ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် စန်းယမြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး၌ ထုတ်ပြန်ခဲ့သည့် စန်းယကြေညာစာတမ်း (Sanya Declaration)ဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို တရားဝင်စတင်ခဲ့ခြင်းဖြစ်ပါသည်။

ကျိုင်းလပ် ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မြန်မာ- လာအို - ထိုင်းသုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသတွင်တည်ရှိပြီး ၂၀၁၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကျိုင်းလပ်ဒေသသည် လာအိုနိုင်ငံနှင့် မဲခေါင်မြစ်ကိုဖြတ်သန်း၍ ချစ်ကြည်ရေး တံတားဖြင့်ဆက်သွယ်ထားပါသည်။ မဲခေါင်မြစ်ကို အသုံးပြု၍ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် ရေကြောင်းဖြင့်လည်းကောင်း၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားကိုအသုံးပြု၍ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ ကုန်းကြောင်းဖြင့်လည်းကောင်း ကုန်သွယ်မှုဆောင်ရွက်နိုင်သည့် စခန်းဖြစ်ပါသည်။

စခန်းဖွင့်လှစ်ထားရှိသည့် ကျိုင်းလပ်မြို့သည် မြန်မာ-လာအို နယ်နိမိတ်မျဉ်းအနီး တည်ရှိနေမှုနှင့် ရွှေတြိဂံဒေသ၏ ပထဝီဝင်ဒေသအရ စီးပွားရေး မဟာဗျူဟာကျမှုတို့ကြောင့် တရုတ်၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများနှင့် အပြန်အလှန်ကုန်သွယ်မှု ဆောင်ရွက်နိုင်ခြင်း၊ တစ်ဆင့်ခံကုန်သွယ်မှု (Transit Trade) ဆောင်ရွက်နိုင်ခြင်းစသည့် ကုန်သွယ်မှုဆိုင်ရာ အခြေခံကောင်းများရှိသော စခန်းဖြစ်သည့်အတွက် မဲခေါင်-လန်ချန်း ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှတစ်ဆင့် အာရှအနောက်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ တစ်ဆင့်ခံကုန်သွယ်မှု (Transit Trade) လမ်းကြောင်း တစ်ခုပွင့်လာပြီး ဒေသတွင်းစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၁ ဖြင့် "To Establish Kyainglap border trade facilitation office  to enhance trade with Lancang- Mekongcountries စီမံကိန်း"ကို အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့၌တည်ရှိသည့် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းအား အဆင့်မြှင့်တင်တည်ဆောက်ခဲ့ပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် အမေရိကန်ဒေါ်လာလေးသိန်းနှင့် ညီမျှသော ငွေကျပ်သန်း ၇၄၀ ရရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းအား ကုန်သွယ်ရေးစခန်းအင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် တည်ဆောက်ရေးလုပ်ငန်းခုနစ်မျိုးကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင်  ကျိုင်းလပ်ကုန်သွယ်ရေးစခန်းအား ထိုစဉ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ ဒုတိယသံရုံးအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကုန်သည်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ ဖွင့်လှစ်ခဲ့ပါသည်။

ကျိုင်းလပ်ကုန်သွယ်ရေးစခန်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံဒေသဖွံ့ဖြိုးရေးနှင့် ကုန်သွယ်မှုကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီး အနာဂတ်တွင် အာရှအနောက်ပိုင်းနိုင်ငံများ၊ ဥရောပနိုင်ငံများသို့ မြန်မာနိုင်ငံမှ တစ်ဆင့်ခံဖြတ်သန်းကုန်သွယ်နိုင်သည့် လမ်းကြောင်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ယခုအချိန်တွင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုသည့် ကုန်သွယ်ရေးစခန်းတစ်ခုအဖြစ်တည်ရှိနေပြီး အနာဂတ်တွင် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်မည့် ကုန်သွယ်ရေးစခန်းတစ်ခု ပေါ်ထွန်းလာစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        ။

moi

မောင်စီးကူး

နိုင်ငံတော်အစိုးရက ကျေးလက်နှင့်မြို့ပြ၊ တောင်တန်းနှင့် မြေပြန့်မကျန်လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျေးလက်နှင့် မြို့ပြချိတ်ဆက်မှုကောင်းမွန်စေရန် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများနှင့် တံတားများ တည်ဆောက်ပေးခြင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရန် လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်ပေးခြင်း စသည်ဖြင့် နိုင်ငံတစ်ဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Myanmar Sustainable Development Plan - MSDP) ၂၀၁၈-၂၀၃၀ ကို ရေးဆွဲထားပြီးဖြစ်ကာ ထို MSDP စီမံကိန်းတွင်ပါရှိသည့် သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ၇ ရပ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုနှင့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို ပံ့ပိုးပေးမည့် ဦးစားပေးအခြေခံအဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းစဉ်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ပထဝီအနေအထား၊ သဘာဝအနေအထားတို့အရ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွာခြားနေမှုကို လျှော့ချရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုလျင်မြန်သွက်လက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေးက အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရန် လမ်းများအဆင့်မြှင့်တင်ခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်း ဆောင်ရွက်သလို တံတားများလည်း တစ်ပြေးညီ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်ပါသည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်၏ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်တွင် မြစ်ဖျားခံစီးဆင်းလာပြီး မိုင်ပေါင်း ၇၅၀ ခန့် ရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့နှင့် ရေစကြိုမြို့တို့အနီးတွင် စီးဝင်ပါသည်။ ထူးခြားသည့်အချက်မှာ ချင်းတွင်းမြစ်သည် ထမံသီဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ ချင်းတွင်းမြစ်ပေါ်တွင် ချင်းတွင်းတံတား (ဆင်ဖြူရှင်)၊ ချင်းတွင်းတံတား (မုံရွာ)၊ ချင်းတွင်းတံတား (ဟုမ္မလင်း)၊ ချင်းတွင်းတံတား (ကလေးဝ)၊ ချင်းတွင်းတံတား (ခန္တီး)တို့ကို တည်ဆောက်ပြီးဖြစ်ပါသည်။

ဟုမ္မလင်းခရိုင် လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း အစွန်အဖျားဒေသဖြစ်ပြီး တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများကာ မြေပြန့်ဒေသနည်းပါးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသဖြစ်ပါသည်။ သို့ဖြစ်ရာ ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များအား လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အထောက်အကူဖြစ်လာစေရေးအတွက် နိုင်ငံတော်က နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် လမ်းကွန်ရက်၊ တံတားကွန်ရက် ချိတ်ဆက်မှုတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းရှိ ဟုမ္မလင်းနှင့် ခန္တီးမြို့တို့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီးမြို့နှင့် ဆွမ္မရာမြို့နယ်ခွဲတို့ကို ဆက်သွယ်သွားလာနိုင်မည့် ချင်းတွင်းတံတား(ထမံသီ)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ တည်ဆောက်ပေးခဲ့ပါသည်။ အဆိုပါ ချင်းတွင်းတံတား (ထမံသီ)သည် ပင်းမာ- ထမံသီ- လေရှီး - ပန်ဆပ် - ဆွမ္မရာလမ်းပေါ်၌ တည်ရှိပြီး သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း - ခန္တီးလမ်း မိုင်တိုင် ၂၄၇ ရှိ ပင်းမာရွာမှ ချင်းတွင်းမြစ်ကိုဖြတ်၍ ထမံသီမှတစ်ဆင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီးမြို့နှင့် ဆွမ္မရာမြို့နယ်ခွဲကို ဆက်သွယ်ပေးသည့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပါသည်။ တံတားမှာအရှည် ၂၆၂၈ ပေ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀ (HFL)ဖြင့် တည်ဆောက်ခဲ့ပါသည်။

အဆိုပါတံတားကို ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့တို့နှင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ လေရှီး၊ ဆွမ္မရာဒေသမှ ဒေသခံပြည်သူများ ခရီးသွားလာမှု မြန်ဆန်ကောင်းမွန်စေရန်နှင့် လူမှုစီးပွားဘဝမြင့်မားပြီး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တည်ဆောက်ထား ခြင်းဖြစ်ရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ် ပေးခဲ့ပါသည်။

ယခုအခါ သွားလာဆက်သွယ်မှု လွယ်ကူသွားသည့်အတွက် နာဂသွေးချင်းများ၏ အဓိကအလုပ်အကိုင် အသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တော့မည် ဖြစ်သကဲ့သို့ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကိုလည်း မြေပြန့်ဒေသများသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် စီးပွားရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာမည်လည်း ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည်လည်း အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ နိုင်ငံတော်အစိုးရက လျှပ်စစ်ဓာတ်အား လိုအပ်ချက်များပြည့်မီရန်၊ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ တိုးတက်လာစေရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများ ချမှတ်ထားရှိရာ ထိုမူဝါဒအား အကောင်အထည် ဖော်ဆောင်သည့်အနေဖြင့် တိုင်းဒေသကြီးအစိုးရက ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဆိုလာဓာတ်အားပေးစက်ရုံများကို တိုင်းဒေသကြီး၏ ဒေသအနှံ့အပြားတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ခန္တီးမြို့၊ ၁ မဂ္ဂါဝပ် ဆိုလာဓာတ်အားပေးစက်ရုံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီး ဆိုလာပြား ၁၅၄၂ ချပ်၊ အင်ဗာတာ ၁၂၅ ကီလိုဝပ် ၈ လုံးနှင့် ဘက်ထရီ ၂၈၈ လုံး တပ်ဆင်ကာ ခန္တီးမြို့နေပြည်သူများအား ၂၄ နာရီ လျှပ်စစ်မီးပေးလျက်ရှိပါသည်။

ထိုနည်းတူ ဟုမ္မလင်း၊ ခန္တီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း နမ့်ပငချောင်း အသေးစားရေအား လျှပ်စစ်စီမံကိန်းနှင့် ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းတို့ကိုလည်း တည်ဆောက်ပေးလျက်ရှိပါသည်။

နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇ ဒသမ ၅ မိုင်ခန့်အကွာ နားသကျိုက် ကျေးရွာအနီးတွင် တည်ရှိပြီး ရေဆင်းဧရိယာ ၃၉ဝ ဒသမ ၇၃ စတုရန်းမိုင်၊ တမံအမျိုးအစား Concrete Gravity Dam ဖြစ်ပြီး တမံအလျား ၄၇၃ ပေ၊ တမံအမြင့် ၁၁၄ ဒသမ ၈ ပေ၊ ရေအားအမြင့် ၈ဝ ဒသမ ၃၈ ပေ၊ ကန်ရေ ပြည့် ရေလှောင်ပမာဏ ၁၁၃၅၂ ဧက၊ ရေပိုလွှဲအမျိုးအစား သံကူကွန်ကရစ် အမျိုးအစားဖြစ်ပါသည်။ တပ်ဆင်စက်အင်အား ၆ မဂ္ဂါဝပ် (၂ x ၃ မဂ္ဂါဝပ်) နှစ်စဉ်ပျမ်းမျှထုတ်နိုင်သည့် ဓာတ်အား ၃၄ ဒသမ ၆၈ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်နိုင်မည်ဖြစ် ပါသည်။ အဆိုပါ နမ့်ပငချောင်း အသေးစားရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့် ဒေသခံပြည်သူလူထုကို လျှပ်စစ်မီး လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။

ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ဟွေထိုက်ချောင်းပေါ်၌ ၂၀၂၃ ခုနှစ်မှစတင်၍ တည်ဆောက်နေခြင်းဖြစ်ပြီး ၄ မဂ္ဂါဝပ် တပ်ဆင် စက်အင်အားရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၂၀ ဒသမ ၃၈၁ ကီလိုဝပ်နာရီသန်းကို ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ စီမံကိန်းပြီးစီးပါက လဟယ်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၂ ရွာ၊ အိမ်ထောင်စု ၁၇၁၈ စုကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။

အထက်ချင်းတွင်းဒေသနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် လျှပ်စစ်မီးရရှိရေးများ ဆောင်ရွက်ပေးထားမှုကြောင့် ရာသီမရွေး၊ အချိန်အခါမရွေး သွားလာရေးလွယ်ကူကာ ဒေသကုန်စည် စီးဆင်းမှုများမြန်ဆန်ခြင်း၊ ဒေသအတွင်းရှိ တစ်ပိုင်တစ်နိုင် MSME လုပ်ငန်းများတွင် သုံးစွဲရန်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးနိုင်ခြင်းတို့ကြောင့် ဒေသတွင်းစိုက်ပျိုးမွေးမြူလုပ်ငန်းများမှရရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ခြင်းဖြင့်ရရှိသော ကုန်ချောများကို တင်ပို့ရောင်းချခြင်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ပြည်ပဝင်ငွေ တိုးတက်ရရှိလာနိုင်မည်ဖြစ်ပါသည်။

“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျောရိုးဖြစ်သည့် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ပြီး ဒေသအလိုက်ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု(OROP)ထုတ်ကုန်များ ပါဝင်ရောင်းချနိုင်ရန်နှင့် MSME များနှင့် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာစေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေး‌ရောင်းပွဲတော်များကို မုံရွာမြို့ ပြည်သူ့ဥယျာဉ်အတွင်း၌ ဈေးဆိုင်ခန်းပေါင်း ၂၃၀ ကျော်နှင့် ကလေးကစားကွင်းများဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ တစ်ကြိမ်နှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ တစ်ကြိမ် ခင်းကျင်းပြသရောင်းချခဲ့ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အားပေးကူညီမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၏ တောင်တန်းမြေပြန့်နေရာအနှံ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ၊ လျှပ်စစ်ဓာတ်အားများ ဖြည့်ဆည်းပေးခြင်းနှင့် ဒေသတွင်း MSME စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကူညီဆောင်ရွက်ပေးခြင်းတို့ကြောင့် ဒေသအတွင်း စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာကာ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

moi

ဒေါက်တာ တင်မာမာဦး(DOA)

ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းနေထိုင်မှုသည် ယနေ့ကာလတွင် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများအပေါ် သက်ရောက်မှုရှိနေသော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပသို့ လူအများ ရွှေ့ပြောင်းနေထိုင်ရခြင်းနှင့် ပတ်သက်၍ အကြောင်းရင်းများစွာရှိသော်လည်း ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မတူညီမှု၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိလိုမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ပြည်တွင်းပဋိပက္ခများနှင့် လူမှုစီးပွားအကျပ်အတည်းများ၏ တွန်းအားရှိနေမှု၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှု စသည့်အခြေအနေအရပ်ရပ်တို့သည် ရွှေ့ပြောင်းနေထိုင်မှုကို ပိုမိုများပြားစေသည်။ နိုင်ငံတကာရွှေ့ပြောင်းသွားလာနေထိုင်မှုဆိုင်ရာအဖွဲ့ (IOM) ၏ ၂ဝ၂၄ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းရွှေ့ပြောင်းနေထိုင်သူဦးရေ ၂၈၁ သန်းခန့်ရှိပြီး ယင်းသည် ကမ္ဘာ့လူဦးရေ၏ ၃ ဒသမ ၆ ရာခိုင်နှုန်းခန့်ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ငါးစုအတွင်း နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားအရေအတွက် တိုးလာခဲ့သည်။ အမျိုးသားရွှေ့ပြောင်းလုပ်သားအရေအတွက်သည် အမျိုးသမီးရွှေ့ပြောင်း လုပ်သားအရေအတွက်ထက် ပိုမိုများပြားနေကြောင်း သိရသည်။

ရွှေ့ပြောင်းနေထိုင်မှုမှတစ်ဆင့် လူကုန်ကူးခံရမှု၊ အတင်းအဓမ္မစေခိုင်းခံရမှုဖြစ်စဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်

