုးရာအဝတ်အစားတွေကို ဝင်ရောက်လေ့လာ ကြည့်ရှုဖြစ်ပါတယ်။ ပြခန်းတွေမှာခင်းကျင်းပြသရောင်းချတဲ့ ပစ္စည်းတွေရဲ့ဈေးနှုန်းက အများကြီးသက်သာပါတယ်။ ကျွန်တော်ကတော့ ပြည်တွင်းထုတ်တာယာလေးလုံး ဝယ်ယူခဲ့ပါတယ်။ ကိုယ့်ပြည်တွင်းထုတ်တာယာတွေ ဈေးနှုန်းလည်း သက်သာပြီး အရည်အသွေးလည်းကောင်းမွန်ပါတယ်။ ဒါကြောင့် အရင်ကတည်းက ဝယ်ယူအသုံးပြုတာပါ။

ဦးဟိန်းထွဋ်အောင်

နေပန်း အထည်လက်လီ/လက်ကားဖြန့်ဖြူးရေး

ကျွန်တော်က နေပြည်တော်အတွင်း မြို့နယ်တွေ နဲ့ နယ်ဘက်တွေမှာ ချုပ်ထည်တွေကို လိုက်လံဖြန့်ဖြူးရောင်းချပါတယ်၊၊ ကျွန်တော်တို့ ကိုယ်တိုင်ချုပ်လုပ်တာတွေရှိတယ်။ တချို့ကို စက်ရုံတွေဆီကတစ်ဆင့် ဖြန့်ဖြူးရောင်းချတာတွေရှိတယ်၊၊ ဒီပြပွဲမှာ လာရောက်ရောင်းချရခွင့်ရတဲ့အတွက် ကိုယ့်ရဲ့ဆိုင်ကို အများပြည်သူလာရောက်ဝယ်ယူတဲ့အခါ ကိုယ်ရဲ့ဆိုင်နာမည်ပြောခွင့်ရမယ်။ ကိုယ်ရဲ့ထုတ်ကုန်တွေကိုလည်း ကြော်ငြာခွင့်ရမယ်။ ကိုယ့်ပစ္စည်းတွေက အရည်အသွေးဘယ်လိုရှိတယ်ဆိုတာကို သိရှိသွားကြတဲ့အတွက် အကျိုးအများကြီးရှိပါတယ်။

ကျွန်တော်တို့က ချုပ်ရုံအဖြစ် လုပ်ကိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်၊၊ အခုကတော့ တချို့ ထုတ်ကုန်လုပ်ငန်းရှင်တွေနဲ့လက်တွဲပြီး ဖြန့်ဖြူးရောင်းချနေတာဖြစ်ပါတယ်၊၊ ဒီ MSME ပြပွဲမှာ တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူ လုပ်ငန်းရှင်တွေကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်၊၊ ဒီပြပွဲကနေ ကိုယ့်ရဲ့ထုတ်ကုန်တွေက ဘာတွေလဲဆိုတာကို အများပြည်သူသိရှိအောင် ချပြလို့ရမယ်။ ကိုယ့်ရဲ့ထုတ်ကုန် ပစ္စည်းကို အရည်အသွေးကောင်းကောင်းနဲ့ ဘယ်လို အမျိုးအစားတွေ ထုတ်လုပ်ရောင်းချတယ်ဆိုတာ အများပြည်သူကို တိုက်ရိုက်ထိတွေ့ ကြော်ငြာခွင့်ရတာမို့ ကိုယ့်ရဲ့လုပ်ငန်းတိုးတက်ဖို့ ကြိုးစားခွင့်ရတဲ့ နေရာကောင်းတစ်ခုပါ။

ဒေါ်ရီရီဝင်း

အောင်ထွန်းဖိနပ်ဆိုင်

ပြင်ဦးလွင်ကနေ လာရောက်ရောင်းချတာဖြစ်ပါတယ်၊၊ ကျွန်မဆိုင်မှာက ရန်ကုန်နဲ့မန္တလေးက ထုတ်လုပ်တဲ့ပြည်တွင်းထုတ် ဖိနပ်တွေကိုပဲမှာယူပြီး ဖြန့်ဖြူးရောင်းချတာဖြစ်ပါတယ်၊၊ ဖိနပ်ဒီဇိုင်းက တော့ အစုံရောင်းပါတယ်၊၊ ဒီ MSME ပြပွဲကြီးမှာတော့ ပထမဆုံးအကြိမ် လာရောက်ရောင်းချခြင်း ဖြစ်ပါတယ်၊၊ ပထမဆုံးဖြစ်ပေမယ့် အများကြီးရောင်းရပါတယ်။ ဒီလိုပြပွဲကြီးမှာ ရောင်းချခွင့်ရတဲ့အတွက် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်၊၊

ဒေါ်မြသန္တာ

ရွှေခြင်္သေ့ မုန့်မျိုးစုံရောင်းဝယ်ရေး

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကလာရောက်ပြီး ရောင်းချတာဖြစ်ပါတယ်၊၊ နေပြည်တော် ဒေသထွက်ထုတ်ကုန်တွေပဲ အဓိကထားရောင်းချတာဖြစ်ပြီးတော့ ဒေသထွက်ထုတ်ကုန်တွေဖြစ်တဲ့ နေကြာစေ့၊ ကြက်သွန်ပေါင်းကြော်နဲ့ အာလူးကြော်စတာတွေကို စုံစုံလင်လင်ပြသရောင်းချပါတယ်၊၊ ပြပွဲစတဲ့ရက် ကတည်းက တော်တော်လေးရောင်းအားကောင်းပြီး ပစ္စည်းတွေပြတ်လပ်တဲ့အထိ ရောင်းချခဲ့ရပါတယ်၊၊ ပြပွဲ တစ်ရက်ပြီးတစ်ရက် ရောင်းအားကောင်းလာတဲ့အတွက် အင်မတန်ဝမ်းသာရပါတယ်၊၊ ဒီပြပွဲမှာ ကိုယ်တိုင်ထုတ်လုပ်ရောင်းချနိုင်တဲ့ အသေးစား ထုတ်ကုန်ပစ္စည်းတွေ လာရောက်ရောင်းချရတာဖြစ်တဲ့အတွက် ကိုယ့်ပစ္စည်းတွေကို အများပြည်သူ သိရှိသွားတယ်။ ဈေးကွက်လည်းရရှိလာတယ်၊၊ ဈေးနှုန်းကိုလည်း သက်သက်သာသာနဲ့ ရောင်းချနေတာဖြစ်ပါတယ်၊၊ အောင်ဂျိုင်းကျော်

ဓာတ်ပုံ-အောင်မင်းထွန်း

moi

ဝယ်ယူတဲ့သူတွေက ထုတ်ကုန်အသစ်တွေ၊ ဒီဇိုင်းအသစ်တွေ ထုတ်ဖို့အတွက်လည်း အကြံဉာဏ်တွေပေးကြတယ်၊ အဲဒီလိုအကြံဉာဏ်တွေပေးတော့ ပိုပြီးအားရှိပါတယ်၊ အကြံဉာဏ်တွေပေးတဲ့အတွက်လည်း ဝမ်းသာပါတယ် - ဦးထွန်းလွင်

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိသည်။

ပြပွဲတွင် ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသရောင်းချလျက်ရှိပြီး ပါဝင်ပြသရောင်းချကြသည့် လုပ်ငန်းရှင်များ၊ ပြခန်းတာဝန်ခံများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည် -

ဦးမျိုးမင်းထိုက်

ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း 

MSME ထုတ်ကုန်ပြပွဲနဲ့ ဈေးရောင်းပွဲတော်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ FDA အသိအမှတ်ပြုလက်မှတ်ရရှိပြီးသား ဆီလုပ်ငန်းရှင်တွေအားလုံး လာရောက်ခင်းကျင်းပြသရောင်းချလျက်ရှိပါတယ်၊၊ ကျွန်တော်တို့အသင်းအနေနဲ့ နိုင်ငံခြားသွင်းကုန်ကို အစားထိုးနိုင်ဖို့၊ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့၊ စားသုံးသူတွေ အန္တရာယ်ကင်းရှင်းစေဖို့ ဆောင်ရွက်နေသလို ဆီလုပ်ငန်းရှင်တွေ လုပ်ငန်းအဆင်ပြေစေဖို့ အားလုံးနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။

နိုင်ငံတော်ကနေ ပံ့ပိုးကူညီပေးတဲ့ချေးငွေလည်း ကျွန်တော်တို့ ဆီစက်ပိုင်ရှင်တွေ ရရှိပါတယ်၊၊ စိုက်ပျိုးတောင်သူတွေလည်း ရရှိကြတယ်၊၊ စိုက်ပျိုးတဲ့အဖွဲ့က ဆီထွက်သီးနှံတွေတိုးပြီး စိုက်မယ်ဆိုရင် ကျွန်တော်တို့ဆီစက်ပိုင်ရှင်တွေအတွက် ကြိတ်ခွဲမှုတွေ ပိုရလာမယ်၊ ပြည်တွင်းမှာပဲထုတ်လုပ်ပြီး ပြည်တွင်းကဆီကို စားသုံးမယ်ဆိုရင် နိုင်ငံခြားငွေလျှော့ချတဲ့အပိုင်းကို ဆောင်ရွက်နိုင်မယ်၊ တစ်ဖက်ကလည်း လုပ်ငန်းအခွင့်အလမ်းတွေ ရရှိလာမယ်။

ဒီလို ကျွန်တော်တို့ ဆီလုပ်ငန်းကဏ္ဍက ပြည်ပသွင်းကုန်အစားထိုးနိုင်ဖို့အတွက် မဖြစ်မနေကြိုးစားရမယ့်အပိုင်းမှာ ပါဝင်နေပါတယ်။ ဒါကြောင့် တောင်သူတွေ၊ ထုတ်လုပ်သူတွေအားလုံးက ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်၊၊ သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေအနေနဲ့ ကျွန်တော်တို့ကို လမ်းညွှန်စီမံပေးမယ်ဆိုရင် တောင်သူ၊ စက်ပိုင်နဲ့ စားသုံးသူတွေအကြား အချိတ်အဆက်အားကောင်းပြီး လုပ်ငန်းဆောင်ရွက်ဖို့ ပိုပြီးလွယ်ကူမယ်ထင်ပါတယ်။

စားသုံးသူတွေကိုလည်း ကျွန်တော်တို့ နိုင်ငံကထွက်တဲ့ စားသုံးဆီကို သုံးစွဲရင်း နိုင်ငံရဲ့စီးပွားရေးလည်ပတ်မှုယန္တရားကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနိုင်မှာမို့ ပြည်တွင်းစားသုံးဆီကိုပဲ စားသုံးပေးပါ၊ ပူးပေါင်းဆောင်ရွက်ပေးပါလို့ ဖိတ်ခေါ်ချင်ပါတယ်၊၊

