အီရန်တွင်ပျက်ကျခဲ့သော အမေရိကန်လေယာဉ်မှူးကို ကယ်ဆယ်ရေးလုပ်ငန်းစဉ်အား အနှောင့်အယှက်ဖြစ်စေသော သတင်းပေါက်ကြားမှုအတွက် သတင်းထောက်ကို ထောင်ချမည်ဟု သမ္မတ ထရမ့် ခြိမ်းခြောက်
ပြီးခဲ့သည့်သီတင်းပတ်က အီရန်နိုင်ငံ၌ပစ်ချခံခဲ့ရသော အမေရိကန် F-15E Strike Eagle တိုက်လေယာဉ်မှ လေယာဉ်မှူးကို ကယ်ဆယ်သည့် စစ်ဆင်ရေးအတွင်း အသေးစိတ်အချက်အလက်များ ပေါက်ကြားခဲ့မှု အပေါ် သမ္မတ ဒေါ်နယ်ထရမ့် က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး၊ အဆိုပါသတင်းကို ဖော်ပြခဲ့သည့် သတင်းထောက်အနေဖြင့် သတင်းရင်းမြစ်ကို ထုတ်ဖော်ခြင်းမရှိပါက ထောင်ဒဏ်ကျခံရနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။
အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က သတင်းပေါက်ကြားမှုကြောင့် အီရန်အစိုးရနှင့် ပြည်သူများက လေယာဉ်မှူးကို ဖမ်းဆီးရန် ဆုကြေးငွေဖြင့် ကြိုးပမ်းလာကြသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ ယခင်ကထက် ပိုမိုခက်ခဲရှုပ်ထွေးသွားခဲ့ရကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ ကယ်ဆယ်ရေးစစ်ဆင်ရေးတွင် အမေရိကန်လေယာဉ်အစီးရေ ၁၅၅ စီးနှင့် Navy SEAL အပါအဝင် အထူးတပ်ဖွဲ့ဝင် အမြောက်အမြားပါဝင်ခဲ့သည်။ လေယာဉ်မှူး နှစ်ဦးလုံးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သော်လည်း အမေရိကန်ဘက်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် နှစ်စီးကို ဖျက်ဆီးခဲ့ရသည့်အပြင် Black Hawk ရဟတ်ယာဉ်နှင့် A-10 တိုက် လေယာဉ်တို့လည်း အီရန်၏ ပစ်ခတ်မှုကြောင့် ထိခိုက်မှုများ ရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ဆက်စပ်၍ သမ္မတထရမ့် က အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို အင်္ဂါနေ့ (ဧပြီ ၇) ညနေပိုင်းနောက်ဆုံးထား၍ ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် မလိုက်နာပါက အီရန်၏ အခြေခံ အဆောက်အအုံများကို ဖျက်ဆီးပစ်မည်ဟု နောက်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,
,
,
,
,