လူအများ ရွှေ့ပြောင်းနေထိုင်ကြရသည့် အကြောင်းရင်းများ မည်သို့ပင်ရှိစေကာမူ ရွှေ့ပြောင်းနေထိုင်သူများသည် လူ့အဖွဲ့အစည်းအတွင်း ထိခိုက်လွယ်ပြီး ဘေးဖယ်ခံထားရသော အုပ်စုအချို့ကို ကိုယ်စားပြုသူများဖြစ်သည်။ တစ်ခါတစ်ရံတွင် အလွဲသုံးစားပြုခံရမှု၊ ခေါင်းပုံဖြတ်မှုများနှင့် ကြုံတွေ့ရလေ့ရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ရရှိခံစားနေကြရသူများဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်သူများသည် နေရာသစ်တွင် စိန်ခေါ်မှုများစွာရှိသော်လည်း ယင်းနိုင်ငံ၏ အလုပ်လုပ်ကိုင်နိုင်သော လူဦးရေကိုတိုးစေသည်။ ကျွမ်းကျင်မှုဖြင့် ရောက်ရှိလာကြသူများသည် လက်ခံနိုင်ငံများ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိသည်။ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မှုကြောင့် လူမှုစီးပွားဘဝတိုးတက်စေပြီး အတွေ့အကြုံဗဟုသုတရရှိစေသည်။ ရွှေ့ပြောင်းလုပ်သားများ၏ နေရပ်ပြန်ပို့ငွေများသည် မိသားစုအတွက်သာမက မိခင်နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေလျက်ရှိသည်။ သို့ရာတွင် မကြာသေးမီနှစ်များအတွင်း ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိလိုမှုကြောင့် ရွှေ့ပြောင်းနေထိုင်မှုမှတစ်ဆင့် လူကုန်ကူးခံရမှု၊ အတင်းအဓမ္မစေခိုင်းခံရမှုဖြစ်စဉ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာသည်။ အများဆုံးဖြစ်ပွားလေ့ရှိသည့်နေရာမှာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုလုပ်ငန်းများဖြစ်သည်။ ယင်းနေရာသည် အွန်လိုင်းလိမ်လည်မှုများ၏ သားကောင်ဖြစ်နိုင်ခြေ ပိုမိုမြင့်မားလာသဖြင့် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်လာသည်။ မြန်မာနိုင်ငံသည်လည်း ယင်းလုပ်ငန်းလုပ်ကိုင်သည့် နေရာများအား ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ နိုင်ငံခြားသား ၇ဝ၁၉၆ ဦးကို စိစစ်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ယနေ့ကာလတွင် အရှေ့တောင်အာရှဒေသနိုင်ငံအချို့တွင် နိုင်ငံဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံတကာသတင်းမီဒီယာအများအပြားကလည်း တရုတ်-မြန်မာနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ကြီးထွားလာနေကြောင်း ဖော်ပြကြသည်။ နိုင်ငံတစ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းများက အခြားနိုင်ငံမှ ပြည်သူများအား အင်တာနက်မှတစ်ဆင့် ဆက်သွယ်ပြီး လိမ်လည်ငွေယူသည့် ရာဇဝတ်မှုဖြစ်သည်။ မျက်မှောက်ကာလလူအများ၏ နေ့စဉ်ဘဝတွင် အင်တာနက်အသုံးပြုမှု များပြားလာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှုများ၏ သားကောင်ဖြစ်နိုင်ခြေသည် ပိုမိုမြင့်မားလာသည်။ ယင်းသို့လိမ်လည်မှုများတွင် ယေဘုယျအားဖြင့် ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားဆိုင်ရာလိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ ကံစမ်းမဲလိမ်လည်မှု၊ ချစ်သူရည်းစားအဖြစ်ဟန်ဆောင်မှု စသည်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ပစ်မှတ်ထားဆွဲဆောင်လေ့ရှိသည်။ အလုပ်အကိုင်လိမ်လည်မှုများမှတစ်ဆင့် အတင်းအကျပ်အဓမ္မခိုင်းစေသည့် လူကုန်ကူးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိသည်။ ယင်းလုပ်ငန်းများသည် ဆက်လက်ကြီးထွားလျက်ရှိရာ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အကြီးအကျယ်ထိခိုက်

ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုပမာဏမှာ အံ့ဩဖွယ်ကောင်းလောက်အောင် များပြားလျက်ရှိသည်။ နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများဆိုင်ရာ လေ့လာမှုများနှင့် စစ်တမ်းများအရ ယင်းကိစ္စသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေပြီး ခန့်မှန်းဆုံးရှုံးမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ထရီလီယံအထိ ရှိနေသည်။ နှစ်စဉ် ၁ဝ ရာခိုင်နှုန်းဖြင့် ဆက်လက်တိုးပွားနေသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ထို့ပြင် ငွေကြေးဆုံးရှုံးမှုများ၏ နောက်ဆက်တွဲအဖြစ် ဂုဏ်သိက္ခာထိခိုက်မှု၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု၊ မိသားစုစီးပွားရေးဖရိုဖရဲဖြစ်မှုနှင့် အခြားလူမှုရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများကိုလည်းဖြစ်ပေါ်စေ လျက်ရှိသည်။ ယနေ့ကာလတွင် နည်းပညာဖွံ့ဖြိုးနေမှုကို အကြောင်းပြု၍ နယ်စပ်ဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုများအပြင် ပြည်တွင်းအွန်လိုင်းလိမ်လည်မှုများလည်း တစ်နည်းနည်းဖြင့် ရှိနေဦးမည်သာဖြစ်သည်။ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများကို သက်ဆိုင်ရာအစိုးရများက အရေးတယူဆောင်ရွက်နေကြသော်လည်း ပြည်သူလူထု၏ သတိရှိမှုနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ အသိအမြင်များ ကြွယ်ဝမှုတို့က အဓိကကျသည့်အချက်များဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် အကြောင်းအမျိုးမျိုးပြကိုယ်ရေးကိုယ်တာ အချက်အလက်တောင်းဆိုလာမှုများကို ငြင်းပယ်ခြင်း၊ ငွေကြေးဆိုင်ရာမက်လုံးပေးမှုများနှင့် မိမိနားမလည်သည့်ကိစ္စရပ်များကို လျစ်လျူရှုခြင်း၊ သံသယဖြစ်ဖွယ်ရှိပါက သက်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းကို တိုက်ရိုက်ဆက်သွယ်စစ်ဆေးခြင်း၊ သက်ဆိုင်ရာက ထုတ်ပြန်ထားသော အွန်လိုင်းသုံးစွဲသူများ လုံခြုံမှုရှိစေရေးသတိပေးချက်များကို တိကျစွာလိုက်နာခြင်းဖြင့် အွန်လိုင်းပေါ်မှ ပုံစံအမျိုးမျိုးဖြင့် ဆွဲဆောင်လိမ်လည်မှုများကို သတိပြုရှောင်ရှားကြရန် လိုအပ်သည်။ ပြည်တွင်းအခွန်များဦးစီးဌာန၏ အမည်နှင့်တံဆိပ် (Logo) ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေခြင်းနှင့် စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများ အထူးသတိပြုကြရန် သက်ဆိုင်ရာဌာနက အသိပေးကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အဆိုပါအသိပေးကြေညာချက်တွင် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို ဆက်သွယ်တောင်းခံခြင်း အစရှိသည့်ထူးခြားဖြစ်စဉ်များ ကြုံတွေ့ရပါက ပြည်တွင်းအခွန်များဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ရန် တယ်လီဖုန်းနံပါတ်များကိုလည်း ဖော်ပြထားသည်။

နေ့စဉ်လူမှုဘဝတွင် အင်တာနက်အွန်လိုင်းသုံးစွဲမှု များပြားလာသည်နှင့်အမျှ ဆိုက်ဘာနယ်ပယ်သည်လည်း ဒုစရိုက်သမားတို့၏ စားကျက်အသစ်တစ်ခုဖြစ်လာသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် အွန်လိုင်းပေါ်၌ ပြစ်မှုကျူးလွန်မှုများ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခဲ့ရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့၏ ၂၀၂၃ ခုနှစ်က ထုတ်ပြန်သည့် အစီရင်ခံစာအရ အွန်လိုင်းလိမ်လည်မှုအများဆုံး ကျူးလွန်သည့်ပုံစံငါးမျိုးမှာ (၁) Application များ၊ Website အတုများ အသုံးပြု၍ သတင်းအချက်အလက်များ ရယူလိမ်လည်ခြင်း (Phishing Fraud) (၂) ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်ခြင်း (Social Media and Telecommunication Fraud) ၊ (၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud) ၊ (၄) အရောင်းအဝယ် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading/ Trading Platform Fraud) ၊ (၅) အလုပ်အကိုင်ရရှိမည်ဟု အကြောင်းပြ၍လိမ်လည်ခြင်း (Employment Scam) တို့ဖြစ်သည်ဟု သိရသည်။

ပြည်တွင်းအခွန်ဦးစီးဌာနမှ ဝန်ထမ်းအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်အချို့ထံ Viber မှတစ်ဆင့် ဆက်သွယ်လိမ်လည်ခဲ့သည့်ဖြစ်စဉ်မှာ အထက်တွင်ဖော်ပြထားသည့် အွန်လိုင်းလိမ်လည်မှုပုံစံငါးမျိုးအနက်မှ အမှတ်စဉ် (၂) ဖြစ်သော ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်သည့် အမျိုးအစားမျိုးပင်ဖြစ်သည်။ အခွန်ဆောင်ရန်ဟူသော အကြောင်းပြချက်ဖြင့် စီးပွားရေးလုပ်ငန်းရှင်၏ Viber နံပါတ်သို့ အွန်လိုင်းလိမ်လည်သူက ကနဦးဆက်သွယ်အကြောင်းကြားခြင်း၊ ယင်းနောက်တွင် ဖုန်းခေါ်ဆို၍ Viber မှတစ်ဆင့် ပေးပို့ထားသည့် အချက်အလက်များ မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးပေးရန်ဟု ပြောကြားကာ Link တစ်ခုပေးပြီး အဆိုပါ Link ထဲသို့ ဝင်ရောက်စစ်ဆေးပေးရန် ညွှန်ကြား၍ Link ထဲသို့ဝင်စေခြင်း စသည်ဖြင့် မိမိ၏ကိုယ်ရေးအချက်အလက်ကို တိုက်ရိုက်တောင်းယူခြင်းမဟုတ်ဘဲ သွယ်ဝိုက်၍ ရယူခြင်းဖြစ်သည်။ ယခင်က K-Pay ၊ Wave-Pay ကဲ့သို့သော မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းမှဝန်ထမ်း၊ ဘဏ်ဝန်ထမ်းကဲ့သို့ ဟန်ဆောင်ပြီး လိမ်လည်ခဲ့ကြရာမှ ယခုနောက်တစ်ဖန်ဌာနဆိုင်ရာ ရုံးတံဆိပ်ကိုသုံးစွဲ၍ ဝန်ထမ်းအယောင်ဆောင်လိမ်လည်လာကြခြင်းဖြစ်သည်။

ကိုယ်ရေးအချက်အလက်များကို သတိကြီးစွာ ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်

အွန်လိုင်းပေါ်မှ ငွေကြေးလိမ်လည်မှုများ ပုံစံအမျိုးမျိုးနှင့် ပြုလုပ်လာကြဦးမည်ဖြစ်ရာ မိမိတို့၏ လျှို့ဝှက်အပ်သော ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာထားရှိရန်နှင့် သတိကြီးစွာထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်မည်ဖြစ်သည်။ မိမိ၏ ကိုယ်ရေးအချက်အလက်နှင့်စပ်လျဉ်း၍အကြောင်း တစ်စုံတစ်ရာပေါ်ပေါက်ပါက သက်ဆိုင်ရာဘဏ် သို့မဟုတ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ဌာနဆိုင်ရာသို့ တိုက်ရိုက်ဆက်သွယ်ကြရန် သတိရှိကြဖို့လိုသည်။ အွန်လိုင်းလိမ်လည်မှုများသည် အထက်တွင်ဖော်ပြခဲ့သော ပုံစံငါးမျိုးအနက်မှ တစ်မျိုးမျိုးဖြင့် လိမ်လည်နေကြပြီး တစ်နှစ်ထက်တစ်နှစ်လည်း ပိုမိုများပြားလာနေသည်ဟုဆိုသည်။ အွန်လိုင်းလိမ်လည်မှုများကြောင့် မြန်မာပြည်သူများအတွင်း နှစ်စဉ်ငွေကျပ်သန်းပေါင်း ၅ဝဝဝ နှင့်အထက် ဆုံးရှုံးနေသည်ဟုဆိုရာ လိမ်လည်မှုဘေးမှ ကင်းဝေးစေရေးအတွက် သတိထားရှိကာ ဓနဥစ္စာတို့ကို ကောင်းစွာစောင့်ရှောက်နိုင်ရန် လိုအပ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ ကရင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ်အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင်လည်း နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကရင်ပြည်နယ် မြဝတီ-မဲ့ထော်သလေးနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား စစ်ဆေးဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် စုစုပေါင်း ပြည်ပနိုင်ငံသား ၁ဝ၇၆၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။ ၎င်းတို့အနက်မှ ၉၄ဝ၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးနိုင်ခဲ့ပြီးဖြစ်သည်။ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၃၅၉ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ နယ်စပ်ဖြတ်ကျော်မှုခင်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အခြားသောနိုင်ငံများနှင့် မူးယစ်ဆေးဝါးကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်း၊ ငွေကြေးဆိုင်ရာမှုခင်း၊ ဆိုက်ဘာမှုခင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာမှုခင်း စသည့်မှုခင်းများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများကိုလည်း ပူးပေါင်းတိုက်ဖျက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ဒုစရိုက်မှုမှန်သမျှတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေကြသည်ကို တွေ့ရသည်။ ပြည်သူလူထုအပေါ် ဒုက္ခရောက်စေမည့် အဖျက်အမှောင့်လုပ်ငန်းများကို တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိရာတွင် မူးယစ်ဆေးဝါးအပါအဝင် အခြားဒုစရိုက်လုပ်ငန်းမှန်သမျှမှရရှိငွေဖြင့် လက်နက်ခဲယမ်းဝယ်ယူကာ မြို့ရွာများကို ဖျက်ဆီးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဒုစရိုက်မှုမှန်သမျှ လုံးဝပပျောက်ချုပ်ငြိမ်းစေရေး၊ နောက်ထပ်တစ်ဖန် ထပ်မံလုပ်ဆောင်ခြင်းမျိုးမရှိစေရေးအတွက် ကျူပင်ခုတ်ကျူငုတ်မကျန်စေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်နေခြင်းဖြင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးများ ပိုမိုရရှိလာတော့မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။

moi

မေယု-မျိုးအောင် (MANA)

မြေနံ့သင်းသော လေပြေညင်းနှင့်အတူ စပါးနှံတို့ ဝင်းဝါမှည့်ဝင်းနေသည့် လယ်ကွင်းပြင်များသည် မြန်မာ့မြေ၏ ဂုဏ်ကျက်သရေပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှုနှင့် ပြည်သူတို့၏ အခြေခံအကျဆုံးသော စားနပ်ရိက္ခာဖူလုံမှုတို့မှာ တောင်သူလယ်သမားတို့၏ ကြမ်းတမ်းသော လက်ဖဝါးများပေါ်တွင် အခြေခံထားပါသည်။