ဒေါ်ခင်မေသွင်

မန်နေဂျာ၊ အမရရွှေပြည်ရက်ကန်း

ကျွန်မတို့အနေနဲ့ အာဆီယံပွဲတွေမှာ သွားရောက်ပြီး ပြသရောင်းချခဲ့တယ်။ အောင်မြင်မှုလည်း ရခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ထုတ်ကုန်တွေကို သုံးစွဲတဲ့သူတွေက သဘောကျကြပါတယ်။ အရင်ကတော့ UMFCCI က ပြုလုပ်တဲ့ပွဲတွေမှာ ပြသခဲ့ဖူးပါတယ်။ MSME ခေါင်းစဉ်အောက်ကနေ ပြသတာကတော့ အခုက ပထမဦးဆုံးပါပဲ။ အခုပွဲမှာ တက်ရောက်ပြသခွင့်ရတဲ့အတွက် လုပ်ငန်းရှင်တော်တော်များများနဲ့ အချိတ်အဆက်ရတယ်။ လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ဆိုင်တွေမှာ ရောင်းချင်လို့ လာရောက်ပြီး ချိတ်ဆက်ကြတယ်။ ကုမ္ပဏီတွေကလည်း သူတို့ရဲ့ဝန်ထမ်းတွေအတွက် ချိတ်ဆက်ဝယ်ယူကြပါတယ်။ ဒါကြောင့် အဆင်ပြေပါတယ်။

ကျွန်မတို့ဆီမှာ ချည်ထည်နဲ့ ပတ်သက်ပြီး ဒီဇိုင်းအစုံရှိပါတယ်။ အထည်အမျိုးအစားပေါင်း ၅၀ ကျော် ရှိပါတယ်။ ဖွင့်ပွဲနေ့ကတော့ သိန်း ၁၅၀ ဖိုးလောက် ရောင်းရတယ်။ ပြပွဲတစ်ရက်ကို ခန့်မှန်းသိန်း ၅၀ ဖိုးလောက် ရောင်းရပါတယ်။ တချို့ကတော့ ဝင်လေ့လာကြပြီး အရည်အသွေးကို သဘောကျလို့ ဝယ်ယူကြပါတယ်။ နေပြည်တော်က ဆိုင်တချို့လည်း လာရောက်ချိတ်ဆက်မှုတွေရှိပါတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ငွေကြေးအားဖြင့်၊ ဈေးကွက်အားဖြင့် အကျိုး အမြတ်အများကြီးရခဲ့တဲ့ ပြပွဲဖြစ်ပါတယ်။ ကျွန်မတို့ ချည်ထည်တွေကို ပေးရတဲ့ဈေးနဲ့ အဆင်ပြေအောင်ဆောင်ရွက်ပေးထားပါတယ်။ နောက်ပြီး Promotion အစီအစဉ်တွေလည်း ရှိပါတယ်။ ပြီးတော့ ပြပွဲမှာ ရက်ကန်းရက်တဲ့လုပ်ငန်းစဉ်ကို ပြသပေးထားပါတယ်။ ရက်ကန်းကို မမြင်ဖူးတဲ့ သူတွေ ရှိပါတယ်။ မြန်မာ့ရိုးရာရက်ကန်းပညာကို အားလုံးကို သိစေချင် တာမို့ ပြသတာပါ။ လာရောက်လေ့လာပြီး ဝယ်ယူကြဖို့ ဖိတ်ခေါ်ပါတယ်။

ဦးထွန်းလွင်

ထွဏ်း ဝါးလက်မှုလုပ်ငန်း

ကျွန်တော်တို့လုပ်ငန်းက ထုတ်ကုန်တွေ ဌာနဆိုင်ရာတွေနဲ့ ဒေသခံတွေက အများကြီးဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝယ်ယူတဲ့သူတွေက ထုတ်ကုန်အသစ်တွေ၊ ဒီဇိုင်းအသစ်တွေ ထုတ်ဖို့အတွက်လည်း အကြံဉာဏ်တွေပေးကြတယ်၊ အဲဒီလိုအကြံဉာဏ်တွေပေးတော့ ပိုပြီးအားရှိပါတယ်၊ အကြံဉာဏ်တွေပေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် ချေးငွေရရှိဖို့ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်ထားတယ်။ ချေးငွေရဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့လို အသေးစားလက်မှု လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းတိုးတက်ဖို့ ဆောင်ရွက်တဲ့အခါမှာ ကုန်ကြမ်း ရှားပါးမှုအခက်အခဲရှိတယ်။ ကျွန်တော်တို့ လုပ်ငန်းမှာဆိုရင် အဓိကကုန်ကြမ်းဖြစ်တဲ့ ဝါးရှားပါးမှုပါ။ လိုချင်တဲ့ ဝါးသက်တမ်း၊ ပြည့်မီတဲ့ ဝါးအရည်အသွေးမရတဲ့အတွက် ရှိတဲ့ဝါးနဲ့ ကြိုးစားပြီးတော့ ကျွန်တော်တို့ ထုတ်ကုန်ကို အကောင်းဆုံးဖြစ်အောင် ထုတ်လုပ်နေရပါတယ်။ ဒီလိုလိုအပ်ချက်တွေအတွက် ဒီပြပွဲက အများကြီးအထောက်အကူပြုပေးပါတယ်။ ပြပွဲကနေ ကျွန်တော့်ထုတ်ကုန်တွေကို လူအများကြီး သိရှိနိုင်အောင် ဆောင်ရွက်ခွင့်ရခဲ့တယ်၊ ထပ်ပြီး ဘယ်လိုတိုးချဲ့လုပ်ကိုင်ရမယ်ဆိုတဲ့ အကြံဉာဏ်လည်း ရခဲ့တယ်။

ဒေါ်ကျင်ဇနဲမ်

ရက်ကန်းလုပ်ငန်းရှင်၊ ချင်းပြည်နယ်ကိုယ်စားပြုပြခန်း

ပြပွဲကိုလာရောက်လေ့လာကြတဲ့သူတွေက စိတ်ဝင်တစားကြည့်ရှုလေ့လာကြတယ်။ တော်တော်များများ လာကြည့်ကြပြီး သိရှိလိုတာကို မေးမြန်းကြတယ်။ ပပျောက်လုနီးနီးဖြစ်နေတဲ့ ရိုးရာတစ်ခုကို အများပြည်သူသိရှိအောင် ပါဝင်ပြသခွင့်ရတဲ့အတွက်လည်း အားရမိပါတယ်။ ရိုးရာဂျပ်ခုတ်လုပ်ငန်းက လက်မှုလုပ်ငန်းဖြစ်တဲ့အတွက် ဖန်တီးရတာ နှေးတယ်။ ဝါစေ့ချွေတဲ့စက်ရှိမယ်၊ ချည်မျှင်လုပ်တဲ့စက်ရှိမယ်၊ စက်ကိရိယာသုံးနိုင်မယ်ဆိုရင် ပိုပြီးကျယ်ပြန့်မယ်။ ဒီအတွက် ပြုပြင်လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။

ဒါမှလည်း ရိုးရာရက်ကန်းကို မပျောက်ကွယ်အောင် ထိန်းသိမ်းနိုင်မှာပါ။ ဒါကြောင့် ရိုးရာရက်ကန်းကို လူသိများအောင်၊ အခွင့်အလမ်းတွေ ဖန်တီးနိုင်အောင် လာရောက်ပြသတာဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့ပြည်နယ်တစ်ခုတည်းအတွက်မဟုတ်ဘဲ တစ်ပြည်လုံးကို ပျံ့နှံ့သိရှိအောင် သင်တန်းတွေလည်းပေးပါတယ်။ ဒါမှ စိတ်ဝင်စားတဲ့လူရှိရင် လုပ်ငန်းလုပ်ကိုင်ပြီး တိုးတက်စေချင်တယ်။ အဲဒီလိုမျိုးလုပ်ကိုင်နိုင်ဖို့ နိုင်ငံတော်ရဲ့အကူအညီအထောက်အပံ့လည်း မျှော်လင့်ပါတယ်။ ကျွန်မတို့ဘက်ကနေ တတ်နိုင်သလောက် ထုတ်လုပ်မှုတိုးတက်အောင် အကောင်းဆုံးကြိုးစားဆောင်ရွက်မှာဖြစ်ပါတယ်။ ကျွန်မတို့လုပ်ငန်းကို ပြည်သူတွေအများကြီး အခုလိုသိရှိစေနိုင်ဖို့က ကျွန်မတို့ တစ်ပိုင်တစ်နိုင်လုပ်ငန်းအားနဲ့ မလွယ်ပါဘူး။ ဒါကြောင့် အခုလိုပြပွဲကြီးကို လာရောက်ပါဝင်ပြသခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။      

ဦးမျိုးလွင်

ရှမ်းပြည်နယ်ကိုယ်စားပြု ပြခန်းတာဝန်ခံ

ရှမ်းပြည်နယ်ကိုယ်စားပြုပြခန်းမှာ ပစ္စည်းအရေအတွက် ၂၅၇၀၀၀ နဲ့ ပါဝင်ပြသထားပါတယ်၊၊ ကျွန်တော်တို့ပြခန်းမှာ အာလူးခြောက်၊ အာလူးကြော်နဲ့ ကော်ဖီထုတ်ကုန်တွေဆိုရင် ရောင်းအားကောင်းတဲ့အတွက် အကုန်ကုန်သွားပါပြီ၊၊ ကုန်သွားတဲ့အတွက် တောင်ကြီးကနေ ထပ်မံမှာယူဖြည့်တင်းပြီး ရောင်းချလျက်ရှိပါတယ်။ ရှမ်းပြည်နယ်ရဲ့ဒေသအသီးသီးက ထွက်ရှိတဲ့ လက်ဖက်စိုနဲ့ လက်ဖက်ခြောက်တွေလည်း ရောင်းလို့ကုန်သွားတဲ့အတွက် ထပ်မံမှာယူပြီးတော့ ဖြည့်တင်းရောင်းချပေးနေတာပါ။ လုပ်ငန်းရှင်တွေအတွက် အကျိုးရှိတဲ့ပြပွဲကြီးပါ။ ဒီပြပွဲကနေ MSME လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်တယ်၊ ပြပွဲရက်တိုးထားတဲ့အတွက် ကျန်တဲ့ပြပွဲရက်မှာလည်း လာရောက်လေ့လာကြည့်ရှုပြီး အားပေးဝယ်ယူကြဖို့ ဖိတ်ခေါ်ပါတယ်၊၊