မတ်လ ၂ ရက်နေ့သည် ရိုးရာဓလေ့အရ ကျင်းပမြဲဖြစ်သော နေ့ရက်တစ်ခုထက်မကဘဲ နိုင်ငံသူ နိုင်ငံသားတို့၏ ဝမ်းစာရေးအတွက် ရုန်းကန်လှုပ်ရှားရင်း နိုင်ငံတော်၏ စီးပွားရေးကျောရိုးကို ခိုင်မာအောင် ထိန်းကျောင်းပေးနေသည့် ကျေးဇူးရှင်တောင်သူလယ်သမားထု တစ်ရပ်လုံးကို ဦးညွတ်ဂုဏ်ပြုရမည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ခေတ်သစ်စိုက်ပျိုးရေးနှင့် နည်းပညာအသွင်ကူးပြောင်းမှု

ယနေ့ခေတ်ကာလတွင် တောင်သူလယ်သမားတို့သည် ရှေးရိုးစဉ်လာစိုက်ပျိုးရေးစနစ်များမှသည် ခေတ်မီနည်းပညာသုံး စိုက်ပျိုးရေးစနစ်များ တဖြည်းဖြည်းကူးပြောင်းလာကြပြီဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေရန်နှင့် အထွက်နှုန်းတိုးတက်စေရန်အတွက် သိပ္ပံနည်းကျစိုက်ပျိုးရေးနည်းစနစ်များကို လေ့လာလိုက်နာကြရမည်ဖြစ်ပါသည်။ မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း၊ မြေဆီလွှာပြုပြင်ခြင်းနှင့် စနစ်တကျပိုးမွှားကာကွယ်ခြင်းတို့သည် ယနေ့ခေတ် တောင်သူတို့အတွက် မရှိမဖြစ်လိုအပ်သော လက်နက်များသဖွယ် ဖြစ်လာပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် တောင်သူတို့၏ ခံနိုင်ရည်စွမ်း

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပါသည်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် ရာသီမမှန်သော မိုးရွာသွန်းခြင်းတို့သည် တောင်သူတို့ လုပ်အားကို ခြိမ်းခြောက်နေပါသည်။ ထို့ကြောင့် ခေတ်နှင့်အညီ ပြောင်းလဲလာသော သီးနှံပုံစံများ၊ ရေကို ချွေတာသုံးစွဲနိုင်သော စနစ်များနှင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သော အသိပညာများကို အမြဲမပြတ်လေ့လာဆည်းပူးခြင်းဖြင့် မိမိတို့၏ ထွက်ကုန်များကို ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်သည်။

အရည်အသွေးမြင့်ထွက်ကုန်နှင့် ဈေးကွက်ယှဉ်ပြိုင်မှု

ယနေ့ဈေးကွက်သည် အရေအတွက်ထက်အရည်အသွေးကို ပိုမိုဦးစားပေးလာပါသည်။ စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော စိုက်ပျိုးရေးထွက်ကုန်များကိုသာ ရွေးချယ်လာကြသည့်အတွက် တောင်သူများအနေဖြင့် GAP(Good Agricultural Practices)ခေါ် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များကို ကျင့်သုံးရန် လိုအပ်ပါသည်။ အရည်အသွေးမီထွက်ကုန်များ ထုတ်လုပ်နိုင်မှသာလျှင် ပြည်တွင်းသာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ်ပါသည်။

သဘာဝမြေဩဇာနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး

ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများကို အလွန်အကျွံသုံးစွဲခြင်းသည် ရေရှည်တွင် မြေဆီလွှာကို ပျက်စီးစေပြီး စိုက်ပျိုးထုတ်လုပ်မှုကို ကျဆင်းစေပါသည်။ ထို့ကြောင့် သဘာဝမြေဩဇာကို မျှတစွာ သုံးစွဲတတ်ရန် လိုအပ်သလို မိမိတို့၏ လယ်ယာမြေများ ရေရှည်တည်တံ့စေရန်အတွက် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သင့်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော စိုက်ပျိုးရေးသည်သာ နောက်မျိုးဆက်သစ်များအတွက် အကောင်းဆုံးအမွေအနှစ် ဖြစ်ပါသည်။   

သမားရိုးကျမှသည် စက်မှုလယ်ယာစနစ်သို့

လူအင်အား၊ ကျွဲနွားအင်အားတို့ဖြင့် စိုက်ပျိုးသည့်စနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်းသည် လုပ်အားကို သက်သာစေရုံသာမက အချိန်ကုန်မှုကိုလည်း လျော့နည်းစေပါသည်။ ထွန်ယက်ခြင်း၊ ပျိုးကြဲခြင်းမှသည် ရိတ်သိမ်းခြင်းအထိ ခေတ်မီစက်ကိရိယာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် အလေအလွင့်နည်းပါးစေပြီး လုပ်ငန်းခွင်တွင်ကျယ်မှုကို ရရှိစေမည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း တောင်သူများ စက်ကိရိယာများ လက်လှမ်းမီစေရန် ဝိုင်းဝန်းကူညီကြရမည်ဖြစ်ပါသည်။

ကျေးလက်စီးပွားရေးနှင့် တောင်သူတို့၏ အခန်းကဏ္ဍ

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားမှုအပေါ် များစွာမူတည်နေပါသည်။ တောင်သူလယ်သမားများ ဝင်ငွေတိုးပွားလာမှသာ ကျေးလက်ဒေသများ ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ကျေးလက်ဖွံ့ဖြိုးမှသာ တစ်နိုင်ငံလုံး၏ စီးပွားရေးအခြေအနေမှာ ဟန်ချက်ညီညီ တိုးတက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် တောင်သူတို့သည် မိမိတို့၏ အခန်းကဏ္ဍကို ဂုဏ်ယူစွာဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ပါသည်။

သီးနှံမျိုးစုံစိုက်ပျိုးခြင်းနှင့် အန္တရာယ်စီမံခန့်ခွဲမှု

သီးနှံတစ်ခုတည်းကိုသာ အားကိုးစိုက်ပျိုးခြင်းထက် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးခြင်းက ဈေးကွက်ပျက်ကွက်မှုနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုနည်းစေရန် အထောက်အကူပြုပါသည်။ မိသားစုအပိုဝင်ငွေရရှိစေရန်နှင့် မြေဆီလွှာအာဟာရဖြည့်တင်းရန်အတွက် သီးညှပ်စိုက်ပျိုးခြင်း၊ သီးလှည့်စိုက်ပျိုးခြင်းတို့ကိုလည်း စနစ်တကျလုပ်ဆောင်သင့်ပါသည်။

ပညာဗဟုသုတ ရှာမှီးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု

ယနေ့ခေတ် တောင်သူလယ်သမားများသည် စာဖတ်ခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား နားထောင်ခြင်း၊ စိုက်ပျိုးရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ဖြင့် ဗဟုသုတရှာမှီးနေကြပြီဖြစ်ပါသည်။ တောင်သူအချင်းချင်း စုပေါင်းလုပ်ဆောင်သော အသင်းအဖွဲ့များ၊ သမဝါယမစနစ်များကို ဖော်ဆောင်ခြင်းဖြင့် အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်တို့ကို စုပေါင်းအင်အားဖြင့် ရယူနိုင်မည်ဖြစ်ပါသည်။ တစ်ယောက်တည်း ရုန်းကန်ခြင်းထက် စုပေါင်းအင်အားဖြင့် ဆောင်ရွက်ခြင်းက ပိုမိုခိုင်မာသော အနာဂတ်ကို ဖန်တီးပေးနိုင်ပါသည်။

တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ကုန်ထုတ်လုပ်မှုကွင်းဆက်

တောင်သူလယ်သမားများအနေဖြင့် မိမိတို့ရရှိသည့် သီးနှံများကို ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများကို ရှာဖွေသင့်ပါသည်။ ဥပမာအားဖြင့် သီးနှံများကို စနစ်တကျအခြောက်ခံခြင်း၊ ထုပ်ပိုးခြင်းနှင့် အဆင့်ဆင့်ပြုပြင် ထုတ်လုပ်ခြင်းဖြင့် ကုန်ကြမ်းဈေးထက်ပိုမိုသော အမြတ်အစွန်းကို ရရှိနိုင်ပါသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားရုံသာမက ကျေးလက်ဒေသတွင် အလုပ်အကိုင်ခွင့်အလမ်းသစ်များပါ ဖော်ဆောင်ပေးရာရောက်ပါသည်။

ဒစ်ဂျစ်တယ်နည်းပညာနှင့် သတင်းအချက်အလက် စီးဆင်းမှု

မျက်မှောက်ခေတ်တွင် လက်ကိုင်ဖုန်းနှင့် အင်တာနက်နည်းပညာသည် တောင်သူတို့၏ လက်တစ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာ အပလီကေးရှင်း (Mobile Apps) များမှတစ်ဆင့် နေ့စဉ်သီးနှံဈေးနှုန်းများ၊ မိုးလေဝသခန့်မှန်းချက်များနှင့် စိုက်ပျိုးရေးနည်းပညာသစ်များကို အချိန်နှင့်တစ်ပြေးညီ ရယူနိုင်ပါသည်။ သတင်းအချက်အလက်ကို မှန်ကန်မြန်ဆန်စွာရရှိခြင်းသည် တောင်သူတို့အတွက် ဆုံးဖြတ်ချက်များ မှန်ကန်စေရန်နှင့် ပွဲစား၊ ကုန်သည်တို့၏ ခေါင်းပုံဖြတ်မှုမှ ကာကွယ်နိုင်ရန် အလွန်အရေးကြီးသော အချက်တစ်ချက်ဖြစ်လာပါသည်။

မျိုးဆက်သစ်လူငယ်များနှင့် စိုက်ပျိုးရေးလုပ်ငန်း၏ အနာဂတ်

စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မျိုးဆက်သစ်လူငယ်များ၏ ပါဝင်ပတ်သက်မှုသည် အလွန်အရေးကြီးပါသည်။ ယနေ့ခေတ်လူငယ်များသည် နည်းပညာကို ကျွမ်းကျင်ကြသူများ ဖြစ်သည့်အတွက် ခေတ်မီစိုက်ပျိုးရေး (Smart Farming)စနစ်ကို ဖော်ဆောင်ရာတွင် အဓိကစွမ်းအားစုများ ဖြစ်လာနိုင်ပါသည်။ မိရိုးဖလာစိုက်ပျိုးရေးကို ဂုဏ်ယူတတ်စေရန်နှင့် စိုက်ပျိုးရေးသည်လည်း ဂုဏ်သိက္ခာရှိပြီး စီးပွားဖြစ်ထွန်းနိုင်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း လူငယ်များ နားလည်သဘောပေါက်အောင် မြှင့်တင်ပေးကြရမည်ဖြစ်ပါသည်။

ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှု လျှော့ချရေး

တောင်သူအများစုက စိုက်ပျိုးထုတ်လုပ်မှုအပေါ်တွင်သာ အာရုံစိုက်လေ့ရှိပြီး ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုများကို ဂရုမမူမိတတ်ကြပါ။ သိုလှောင်ရုံစနစ်မကျခြင်း၊ သယ်ယူပို့ဆောင်ရေး အားနည်းခြင်းနှင့် ရိတ်သိမ်းချိန်စနစ်မကျခြင်းတို့ကြောင့် ထွက်ရှိလာသော သီးနှံများ၏ ၂၀ ရာခိုင်နှုန်းခန့်မှာ လေလွင့်ဆုံးရှုံးနေရပါသည်။ ထို့ကြောင့် စနစ်ကျသော သိုလှောင်ရုံများ တည်ဆောက်ခြင်း၊ စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်းတို့ကို ဂရုပြုဆောင်ရွက်ခြင်းဖြင့် မိမိတို့ပင်ပန်းကြီးစွာ စိုက်ပျိုးထားသမျှ အရာထင်စေရန် ထိန်းသိမ်းကြရမည် ဖြစ်ပါသည်။

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင် တောင်သူလယ်သမားတို့သည် ရိုးသားကြိုးစားမှု၏ ပြယုဂ်များသာမက နိုင်ငံတော်၏ စီးပွားရေးအဆောက်အအုံကို ခိုင်ခံ့အောင် ထောက်မထားသည့် စစ်မှန်သော ကျောရိုးမကြီးများ ဖြစ်ကြသည်။ မိမိတို့၏ ချွေးနှင့် အင်အားဖြင့် တိုင်းပြည်၏ စား‌ရေရိက္ခာ ကွင်းဆက်ကို မပြတ်တောက်အောင် မောင်းနှင်နေသည့် ပဲ့ကိုင်ရှင်များဖြစ်သည်နှင့်အညီ ၎င်းတို့၏ ဘဝရပ်တည်မှုခိုင်မာရေးမှာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးလိုအပ်ချက်ပင်ဖြစ်သည်။

သို့ဖြစ်၍ မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့၌ လယ်သမားထု၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရုံမျှမကဘဲ ၎င်းတို့၏ အခွင့်အရေး၊ နည်းပညာနှင့် လူမှုစီးပွားဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းပံ့ပိုးကူညီကြရမည်ဖြစ်သည်။ ရွှေဝါရောင် စပါးခင်းများကြားမှ တောင်သူတို့၏ အပြုံးသည် နိုင်ငံတော်၏ သာယာဝပြောမှုကို ဖော်ဆောင်နေခြင်းဖြစ်ရာ တောင်သူလယ်သမားတို့၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့် စားရေရိက္ခာဖူလုံပြီး ခိုင်မာတောင့်တင်းသော အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို အတူအကွတည်ဆောက်သွားကြပါစို့ဟု တိုက်တွန်းရင်း ဂုဏ်ပြု မှတ်တမ်းတင်ရေးသားလိုက်ရပါသည်။ ။

moi

လွန်းပိုးအိမ်

ရာသီဥတုပြောင်းလဲမှု အကြောင်းအရာများမှာ အင်အားကြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများကို ပုံကြီးချဲ့လှည့်စားထားသည့်အရာတစ်ခုအဖြစ် ဖွံ့ဖြိုးမှုလိုအပ်သည့်နိုင်ငံများက ယူဆလက်ခံလာကြသည်။ အင်အားကြီးနိုင်ငံများက ရာသီဥတုပြောင်းလဲမှုအကြောင်းအရာများကို ကျယ်ကျယ်လောင်လောင် ဆိုလင့်ကစား ၎င်းတို့၏ ဖွံ့ဖြိုးမှုအရှိန်ကို တိုးသထက်သာတိုးလိုကြသည်။

ဖွံ့ဖြိုးမှုနှင့် စွမ်းအင်ပိုင်ဆိုင်မှုက တိုက်ရိုက်ဆက်နွှယ်နေသည်။ အဘယ်ကြောင့်ဆိုသော် စွမ်းအင်ပိုင်ဆိုင်မှုက နိုင်ငံကို ဆင်းရဲ၊ ချမ်းသာ၊ ဖွံ့ဖြိုးမှု၊ မဖွံ့ဖြိုးမှုအခြေအနေကို အလွယ်တကူဖန်တီးနိုင်သည့်အတွက် အင်အားကြီးနိုင်ငံများက စွမ်းအင်ပိုင်ဆိုင်မှုအင်အားကို အစဉ်တိုးချဲ့ကြစမြဲသာ။ ထို့အတွက် မည်သည့်နိုင်ငံက မည်ကဲ့သို့သော စွမ်းအင်အရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်ဆိုသည်က ယနေ့ ကမ္ဘာကြီးတွင် အရေးပါလာသည်။ ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံအလိုက် စွမ်းအင်မူဝါဒများ ခိုင်ခိုင်မာမာ ချမှတ်လာကြသည်။

စွမ်းအင်အမျိုးမျိုးရှိပါသည်။ ရေနံ၊ ကျောက်မီးသွေး၊ တွင်းထွက်လောင်စာဆီ၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်၊ လေ၊ ဇီဝလောင်စာ၊ ရေအား၊ နျူကလီးယား စသည်တို့သည် လူသိများထင်ရှားသည်။ နိုင်ငံ့အနာဂတ် လူသားအရင်းအမြစ်ထံအမွေအဖြစ် လက်ဆင့်ကမ်းနိုင်ရန် အကန့်အသတ်ရှိသည့် ရေနံကဲ့သို့ တွင်းထွက်စွမ်းအင်ကို နိုင်ငံတိုင်းက ထိန်းထိန်းသိမ်းသိမ်း စီမံဆောင်ရွက်ကြသည်။ ထုတ်ယူသုံးစွဲမှုကို နိုင်ငံအလိုက်ချမှတ်ထားသည့် စွမ်းအင်မူဝါဒနှင့်အညီသာ ထုတ်ယူသုံးစွဲကြသည်။

ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်သုံးစွဲ

တရုတ်၊ ရုရှား၊ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများက ရေနံထုတ်လုပ်မှု၊ ရေနံတင်သွင်းမှု နိုင်ငံအလိုက် တန်းစီဇယားအထက်ပိုင်းက မည်သည့်အခါမှမဆင်းပေ။ ထို့အတူ နေရောင်ခြည်၊ လေ၊ ဇီဝလောင်စာ၊ ရေအားစသည့် ပြည့်ဖြိုးမြဲစွမ်းအင်များကိုလည်း စဉ်ဆက်မပြတ် ဖော်ဆောင်ကြသည်။ သို့သော် အကန့်အသတ်ရှိသည့် သယံဇာတထုတ်ယူသုံးစွဲခြင်းထက် ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်သုံးစွဲခြင်းက ပိုမိုကောင်းမွန်သည်ကို အားလုံးနားလည်လက်ခံထားပြီးဖြစ်သည်။

ဤနေရာတွင် စွမ်းအင်စီမံခန့်ခွဲခြင်း နည်းစနစ်များက တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီနိုင်ပေ။ နိုင်ငံအလိုက် တည်ရှိသည့် စွမ်းအင်အရင်းအမြစ်များအပေါ် တည်မီပြီး ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နေ၊ ရေ၊ လေစသည့် စွမ်းအင်များမှ စွမ်းအင်တစ်ခုကို အားပြု၍ဖြစ်စေ၊ အားလုံးကို ရောစပ်ပြီးဖြစ်စေ၊ အချိုးကျဖြစ်စေ ထုတ်ယူအသုံးပြုကြသည်။

ရေအားလျှပ်စစ် စက်ရုံများ၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ရုပ်ကြွင်းလောင်စာသုံး ဓာတ်အားပေးစက်ရုံ၏ ၁/၅ မှ ၁/၈ သာရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်တွင် ကြီးမားသည့် ရေအားလျှပ်စစ် စက်ရုံများစွာရှိနေသည်။ အမေဇုန်မြစ်ကြီးပေါ်တွင် ရေအားလျှပ်စစ်ရှိသည်။ နိုင်းမြစ်ပေါ်တွင်လည်း ရေအားလျှပ်စစ်ရှိသည်။ တရုတ်နိုင်ငံရှိ Three Gorges၊ အမေရိကန်နိုင်ငံရှိ Grand Couleeရုရှားရှိ Longtan၊ ကနေဒါနိုင်ငံရှိ Churchill Falls အပါအဝင်နိုင်ငံများတွင် များစွာသော ရေအားလျှပ်စစ်ရရှိရေး စီမံကိန်းများတည်ရှိသည်။ ဆက်လက်၍ အကောင်အထည်ဖော်ကြဦးမည်ဖြစ်သည်။

မိမိတို့ မြန်မာနိုင်ငံ၏ သဘာဝတွင်းထွက် သယံဇာတစွမ်းအင်ပိုင်ဆိုင်မှုမှာ မက်လောက်စရာဖြစ်ပါသည်။ ထို့အတူ ပြည့်ဖြိုးမြဲစွမ်းအင်ကို နိုင်ငံအတွက် လုံလုံလောက်လောက်ထုတ်နိုင်သည့် အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်ထားပါသည်။ သို့သော် အကန့်အသတ်ရှိသောတွင်းထွက် စွမ်းအင်သာမက ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်ယူသုံးစွဲရေးကိုပါ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ခေါင်းစဉ်၊ နိုင်ငံရေးခေါင်းစဉ်များဖြင့် ရောထွေးကန့်သတ်လိုကြသည်။

ရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစီမံကိန်းများကို နိုင်ငံရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အရေးစသည့် အရေးအရာပေါင်းစုံဖြင့် ရောနှောကာဖွံ့ဖြိုးမှုမလိုလားသူတစ်စုက ပြည်သူထံဖြန့်ဝေထားသည်။ ထို့ကြောင့်ပြည်သူများက သို့လော၊ သို့လော ထင်မြင်ယူဆမှုများရှိသည်။

အမှန်မှာ ပြည်သူများ စွမ်းအင်သုံးစွဲမှု လိုအပ်ချက်ရှိနေသမျှ ဖွံ့ဖြိုးမှုအရှိန်တစ်ခု လိုအပ်နေမည်ဖြစ်ပါသည်။ နိုင်ငံအတွက် လိုအပ်သည့် စွမ်းအင်သုံးစွဲမှုအပေါ် ရာခိုင်နှုန်းအပြည့်လွှမ်းခြုံနိုင်မှုမရှိသေးပါ။ ထို့ကြောင့် အစိုးရအဆက်ဆက်သည်ပေါများသည့် နိုင်ငံ၏ ပြည့်ဖြိုးမြဲစွမ်းအင် နေ၊ ရေ၊ လေတို့မှ စွမ်းအင်ထုတ်ယူသုံးစွဲနိုင်ရန် ကြိုးပမ်းကြသည်။ သို့သော် ပြည်သူမကြိုက်မည်စိုး၍ စွမ်းအင်ရရှိရေးမူဝါဒများက ခိုင်မာအားကောင်းခြင်းမရှိပေ။

စီမံကိန်းများကို စနစ်တကျဆောင်ရွက်

စိုးရိမ်စေရန် အမှန်နှင့်အမှား ရောနှောထားသည့် သတင်းအချက်အလက်များက ပြည်သူများအကြား စိမ့်ဝင်ပျံ့နှံ့နေသည်။ စွမ်းအင်ရရှိရေး စီမံကိန်းများကို စနစ်တကျမဆောင်ရွက်ပါက အားနည်းချက်များ တည်ရှိနေနိုင်သည်မှာ အမှန်ဖြစ်ပါသည်။ သို့သော် ပြင်ဆင်ကျော်လွှား၍မရသည့် အခြေအနေအဖြစ် ရှုမြင်နေသည်မှာကား မှားယွင်းနေပါသည်။ အားနည်းချက်များ၊ ထိခိုက်ပျက်စီးမှုများကို အနည်းဆုံးဖြစ်အောင် စနစ်တကျစီမံဆောင်ရွက်ခြင်းဖြင့် ကျော်လွှားသွားနိုင်ပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြုနေသော ရေအားလျှပ်စစ်စက်ရုံများစွာရှိပါသည်။ တည်ဆောက်ဆဲ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းများလည်းရှိပါသည်။ တည်ဆောက်ဆဲဖြစ်သော်လည်း ဖွံ့ဖြိုးမှုမလိုလားသူ တစ်စုကြောင့် ရပ်ဆိုင်းထားရသည့် စီမံကိန်းများလည်းရှိပါသည်။

ရေအားလျှပ်စစ်သည် ရေသံသရာလည်ခြင်းကို အခြေခံထားသည့် ပြည့်ဖြိုးမြဲစွမ်းအင်စနစ်တစ်ခု ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းခေါင်းစဉ်အောက်တွင်သာ သံသရာလည်နေခဲ့သည်။ အဆုံးမရှိ စီးဆင်းနေသည့်သဘာဝရေအရင်းအမြစ်ကို ရေလှောင်ကန်ကြီးများ၊ ရေလွှဲဆည်ကြီးများအသုံးပြု၍ စွမ်းအင်အဖြစ် ပြောင်းလဲရပါသည်။ ရေလှောင်ကန်ကြီးများ၊ ရေလွှဲဆည်ကြီးများကို အသုံးပြုပြီး ရေစီးဆင်းမှုအရှိန်ကို ရယူကာ အရွှေ့စွမ်းအင်အဖြစ် ပြောင်းလဲရပါသည်။ အရွှေ့စွမ်းအင်ကို အသုံးပြုနိုင်သည့် လျှပ်စစ်ဓာတ်အားရရှိရန်အတွက် တာဘိုင်များ၊ ဂျင်နရေတာများဖြင့် ပြုပြင်ရပါသည်။ ပြုပြင်ထွက်ရှိလာသည့် ဓာတ်အားကို မဟာဓာတ်အားလိုင်းတွင် ထည့်သွင်းပြီးပါက ရေအားလျှပ်စစ်စက်ရုံ၏ တာဝန်သည်ပြီးဆုံးပြီဖြစ်သည်။ ထိုဖြစ်စဉ်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ၊ စက်ပစ္စည်းကိရိယာများသည် ရေအရင်းအမြစ်အနီးအနားရှိမှသာ ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ကုန်ကျမှုသည် ရေရှည်အကျိုးဖြစ်

ရေအရင်းအမြစ်ကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေမြစ်များ၊ ချောင်းများက ပင်လယ်ကြီးအတွင်း စီးဝင်နေမည်ဖြစ်သည့်အတွက် ဈေးအပေါဆုံးသော ရေအရင်းအမြစ်ကိုအသုံးချခြင်း သည် ရေကပေးသော ရွှေဖြစ်ပါသည်။ ဈေးပေါပေါရသော ရေအရင်းအမြစ်ကို စနစ်တကျအသုံးချနိုင်ရန်၊ ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရန်အတွက် ကနဦးရင်းနှီးကုန်ကျမှုများရှိပါသည်။ သို့သော် ကုန်ကျမှုသည် ရေရှည်အကျိုးဖြစ်ပါသည်။

ရေရှည်အကျိုး မျှော်ရည်တွေးရာတွင် ကျယ်ကျယ်လောင်လောင်ဆွေးနွေးခဲ့ကြသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းရေး အစီအမံများကိုလည်း စီမံကိန်းစတင်ကတည်းက စနစ်တကျဆောင်ရွက်ကြရပါမည်။ ထို့ပြင် ရေအားနည်းသည့် အချိန်အခါတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကျဆင်းနိုင်သည့်အချက်ကိုလည်း လက်ခံကြရပါမည်။

သန့်ရှင်းစွမ်းအင်ဖြစ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ခြင်း၊ ရေအရင်းအမြစ်ပေါများခြင်းတို့အပါအဝင် အားသာချက်များစွာ တည်ရှိနေသည့်အတွက် အားနည်းချက်များကို ကျော်လွှားနိုင်အောင် စနစ်တကျဆောင်ရွက်ပြီး အကောင်အထည်ဖော်ဆောင်သင့်သည့် ရေအားလျှပ်စစ်စီမံကိန်းများဖြစ်ပါသည်။ ထိုကဲ့သို့ ရေအားလျှပ်စစ်ရရှိရေး စီမံကိန်းဆောင်ရွက်ခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် ရေကိုရွှေအဖြစ် ဖန်တီးပေးခြင်းလည်းဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။

moi

မင်းပြည့်စုံ

        မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအသီးသီးတွင် ရင်ဆိုင်နေရသည့် အဓိကပြဿနာမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာပင်ဖြစ်သည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္ထုများနှင့် အပင်များ သဟဇာတဖြစ်လျက်အပြန်အလှန် အမှီသဟဲပြုနေကြသည့် သဘာဝဂေဟစနစ်အား သိသာထင်ရှားစွာ ထိခိုက်လျက်ရှိပြီး ရာသီဥတုပြောင်းလဲမှုပြဿနာများ၊ လူသားတို့၏ ကျန်းမာရေးပြဿနာများလည်း နှစ်စဉ်တိုးပွားလာလျက်ရှိကြောင်း ကမ္ဘာအရပ်ရပ်ရှိ သတင်းများမှတစ်ဆင့် မျက်ဝါးထင်ထင်တွေ့ရှိနေကြရပြီး ယင်းသို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ လူသားများ၏ ဆောင်ရွက်ချက်များကြောင့်ပင် အများဆုံးဖြစ်ပေါ်နေသည့်အတွက် ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အထူးပင်လိုအပ်လှသည်။ ထိုသို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် ညီညာမှ ပြည်သာမည် ဟူသော ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူတစ်ရပ်လုံးက တစ်ဦးတစ်ယောက်ချင်းစီ၏ အသိ၊ သတိ၊ စည်းလုံးညီညာမှုဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေသော ဆောင်ရွက်ချက်များကို တတ်နိုင်သမျှရှောင်ရှား၍ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက် သာယာစေရေးအတွက် ပတ်ဝန်းကျင်ကို အတူတကွဝိုင်းဝန်း ထိန်းသိမ်းကြရမည်ဖြစ်သည်။ 

ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသော အဓိကအကြောင်းရင်းများဖြစ်သည့် လူဦးရေတိုးပွားခြင်းကြောင့် မြို့ပြများချဲ့ထွင်လာခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပိုမိုများပြားလာခြင်း၊ စိုက်ပျိုးမြေများချဲ့ထွင်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းသုံးပိုးသတ်ဆေး၊ ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်း၊ သဘာဝသယံဇာတများအား စည်းကမ်းမဲ့ အလွန်အမင်းထုတ်ယူခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုအားနည်းခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာအားနည်းခြင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် အားနည်းခြင်း စသည့် အကြောင်းအချက်များကြောင့် စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ရေနှင့် ထုတ်လွှတ်အခိုးအငွေ့များ အဆမတန် ထွက်ရှိလာရပြီး စနစ်တကျသန့်စင်စွန့်ပစ်ခြင်းမရှိခြင်းကြောင့် လေထု၊ ရေထုနှင့် မြေထုညစ်ညမ်းခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ထိခိုက်ခြင်း၊ သဘာဝသယံဇာတများ လျော့နည်းလာခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခတ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာခြင်းနှင့် ထိုမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများအထိ ပိုမိုရင်ဆိုင်ကြုံတွေ့လာရသည်။ 

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ရာ စက်ရုံ၊ အလုပ်ရုံများအပါအဝင်  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍကို မဖြစ်မနေထည့်သွင်းပေါင်းစပ်စဉ်းစားပြီး ပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးစေရေး အစီအမံများကို လက်တွေ့ကျကျ အကောင်အထည်ဖော်စေရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များထုတ်ပြန်ချမှတ်၍ စစ်ဆေးကြပ်မတ်ခြင်းများဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်များကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသည့်စိတ်ဖြင့် အမြင်ကျယ်ကျယ် လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။ 

ယနေ့လူငယ် နောင်ဝယ်လူကြီး ဟူသော စကားပုံအတိုင်း လူငယ်များအနေဖြင့် နိုင်ငံတော်မှ အားထားရသော အနာဂတ်သားကောင်းများဖြစ်လာမည့် အားလျော်စွာ ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာများပြန့်ပွားစေရေး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများအပါအဝင် သင်တန်းကျောင်းများ၊ တက္ကသိုလ်/ ကောလိပ်များအထိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး  စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်သည်။