ဦးတင့်လွင်

ရခိုင်ပြည်နယ်ဦးစီးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန

ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ ပင်လယ်ရေထွက်ကုန်ပစ္စည်း အင်မတန်ပေါများတဲ့ ပြည်နယ်ပါ။ ဒါကြောင့် ရေထွက်ကုန်အခြေခံတဲ့ ငါးပိ၊ ငါးခြောက်လုပ်ငန်းတွေက အသေးစားလုပ်ငန်းကစပြီး အကြီးစားအထိ အများကြီးလုပ်ကိုင်ကြတယ်။ ဒီနှစ်မှာ ရခိုင်ဒေသကထွက် ထုတ်ကုန်ပစ္စည်းတွေကို ကုန်ခြောက်ပြသလို ငါးအစိမ်း၊ ပုစွန်အစိမ်းတွေ ကိုလည်း ပြသရောင်းချပေးပါတယ်၊၊ အခုပြပွဲမှာ ပင်လယ်ငါးသလောက်က ရောင်းအားအကောင်းဆုံးဖြစ်ပြီး လူကြိုက်အများဆုံးပါ။ ကင်းမွန်၊ ပြည်ကြီးငါး၊ ရေဘဝဲနဲ့ ငါးပုတ်သင်တွေလည်း လူကြိုက်များတယ်။ ပြည်နယ်ထွက် ငါးမုန့်ကလည်း နာမည်ကြီးပြီး လူကြိုက်များတယ်။ ရီရီပြုံးငါးမုန့်ဆိုရင် ထင်ရှားကျော်ကြားတဲ့ ငါးမုန့်လုပ်ငန်းဖြစ်ပါတယ်။ အနံ့အရသာနဲ့ပြည့်စုံတဲ့ ဒေသထွက်ကုန်ပစ္စည်းဖြစ်တဲ့အတွက် ကျွန်တော် တို့ဒေသကို လာပြီး ပြန်တဲ့အခါ တန်ဖိုးနည်းသည်ဖြစ်စေ၊ တန်ဖိုးများသည်ဖြစ်စေ ဒီငါးမုန့်ကို အမှတ်တရလက်ဆောင်အဖြစ် ယူသွားချင်ကြတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ထွက် ထုတ်ကုန်တွေကို လာရောက်ကြည့်ရှုလေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။

သန်းအေးကျော်

ဓာတ်ပုံ-အောင်ပြည့်စုံ

moi

ကျွန်တော်တို့လူငယ်တွေအနေနဲ့ အခုကတည်းကစပြီး နိုင်ငံတော်ရဲ့ ကိစ္စရပ်တွေမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းသာယာဝပြောရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ပြီးတော့ ဆောင်ရွက်ပေးလိုပါတယ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး၌ တုံ့ပြန်​​​ချေပ​လျှောက်လဲခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ​ဖေ​ဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ လာရောက်ကြိုဆိုခဲ့ကြသူများအနက်မှ တွေ့ဆုံမေးမြန်းထားသူများ၏ ပြန်လည်ဖြေကြားထားသည်များကို ​ဖော်ပြလိုက်ပါသည်-

မောင်ရောင်စဉ်ထွန်း (ရန်ကင်းပညာရေးဒီဂရီကောလိပ်)

ကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ တရားမျှတတဲ့ အမှန်တရားအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သွားရောက်ဖြေရှင်းပေးခဲ့ကြပြီး ပြန်လည်ရောက်ရှိလာကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို လာရောက်ဂုဏ်ပြုကြိုဆိုရတဲ့အတွက် ရန်ကင်းပညာရေးဒီဂရီကောလိပ်မိသားစုအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ လူငယ်တိုင်း လူငယ်တိုင်းမှာ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးအစရှိတဲ့ နိုင်ငံတော်ရဲ့ သမိုင်းပေး တာဝန်တွေကို လူငယ်တွေအနေနဲ့ နောင်တစ်ချိန်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ ဒါ​ကြောင့်မို့ အစကောင်းမှ အနှောင်းသေချာဆိုသလိုမျိုးပဲပေါ့။ ကျွန်တော်တို့လူငယ်တွေအနေနဲ့ အခုကတည်းကစပြီး နိုင်ငံတော်ရဲ့ကိစ္စရပ်တွေမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တရား ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းသာယာဝပြောရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပါဝင်ပြီးတော့ ဆောင်ရွက်ပေးလိုပါတယ်။ အခု အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့တဲ့အမှုက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို စွဲဆိုခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အမှုဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့အမြင်နဲ့ ပြောရမယ်ဆိုရင် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံရဲ့ လွတ်လပ်ခွင့်ဆိုတာ ရှိပါတယ်။ အခုအမှုကို သွားရောက်ဖြေရှင်းပေးခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ဦးဇော်လွင်ဦး (ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာလုပ်ငန်းကော်မတီ)

ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်မှာ အစစ၊ အရာရာအဆင်ပြေစေဖို့ အခက်အခဲ၊ အနှောင့်အယှက်၊ အတားအဆီးများမရှိဘဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ချောချောမွေ့မွေ့နဲ့ တိုင်းရင်းသားအားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကောင်းတာပေါ့။ အခက်အခဲ၊ အနှောင့်အယှက်၊ အတားအဆီး​တွေကို ဝိုင်းဝန်းပြီး မိသားစုစိတ်ဓာတ်နဲ့ ဖြေရှင်းနိုင်ရင် အောင်မြင်နိုင်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေအားလုံးက ကျွန်တော်တို့ နိုင်ငံရဲ့အခြေအနေ၊ ကျွန်တော်တို့လုပ်ရ မယ့် တာဝန်တွေကို သိရှိပြီးတော့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ICJ မှာ သွားရောက်ဖြေရှင်းပြီး ပြန်လည်ရောက်ရှိလာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ရှင်းလင်းပြောကြားချက်​တွေကို လိုက်နာမှတ်သားပြီး ဘယ်လိုဆောင်ရွက်မယ်၊ ဘယ်လိုလိုက်နာရမယ်ဆိုတာတွေ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအတွက် ပူးပေါင်းဆောင်ရွက်လိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီနေ့လူငယ်ကဏ္ဍအနေနဲ့ လာရောက်ဂုဏ်ပြုကြိုဆိုတာဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်တိုင်းပြည်မှာ ဘာအနှောင့်အယှက်မှ မရှိစေချင်တဲ့အတွက်ကြောင့် ဒါတွေကို ဝိုင်းဝန်းဝန်းရံ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

ဦးထင်ကျော်မိုး (ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း)

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက မဟုတ်မမှန်လုပ်ကြံပြီးတော့ စွပ်စွဲတာနဲ့ ပတ်သက်ပြီးတော့ မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်ဖြေရှင်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ တစ်သွေးတည်း၊ တစ်သားတည်းရှိတယ်ဆိုတာကို ပြသချင်တဲ့အတွက်ကြောင့် အခုလိုလာရောက်ဂုဏ်ပြုကြိုဆိုတာဖြစ်ပါတယ်။ အခုလို လာရောက်ကြိုဆိုရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီမှာ လာရောက် ဂုဏ်ပြုကြိုဆိုတဲ့သူတွေကို ကြည့်မယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေလည်း အားတက်သရော လာရောက်ဂုဏ်ပြုကြိုဆိုကြတာတွေ့ရ ပါတယ်။

မဖြိုးသီရိကျော် (သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်)

ကျွန်မအနေနဲ့ကတော့ ကိုယ့်ရဲ့နိုင်ငံအတွက် မတရားစွပ်စွဲခံရတာကို မြန်မာကိုယ်စားလှယ်အဖွဲ့က ICJ မှာ သွားပြီး ဖြေရှင်းပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မတို့ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်က ကျောင်းသား ကျောင်းသူ ၅၀၀ လောက်လာပြီး ဂုဏ်ပြုကြိုဆိုတာပါ။ အခြားကျောင်းက ကျောင်းသား ကျောင်းသူတွေလည်း လာရောက်ကြိုဆိုတယ်လို့ သိရပါတယ်။ အခုလိုမျိုး ကိုယ့်နိုင်ငံအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့က ဖြေရှင်းပေးပြီး ပြန်ရောက်လာကြတာကို ကြိုဆိုရတဲ့အတွက် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်ပြီး ဝမ်းသာမိပါတယ်။

မောင်ဟိန်းစွမ်းသူ (သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်)

ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးကို ရဲဝံ့စွာ သွားရောက်ဖြေရှင်းခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ လာရောက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့က အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အားရကျေနပ်မှုရှိပါတယ်။ လူငယ်တွေအနေနဲ့ အပျော်အပါးမမက်ဘဲ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးရမယ်၊ ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်းကိုလဲ သိထားရမယ်၊ သမိုင်းကိုမသိထားရင် အလိမ်အညာခံရမယ်။ ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်း သိထားမှသာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မှာပါ။

တွေ့ဆုံမေးမြန်း - ရန်ကုန်သတင်းအဖွဲ့

moi

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ သဘောထားမှတ်ချက်များ

နေပြည်တော် ဇန်နဝါရီ ၂၆

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပရာ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်များ၏ ဗီဒီယို မက်ဆေ့ဖြင့် ပြောကြားချက်၊ ကမ္ဘောဒီးယား၊ နီပေါ၊ နီကာရာဂွါနိုင်ငံနှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီတို့မှ ကိုယ်စားလှယ်များ၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်-

Ms. Volha N.Chamadanova၊ ဥက္ကဋ္ဌ၊ ဘယ်လာယာရုစ်ပါတီ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ

အဖွဲ့ဝင်ငါးဦးပါဝင်တဲ့ ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲတတိယအဆင့် လေ့လာစောင့်ကြည့်ဖို့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။ ရွေးကောက်ပွဲ တတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့် ရွေးကောက်ပွဲနေ့အတွက် ပြင်ဆင်ထားမှုများဟာ အလွန်တရာစနစ်တကျရှိပြီး လုံခြုံမှုရှိခြင်းကို ကျွန်မတို့အနေနဲ့ ချီးကျူးဂုဏ်ပြုလိုပါတယ်။ ရွေးကောက်ပွဲတတိယအဆင့်မှာ ကျွန်မတို့ကိုယ်စား လှယ်အဖွဲ့အား ကောင်းမွန်စွာဧည့်ခံမှုနှင့် စီစဉ်ပေးမှုအတွက် နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အားလည်း ကျေးဇူးတင်ရှိပါတယ်။

တတိယအဆင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ စီစဉ်နိုင်ခဲ့ကြောင်းလည်း ကျွန်မတို့သတိပြုမိပါတယ်။ လုပ်ငန်းစဉ်အားလုံးဟာ ပွင့်လင်းမြင်သာမှုရှိပြီး ရွေးကောက်ပွဲမှာ ပြည်သူများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာများဖြန့်ဝေပြီးဖြစ်လို့ တက်ကြွစွာ ပါဝင်ခဲ့ကြတာကို တွေ့ရှိရပါတယ်။ မဲရုံများရဲ့ ပြင်ဆင်မှု အဆင့်တိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေစံချိန်စံနှုန်းများနှင့် ကိုက်ညီတာကိုတွေ့ရပါတယ်။ ကျွန်မတို့ရဲ့ ဘယ်လာရုစ် ကိုယ်စားလှယ်အဖွဲ့အပေါ် ယခုလိုအလေးအနက် ဖိတ်ကြားမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Mr. Sergei A. Shkrudnev၊ ဥက္ကဋ္ဌ၊ မင့်စ်မြို့တော် ကုန်သွယ်ရေးသမဂ္ဂ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ

ဘယ်လာရုစ်နိုင်ငံမှ လေ့လာစောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရွေးကောက်ပွဲများသည် ငြိမ်းချမ်းစွာကျင်းပလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ယနေ့မဲရုံများသို့ နိုင်ငံသားများသည် ၎င်းတို့ရဲ့သားသမီးများနှင့်အတူ စိတ်အား ထက်သန်စွာဖြင့် လာရောက်ကြပြီး ၎င်းတို့နိုင်ငံအတွက်သာမက ၎င်းတို့မွေးရပ်မြေတစ်ခုလုံးရဲ့ အနာဂတ်အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်း တွေ့ရှိရပါတယ်။ မဲရုံများတွင်အရေးပါတဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းကို တွေ့ရှိရပါတယ်။ ယနေ့ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေသော ပါတီများအပြင် ပြည်သူလူထုလည်းရှိနေခြင်းကိုလည်း သတိပြုမိပါတယ်။ အရာအားလုံးသည် ပွင့်လင်းမြင်သာပြီး ဥပဒေအတိုင်းလုပ်ဆောင် နေကြောင်း တွေ့ရှိရပါတယ်။

ယနေ့ စောင့်ကြည့်သူများအဖြစ် ဆောင်ရွက်နေသော ပါတီကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ အရ လက်ရှိအခြေအနေနှင့် မဲပေးခြင်းများသည် ဥပဒေချိုးဖောက်မှုမရှိဘဲ အစီအစဉ်တကျ လုပ်ဆောင်နေကြောင်းကိုလည်း ၎င်းတို့ပြောကြားချက်များအရ သိရှိရပါတယ်။

ထို့အပြင် ယနေ့အသုံးပြုနေတဲ့ မြန်မာအီလက် ထရောနစ်မဲပေးစက်စနစ်သည် ရွေးကောက်ပွဲ မသမာမှုများကို ကာကွယ်ပေးပြီး ရွေးကောက်ပွဲများကို တရားမျှတစွာကျင်းပနိုင်ရန်များစွာ အထောက်အကူဖြစ်ကြောင်း သက်သေပြနေပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်သူများ၊ နိုင်ငံသားများသည် ဤအချက်ကိုသိရှိပြီး လာမည့်ရွေးကောက်ပွဲများတွင် ၎င်းတို့၏ဆန္ဒကို မည်သူမျှနှောင့်ယှက်နိုင်မည်မဟုတ် ကြောင်း နားလည်ကြမည်ဟု ယုံကြည်ပါတယ်။

ထို့အပြင်မဲရုံများသို့ သွားရောက်လေ့လာခွင့်နှင့် သတင်းအချက်အလက်အားလုံးကို သိရှိရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေ၊ အဆွေတော်တို့နိုင်ငံ ဒီထက်မက ကြီးပွားတိုးတက်ပါစေ၊ ရှေ့သို့ဆက်လက် လျှောက်လှမ်းနိုင်ပါစေ၊ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

H.E. Mr. YICH Samethy ၊ အဖွဲ့ဝင်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မတီ

ယနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး နှင့်အဖွဲ့ဝင်များ၊ နိုင်ငံအသီးသီးမှ ဧည့်သည်တော်များ၊ သံရုံးမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ် ခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ကိုယ်စားပြုပြီးတော့ လာရောက်တဲ့ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်ကိုယ်စား မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေကျင်းပမှုကို လာရောက် လေ့လာခဲ့တာဆိုရင် ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပထမအကြိမ် မဲပေးမှုကိုလည်း လာရောက်လေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာဆိုရင် ကျွန်တော်တို့အနေနဲ့ နေပြည်တော်မှာရှိတဲ့ မဲရုံ ၆ ရုံမှာ သွားရောက်လေ့လာခဲ့ပြီးတော့ အဲဒီအချိန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဥပဒေ၊ နည်းဥပဒေလုပ်ငန်းစဉ် များနှင့်အညီ ကောင်းမွန်မှန်ကန်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တယ်ဆိုတာကိုလည်း လေ့လာခဲ့ပါတယ် ခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ အခုအခါမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာပြုလုပ်တဲ့ ဒုတိယအဆင့် ရွေးကောက်ပွဲလေ့လာမှုကို ကမ္ဘောဒီးယားနိုင်ငံအနေနဲ့လာရောက်လေ့လာခဲ့ခြင်းမရှိပေမယ့် မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ ကမ္ဘောဒီးယားနိုင်ငံ သံရုံးက သံအမတ်ကြီးက သွားရောက်လေ့လာခဲ့ ပါတယ်။ အဲဒီအချိန်မှာလည်း ကျွန်တော်တို့ကိုယ်တိုင် လာရောက်လေ့လာနိုင်ခြင်းမရှိပေမယ့် မမှန်မကန်သော ရွေးကောက်ပွဲဆိုင်ရာပြုကျင့်မှုများ တစ်စုံတစ်ရာမျှ မတွေ့ခဲ့တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်ခင်ဗျာ။ ယခုပြုလုပ်ကျင်းပတဲ့ တတိယအဆင့် ရွေးကောက်ပွဲမှာဆိုရင် ကျွန်တော်တို့အနေနဲ့ ရန်ကုန်မှာရှိတဲ့ မဲရုံ ၆ ရုံမှာ မဲပေးမှုတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ လေ့လာတဲ့အခါမှာတော့ ကျွန်တော်တို့အနေနဲ့ အောက်ပါအချက် အလက်တွေကို တွေ့ရှိခဲ့ရပါတယ်။

ပထမဆုံးအနေနဲ့ မဲပေးမှုလုပ်ငန်းစဉ်တွေဟာ ငြိမ်းချမ်းတာကို တွေ့ရှိရပါတယ်။ ရွေးကောက်ပွဲ များကို ငြိမ်းချမ်းစွာကျင်းပနိုင်ခဲ့တာကို တွေ့ရှိရပြီး ပြည်သူလူထုက အားတက်သရောနဲ့ ပါဝင်မဲပေးခဲ့ တာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ ၎င်းတို့ ရဲ့မဲပေးပိုင်ခွင့်များကို အနှောင့်အယှက် တစ်စုံ တစ်ရာမရှိဘဲ ကြောက်ရွံ့မှု၊ ခြိမ်းခြောက်မှု တစ်စုံ တစ်ရာမရှိဘဲနဲ့ မဲပေးခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

ဒုတိယအနေနဲ့ကတော့ ကျွန်တော်တို့မဲရုံ ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ မဲရုံဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းတွေကို ပြုလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ သမာသမတ်ကျမှုတွေကို ဖော်ဆောင်နိုင်ခဲ့တာကို ကျွန်တော်တို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

တတိယအနေနဲ့ကတော့ ပွင့်လင်းမြင်သာမှုရှိတာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုလုံးဟာ ပွင့်လင်းမြင်သာမှုရှိပြီးတော့ ပြည့်စုံပြီး ရှင်းလင်းတဲ့လုပ်ငန်းစဉ်အနေနဲ့ ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်တွေမှာဆိုရင် ရွေးကောက်ပွဲနှင့်သက်ဆိုင်တဲ့ Stakeholder တွေ အားလုံး၊ အထူးသဖြင့် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ၊ မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့တာကို တွေ့ရှိရတဲ့အတွက် အလွန်ကိုပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

စတုတ္ထအချက်အနေနဲ့ကတော့ မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုရာမှာ အလွန်ကို ပြီးပြည့်စုံပြီးမဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်ကို ယခင်ကထက် ပိုမိုလျင်မြန်စေပြီး ပြည့်စုံမှန်ကန်တဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်ခင်ဗျာ။ အထူးအနေနဲ့ မြန်မာနိုင်ငံက မဲဆန္ဒရှင်တွေက ဒီစက်ကိုအသုံးပြုတာ ပထမဆုံးဖြစ်ပေမယ့်လည်း မဲပေးစက်နှင့် ပတ်သက်ပြီးတော့ သူတို့အနေနဲ့ကောင်းမွန်စွာ ဘယ်လိုအသုံးပြုရမလဲဆိုတာကိုသိရှိပြီး ဖြစ်တာ ကိုလည်း ကျွန်တော်တို့အနေနဲ့ လေ့လာတွေ့ရှိခဲ့ ရပါတယ်ခင်ဗျာ။   

နောက်တစ်ချက်အနေနဲ့ကတော့ လုံခြုံရေးဆောင်ရွက်ထားမှုတွေပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမှုနှင့် ပတ်သက်ပြီးတော့ ပြည့်စုံကောင်းမွန် တဲ့လုံခြုံရေး ဆောင်ရွက်ထားမှုတွေကိုတွေ့ရှိရပြီး အဲဒီအတွက်ကြောင့်မို့လို့ မဲဆန္ဒရှင်တွေ၊ မဲရုံတာဝန် ထမ်းဆောင်သူတွေနဲ့ အခြားသက်ဆိုင်တဲ့ Stakeholders အားလုံးဟာ လုံခြုံစိတ်ချစွာနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တာကို ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ရွေးကောက်ပွဲလေ့လာတဲ့ mission တစ်လျှောက်လုံးမှာဆိုရင် မဲပေးမှုဆိုင်ရာ မသမာမှုတစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ရဘူးဆိုတာကို ပြောကြားလိုပါတယ်။ အဆွေတော်တို့ခင်ဗျာ ကျွန်တော်တို့အနေနဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲတွေကို လာရောက်လေ့လာ တဲ့အချိန်မှာဆိုရင် ရွေးကောက်ပွဲတွေဟာ တရား ဥပဒေနဲ့အညီ ကျင်းပခဲ့တာကို တွေ့ရှိရပြီးတော့ ကျွန်တော်တို့လေ့လာတဲ့ ယခုအပိုင်း (၃) မှာဆိုရင် အပိုင်း (၁) နဲ့ အပိုင်း (၂) မှာလိုပဲ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။

ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲတွေကို လာရောက်လေ့လာနိုင်ဖို့အတွက် ဖိတ်ကြားပေးတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်ကို တက်ရောက်လာကြတဲ့ နိုင်ငံတစ်ခုချင်းစီမှ ကိုယ်စားလှယ်များ အားလုံးကိုလည်း မိမိတို့နိုင်ငံကို ပြန်တဲ့အခါမှာ ကောင်းမွန်အဆင်ပြေတဲ့ ခရီးစဉ်လေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Dr. Janaki Kumari Tuladhar ၊ အဖွဲ့ဝင်၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်

လေးစားအပ်ပါသော ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကြီးနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ တက်ရောက်လာတဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင်။

ကျွန်မတို့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားချက်နဲ့အတူ မြန်မာနိုင်ငံမှာရှိတဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူတွေ အဖြစ်နဲ့ ပါဝင်ခွင့်ရရှိတဲ့အပြင် အခုလိုမျိုးနီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကိုယ်စား မှတ်ချက်ပြုပြောကြားခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်ရှင်။

ပထမဦးဆုံးအနေနဲ့ အခုလိုမျိုး ကျွန်မတို့ကို လာရောက်လေ့လာဖို့အတွက် ဖိတ်ကြားခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ အဲဒီလိုမျိုး နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူတွေကိုဖိတ်ကြားခြင်းဟာဆိုရင် ရွေးကောက်ပွဲစီစဉ်ဆောင်ရွက်တဲ့ အဖွဲ့အစည်းအချင်းချင်းတွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံထဲမှာရှိတဲ့ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုမြှင့်တင်နိုင်ဖို့နဲ့ ဒီရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် အရေးကြီးတယ် ဆိုတာကိုဖော်ပြရာ ရောက်တဲ့အတွက် အခုလိုမျိုးဖိတ်ကြားတာကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။

ကျွန်မတို့ကို အခုလိုမျိုးဖိတ်ကြား‌ပေးတဲ့အပြင် ကျွန်မတို့ မြန်မာနိုင်ငံကိုလာရောက်ပြီး လေ့လာချိန် တစ်လျှောက်လုံးမှာ လိုအပ်သမျှအရာရာကို ပြည့်စုံအောင်စီစဉ်ထားပြီးတော့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုပေးတဲ့အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။

ကျွန်မတို့ရဲ့နေထိုင်မှု၊ သွားလာလှုပ်ရှားမှု၊ လုံခြုံ ရေးဆိုင်ရာတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည့်စုံတဲ့သတင်းအချက်အလက်ပေးမှုတွေ၊ ကျွန်မ တို့ အခုလိုမျိုးရွေးကောက်ပွဲလေ့လာရာမှာ လိုအပ် တဲ့ကူညီဆောင်ရွက်ပေးမှုတွေအတွက်လည်း အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။

ဆက်လက်ပြီးတော့ ကျွန်မအနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နီပေါသံအမတ်ကြီးရဲ့ ကျွန်မတို့အဖွဲ့အပေါ် ကူညီဆောင်ရွက်ပေးမှု‌တွေကိုလည်း ကျေးဇူးတင်ရှိ ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံနဲ့နီပေါနိုင်ငံ နှစ်နိုင်ငံ ကြားမှာရှိတဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ဖော်ဆောင် နိုင်ဖို့နဲ့ ကျွန်မတို့အဖွဲ့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့အတွက်ကို ကျွန်မတို့ရဲ့သံအမတ်ကြီးကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။

ကျွန်မတို့ရဲ့ ရွေးကောက်ပွဲလေ့လာမှုတွေ ပြုလုပ်နေချိန် အတောအတွင်းမှာဆိုရင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ပြီးပြည့်စုံပြီး ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိခဲ့တယ်ဆိုတာကို ကျွန်မတို့အနေနဲ့ တွေ့ရှိခဲ့ရပါတယ်။ စနစ်ကျပြီးတော့ ရှင်းလင်းတဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားမှုတွေ ဆောင်ရွက်ထားပြီး အထူးသဖြင့် မဲဆန္ဒရှင်တွေ မဲစာရင်းမှာပါဝင်နိုင်ဖို့၊ ကြိုတင်မဲတွေပေးနိုင်ဖို့ ကြိုတင်စီစဉ်ဆောင်ရွက်ထားမှုတွေနဲ့ ဒီလုပ်ငန်းစဉ် တွေအဆင်ပြေဖို့အတွက် အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ကျွန်မတို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

ကျွန်မတို့တွေ သတ်မှတ်ထားတဲ့နေရာတွေမှာ ရှိတဲ့ မဲရုံတွေကို သွားရောက်လေ့လာတဲ့အခါမှာ တော့ မဲရုံလုပ်ငန်းတာဝန်တွေကိုထမ်းဆောင်နေတဲ့ မဲရုံဝန်ထမ်းတွေဟာ သမာသမတ်ကျစွာ၊ အရည်အချင်းပြည့်မီစွာနဲ့ဆောင်ရွက်ခဲ့တဲ့အပြင် သူတို့ရဲ့လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ သိရှိနားလည် ပြီး စိတ်ရောကိုယ်ပါဆောင်ရွက်ခဲ့တာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်ရှင်။

မဲရုံတွေဟာဆိုရင် ကောင်းမွန်တဲ့စီမံခန့်ခွဲမှုအောက်မှာရှိနေတာကိုတွေ့ရှိရပြီး မဲပေးတဲ့လုပ်ငန်း စဉ်တွေနဲ့ မဲဆန္ဒရှင်တွေရဲ့မဲပေးမှုနဲ့ပတ်သက်ပြီး သူတို့အနေနဲ့စိတ်ရှုပ်ထွေးမှုတစ်စုံတစ်ရာ မသဲကွဲမှု တွေမရှိခဲ့ဘူးဆိုတာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်ရှင်။ ကျွန်မတို့အနေနဲ့မြန်မာနိုင်ငံရဲ့ အီလက် ထရောနစ်မဲပေးစက်တွေကို မြန်မာနိုင်ငံမှာရှိတဲ့အင်ဂျင်နီယာတွေက ဒီဇိုင်းဆွဲ‌ဖော်ဆောင်ထား တယ်ဆိုတာကိုလည်းတွေ့ရှိရပြီး အဲဒီစက်တွေဟာ ဆိုလို့ရှိရင် ပြင်ပမှ နှောင့်ယှက်နိုင်မှု တစ်စုံတစ်ရာ မရှိဘဲနဲ့ မဲပေးမှုတွေကို ဆောင်ရွက်နိုင်ခဲ့တယ် ဆိုတာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်။

မဲပေးမှုလုပ်ငန်းစဉ်တွေဟာဆိုလို့ရှိရင်လည်း မဲဆန္ဒရှင်တွေအတွက် သူတို့ရဲ့မဲပေးခွင့် မဆုံးရှုံးနိုင် ဖို့အတွက် ကောင်းမွန်ပြီးတော့ စနစ်ကျတဲ့ပတ်ဝန်း ကျင်မှာ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့တာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဒီမဲပေးစက်ကိုအသုံးပြုတဲ့အခါမှာ မသန်စွမ်းမဲဆန္ဒရှင်တွေ အတွက် အဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးထားတာကိုလည်း ကျွန်မတို့အနေနဲ့ တွေ့ရှိခဲ့ရပါ တယ်ရှင်။

ကျွန်မတို့လိုမျိုး နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူတွေရဲ့ ရှုထောင့်ကနေ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲတွေကို နိုင်ငံတစ်နိုင်ငံမှာ ကျင်းပတယ်။ အထူးသဖြင့် မြေမျက်နှာသွင်ပြင် မတူညီမှုတွေရှိတယ်။ နိုင်ငံသားများစွာ ရှိနေပြီးတော့ အုပ်ချုပ်မှုအနေအထားတွေ ကွဲပြားမှုတွေရှိနေတဲ့ နိုင်ငံတွေမှာဆိုလို့ရှိရင် ချို့ယွင်းမှုတွေရှိနေတယ်ဆိုတာကိုလည်း ကျွန်မတို့တွေအနေနဲ့ အသိအမှတ်ပြု ပါတယ်။ အဲဒီလိုအနေအထားတွေရှိတဲ့ အခြေအနေမှာ ဆိုလို့ရှိရင် ပြည်နယ်တွေ တိုင်းတွေအပြင် ကျွန်မတို့အနေနဲ့ ဒီတိုင်းရင်းသားလူမျိုးစုတွေ မဲပေးနိုင်ဖို့ အတွက်ကိုလည်း ကူညီဆောင်ရွက်ပေးဖို့ လုပ်ဆောင် မှသာလျှင် အားလုံးပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဖြစ်မှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီရွေးကောက်ပွဲကိုလေ့လာတဲ့အခါမှာ မဲဆန္ဒရှင်တွေအထဲမှာ တိုင်းရင်းသားလူမျိုးတွေအနေနဲ့လည်း ရွေးကောက်တင်‌မြှောက်ခံခွင့်နဲ့ ရွေးကောက် တင်မြှောက်ခွင့်အတွက်ကို မဲပေးခွင့်မဆုံးရှုံးရန်အတွက် သူတို့ကိုဥပဒေပြဋ္ဌာန်းချက်တွေနဲ့ သတ်မှတ်ကူညီပေးထားတာကို ကျွန်မတို့ လေ့လာခဲ့ရပါတယ်ရှင်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲလေ့လာမှုကို ဖော်ဆောင်တဲ့ အခါမှာ ကျွန်မတို့ကိုသင့်လျော်တဲ့ သတင်းအချက်အလက်တွေ မျှဝေပေးတယ်။ ပြီးရင် ကျွန်မတို့လိုမျိုး နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူတွေအနေနဲ့ အပြုသဘောဆန်စွာနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ပေးပြီးတော့ ပွင့်လင်းတဲ့သဘောထားရှိတာကိုလည်း ကျွန်မတို့အနေနဲ့ လေးစားကြောင်း ပြောကြားလိုပါတယ်ရှင်။ အဲဒီလိုမျိုး ပွင့်လင်းမြင်သာမှုရှိခြင်းဟာဆိုရင် အဖွဲ့အစည်းတစ်ခုရဲ့ သမာသမတ်ကျမှု၊ အများယုံကြည်လက်ခံမှု၊ ပြီးတော့ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ်မှာ ပြည်သူလူထုထံမှ ရရှိနိုင်တဲ့ ယုံကြည်မှုကိုလည်း အပြုသဘောဆန်စွာနဲ့ ဖော်ဆောင်နိုင်တာ ဖြစ်ပါတယ်ရှင်။

နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူတွေရဲ့ ရှုထောင့်ကနေ ဓလေ့ထုံးစံနဲ့အညီ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆိုတာဟာ မပြီးဆုံး နိုင်တဲ့ အစဉ်အမြဲဆက်လက်ဆောင်ရွက်နေရ တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့ အခါမှာဆိုရင် မဲဆန္ဒရှင်အသိပညာပေးခြင်းလုပ်ငန်း တွေအားလုံး လက်လှမ်းမီ‌ရောက်ရှိနိုင်မှု၊ ပြီးရင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပါဝင်ပတ်သက်သူ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန် ဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျှောက် လုံး အချိန်နဲ့အမျှ ဆောင်ရွက်နေဖို့ လိုအပ်မှာဖြစ်ပါ တယ်ရှင်။

အဆွေတော်ဥက္ကဋ္ဌကြီးနဲ့ ဧည့်သည်တော်များ ရှင်။ ကျွန်မတို့ နီပေါနိုင်ငံရဲ့ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီးတော့ ကျွန်မတို့အနေနဲ့ ဒီလိုမျိုးရွေးကောက်ပွဲစီမံခန့်ခွဲမှု‌ အခက်အခဲ‌တွေကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်ရှင်။  

အဲဒီလိုအချိန်မှာ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ပြီးပြည့်စုံပြီးတော့ ကောင်းမွန်စွာ စီစဉ်ထားတဲ့ စနစ်ကျနမှုရှိစွာနဲ့ အကောင်အထည်ဖော်တဲ့ ရွေးကောက်ပွဲစီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို လာရောက် လေ့လာခွင့်ရတာဟာ ကျွန်မတို့အတွက် တန်ဖိုးအလွန်ကြီးမားပါတယ်ရှင်။ ကျွန်မတို့အနေနဲ့ ဒီရွေးကောက်ပွဲလေ့လာမှုကနေရရှိခဲ့တဲ့ အတွေ့အကြုံကောင်းတွေကို ကျွန်မတို့ရဲ့နီပေါနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမာသမတ်ကျဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး အများယုံကြည် လက်ခံဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ ဒီရွေးကောက်ပွဲလေ့လာမှုကနေရရှိခဲ့တဲ့ အတွေ့အကြုံတွေသင်ခန်းစာတွေကို ကျွန်မတို့အနေနဲ့ ပြန်လည်ပြီး‌တော့ မျှဝေအသုံးချသွားမှာ ဖြစ်ပါတယ်ရှင်။