ပြည်သူသည်သာအဓိကဖြစ်သည့်အားလျော်စွာ ပြည်သူများအနေဖြင့်လည်း မိမိတို့အိမ်၊ ရပ်ကွက်မှစတင်၍ စွန့်ပစ်အမှိုက်များအား စည်းကမ်းမဲ့စွန့်ပစ်ခြင်းကိုရှောင်ရှားခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများအား လက်ဆင့်ကမ်းမျှဝေခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြို့၊ ရွာများအတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများအား လျှော့ချနိုင်မည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အထိမ်းအမှတ်နေ့များ  သတ်မှတ်ခြင်း၊  အခမ်းအနားများ ကျင်းပခြင်း၊ နိုင်ငံအချင်းချင်းကြား  သဘောတူစာချုပ်များ ချုပ်ဆိုခြင်း၊ မဟာဗျူဟာများ ချမှတ်ခြင်းတို့ကို အစုအဖွဲ့တစ်ခုချင်းစီအလိုက် ထိရောက်စွာဆောင်ရွက်၍   ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးအား  ကောင်းမွန် ကျန်းမာစေရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းလျက်ရှိကြသည်။ 

နိဂုံးချုပ်အားဖြင့်ဆိုရသော် ပတ်ဝန်းကျင် ညစ်ညမ်းမှုများအား လျှော့ချခြင်း၊ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ပြန်လည်အစားထိုးမရသည့် သဘာဝအရင်းအမြစ်များ ထုတ်ယူသုံးစွဲမှုလျှော့ချခြင်းတို့မှာ ကမ္ဘာကြီး၏ ဂေဟစနစ်ထိန်းသိမ်း ကာကွယ်ရေးအတွက်  အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်သည့် အားလျော်စွာ ထိုလုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်ရန်မှာ ကမ္ဘာပေါ်ရှိ လူသားတိုင်း၏ တာဝန်ဖြစ်သည့်အတွက် ပိုမိုလက်တွေ့ကျပြီး အားလုံးပါဝင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများအသုံးပြု၍ ပြည်သူများအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကို ပြည်သူတိုင်းလက်ဝယ် ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။   ။

MWD

ဦးသူရဖြိုး

    သွားကျန်းမာရေးသည် တောက်ပသော အပြုံးတစ်ခုအတွက်သာမက နှလုံးကျန်းမာရေးအပါအဝင်   အလုံးစုံကျန်းမာရေး ကောင်းမွန်စေရန် မရှိမဖြစ်လိုအပ်သည်။ အများအားဖြင့် အသက် ၆၅ နှစ်ကျော်သူများ၏ သုံးပုံနှစ်ပုံခန့်တွင် သွားဖုံးရောဂါရှိတတ်ကြသည်။ သုတေသနပြုချက်များအရ သွားဖုံးရောဂါရှိသူများသည် သွားကျန်းမာရေး ကောင်းမွန်သူများနှင့် နှိုင်းယှဉ်ပါက နှလုံးရောဂါဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများကြောင်း သိရသည်။ ခံတွင်းကျန်းမာရေးနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဆက်စပ်မှုကို ကာလကြာရှည်စွာသတိပြုမိခဲ့ကြရာ ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များစားသောက်ခြင်း၊ ကျန်းမာရေးနှင့် သွားဘက်ဆိုင်ရာစောင့်ရှောက်မှုများကို လက် လှမ်းမမီခြင်းအပါအဝင်  တခြားအန္တရာယ်ရှိသော အချက်များကြောင့် လည်း ဖြစ်နိုင်သည်။

ပါးစပ်နှင့်နှလုံးသားဆက်သွယ်မှု

     ပါးစပ်အတွင်းရှိ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးတချို့သည်  နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကိုမြင့်တက်စေနိုင်သည်။ တိုးတက်လာသော သုတေသနအထောက်အထားများအရ ဗက်တီးရီးယားနှင့် ရောင်ရမ်းမှု တို့သည် ခံတွင်းကျန်းမာရေးနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများဆက်စပ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း  ညွှန်ပြနေသည်။

သွားများတစ်ဝိုက်တွင် ဗက်တီးရီးယားများနှင့် အစားအစာများကပ်ငြိနေသော သွားချေးအလွှာများ စုပုံလာသောအခါတွင် သွားဖုံးရောင်ရမ်းခြင်းနှင့်  သွားမြစ်ခြေရောင်ခြင်းကိုဖြစ်စေသည်။  သွားဖုံးများနီရဲပြီး အလွယ်တကူသွေးထွက်နိုင်သည်။ မကုသဘဲထားပါက သွားဖုံးရောဂါသည် ပိုဆိုးလာပြီး  သွားများယိုင်နဲ့ခြင်းနှင့်  ကျွတ်ထွက်ခြင်းဖြစ်စေကာ သွားများဆုံးရှုံးနိုင်သည်။ ထို့ကြောင့် သွားများနှင့်သွားဖုံးများကို ပုံမှန်ဂရုစိုက်ခြင်းနှင့် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ခြင်းသည်    နှလုံးသွေးကြောကျန်းမာရေးနှင့်   အလုံးစုံ ကျန်းမာရေးကို ကာကွယ်ရာရောက်သည်။

ဟားဗတ်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒေါက်တာTien Jiang က ပါးစပ်သည် ခန္ဓာကိုယ်၏ တံခါးပေါက်တစ်ခုဖြစ်သောကြောင့် ခံတွင်း ကျန်းမာရေးသည်  ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးကို  အပြန်အလှန် သက်ရောက်မှုရှိနိုင်ကြောင်း  ပြောကြားခဲ့သည်။  ခံတွင်းကျန်းမာရေး မကောင်းခြင်း၊ အထူးသဖြင့် သွားဖုံးရောဂါသည် နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာတိုးစေသည်။ သွားဖုံးပိုးဝင်ခြင်းမှ   ဗက်တီးရီးယားပိုးများသည် သွေးကြောထဲသို့ဝင်ရောက်နိုင်ပြီး နာတာရှည်ရောင်ရမ်းမှု ကိုဖြစ်ပေါ်စေကာ သွေးလွှတ်ကြောအလွှာတွင် အဆီနှင့်သွေးခဲများ စုပုံလာစေသောကြောင့် သွေးကြောပိတ်ဆို့ခြင်းဖြစ်ပေါ်စေနိုင်သည်။ နှလုံး နှင့် သွေးလွှတ်ကြောများကို ထိခိုက်စေနိုင်သောကြောင့် နှလုံးသွေးကြော ပိတ်ခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော အခြေအနေများကို ဖြစ်ပေါ်စေသည်။

ရာနှင့်ချီသောဗက်တီးရီးယား အမျိုးအစားများသည် ပါးစပ်ထဲတွင် သဘာဝအတိုင်းဖြစ်ပေါ်လျက်ရှိသည်။  တချို့သောသကြားများသည် သွားများ၏ အပြင်ဘက်အလွှာကို    ပြိုကွဲစေသောအက်စစ်များ  ထုတ် လွှတ်ကာ သွားတွင်အပေါက်များဖြစ်စေသည်။ တချို့ဗက်တီးရီးယား အမျိုးအစားများသည် ပုံမှန်သွားတိုက်ခြင်း၊ သွားပွတ်ကြိုးတိုက်ခြင်းဖြင့် မဖယ်ရှားနိုင်ပါက မာကျောသောကျောက်အဖြစ် ခိုင်မာသွားပြီး သွားနှင့် ခံတွင်းကျွမ်းကျင်သူများ၏အကူအညီဖြင့်သာလျှင် ဖယ်ရှားနိုင်သည်။

သွားဆရာဝန်များနှင့် နှလုံးအထူးကုဆရာဝန်များသည် ခံတွင်းရောဂါ လက္ခဏာများမှတစ်ဆင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာများကို စောစီးစွာသိရှိနိုင်ရန် သုတေသနပြုခဲ့ကြပြီး  နှလုံးကျန်းမာရေးကို ကာကွယ်ရန် သွားဖုံးပြဿနာများကို စောစီးစွာသိရှိခြင်းနှင့် ကုသခြင်း ၏အရေးကြီးမှုကို အလေးပေးဖော်ပြထားသည်။ ထို့ကြောင့် ပုံမှန်သွား တိုက်ခြင်း၊  သွားပွတ်ကြိုးတိုက်ခြင်း၊  ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်းနှင့်    သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးခြင်း များသည်  သွားဖုံးရောဂါမဖြစ်အောင်   ကူညီပေးနိုင်ပြီး   တစ်သက်တာ ကျန်းမာစေကြောင်း တွေ့ရှိရသည်။

သွားဖုံးသွေးယိုခြင်း

     သွားဖုံးသွေးယိုခြင်းသည် အများအားဖြင့် သွားဖုံးရောင်ခြင်း သို့မဟုတ် သွားမြစ်ခြေရောင်ခြင်း စသည့်ဗက်တီးရီးယား ပိုးမွှားများစုပုံခြင်းကြောင့် ဖြစ်သော သွားဖုံးရောဂါ ပုံစံနှစ်မျိုးစလုံးကြောင့်ဖြစ်တတ်သည်။ သွားဖုံး ရှိ ဗက်တီးရီးယားများက သွားဖုံးများကို ရောင်ရမ်းစေပြီး အထူးသဖြင့် သွားတိုက်သောအခါ သို့မဟုတ် သွားပွတ်ကြိုးတိုက်သောအခါ သွေးထွက် စေသည်။  မကုသဘဲထားပါက  ရောင်ရမ်းမှုသည်   ပိုမိုပြင်းထန်သော သွားဖုံးရောဂါဖြစ်နိုင်ပြီး  သွားများဆုံးရှုံးနိုင်သည်။  ဗက်တီးရီးယားများ သည် သွေးကြောထဲသို့စိမ့်ဝင်နိုင်ပြီး နာတာရှည်ရောင်ရမ်းမှုကို ဖြစ်စေသောကြောင့် သွေးကြောအတွင်းပိုင်းကို ပျက်စီးစေနိုင်သည်။ နှလုံးရောဂါ အတွက် အဓိကအန္တရာယ်ဖြစ်စေသောအချက်ဖြစ်သည့် သွေးကြောများ အတွင်း အဆီများစုပုံခြင်း (Atherosclerosis) ကို ဖြစ်စေနိုင်သည်။

သွားဖုံးသွေးယိုခြင်းသည် ခံတွင်းသန့်ရှင်းရေးနှင့် သွားဖုံးရောဂါများ အပြင် ဗီတာမင်ချို့တဲ့မှုများ (အထူးသဖြင့် ဗီတာမင်-နှင့် K)၊ ဟော်မုန်း အပြောင်းအလဲများ (ဥပမာ-ကိုယ်ဝန်)၊ သွေးချိုဆီးချိုရောဂါ၊ သွေးခဲမှုပုံမမှန်ခြင်းနှင့် သွေးကျဲဆေးများကဲ့သို့သော ဆေးဝါးများ၏ သက်ရောက် မှုများကြောင့်ဖြစ်နိုင်သည်။ အလွန်အကျွံ သွားတိုက်မိခြင်းနှင့် သင့်လျော် မှုမရှိသောသွားတုများ တပ်ဆင်ခြင်းသည်လည်း သွားဖုံးသွေးယိုခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် သွားဖုံးများ မကြာခဏသွေးထွက်နေခြင်း ကို လျစ်လျူမရှုသင့်ဘဲ နှစ်ပတ်ထက်ပိုကြာပါက သွားဆရာဝန်ထံပြသ သင့်သည်။

သွားဖုံးများရောင်ရမ်းခြင်း

    သွားဖုံးရောင်ခြင်းသည်     ဗက်တီးရီးယားများ စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာသော သွားဖုံးရောဂါကို ခန္ဓာကိုယ်က တိုက်ဖျက်နေကြောင်း အချက်ပြခြင်းဖြစ်နိုင်သည်။ ခန္ဓာကိုယ်ခုခံအားစနစ်က ခံတွင်းဗက်တီး ရီးယားများကို ခုခံကာကွယ်နေသောအခါ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသော ရောင်ရမ်းမှု အမှတ်အသားများကို  ထုတ်လွှတ်သည်။  အချိန်ကြာလာ သည်နှင့်အမျှ    ရောင်ရမ်းမှုအမှတ်အသားများသည်    နှလုံးတစ်သျှူးများနှင့် သွေးကြောနံရံများကို ပျက်စီးစေပြီး နှလုံးအမောဖောက်ခြင်းနှင့် လေဖြတ်ခြင်းကဲ့သို့သော နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကိုဖြစ်ပေါ်စေသည်။ သွားဖုံးရောင်ရမ်းသော လူနာများတွင် နှလုံးရောဂါဖြစ်နိုင် ခြေကိုညွှန်ပြသော ဇီဝအမှတ်အသားတစ်ခုဖြစ်သည့် C-reactive pro-tein (CRP)  ပမာဏကို မြင့်မားစေကြောင်း  သုတေသနပြုတွေ့ရှိခဲ့သည်။

ထို့ကြောင့် သွားဖုံးများရောင်ရမ်းခြင်းသည်  နှလုံးကျန်းမာရေးအတွက် ခန္ဓာကိုယ်၏ သိမ်မွေ့သော သတိပေးချက်ဖြစ်နိုင်သည်။ သွားဖုံးကျန်းမာရေးကို မြှင့်တင်ခြင်းနှင့်  စီမံခန့်ခွဲခြင်းသည်   နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို  အထောက်အကူဖြစ်စေသည်။   သွားဖုံးရောင်ခြင်းကို ကုသခြင်းနှင့်ကာကွယ်ခြင်းသည် ဗက်တီးရီးယားများ ပြန့်ပွားမှုနှင့် သွေး ကြောများရောင်ရမ်းမှုကို  လျော့နည်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။

သွားများလျော့ရဲခြင်းနှင့် သွေးလွှတ်ကြောများ အားနည်းခြင်း

     သွားများကျွတ်ထွက်ခြင်းသည် ရောဂါပိုးဝင်ခြင်းမှ သွားတစ်ဝိုက်ရှိ အထောက်အကူပြု တစ်သျှူးများဆုံးရှုံးခြင်းနှင့် သွေးကြောများအတွင်း အဆီများစုပုံခြင်းကြောင့် သွေးကြောနံရံများ အားနည်းလာသောအခါ ခံတွင်းဖွဲ့စည်းပုံများနှင့်     နှလုံးသွေးကြောကျန်းမာရေးနှစ်ခုစလုံးကို ထိခိုက်စေသည့် နာတာရှည်ရောင်ရမ်းမှုကို ညွှန်ပြလေ့ရှိသည်။ ရောဂါ ပိုးရှိသောသွားဖုံးမှ ဗက်တီးရီးယားများသည် သွေးကြောထဲသို့ဝင်ရောက်နိုင်ပြီး သွေးလွှတ်ကြောပျက်စီးမှုနှင့် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကိုတိုးမြင့်လာစေကြောင်း လေ့လာမှုများကဖော်ပြသည်။ သွေးကြောများနှင့် နှလုံးတစ်သျှူးများတွင် ရောင်ရမ်းမှုကိုဖြစ်စေသည့် ကိုယ်ခံအားတုံ့ပြန် မှုများကိုဖြစ်ပေါ်စေကာ နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတို့ကို တိုးပွားစေသည်။  နာတာရှည်သွားဖုံးရောင်ခြင်းနှင့်  ပိုးဝင်ခြင်းသည် နှလုံးကျန်းမာရေးကိုထိခိုက်စေသည့်  အကြောင်းရင်းတစ်ခုဖြစ်သည်။ ဟားဗတ်ကျန်းမာရေး ဆန်းစစ်ချက်တစ်ခုအရ သွားဖုံးရောဂါကြောင့် သွားများဆုံးရှုံးသူများသည် နှလုံးအမောဖောက်နိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့သည်။