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာမှုဆိုတာဟာ လုပ်ငန်းစဉ်အသစ် တစ်ခုသာမကဘဲ ကျွန်မ တို့အနေနဲ့ အပြန်အလှန်သင်ကြားလေ့လာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ အခုလိုမျိုး ရွေးကောက်ပွဲစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းအချင်းချင်း တွေကြားထဲမှာ အထူးသဖြင့် အာဆီယံနိုင်ငံတွေ ကြားထဲမှာ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေ ကြားထဲမှာ ဒေသတွင်းမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကြားထဲမှာ အခုလိုမျိုး ပူးပေါင်းဆောင်ရွက်ပြီးတော့ အများ ယုံကြည်လက်ခံပြီး အားလုံးပါဝင်မှုရှိတဲ့ရွေးကောက် ပွဲတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အတွေ့အကြုံတွေ၊ ဗဟုသုတတွေဖလှယ်တာဟာ ကောင်းမွန်တဲ့ ဓလေ့တစ်ခုဖြစ်တယ်လို့ ကျွန်မတို့အနေနဲ့ ယုံကြည် ပါတယ်ရှင်။

ရွေးကောက်ပွဲကျင်းပမှုဆိုတာဟာ အုပ်ချုပ်မှုလုပ်ငန်းစဉ်တစ်ခုသာ မဟုတ်ပါဘူးရှင်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုတာဟာ နိုင်ငံတစ်ခုရဲ့ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒ အပေါ်မှာ ကတိကဝတ်ပြုမှုကို အကောင်အထည် ဖော်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျွန်မတို့ အနေနဲ့ အဲဒီရှုထောင့်ကနေ ပြောရမယ်ဆိုရင်တော့ ဒီကြီးမားတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စနစ်ကျစွာနဲ့ ကောင်းမွန်မှန်ကန်တဲ့ အရည်အချင်းတွေနဲ့ ခက်ခဲတဲ့အချိန်တွေ၊ ရှုပ်ထွေးတဲ့အချိန်တွေကြား ထဲကနေပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ယူလိုကြောင်း ပြောကြားလိုပါတယ်ရှင်။

နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်ကိုယ်စား ကျွန်မအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနဲ့ယခုရွေးကောက်ပွဲကို ကျင်းပတဲ့အခါမှာ အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတဲ့အဖွဲ့အစည်းဌာနများအားလုံးကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားလိုပါတယ်ရှင်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာရှိတဲ့ လူထု အနေနဲ့ငြိမ်းချမ်းမှုတွေရရှိပါစေ။ တည်ငြိမ်မှုတွေ ရရှိပါစေ။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာလည်း ဒီထက်ပိုမိုပြီးတော့ တိုးတက်ဖွံ့ဖြိုးမှုတွေ ရရှိပါစေ လို့ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

H.E. Mr. Mario Jose Armengol Campos ၊ သံအမတ်ကြီး၊ ဗီယက်နမ်နိုင်ငံအခြေစိုက်  နီကာရာဂွါနိုင်ငံသံအမတ်ကြီး

မင်္ဂလာနံနက်ခင်းပါခင်ဗျာ

လေးစားရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ဦးသန်းစိုးနဲ့ ကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများ၊ သံရုံးမှလာရောက်တဲ့ အခမ်းအနားတက်ရောက်သူများနဲ့ ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။

နီကာရာဂွါအစိုးရနဲ့ လူထုရဲ့ကိုယ်စားနီကာ ရာဂွါနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ရွေးကောက်ပွဲကို နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူများအနေနဲ့ အပိုင်း(၁)နဲ့ အပိုင်း(၃)ရွေးကောက်ပွဲကျင်းပမှုများကို ပါဝင်လေ့လာဖို့ ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

မြန်မာနိုင်ငံဟာ အခုချိန်မှာ ရွေးကောက်ပွဲ လုပ်ငန်းများကို ဆောင်ရွက်နေတဲ့အရေးကြီးတဲ့ ကာလပဲ ဖြစ်ပါတယ်။

ဒီလိုရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကျင်းပ ခြင်းအားဖြင့်လူထုအနေနဲ့ ၎င်းတို့ကို စီမံအုပ်ချုပ် မယ့်ကိုယ်စားလှယ်များကို ရွေးချယ်ပြီးတော့ ဒီမို ကရေစီနည်းကျတဲ့ ၎င်းတို့ရဲ့ အနာဂတ်များကို ဖော်ဆောင်နိုင်ဖို့အတွက် ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အဖွဲ့အစည်းများကို ပိုမိုအားကောင်းခိုင်မာလာ အောင် ဆောင်ရွက်ပြီးတော့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု တွေကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဖို့ ဆောင်ရွက်နေ တဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။

အခုကျင်းပပြုလုပ်တဲ့ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့လူထုရဲ့ အားကောင်းခိုင်မာမှု၊ စုစည်းညီညာမှု၊ ခိုင်မာတဲ့သန္နိဋ္ဌာန်ချမှတ်မှုတွေကို ဖော်ပြနေပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အချို့သောထူးခြားတဲ့ အခြေအနေအခက်အခဲလေးတွေ ရှိနေပေမယ့်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပုံမှန်စနစ်တကျ လုံခြုံစွာပွင့်လင်းမြင်သာမှုရှိတဲ့ အခြေအနေနဲ့ ဖော်ဆောင်နိုင်ခဲ့တာကို တွေ့ရှိရပြီး မြန်မာပြည်သူ လူထုအနေနဲ့ ၎င်းတို့ရဲ့အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းနိုင်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒတွေကို လေးစားမှုရရှိနေတာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲလေ့လာသူအဖြစ်ဆောင်ရွက်ခွင့်ရရှိတဲ့အခါမှာဆိုရင် ရွေးကောက် ပွဲလုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဟာ ကောင်းမွန်မှန်ကန်ပြီး ပြည်သူလူထုအနေနဲ့ ဒီရွေးကောက်ပွဲမှာယုံကြည် မှုရှိတာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

ရွေးကောက်ပွဲတွေကို ကျင်းပမှုကသာလျှင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါတယ်။

ပြည်သူလူထုရဲ့ယုံကြည်မှုဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးသမာသမတ်ကျမှုနဲ့ ယုံကြည်မှု ရှိဖို့အတွက်ပါ အရေးပါဆုံး အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲတွေကို သွားရောက်လေ့လာတဲ့အခါမှာ နည်းပညာသုံးတဲ့ မဲပေးမှုစနစ်တွေ ကောင်းမွန်မှန်ကန်စွာဆောင်ရွက် နိုင်တာကိုလည်း ကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။

ရွေးကောက်ပွဲဝန်ထမ်းတွေအနေနဲ့လည်း သူတို့ရဲ့လုပ်ငန်းတာဝန်တွေကို တာဝန်ယူမှုအပြည့်၊ နားလည်မှုအပြည့်၊ ဂုဏ်သိက္ခာရှိမှု၊ သမာသမတ် ကျမှုအပြည့်၊ ပွင့်လင်းမြင်သာမှုတွေနဲ့ ဆောင်ရွက် တာဝန်ထမ်းဆောင်ခဲ့တာကိုလည်း ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီရွေးကောက်ပွဲကို အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ သန္နိဋ္ဌာန်ချမှတ်မှု၊ လွတ်လပ်မျှတမှုဆိုတဲ့ နိုင်ငံတစ်နိုင်ငံချင်းစီမှာရှိတဲ့ အခြေခံသဘောတရားတွေကို ကျွန်တော်တို့အနေနဲ့ အပြည့်အဝ ကတိကဝတ်ပြုပြီးတော့ ထောက်ခံပါတယ်။

အဲဒီလိုကတိကဝတ်တွေ ထားရှိတဲ့ကြားကပဲ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် တွေကို လေ့လာတဲ့အခါမှာလည်း နှစ်နိုင်ငံကြားမှာရှိတဲ့ အပြန်အလှန်လေးစားယုံကြည်မှုပြီးရင် မြန်မာနိုင်ငံတော်အစိုးရနဲ့ ပြည်သူလူထုရဲ့ဆန္ဒအပေါ်မှာ ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့သဘောထားနဲ့ လေ့လာမှုတွေကိုလည်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

လေးစားမှုအပြည့်နဲ့ ကျွန်တော်အကြံပြုချက် လေးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ လာရောက်လေ့လာတဲ့ နိုင်ငံကိုယ်စားပြုအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ အထူးသဖြင့် မဲရုံအနေအထား၊ မဲဆန္ဒရှင်တွေကို စိစစ်စစ်ဆေးတဲ့လုပ်ငန်းစဉ်တွေ ပိုမိုကောင်းမွန်ဖို့အတွက်ဆိုရင် မဲဆန္ဒရှင်တွေသယ်ဆောင်လာတဲ့ သက်သေခံကတ်ပြားကို စစ်ဆေးတဲ့စနစ်လေးကိုတော့ ဒီထက်ပိုပြီးကောင်းမွန်အောင် ဆောင်ရွက် နိုင်ဖို့အတွက်ကို ကျွန်တော်တို့အကြံပြုပြီး ပြောကြားလိုပါတယ်။ ကျွန်တော့်ရဲ့ပြောကြားမှုကို နိဂုံး ချုပ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး မြန်မာနိုင်ငံမှာရှိတဲ့ ရွေးကောက်ပွဲတွေ ပွင့်လင်း မြင်သာမှုရှိဖို့ကို လာရောက်လေ့လာခွင့်ပေးပြီး ဖိတ်ကြားပေးတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံ အစိုးရကိုယ်စား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေကိုလုပ်ဆောင်ပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေ၊ အတွေ့အကြုံဖလှယ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင် သွားမယ်ဆိုတာကို ကျွန်တော်တို့ပြောကြားလိုပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့နီကာရာဂွါ သမ္မတဖြစ်တဲ့ Commander Daniel Ortega Saavedra နဲ့ Comrade Rosario Murillo တို့ကနေ ပြီးတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနဲ့ မြန်မာနိုင်ငံလူထုကို ဒီထက်ပိုပြီးတော့ အောင်မြင်ပြည့်စုံပါစေ ကျန်းမာပါစေချမ်းသာပါစေ ဆိုတဲ့အကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။

Dr. Chheng Kimlong ၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတကာဆက်ဆံရေးဗဟိုကော်မတီ၊ ကမ္ဘောဒီးယားပြည်သူ့ပါတီ၊ International Conference of Asian Political Parties (ICAPP)

လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနဲ့ ကော်မရှင် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များခင်ဗျာ။

ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး မြန်မာနိုင်ငံ ကိုလာရောက်ပြီး မြန်မာနိုင်ငံရဲ့ဖိတ်ကြားချက်နဲ့ အတူ အဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့ပါတီကိုယ်စား လာရောက် လေ့လာခွင့်ရရှိပြီး အခုလိုမျိုး ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

အခုလိုမျိုး ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံပြီး ကောင်းမွန်အကျိုးရှိတဲ့ ရွေးကောက်ပွဲလေ့လာမှုကို ဆောင်ရွက်နိုင်ဖို့အတွက် ဖိတ်ကြားပြီးတော့ လိုအပ် သည်များကို ဆောင်ရွက်ပေးခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ကူညီထောက်ပံ့မှု၊ ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ ပံ့ပိုးကူညီမှုအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ရောက်ရှိတဲ့ ဇန်နဝါရီလ ၂၄ ရက် နေ့မှာလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရဲ့လုပ်ငန်းစဉ်တွေ၊ ရွေးကောက်ပွဲမှာအသုံးပြုမယ့် အီလက်ထရောနစ်မဲပေးစက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားပေးခဲ့တဲ့အတွက်လည်း ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ကို အဲဒီအချိန်တုန်းက ရှင်းလင်းပြောကြားခဲ့စဉ်က ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အချက်အလက်တွေ၊ အထူးသဖြင့် နိုင်ငံရေးပါတီအရေအတွက်၊ ကိုယ်စားလှယ်လောင်း အရေအတွက်၊ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်အရေအတွက်၊ မဲဆန္ဒနယ်အရေအတွက်၊ နိုင်ငံရေးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေပြီးရင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အရေအတွက်၊ မြို့နယ်များရှိ မဲရုံအရေအတွက်တွေ၊ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲအပိုင်း (၁)နဲ့ အပိုင်း (၂) ကနေ ရရှိလာတဲ့ရလဒ်တွေကိုလည်း အသေးစိတ်ရှင်းလင်း ပြောကြားပေးသွားတာကို ကျွန်တော်တို့လေ့လာ ခဲ့ရပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာဆိုရင် ကျွန်တော် တို့အနေနဲ့ မတူညီတဲ့မြို့နယ်တွေမှာရှိတဲ့ မဲရုံ ၇ ရုံ ကို သွားရောက်လေ့လာခဲ့ပါတယ်။

ကျွန်တော်တို့လေ့လာခဲ့တဲ့အခါမှာ လွယ်ကူရှင်းလင်းပွင့်လင်းမြင်သာမှုရှိတဲ့ မဲပေးမှုလုပ်ငန်းစဉ်ဆောင်ရွက်နေတာကိုတွေ့ရှိရပြီး မဲရုံတစ်ခုစီတိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာလည်း အရည်အချင်းပြည့်မီစွာနဲ့ ကောင်းမွန်စွာဆောင်ရွက်နေတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ မဲရုံပတ်ဝန်းကျင်ဟာလည်း တည်ငြိမ်အေးချမ်းလုံခြုံပြီးတော့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာမှာ ပွင့်လင်း၊ လွတ်လပ်၊ မျှတတဲ့ရွေးကောက်ပွဲအနေနဲ့ ကျင်းပနေတယ်ဆိုတာကို ကျွန်တော်တို့ယေဘုယျအားဖြင့် တွေ့ရှိလေ့လာခဲ့ရပါတယ်။

ဥပမာအနေနဲ့ပြောကြားရမယ်ဆိုရင် ကျွန်တော်တို့ ရွေးကောက်ပွဲလေ့လာမှုပြုခဲ့စဉ်တစ်လျှောက် မှာဆိုရင်မဲရုံတိုင်းမှာ မဲရုံနဲ့ပတ်သက်တဲ့အချက် အလက်တွေကိုဖော်ပြထားရှိမှု၊ နိုင်ငံရေးပါတီ စာရင်းတွေဖော်ပြထားရှိမှု၊ မဲဆန္ဒရှင်စာရင်းမှာပါဝင်တဲ့ မဲဆန္ဒရှင်စာရင်းတွေကို ဖော်ပြထားရှိမှု၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းစာရင်းတွေကိုဖော်ပြထားမှု၊ ကြိုတင်မဲပေးထားသူတွေရဲ့ စာရင်းတွေကိုဖော်ပြထားမှု၊ မဲပေးမှုနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ညွှန်ကြားမှုတွေကို Digital screen TV တွေနဲ့ပြသထားမှုနဲ့ လာရောက်မဲပေးတဲ့သူတွေအနေနဲ့ စောင့်ဆိုင်းရမယ်ဆိုရင် အနားယူနေထိုင် ဖို့အတွက် ခုံတွေစီစဉ်ထားမှုကိုလည်း ကျွန်တော်တို့တွေ့ရှိရပါတယ်။

ဒါ့အပြင် ကျွန်တော်တို့လေ့လာနေတဲ့ အချိန်မှာလည်း နိုင်ငံပိုင်နဲ့ပုဂ္ဂလိကမီဒီယာတွေ၊ နိုင်ငံရေးပါတီမှကိုယ်စားလှယ်တွေ၊ ပြည်တွင်းနဲ့နိုင်ငံတကာမှရွေးကောက်ပွဲလေ့လာသူတွေအပြင် မဲရုံတစ်ခု ချင်းစီမှာ ဆေးအဖွဲ့တွေကို ထားရှိပေးတာကိုလည်း ကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အခုလိုမျိုး အောင်မြင်၊ ပြည့်စုံတဲ့ ရွေးကောက်ပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ထားမှု တွေကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအတွက်ကိုလည်း ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါတယ်။

ဒေသန္တရအာဏာပိုင်တွေ၊ နိုင်ငံရေးပါတီမှ အဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းတွေ၊ မဲဆန္ဒရှင်တွေကိုလည်း ကျွန်တော်တို့မဲရုံတွေမှာ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လုံခြုံရေးဝန်ထမ်းတွေဟာ ဆိုရင်လည်း ရွေးကောက်ပွဲကျင်းပရာမှာ အောင်မြင်ဖို့အတွက် ကိုလည်း လိုအပ်တဲ့လုံခြုံရေးဆိုင်ရာအစီအစဉ်တွေကို ဆောင်ရွက်ထားပေးတာကိုလည်း ကျွန်တော်တို့အနေနဲ့ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အထူးသဖြင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှဥက္ကဋ္ဌကြီးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေကို အခုလိုမျိုးရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ဆောင်ရွက်တဲ့ အခါမှာ ကြံ့ကြံ့ခံနိုင်မှု၊ စုစည်းညီညာမှုရှိမှု၊ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိမှုတို့နဲ့အတူ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရရှိဖို့ အားသွန်ခွန်စိုက်ကြိုးစားမှုတွေအတွက်ကို ဂုဏ်ပြုလို ကြောင်း ချီးကျူးပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ကမ္ဘောဒီးယားပြည်သူ့ ပါတီကိုယ်စား၊ ကမ္ဘောဒီးယားလူထုရဲ့ကိုယ်စား မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုကြားမှာ အခုထက်ပိုမိုရင်းနှီးတဲ့ အပြုသဘောဆန်ပြီး ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်ဖို့အတွက်ကိုလည်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဲဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံကြားထဲမှာရှိတဲ့ ပေါင်းစည်း ညီညွတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဖော်ဆောင်သွားပြီးတော့ နှစ်နိုင်ငံအတွင်းအပြင် ဒေသတွင်းမှာ ပါကောင်းမွန်လာအောင် ဆောင်ရွက်သွားဖို့အတွက်ကို ကျွန်တော်တို့ပြုလုပ်သွားမှာဖြစ်ပါတယ်။

အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

moi

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ ဆေးသမားကြီးကျေးရွာ​နေ ဒေါ်တင်နီရွှေ (ခေါ် ) နန်ရောင်စောရတို့၏ ပြောကြားချက်များ

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ စစ်တွေမြို့ ဆေးသမားကြီးကျေးရွာ​နေ ဒေါ်တင်နီရွှေ (ခေါ်) နန်ရောင်စောရတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်။

ဦးအောင်နိုင်ဦး (ညွှန်ကြားရေးမှူး) ခရိုင်အုပ်ချုပ်ရေးမှူး၊ စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကျွန်တော်တို့ အခုအောင်မင်္ဂလာရပ်ကွက်မှာ ရောက်နေတာ ဖြစ်ပါတယ်၊၊ ဒီမှာ တွေ့မြင်နေရတာတော့ အောင်မင်္ဂလာရပ်ကွက် စာသင်ကျောင်းပဲဖြစ်ပါတယ်၊၊ အောင်မင်္ဂလာရပ်ကွက်ထဲမှာ အစိုးရစာသင်ကျောင်းတစ်ကျောင်းနဲ့ အာရဗီစာသင်ကျောင်း နှစ်ကျောင်းရှိပါတယ်၊၊ လက်ရှိရောက်ရှိနေတဲ့ အစိုးရကျောင်းထဲမှာလည်း ရပ်ကွက်ထဲက ကျောင်းသား ကျောင်းသူတွေကို ပညာသင်ကြားနေတာဖြစ်သလို ဆရာ ဆရာမတွေလည်း အင်ပြည့်အားပြည့်သင်ကြားပေးနေတာဖြစ်ပါတယ်၊၊ ကျွန်တော်တို့ ဒီရပ်ကွက်အတွင်းမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ၂၀၁၃-၂၀၁၄ မှာတော့ ရပ်ကွက်ပြည်သူတွေ လုံခြုံရေးအတွက် အပြင်မှာ လုံခြုံရေးစောင့်ပေးတာရှိတယ်၊ ဂိတ်တွေချထားတာရှိပါတယ်၊၊

၂၀၁၄ ခုနှစ် နောက်ပိုင်းမှာတော့ ဂိတ်တွေပြန်လည်ဖယ်ရှားပြီး ပြည်သူတွေလွတ်လပ်စွာ သွားလာနေကြပြီပဲဖြစ်ပါတယ်၊၊ ဘာအတားအဆီးမှ ချထားတာမရှိပါဘူး၊၊ အလားတူပဲ ကျွန်တော်တို့ ဒီနားမှာလည်း စည်ကားတဲ့ဈေးတစ်ခုရှိပါတယ်၊၊ ဈေးနာမည်ကတော့ ရပ်ကွက်နေ ဒေသခံတွေက ဒီမိုကရေစီဈေးလို့ အမည်ပေးထားတဲ့ဈေး ဖြစ်ပါတယ်၊၊ ဒီအချိန်အခါမှာတော့ ဒီရပ်ကွက်အတွင်းမှာ စစ်တွေမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ အခြားတိုင်းရင်းသားလူမျိုးတွေ၊ ဘင်္ဂါလီလူမျိုးတွေလွတ်လွတ်လပ်လပ်သွားလာနေတဲ့နေရာ ဖြစ်ပါတယ်၊၊