ခံတွင်းနံ့ဆိုးခြင်း

     တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်နေသော်လည်း နာတာရှည်ခံတွင်း နံ့ဆိုးခြင်းသည် သွားဖုံးပိုးဝင်ခြင်းအတွက် သတိပေးချက်ဖြစ်နိုင်သည်။ ခံတွင်းနံ့ဆိုးခြင်းသည်  အန္တရာယ်မရှိဟု ထင်ရသော်လည်း  နာတာရှည် ခံတွင်းနံ့ဆိုးခြင်းသည် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတစ်ခုထက်မက ဖြစ်နိုင်သည်။  ရောဂါပိုးများသည် သွားဖုံးများကို  နာကျင်စေရုံမျှမက သွေးကြောများအတွင်းသို့ ဝင်ရောက်ကာ သွေးကြောနံရံများကို ပျက်စီးစေနိုင်သည်။  ဆာလဖာထုတ်လုပ်သည့် ဗက်တီးရီးယားများကို  နှလုံးသွေးကြောအတွင်းရှိ Plaque များတွင် မကြာခဏတွေ့ရှိရသည်။ ခံတွင်း နံ့ထွက်နေခြင်းသည် နှလုံးနှင့်သွေးကြောကျန်းမာရေးကို  ဆိုးရွားစွာထိခိုက်စေနိုင်သည့် ခံတွင်းပိုးဝင်ခြင်းကြောင့် ပြင်းထန်သောရောင်ရမ်းမှု ဖြစ်စေသည့် သတိပေးချက်ဖြစ်နိုင်သည်။

ခံတွင်းသန့်ရှင်းရေးကို ထိန်းသိမ်းထားခြင်းသည် ရောင်ရမ်းခြင်းနှင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သော ဗက်တီးရီးယားများ ပျံ့နှံ့မှုကိုတားဆီးပေးသောကြောင့် အမှန်တကယ်နှလုံး ကျန်းမာရေးကို ဂရုစိုက်ခြင်းဖြစ်သည်။ လေ့လာမှုများအရ ခံတွင်းနံ့ဆိုးစေသော သွားဖုံးရောဂါ ရှိသူများသည် သွေးလွှတ်ကြောများမာကျောခြင်း၊ သွေးခဲခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ဖြစ်ရပ်များအပါအဝင်   သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများဖြစ်နိုင်ခြေ နှစ်ဆနီးပါးဖြစ်နိုင်ကြောင်း ဖော်ပြသည်။ ခံတွင်း သန့်ရှင်းရေးကို  ကောင်းမွန်စွာထိန်းသိမ်းခြင်းနှင့်  သွားဖုံးပိုးဝင်ခြင်းအတွက် စောစီးစွာကုသမှုခံယူခြင်းသည် ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေရုံသာမက ရောင်ရမ်းမှုနှင့် နှလုံးသွေးကြောဆိုင်ရာ အကျိုးဆက်များကို လျှော့ချပေးသည်။

အချုပ်အားဖြင့်ဆိုရသော် သွားနှင့်ခံတွင်းပုံမှန်စစ်ဆေးခြင်း၊ သွားဖုံး မှသွေးထွက်ခြင်းနှင့် သွားဖုံးများလျော့ရဲခြင်းအတွက် စောစီးစွာကုသမှု ခံယူခြင်း၊ သွေးချိုဆီးချိုရောဂါကဲ့သို့သော ကျန်းမာရေးအခြေအနေများကို ကောင်းမွန်စွာစီမံခန့်ခွဲခြင်းသည် သွားဖုံးမှအစပြုသည့် နှလုံးသွေးကြောစနစ်ရောင်ရမ်းခြင်း အန္တရာယ်ကို လျှော့ချပေးပြီး သွေးလွှတ်ကြော များပျက်စီးမှု၊ သွေးခဲဖွဲ့စည်းမှုနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ကျန်းမာရေး သုတမျှဝေရေးသားလိုက်ရပါသည်။

MWD

 

ဒေါက်တာသိင်္ဂီကျော်

     နေ့လယ်စာနှင့် ညစာစားပြီးချိန်တို့တွင် ၁၀ မိနစ် ခန့်လမ်းလျှောက်ရုံဖြင့် ခန္ဓာကိုယ်အတွင်း  ပြောင်းလဲ မှုများဖြစ်ပေါ်နိုင်ကြောင်း သုတေသီများကဆိုသည်။

လမ်းလျှောက်ခြင်းက အစာခြေလမ်းကြောင်းကိုနှိုးဆွနိုင်သောကြောင့်  အစာများကို အလွယ်တကူချေဖျက်နိုင်ပြီး လေပွခြင်းနှင့် အူထဲတွင် အစာအချဉ် ပေါက်ခြင်းနည်းသွားသည်။      အစာစားပြီးပြီးချင်း လမ်းလျှောက်သောကြောင့်  ဗိုက်ထဲ လေးလံမှုမရှိ တော့ဘဲ နေ၍ကောင်းလာသည်။ ထို့ပြင် သွေးလှည့် ပတ်မှုပို၍ကောင်းမွန်လာပြီး ကြွက်သားနှင့်အစာခြေ အင်္ဂါများဆီသို့    သွေးရောက်ရှိမှုများပြားလာသည့်အတွက် အာဟာရစုပ်ယူမှုနှင့် စွမ်းအင်ထုတ်လုပ်မှု အတွက်  အထောက်အကူပြုစေနိုင်သည်။    ထိုသို့ ပြုလုပ်ခြင်းဖြင့် အစာစားပြီးချိန်တွင် အိပ်မငိုက်စေ ရန်နှင့် ပျင်းရိလေးလံမှုမရှိစေရန် ကာကွယ်ပေးနိုင် သည်။   ထမင်းစားပြီး   လမ်းလျှောက်ရာတွင်လည်း ပြင်းပြင်းထန်ထန်လမ်းလျှောက်စရာမလိုဘဲ ပုံမှန် သာ လမ်းလျှောက်သင့်သည်။ထမင်းစားပြီးချိန်တွင် ၁၀ မိနစ်ခန့် လမ်းလျှောက် ပေးခြင်းက ရိုးရှင်းသော်လည်း  ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။     

အစာခြေစနစ်ပိုမိုထိရောက်ခြင်း

     လမ်းလျှောက်ခြင်းက     အစာအိမ်နှင့်အူလမ်းကြောင်း၏ကြွက်သားလှုပ်ရှားမှုကို   လှုံ့ဆော်ပေး သည်။ ထို့ကြောင့် စားလိုက်သည့်အစာများကို အစာ အိမ်ထဲမှ အူသိမ်ထဲသို့ ပိုမိုမြန်ဆန်စွာပို့ဆောင်ပေးနိုင် ပြီး  အစာချေဖျက်မှုလုပ်ငန်းစဉ်များကို  ချောမွေ့စေ သည်။ အစာမကြေခြင်း၊ လေပွခြင်း၊ ရင်ခေါင်းအောင့် ခြင်းဝေဒနာများကို သက်သာစေသည့်အပြင် ဝမ်းချုပ် ခြင်းကိုပါ ကာကွယ်ပေးနိုင်သည်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

    အစာစားပြီးချိန်တွင်  သွေးတွင်းသကြားဓာတ်ပမာဏမြင့်တက်လာသည်။     လမ်းလျှောက်သည့်အခါ ကြွက်သားများက စွမ်းအင်လိုအပ်လာပြီး သွေး ထဲမှသကြားဓာတ်ကို  စုပ်ယူအသုံးပြုရသည်။   ထို့ ကြောင့် အစာစားပြီးချိန်  လမ်းလျှောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်   ရုတ်တရက်အလွန်အမင်းမြင့်တက်သွားခြင်းကို ကာကွယ်ပေးနိုင်သည်။ ဆီးချို ရောဂါအကြိုအဆင့်ရှိသူများနှင့် ဆီးချိုရောဂါအမျိုး အစား(၂)ရှိသူများအတွက် အထူးအကျိုးရှိစေနိုင်သည်။

နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း

    ပုံမှန်လမ်းလျှောက်ခြင်းက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုစေနိုင်သည့်အပြင် သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး သွေးဖိအားကိုထိန်းညှိပေးနိုင်သည်။ ထမင်းစားပြီးချိန် လမ်းလျှောက် ခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသော ကြောင့်  နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလည်း  လျှော့ချ ပေးနိုင်သည်။

ကိုယ်အလေးချိန်ထိန်းခြင်းနှင့်ဝိတ်ကျစေခြင်း 

     ထမင်းစားပြီးချိန်လမ်းလျှောက်ခြင်းက စားလိုက် သည့်အစာမှရရှိမည့်  ပိုနေသောကယ်လိုရီတချို့ကို လောင်ကျွမ်းစေနိုင်သည်။  ထို့ပြင် ဇီဝကမ္မဖြစ်စဉ် ကို   မြှင့်တင်ပေးပြီး   ကိုယ်အလေးချိန်ထိန်းရာတွင် အထောက်အကူပြုစေသည်။ ရေရှည်တွင် ကိုယ်အလေးချိန်လျှော့ချရန်     ကြိုးစားနေသူများအတွက် အထောက်အကူဖြစ်စေနိုင်သည်။

စိတ်ဖိစီးမှုလျော့ကျစေခြင်း 

    လမ်းလျှောက်ခြင်းက   စိတ်ဖိစီးမှုဟော်မုန်းကိုလျှော့ချပေးပြီး  စိတ်ကိုတည်ငြိမ်စေသည်။    ထို့ပြင်ဦးနှောက်ထဲမှ   ကောင်းမွန်သောခံစားမှုကိုပေးသည့် အန်ဒေါ်ဖင်ဟော်မုန်းထွက်ရှိမှုကို     အားပေးသောကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး  စိတ်ကြည်လင်လန်းဆန်းစေသည်။     ညစာစားပြီးချိန်လမ်းလျှောက်ပေးခြင်းက ကောင်းမွန်စွာအိပ်ပျော်စေ ရန်လည်း ကူညီပေးနိုင်သည်။

-    ထမင်းစားပြီး ချက်ချင်းမဟုတ်ဘဲ  ၅-၁၀ မိနစ် ကြာစောင့်ပြီးမှ စတင်လမ်းလျှောက်သင့်သည်။

-    ၅-၁၀ မိနစ်ခန့် လမ်းလျှောက်ပေးလျှင် လုံလောက်သည်။ အချိန်ပိုရလျှင် မိနစ် ၂၀ ခန့် လျှောက်သင့် သည်။

လမ်းလျှောက်ရာတွင် ဖြည်းဖြည်းမှန်မှန်လျှောက် သင့်သည်။   ဗိုက်ထဲတွင် အစာများဖြင့်ပြည့်နေ သည့်အချိန်မဟုတ်ဘဲ သက်သောင့်သက်သာရှိ သည့်အချိန်တွင် လမ်းလျှောက်သင့်သည်။

သတိပြုရန်မှာ အစာစားပြီး ချက်ချင်း ပြင်းထန် သောလေ့ကျင့်ခန်းများ မပြုလုပ်သင့်ပါ။

မိမိတွင် ကျန်းမာရေးပြဿနာတစ်ခုခုရှိပါကဆရာဝန်နှင့်တိုင်ပင်ပြီးမှ    လမ်းလျှောက်သင့် သည်။

 ထမင်းစားပြီးချိန်တွင်  မပြုလုပ်သင့်သော အောက်ပါအလေ့အထများလည်းရှိသည်။

အိပ်ခြင်း 

နေ့လယ်နေ့ခင်းထမင်းစားပြီးသည်နှင့်   မအိပ် သင့်ပါ။   ညစာကို  နောက်ကျမှစား၍အိပ်ခြင်းမျိုး မပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ခြင်းက အစာခြေစနစ် ကိုဝန်ပိစေပြီး     အစာမကြေခြင်းဖြစ်စေနိုင်သည်။ ထိုအခါ အစာခြေအက်စစ်များက အစာအိမ်ထဲမှတစ် ဆင့် အစာပြွန်ထဲသို့ရောက်ရှိလာပြီး  ရင်ပူခြင်းမျိုးဖြစ် စေနိုင်သည်။ ထို့ကြောင့်  အကောင်းဆုံးမှာ အစာစား ပြီး နှစ်နာရီခန့်အကြာမှသာ အိပ်စက်သင့်သည်။

ဆေးလိပ်သောက်ခြင်း

အစာစားပြီးပြီးချင်း ခံတွင်းချဉ်၍ ဆေးလိပ်သောက် ခြင်းကိုလည်း မပြုလုပ်သင့်ပေ။ အကြောင်းမှာ အစာ စားပြီးချိန်တွင် ဆေးလိပ်သောက်ခြင်းက တခြားအချိန် ဆေးလိပ်သောက်ခြင်းထက်  ခန္ဓာကိုယ်ကို   ထိခိုက် နိုင်ခြေ   ၁၀  ဆခန့်  ပိုများနိုင်သည်။    အစာစားပြီး ဆေးလိပ်လုံးဝမသောက်သင့်ပါ။

ရေချိုးခြင်း

အစာတစ်ခုခုစားပြီးမှ ရေချိုးခြင်းက အစာခြေစနစ် ၏လုပ်ဆောင်မှုကို နှေးသွားစေသည်။ အကြောင်းမှာ ရေချိုးလိုက်သည့်အခါ  အစာခြေစနစ်သို့  ရောက်ရှိရ မည့်သွေးများက      အစာခြေစနစ်သို့မရောက်ရှိဘဲခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိရန်  ခန္ဓာကိုယ်အနှံ့သို့စီးဆင်းသွားပြီး အစာခြေစနစ်၏လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားနိုင်သောကြောင့်ဖြစ်သည်။

သစ်သီးစားခြင်း

    အစားအစာတစ်ခုချင်းစီအလိုက်   ခန္ဓာကိုယ်၏အစာခြေမှုကွာခြားသည်။  ထမင်းမစားမီ သစ်သီး စားခြင်းက  အစာကြေရန်  လွယ်ကူစေသော်လည်း ထမင်းစားပြီး သစ်သီးစားခြင်းက အစာခြေစနစ်ကို နှေးကွေးစေနိုင်ပြီး   အစာမကြေခြင်းမျိုးဖြစ်စေနိုင် သည်။ ထို့ကြောင့် သစ်သီးကို  ထမင်းစားပြီး  နှစ်နာရီ ခန့်အကြာမှ စားသင့်သည်။

ရေနွေးကြမ်းသောက်ခြင်း

   အစားအစာများတွင် ပရိုတင်းပါဝင်နေပြီး ထမင်းစားပြီးချိန်တွင်   ရေနွေးကြမ်းသောက်ခြင်းက   ပရို တင်းကို ချေဖျက်နိုင်စွမ်း ကျဆင်းစေနိုင်သကဲ့သို့ ခန္ဓာကိုယ်၏သံဓာတ်စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်သည်။ ထို့ကြောင့် ရေနွေးကြမ်းကြိုက်သည် ဆိုလျှင် ထမင်းစားပြီး တစ်နာရီခန့်ကြာမှသာ သောက်သင့်သည်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း

    ထမင်းမစားမီ၊   ရေမချိုးမီ  လူတိုင်း နေ့စဉ်နာရီ ဝက်မှ တစ်နာရီကြာ  အပြေး၊ ရွရွပြေး၊  စက်ဘီးစီး၊ ရေကူး၊ လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်သင့်သည်။ အစာတစ်ခုခုကို ပြည့်ပြည့်ဝဝစားပြီး  လေ့ကျင့်ခန်း လုပ်သည်က       အစာခြေစနစ်၏လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပြီး   အော့အန်ခြင်း၊   ဗိုက် အောင့်ခြင်းမျိုးကိုပါ   ဖြစ်စေနိုင်သည်။  ထို့ကြောင့် အစာတစ်ခုခုစားပြီး၍    ၂-၃    နာရီခန့်ကြာမှသာ လေ့ကျင့်ခန်းပြုလုပ်သင့်သည်။

အသက်ရှည်ရှည်နေနိုင်ရန်      မွေးမြူသင့်သည့်အလေ့အထကောင်းများလည်းရှိသေးသည်။

အလွန်အကျွံမစားသင့်ပါ။ အသက်ရှည်ရှည်နေ လိုလျှင် အစာစားသည့်အခါ နည်းနည်းချင်းစီကို ကြေညက်စွာဝါးစားကာ အကြိမ်ရေများများစား ပေးရသည်။ တစ်ကြိမ်တည်း အဝစားလိုက်ခြင်း မျိုး   မပြုလုပ်သင့်ပါ။  စားသုံးသည့်ကယ်လိုရီပမာဏနည်းလေလေ၊   အိုမင်းမှုနည်းလေလေ ဖြစ်သည်။

-   အခွံမာသီးစားပေးသင့်သည်။  အခွံမာသီးတွင် ပရိုတင်း၊ အမျှင်ဓာတ်နှင့်   ဓာတ်တိုးဆန့်ကျင် အာနိသင်များ  ပါဝင်သည်။ ထို့ပြင်  ဗီတာမင်၊ သတ္တုဓာတ်များ၊ ကော့ပါး၊ မဂ္ဂနီဆီယမ်၊ ပိုတက် ဆီယမ်နှင့်  ဖောလိတ်တို့အပြင်   ဗီတာမင်-B6 နှင့်   ဗီတာမင်-တို့ပါဝင်သည်။  တစ်ပတ်လျှင် သုံးကြိမ် အခွံမာသီးစားပေးပါက အရွယ်မတိုင် မီ သေဆုံးနိုင်ခြေကို ၃၉ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်သည်။

အသီးအရွက်များများစားသင့်သည်။  အသီး အရွက်များများစားသူများက အသားကြိုက်သူ များထက် အသက်ပိုရှည်ကြသည်။ ထို့ကြောင့် အရွယ်မတိုင်မီ   သေဆုံးခြင်းမျိုးမဖြစ်စေရန် အသီးအရွက်များများ စားပေးသင့်သည်။ သဘာဝ မှရသည့် သစ်သီးနှင့်အရွက်များက ကင်ဆာဖြစ် နိုင်ခြေကို လျှော့ချပေးသကဲ့သို့ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေကို ၁၂-၁၅ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
MWD

ဒေါက်တာလွင်သန့်

    မြန်မာနိုင်ငံသည်  စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အဓိကအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မွေးမြူရေးကဏ္ဍသည်   နိုင်ငံ၏အစားအစာဖူလုံရေး၊ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ  ပါဝင်နေသည်။ မွေးမြူရေးကဏ္ဍမှ ထုတ်လုပ်သော အသား၊ နို့၊ ဥ စသည့်အစားအစာများသည် လူသားများ၏ နေ့စဉ်စားသုံးမှုတွင်အရေးပါသည်။  မွေးမြူရေးကဏ္ဍသည် ကူးစက်ရောဂါများ၊   တိရစ္ဆာန်မှလူသို့ကူးစက်သော ရောဂါများ   (Zoonotic Diseases)နှင့် တိရစ္ဆာန်များမှရရှိသော အစားအစာများ၏ ဘေးကင်းလုံခြုံမှု စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။  ထိုပြဿနာများကိုဖြေရှင်းရန်အတွက်  မြန်မာနိုင်ငံတွင်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး (VPH)ကို   ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်ရန်  အရေးတကြီး လိုအပ်နေသည်။ 

မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေး၏အခန်းကဏ္ဍ

     တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည်  တိရစ္ဆာန်ကျန်းမာရေး၊ လူသားများကျန်းမာရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်စပ်မှုကို အဓိကထားသောပြည်သူ့ကျန်းမာရေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ VPH ၏အဓိကရည်ရွယ်ချက်မှာ တိရစ္ဆာန်များမှလူသို့ ကူးစက်နိုင်သောရောဂါများ(zoonotic    diseases)ကို ကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း၊ အစားအစာဘေးကင်းရေးကို သေချာစေခြင်းနှင့်  ကျန်းမာရေးနှင့်သုခချမ်းသာကို   တိရစ္ဆာန်ဆေးပညာနှင့်  ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို  ပေါင်းစပ်ကာ မြှင့်တင်ပေးခြင်းဖြစ်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေး(VPH)၏  အဓိကအခန်းကဏ္ဍများမှာ အောက်ပါအတိုင်းဖြစ်သည်။

တိရစ္ဆာန်မှလူသို့ကူးစက်နိုင်သော ရောဂါများ(Zoonotic Diseases)ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

     မြန်မာနိုင်ငံတွင်   တိရစ္ဆာန်မှလူသို့ ကူးစက်နိုင်သောရောဂါများ (Zoonotic Diseases) များသည် ပြည်သူ့ကျန်းမာရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် ထိုရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်ရန်၊ ထိန်းချုပ်နိုင်ရန်နှင့် ကုသနိုင်ရန်အတွက် အရေးပါသော  ကဏ္ဍတစ်ခုဖြစ်သည်။ 

မြန်မာနိုင်ငံတွင်  Zoonotic Diseases များဖြစ်သော  ခွေးရူးပြန်(Rabies)၊  ဘရူဆဲလ်လားသားလျှောရောဂါ(Brucellosis)၊ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သော တုပ်ကွေးရောဂါများ Zoonotic Influenza  စသည့်ရောဂါများသည် ကျယ်ပြန့်စွာဖြစ်ပွားနေသည်။ ထိုရောဂါများသည် လူသားများ၏ကျန်းမာရေးကို  ထိခိုက်စေရုံသာမက စီးပွားရေး၊ လူမှုရေးနှင့်သဘာဝ ပတ်ဝန်းကျင်ကိုပါ ဆိုးရွားစွာထိခိုက်စေနိုင်သည်။ ထို့ကြောင့်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)၏အခန်းကဏ္ဍသည် အလွန်အရေးပါလာသည်။

ခွေးရူးပြန်ရောဂါ (Rabies)သည် ကမ္ဘာတစ်ဝန်းတွင် အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း   အဓိကကျန်းမာရေးပြဿနာတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။

ခွေးရူးပြန်ရောဂါ(Rabies lyssavirus)သည်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး ရောဂါပိုးရှိသောတိရစ္ဆာန်များ(အထူးသဖြင့် ခွေး၊ ကြောင်၊ မျောက်၊ လင်းနို့)ကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်းမှတစ်ဆင့် လူသားများသို့ကူးစက်နိုင်သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ လူ ၂၄၁ ဦးသည်  ခွေးရူးပြန်ရောဂါဖြစ်ပွားကြောင်း မှတ်တမ်းတင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် လူ ၅၅ ဦးသည် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သည်။ ကျေးလက်ဒေသများတွင်  ခွေးများကိုကာကွယ် ဆေးထိုးနှံမှုနည်းပါးခြင်း၊  ကျန်းမာရေးအသိပညာနည်းပါးခြင်းနှင့် ကုသမှုဝန်ဆောင်မှုများ လက်လှမ်းမမီခြင်းတို့ကြောင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု ပိုမိုမြင့်မားသည်။   

တိရစ္ဆာန်များအား  ကာကွယ်ဆေးထိုးခြင်း 

     ခွေးရူးပြန်ရောဂါကို ကာကွယ်ရန်အတွက်   ခွေးများနှင့်အခြားအိမ်မွေးတိရစ္ဆာန်များကို ပုံမှန်ကာကွယ်ဆေးထိုးပေးရန်အရေးကြီးသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါကူးစက်မှုကိုလျှော့ချနိုင်သည်။

ရောဂါထိန်းချုပ်ရေးနှင့်စောင့်ကြည့်ခြင်း

     တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးသည် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်သည်။ ရောဂါဖြစ်ပွားမှုကို   အချိန်မီသိရှိပါက  ကူးစက်မှုကို ထိရောက်စွာ    ကာကွယ်နိုင်မည်ဖြစ်သည်။ 

ပြည်သူ့ကျန်းမာရေး ပညာပေးခြင်း

     ပြည်သူလူထုအား ခွေးရူးပြန်ရောဂါ၏ အန္တရာယ်နှင့် ကာကွယ်နည်းများ အကြောင်းပညာပေးခြင်းသည် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး၏အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရောဂါကူးစက်မှုကို လျှော့ချနိုင်သည်။ ခွေးရူးပြန်ရောဂါသည် လူနှင့်တိရစ္ဆာန်များအတွက်   ကြီးမားသော ကျန်းမာရေးအန္တရာယ်ဖြစ်သည်။ 

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး(VPH)သည် ဤရောဂါကိုကာကွယ်ရန်၊ ထိန်းချုပ်ရန်နှင့်ကုသရန် အရေးပါသော  နယ်ပယ်တစ်ခုဖြစ်ပြီး     ခွေးရူးပြန်ရောဂါကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် VPH ၏လုပ်ငန်းများကို အားကောင်းစွာ ဆောင်ရွက်ရန်  အရေးကြီးသည်။

ဘရူဆဲလ်လားသားလျှောရောဂါ (Brucellosis) သည်  Brucella ဗက်တီးရီးယားကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်ပြီး တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်နိုင်သော Zoonoses ရောဂါဖြစ်သည်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်စသောတိရစ္ဆာန်များ၌ဖြစ်လေ့ရှိသည်။ ဤရောဂါသည် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာအများပြည်သူ့ကျန်းမာရေးတွင် အရေးကြီးသောကဏ္ဍမှပါဝင်သည်။ Brucellosis သည် တိရစ္ဆာန်များမှတစ်ဆင့်  နို့၊ သားငါးထွက်ပစ္စည်းများ စားသုံးခြင်း၊ ရောဂါပိုးရှိသောတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်သည်။  Brucellosis  သည် တိရစ္ဆာန်များတွင်    မျိုးပွားမှုဆိုင်ရာပြဿနာများ (ဥပမာ-ကိုယ်ဝန်ပျက်ကျခြင်း)ကိုဖြစ်စေနိုင်ပြီး နို့ထွက်နှုန်းကို လျော့ကျစေသည်။ ဤရောဂါကြောင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် ကြီးမားသော  စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။   တိရစ္ဆာန်နှင့်တိုက်ရိုက်ထိတွေ့သော ကိုင်တွယ် ထိန်းကျောင်းသူများ၊ မွေးမြူရေးသမားများ၊  သားသတ်သမားများနှင့် တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊ အထူးသတိပြုရမည့်ရောဂါဖြစ်သည့်အပြင် အသား၊ နို့နှင့်နို့ထွက်ပစ္စည်းစားသုံးသူ ပြည်သူလူထုတစ်ရပ်လုံးအတွက်  အရေးကြီးသည့်ရောဂါဖြစ်သည်။ Brucellosis သည် လူသားများတွင် နာတာရှည်ရောဂါလက္ခဏာများ(ဥပမာ-အဖျားတက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်အမျက်နာခြင်း) ကိုဖြစ်စေနိုင်ပြီး ကုသမှုမခံယူပါက အသည်း၊ နှလုံး၊ အာရုံကြောစနစ်များကို  ထိခိုက်စေနိုင်သည်။ ရောဂါကူးစက်မှုကို ကာကွယ်ရန်တိရစ္ဆာန်များတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးထိုးခြင်းများ   ပြုလုပ်ရန်လိုအပ်သည်။ Brucellosis ကို ထိန်းချုပ်ရန် တိရစ္ဆာန်များကို စနစ်တကျစောင့်ကြည့်ခြင်းနှင့်ရောဂါရှာဖွေခြင်း၊   ရောဂါပိုးရှိသောတိရစ္ဆာန်များကို ခွဲခြားထားခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ရောဂါထိန်းချုပ်ရေး နည်းလမ်းများ ကျင့်သုံးခြင်းနှင့် လူသားများအား ရောဂါကူးစက်မှုမှကာကွယ်ရန်ပညာပေးခြင်းတို့ဖြင့် ဘရူဆဲလ်လားသားလျှောရောဂါကိုထိန်းချုပ်ရန် စနစ်တကျကြိုးပမ်းမှုများပြုလုပ်ရန် လိုအပ်လှပေသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ဆိုးကျိုးများကိုလျော့ပါးစေနိုင်သည်။

Zoonotic Influenza ဆိုသည်မှာ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သောတုပ်ကွေးရောဂါများကို ရည်ညွှန်းသည်။ 

ဤရောဂါများသည် များသောအားဖြင့် ကြက်ငှက်များ၊ဝက်များနှင့်အခြားတိရစ္ဆာန်များမှစတင်ပြီး လူသားများထံကူးစက်နိုင်သည်။ Zoonotic Influenza ရောဂါများသည်  ကမ္ဘာတစ်ဝန်းတွင် ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုများကိုဖြစ်ပေါ်စေနိုင်ပြီး   ကူးစက်မှုနှုန်းနှင့်ရောဂါ၏   ပြင်းထန်မှုပေါ်မူတည်၍   ကပ်ရောဂါအသွင်သို့ ပြောင်းလဲနိုင်သည်။

ကြက်ငှက်တုပ်ကွေးရောဂါ  (Avian Influenza)

    ကြက်ငှက်တုပ်ကွေးရောဂါ  (Avian Influenza)ဗိုင်းရပ်စ်သည် ကြက်၊ ငှက်များတွင် အဓိကဖြစ်ပွားသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး   လူသို့လည်းကူးစက်နိုင်သည့် zoonotic disease တစ်ခုဖြစ်သည်။ ဗိုင်းရပ်စ်ပိုး  Avian  Influenza  Virus (A/H5N1၊ A/H5N6  နှင့်  A/H9N2) အစရှိသောမျိုးကွဲများကြောင့် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်စေသည်။ ဤရောဂါသည် ကူးစက်မြန်ပြီး ကျန်းမာရေးနှင့်စီးပွားရေးဆိုင်ရာ ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ရောဂါပိုးရှိသော ကြက်၊ ငှက်များနှင့်နီးကပ်စွာထိတွေ့ခြင်း၊ မကျက်တကျက်ကြက်သားစားသုံးခြင်းမှတစ်ဆင့်  လူသို့ကူးစက်နိုင်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ပြင်းထန်ပါက အဆုတ်ရောင်ခြင်း သေဆုံးသည်အထိ    ဖြစ်နိုင်သည်။     

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ  ပြည်သူ့ကျန်းမာရေး(VPH)သည် ကြက်ငှက်တုပ်ကွေးရောဂါကိုကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့တွင်  အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။

၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ   ဖြစ်ပွားမှုကြောင့် ကြက်ငှက်များစွာကိုသုတ်သင်ရပြီး  စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ဤဖြစ်ရပ်သည် ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ အရေးပေါ်တုံ့ပြန်မှုစနစ်များနှင့် ပြည်သူများအကြား အသိပညာပေးရေး၏အရေးပါမှုကို မီးမောင်းထိုးပြခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် A/H9N2 ဗိုင်းရပ်စ်ကို ရန်ကုန်မြို့ရှိ ကြက်ငှက်များရောင်းဝယ်ရာ ဈေးများတွင်တွေ့ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သောလေ့လာမှုတစ်ခု

အရ A/H9N2 ဗိုင်းရပ်စ်သည် အရှေ့တောင်အာရှတွင် တွေ့ရှိရသောဗိုင်းရပ်စ်များနှင့်ဆင်တူပြီး မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်ဝင်ရောက်လာနိုင်ကြောင်းဖော်ပြခဲ့သည်။ 