ဒီစာသင်ကျောင်းလေးမှာ မြေကွက်လပ်တစ်ခုရှိပါတယ်။ ထပ်ပြီးတိုးချဲ့ဖို့ စီမံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရောက်ရှိနေတာက အောင်မင်္ဂလာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းဖြစ်ပါတယ်။ ဒီကျောင်းမှာက ရပ်ကွက်ထဲက ကျောင်းသား ကျောင်းသူတွေ ပညာသင်ကြားနေတာဖြစ်ပါတယ်။ ထပ်မံပြီးတော့ ဒီဘက်အဆောက်အအုံတိုးချဲ့ဖို့ မြေကွက်လပ်မှာ ကျောင်းဆောင်အသစ်ဆောက်လုပ်နိုင်ဖို့လည်း စီမံဆောင်ရွက်နေတာရှိပါတယ်၊၊ ကျွန်တော်တို့ ရောက်ရှိနေတာက စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ထဲမှာရှိတဲ့ ဈေးဖြစ်ပါတယ်။ ဈေးနာမည်က ဒီမိုကရေစီဈေးဖြစ်ပါတယ်၊၊ ဒီဈေးထဲမှာ ရပ်ကွက်ထဲမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ ရောင်းဝယ်ဖောက်ကားနေတာရှိသလို ရခိုင်တိုင်းရင်းသားတွေ၊ အခြားတိုင်းရင်းသားတွေလည်း ရောင်းဝယ်ဖောက်ကားနေကြတာ ဖြစ်ပါတယ်၊၊ ဒီမှာတော့ အခုလိုပဲလွတ်လပ်အေးချမ်းစွာနဲ့ သွားလာလှုပ်ရှားနေကြတာ ဖြစ်ပါတယ်၊၊

ဒေါ်တင်နီရွှေ (ခေါ်) နန်ရောင်စောရ ဆေးသမားကြီးကျေးရွာ၊ စစ်တွေမြို့

ကျွန်မ ဒီမှာနေတာ နှစ်ပေါင်းသုံးဆယ်လောက်ရှိပါပြီ။ အိမ်ထောင်သည်ပါ၊ ကလေးလေးယောက်ရှိပါတယ်။ ဆေးဝါးကုသမှုအခြေအနေက အစိုးရအဖွဲ့ဆီကနေ ဆေးဝါးကုသမှုခံယူလို့ရပါတယ်။ အစိုးရ ကျန်းမာရေးဌာနက တစ်လတစ်ကြိမ် ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာမျိုးရှိပါတယ်။ လူနာဆိုရင်လည်း တစ်ပတ်တစ်ခါ၊ ဆယ့်ငါးရက်တစ်ခါ လာပြီးတော့ ဆေးကုသမှုပေးလေ့ရှိပါတယ်။ ကျွန်မတို့ လွတ်လွတ်လပ်လပ် ကုသခွင့်ရပါတယ်။ လုံခြုံရေးအနေနဲ့ဆိုရင် ကျွန်မတို့မှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရှိပါတယ်။ သူတို့ကကာကွယ်ပေးပါတယ်။ အကူအညီလိုအပ်လို့ သူတို့ဆီသွားပြောတဲ့အခါ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတာမျိုးရှိပါတယ်။ သူတို့ဆီက အကောင်းဆုံးအကူအညီတွေ ရပါတယ်။ အစိုးရအဖွဲ့ကလည်း အကောင်းဆုံးကူညီဆောင်ရွက်ပေးတာမျိုးရှိပါတယ်။ ကျွန်မအလုပ်က ကျပန်းပါ။ ဒါပေမယ့် အဆင်ပြေပါတယ်။ ကျွန်မယောကျာ်းကလည်း ကျပန်းပါ။ လုံးဝလွတ်လွတ်လပ်လပ်ရှိပါတယ်။ ဘာအနှောင့်အယှက်မှ မရှိပါဘူး။ အစိုးရအဖွဲ့ကလည်း လွတ်လွတ်လပ်လပ်နေလို့ရအောင် လုပ်ပေးပါတယ်။ အဆင်ပြေပါတယ်။

ကျန်းမာရေးအခြေအနေဆိုရင် ကျန်းမာရေးဌာနကခုနက ပြောသလိုမျိုး ကာကွယ်ဆေးတစ်လတစ်ကြိမ်လာပြီး ကာကွယ်ဆေးထိုးပေးတာမျိုး၊ ကိုယ်ဝန်ဆောင်ဆိုရင် ကာကွယ်ဆေးထိုးပေးတာမျိုးရှိပါတယ်။ ကလေးဆိုရင်ကလေးနှစ်လပြည့်တဲ့အခါ ကာကွယ်ဆေးထိုးပေးတာမျိုးရှိပါတယ်။ တကယ့်အရေးပေါ်ဆိုရင် အစိုးရအဖွဲ့က ဆေးကုသမှုပေးတာမျိုးရှိပါတယ်။ အဲဒီမှာသွားပြီးတော့ လွတ်လွတ်လပ်လပ်ကုသလို့ရပါတယ်။

ပညာရေးကဏ္ဍဆိုရင် ကျွန်မတို့ဆေးသမားကြီးရွာမှာ မူလတန်းလွန်ကျောင်းရှိပါတယ်။ ခုနစ်တန်းအထိ မူလတန်းလွန်ကျောင်းမှာ ပညာသင်လို့ရပါတယ်။ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းဆိုရင်တော့ သက္ကယ်ပြင်မှာ အစိုးရကျောင်းဖွင့်ထားတာရှိပါတယ်။ အဲဒီကျောင်းမှာ သွားပြီးတော့ လွတ်လွတ်လပ်လပ်တက်လို့ရပါတယ်။ နိုင်ငံသားကတ်ပြားဆိုရင် ၂၀၁၇ ခုနှစ်မှာတော့ စီမံချက်အနေနဲ့ အစိုးရအဖွဲ့လဝကကလာပြီးတော့ လုပ်ပေးတာမျိုးရှိပါတယ်။ ရထားတဲ့လူလည်းရှိပါတယ်။ မရတဲ့လူလည်းရှိပါတယ်။ ကျွန်မကတော့ လျှောက်ထားဆဲပါ။ ကျွန်မတို့ရမယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲမဲပေးဖို့တော့ ကျွန်မမှာမရှိပါဘူး။ ဒါပေမယ့် ကျွန်မသွားကြည့်ပါတယ်။

moi

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ညောင်ရွှေမြို့နယ်မှ ဒေသခံလူငယ်များ၏ စကားသံများ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မြန်မာနိုင်ငံရှိ မြို့နယ် ၆၁ မြို့နယ်၌ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပရာ မြို့နယ်များဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်မှ ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အမြင်သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။

မောင်ဝင်းထက်ဗိုလ် (နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့)

ကျွန်တော်က ပထမဆုံးဆန္ဒမဲပေးတာဖြစ်ပါတယ်။ မဲပေးတဲ့အခါမှာ ကိုယ်ကြိုက်တဲ့၊ ကိုယ်ရွေးချယ်ထားတဲ့ ပါတီကိုပဲလွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ပါတယ်။ လူငယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲကနေ လူငယ်တွေအတွက် အကောင်းဆုံးကို ဖန်တီးပေးနိုင်မယ့် အစိုးရတစ်ရပ် ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်။

မဇင်မာထွန်း (လက်ခုပ်ပင်ရွာ၊ ညောင်ရွှေမြို့နယ်)

ဆန္ဒမဲပေးနိုင်ဖို့ မဲရုံကိုရွာကနေ အစောကြီးလာခဲ့တာပါ။ ကျွန်မအသက်က ၁၉ နှစ်ပါ။ ပထမဆုံးမဲပေးတဲ့ အတွေ့အကြုံမှာ စက်နဲ့ မဲပေးရမယ်ဆိုတော့ စိတ်ဝင်စားတယ်။ စက်နဲ့ မဲပေးတဲ့အခါမှာလည်း လွယ်ကူအဆင်ပြေပါတယ်။ ကိုယ်တိုင်ဆန္ဒပြုရွေးချယ်တဲ့အခါမှာ လူငယ်တွေအတွက်၊ နိုင်ငံအတွက် အကျိုးပြုဆောင်ရွက်မယ့် သူတွေကိုပဲ ရွေးချယ်ဆန္ဒပြုခဲ့ပါတယ်။

မအေးမြတ်သူ (နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့)

မိသားစုနဲ့အတူ လာ‌ရောက်ပြီး ဆန္ဒမဲပေးတာပါ။ ကိုယ်တိုင် သေချာစဉ်းစားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ့်သူတွေကိုပဲ ရွေးချယ်မဲပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ရွေးချယ်မှုကနေ အကောင်းဆုံးတွေဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ မဲပေးတဲ့အခါမှာ မဲပေးစက်နဲ့ မဲပေးခဲ့ရတဲ့အတွက် အခက်အခဲမရှိပါဘူး။ မဲပေးရတာအားလုံးအဆင်ပြေပါတယ်။

မဆောင်းနှင်းဖြူ (နန္ဒဝန်ရပ်ကွက်၊ ညောင်ရွှေမြို့)

လူငယ်တစ်ဦးအတွက် ထူးခြားတဲ့ ပထမဆုံးမဲပေးမှုအတွေ့အကြုံလို့ ပြောလို့ရပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ နိုင်ငံအတွက် ကိုယ့်ဆန္ဒနဲ့အညီ ပေးခွင့်ရတယ်။ မဲပေးတဲ့အခါမှာလည်း ကိုယ့်ဆန္ဒပြုချင်တဲ့သူကို လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ တာဝန်ကျေပွန်တယ်လို့ ခံစားရပါတယ်။ ရွေးကောက်ပွဲကနေ အဓိကလူငယ်တွေအတွက် မျှော်လင့်တာပါ။ ပညာရေးကဏ္ဍနဲ့ အလုပ်အကိုင်အခွင့် အလမ်းကဏ္ဍကို ဖော်ဆောင်မယ့်သူမျိုးကို ရွေးချယ်ဆန္ဒမဲပေးခဲ့ပါတယ်။

မသွယ်သွယ်ဦး (လွယ်ပြေရပ်ကွက်၊ မိုးနဲမြို့)

ကျွန်မက လွယ်ပြေရပ်ကွက်ကပါ။ အခုရွေးကောက်ပွဲမှာ မဲန္ဒရှင်တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် မဲလာရောက်ပေးတာဖြစ်ပါတယ်။ လူငယ်တစ်ဦးအနေနဲ့ အခုလို ရွေးကောက်ပွဲမှာ ပါဝင်မဲပေးခွင့်ရတဲ့အပေါ်မှာ ဝမ်းသာမိတယ်။ ကိုယ့်နိုင်ငံအနာဂတ်အတွက် လူငယ်တစ်ဦးအနေနဲ့ တာဝန်ကျေချင်လို့ ပါဝင်မဲပေးဖြစ်တာပါ။ မဲပေးတဲ့အခါမှာလည်း လွတ်လပ်စွာမဲပေးခဲ့ရပါတယ်။ ကျွန်မတို့ နိုင်ငံနဲ့ပြည်သူ အနာဂတ်သာယာလှပဖို့အတွက် ဦးဆောင်နိုင်သူကို ကိုယ်တိုင်လာရောက် ရွေးချယ်ခွင့်ရခဲ့ပါပြီ။

ပြည်နယ် (ပြန်/ဆက်)

moi