၂၀၁၇ ခုနှစ်တွင် H5N6 ရောဂါပိုးကို မြန်မာနိုင်ငံရှိ   ကြက်ဘဲစျေးများတွင် ပထမဆုံးအကြိမ်    စတင်တွေ့ရှိခဲ့ပြီး အပြင်းစားကြက်ငှက်တုပ်ကွေး (HPAI) ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ ကြက်ဘဲစျေးများတွင် လူနှင့်တိရစ္ဆာန်မှကူးစက်တတ်သော တုပ်ကွေးရောဂါပိုးအသစ်များကို   စောစီးစွာသတိပေးခြင်းနှင့်စောင့်ကြည့်ခြင်းစနစ်များသည် အရေးကြီးသည်။

ဝက်တုပ်ကွေး (Swine  Influenza, H1N1) 

     ဝက်တုပ်ကွေးဆိုသည်မှာ ဝက်များတွင် အဓိကဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ  ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။   ဤရောဂါသည် Influenza A ဗိုင်းရပ်စ်များကြောင့်ဖြစ်ပွားပြီး ဝက်များအပြင် လူနှင့်အခြားတိရစ္ဆာန်များကိုပါ ကူးစက်နိုင်သည်။ ဝက်တုပ်ကွေးသည် လူတွင်ဖြစ်ပွားပါက ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုဖြစ်စေနိုင်ပြီး  အထူးသဖြင့် ကိုယ်ခံအားနည်းသူများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ပိုမိုပြင်းထန်နိုင်သည်။

မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးဖြစ်ပွားမှုအခြေအနေ                       

     မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးဖြစ်ပွားမှုများသည်  ကျေးလက်ဒေသများတွင် ပိုမိုအဖြစ်များပြီး ဝက်မွေးမြူရေးလုပ်ငန်းများနှင့်နီးစပ်သောနေရာများတွင်  ပိုမိုတွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ ဝက်များတွင်H1N1 နှင့် H3N2 အပါအဝင် အမျိုးမျိုးသောဝက်တုပ်ကွေးဗိုင်းရပ်စ်(SIV)မျိုးကွဲများရှိနေကြောင်း လေ့လာမှုများကဖော်ပြသည်။ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါ H1N1-2009 မျိုးကွဲကို ဝက်များတွင်တွေ့ရှိရခြင်းသည် လူသို့ကူးစက်နိုင်ခြေကိုမီးမောင်းထိုးပြနေသည်။ လူသားများကို ကူးစက်နိုင်ခြေရှိသော မျိုးကွဲများရှိနေခြင်းသည် အနီးကပ်စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်း၏အရေးပါမှုကို အလေးပေးဖော်ပြသည်။   ကျေးလက်ဒေသများတွင် ဝက်မွေးမြူရေးလုပ်ငန်းများကျယ်ပြန့်စွာလုပ်ကိုင်ကြသောကြောင့် ဝက်တုပ်ကွေးရောဂါသည် လူနှင့်တိရစ္ဆာန်များအကြား ကူးစက်နိုင်ခြေပိုများသည်။ 

ထို့ပြင်  ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းခြင်း၊  ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာနည်းပါးခြင်းတို့ကြောင့် ဝက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် စိုးရိမ်စရာ ကျန်းမာရေးပြဿနာတစ်ရပ်  ဖြစ်နေဆဲဖြစ်သည်။ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ   ပြည်သူ့ကျန်းမာရေးသည် တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်နိုင်သော    ရောဂါများ (Zoonotic Diseases)ကို ကာကွယ်ရန်၊ ထိန်းချုပ်ရန်နှင့်ကုသရန်အတွက် အရေးကြီးသောနယ်ပယ်တစ်ခုဖြစ်သည်။  ဝက်တုပ်ကွေးကဲ့သို့သော  ရောဂါများသည်  တိရစ္ဆာန်များမှတစ်ဆင့်  လူသို့ကူးစက်နိုင်သောကြောင့်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ    ပြည်သူ့ကျန်းမာရေးသည် ဤရောဂါများကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက်  မရှိမဖြစ်လိုအပ်သည်။

ရောဂါစောင့်ကြည့်ခြင်း(Disease Surveillance)

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည်  တိရစ္ဆာန်များတွင် ဖြစ်ပွားနေသောရောဂါများကို စောင့်ကြည့်ခြင်းဖြင့်  ရောဂါဖြစ်ပွားမှုကို  အချိန်မီသတိပြုမိစေပြီး ကူးစက်မှုကိုထိန်းချုပ်နိုင်သည်။ Zoonotic Influenza ကဲ့သို့သော ရောဂါများသည် လူနှင့်တိရစ္ဆာန်များအကြား လျင်မြန်စွာကူးစက်နိုင်သောကြောင့် ရောဂါစောင့်ကြည့်ခြင်းသည် အထူးအရေးကြီးသည်။

ရောဂါကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း

     တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် ရောဂါများကိုကာကွယ်ရန်အတွက်   ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးစံနှုန်းများချမှတ်ခြင်း၊ ရောဂါဖြစ်ပွားနေသော တိရစ္ဆာန်များကို သီးသန့်ထားခြင်း စသည့်နည်းလမ်းများကို အသုံးပြုသည်။

ပြည်သူ့ကျန်းမာရေး ပညာပေးခြင်း

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးသည် ပြည်သူများအား ရောဂါများနှင့် ပတ်သက်သော  အသိပညာများပေးခြင်းဖြင့်   ရောဂါကာကွယ်ရေးနှင့်   ထိန်းချုပ်ရေးတွင် ပြည်သူများ၏ပူးပေါင်းပါဝင်မှုကို    မြှင့်တင်ပေးသည်။ 

မြန်မာနိုင်ငံတွင် လူနှင့်တိရစ္ဆာန်များအကြား ကူးစက်နိုင်သောရောဂါများကြောင့်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးသည်  အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေသည်။ ရောဂါစောင့်ကြည့်ခြင်း၊ ကာကွယ်ခြင်း၊ ပညာပေးခြင်းနှင့်သုတေသနများပြုလုပ်ခြင်းဖြင့် Zoonotic Diseases ရောဂါများကို ထိရောက်စွာကာကွယ်နိုင်ပြီး ပြည်သူများ၏ကျန်းမာရေးကိုမြှင့်တင်နိုင်မည်ဖြစ်

သည်။ တိရစ္ဆာန်ကျန်းမာရေးကိုကာကွယ်ခြင်းဖြင့်   တိရစ္ဆာန်ဆေးပညာဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH)သည် အများပြည်သူ့ကျန်းမာရေးကို   ကာကွယ်ရာတွင် အထောက်အကူပြုသည်။ လူသား၊ တိရစ္ဆာန်နှင့်   သဘာဝပတ်ဝန်းကျင်ကျန်းမာရေး၏ အပြန်အလှန်ချိတ်ဆက်မှုကို အသိအမှတ်ပြုသည့် တစ်ကမ္ဘာလုံး ကျန်းမာရေးချဉ်းကပ်မှုသည် တိရစ္ဆာန်မှလူသို့ကူးစက်တတ်သော ရောဂါများကို ဖြေရှင်းရန်အတွက်  မရှိမဖြစ်လိုအပ်သည်။  တိရစ္ဆာန်ဆေးပညာဆိုင်ရာ  ပြည်သူ့ကျန်းမာရေးပညာရှင်များသည် ဤချဉ်းကပ်မှုကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။

မြန်မာနိုင်ငံတွင်ခွေးရူးပြန်(Rabies)၊ ဘရူဆဲလ်လားသားလျှောရောဂါ(Bruc-ellosis)၊ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သောတုပ်ကွေးရောဂါများ (Zoonotic Influenza)ကဲ့သို့သော ရောဂါများအတွက် တိရစ္ဆာန်နှင့်လူသားကျန်းမာရေး နှစ်ရပ်စလုံးကိုကာကွယ်ရန်အတွက် ခိုင်မာသောတိရစ္ဆာန်ဆေးပညာဆိုင်ရာ   ပြည်သူ့ကျန်းမာရေးစနစ်များ မရှိမဖြစ် လိုအပ်သည်။

အစားအစာဘေးကင်းရေး

    အစာဘေးကင်းရေးဆိုသည်မှာ အစားအစာများကိုစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများမှ ကာကွယ်ရန် အာမခံချက်ပေးခြင်းဖြစ်သည်။ အစားအစာများတွင် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပါရာဆိုက်နှင့်ဓာတုပစ္စည်းများပါဝင်နေပါက  လူသားတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ 

တိရစ္ဆာန်များမှထုတ်လုပ်သော   အစားအစာများ (ဥပမာ - အသား၊ နို့၊ ဥ)တွင် ဗက်တီးရီးယားပိုးမွှားများ   ပါဝင်နေပါက လူသားများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာများ   ဖြစ်ပေါ်စေနိုင်သည်။

ကိစ္စရပ်လေ့လာမှု - ၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့ရှိဈေးများတွင်  ရောင်းချနေသောအသားများတွင်  ဗက်တီးရီးယားညစ်ညမ်းမှုများမြင့်မားနေကြောင်း တွေ့ရှိခဲ့ရသည်။ ဤဖြစ်ရပ်သည် အစားအစာဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းများမြှင့်တင်ရန်လိုအပ်ကြောင်း   ဖော်ပြနေသည်။ 

အသား၊ နို့၊ ဥနှင့်အခြားတိရစ္ဆာန်ထွက်ပစ္စည်းများ၏ ဘေးကင်းရေးကို စစ်ဆေးခြင်းနှင့်  စည်းမျဉ်းများချမှတ်ခြင်းဖြင့် အစားအစာမှတစ်ဆင့်   ကူးစက်သောရောဂါများအား ကာကွယ်နိုင်သကဲ့သို့ အစားအစာကွင်းဆက်တွင် 'Salmonella' 'E. coli' 'Listeria'ကဲ့သို့သော ရောဂါပိုးများ၏အန္တရာယ်ကို     ဖော်ထုတ်ကာလျှော့ချနိုင်သည်။  အစာဘေးကင်းရေး (Food Safety)နှင့် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ    ပြည်သူ့ကျန်းမာရေး(VPH)တို့သည် လူသားတို့၏ ကျန်းမာရေးနှင့်ဘဝအရည်အသွေးကို  မြှင့်တင်ရန်  အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည်။ အစားအစာများတွင်  ပါဝင်သောရောဂါပိုးမွှားများကို  ထိန်းချုပ်ခြင်းဖြင့် အစာအဆိပ်သင့်ခြင်းနှင့် အခြားရောဂါများကို   ကာကွယ်နိုင်သည်။   အစာဘေးကင်းရေးကို သေချာစွာထိန်းသိမ်းခြင်းဖြင့်   ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်နှင့် စီးပွားရေးအရထိခိုက်မှုများကို လျှော့ချနိုင်သည်။ 

မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH) ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သင့်သည့်အချက်များ

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပညာရေးနှင့်လေ့ကျင့်ရေးမြှင့်တင်ခြင်း

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပညာရေးနှင့်  လေ့ကျင့်ရေးကိုမြှင့်တင်ခြင်းဖြင့် တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ   ကူးစက်နိုင်သောရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ဤအတွက် ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်  တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာပညာရှင်များအား ခေတ်မီသင်ကြားရေးနည်းလမ်းများဖြင့် လေ့ကျင့်ပေးရန်လိုအပ်သည်။ 

ထို့ပြင်  တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင်  လုပ်ကိုင်နေသူများအတွက်   ကျန်းမာရေးနှင့်ပတ်သက်သော  အသိပညာပေးခြင်းများကိုလည်း ပြုလုပ်သင့်သည်။

ရောဂါစောင့်ကြပ်ကြည့်ရှုရေးစနစ်များ မြှင့်တင်ခြင်း

     ရောဂါစောင့်ကြပ်ကြည့်ရှုရေးစနစ်များကိုမြှင့်တင်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုများကို အချိန်မီသိရှိနိုင်ပြီး ထိရောက်သောတုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်နိုင်မည်။ ဤအတွက် ဒေတာစုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့်  အချက်အလက်မျှဝေခြင်းတို့ကို ခေတ်မီနည်းပညာများဖြင့် အကောင်အထည်ဖော်ရန်လိုအပ်သည်။ ထို့ပြင် ရောဂါဖြစ်ပွားမှုများကိုစောင့်ကြပ်ရာတွင်   လူနှင့်တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ  ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။

အစားအစာဘေးကင်းရေးစည်းမျဉ်းများမြှင့်တင်ခြင်း

     အစားအစာဘေးကင်းရေးဆိုင်ရာ စည်းမျဉ်းများကိုမြှင့်တင်ခြင်းဖြင့် အစားအစာများမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို ကာကွယ်နိုင်မည်။ အစားအစာထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုနှင့် ရောင်းချမှုဆိုင်ရာစည်းမျဉ်းများကိုသတ်မှတ်ပြီး ထိရောက်စွာလိုက်နာစေရန်လိုအပ်သည်။   ထို့ပြင် အစားအစာဘေးကင်းရေးဆိုင်ရာစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ရန်လိုအပ်သည်။

ပဋိဇီဝဆေးဝါးများ  တာရှည်ခံအောင်သုံးစွဲမှုလျှော့ချခြင်း

    ပဋိဇီဝဆေးဝါးများ မှန်ကန်စွာသုံးစွဲခြင်းဖြင့် ဆေးယဉ်ပါးမှုကိုလျှော့ချနိုင်မည်။ ဆေးဝါးသုံးစွဲမှုဆိုင်ရာလမ်းညွှန်ချက်များကိုချမှတ်ပြီး  လိုက်နာစေရန်လိုအပ်သည်။ ထို့ပြင် ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်သောအသိပညာပေးခြင်းများကို ပြုလုပ်ရန်လိုအပ်သည်။

ဘဏ္ဍာရေးနှင့် နိုင်ငံတကာအကူအညီများရယူခြင်း

    တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးနှင့် နိုင်ငံတကာအကူအညီများရယူခြင်းသည်  အရေးကြီးသည်။  အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်   ပူးပေါင်းဆောင်ရွက်ရန်  လိုအပ်သည်။ ထို့ပြင် ဘဏ္ဍာရေးအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲရန်  လိုအပ်သည်။  မြန်မာနိုင်ငံတွင် တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုးရေးအတွက်   အထက်ဖော်ပြပါအချက်များကို  အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်    လူနှင့်တိရစ္ဆာန်ကျန်းမာရေးကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ရောဂါဖြစ်ပွားမှုများကိုကာကွယ်နိုင်မည်ဖြစ်သည်။

တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ   ပြည်သူ့ကျန်းမာရေး၏ လက်တွေ့လုပ်ဆောင်မှု

ဥပမာများ

   ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးအစီအစဉ်များ- ခွေးများနှင့်တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးခြင်းဖြင့် လူသို့ခွေးရူးပြန်ရောဂါကူးစက်မှုကို ကာကွယ်ခြင်း။

  ကြက်ငှက်တုပ်ကွေး စောင့်ကြည့်ခြင်း-   ကြက်များတွင် ရောဂါဖြစ်ပွားမှုကိုစောင့်ကြည့်ခြင်းဖြင့် လူသို့ကူးစက်မှုကို ကာကွယ်ခြင်း။

အစားအစာဘေးကင်းရေးစစ်ဆေးခြင်း-    သားသတ်ရုံများနှင့် အစားအစာထုတ်လုပ်ရေး လုပ်ငန်းများတွင် သန့်ရှင်းမှုစံနှုန်းများကို လိုက်နာစေခြင်း။

အချုပ်အားဖြင့်  မြန်မာနိုင်ငံတွင်  တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး(VPH) ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးတကြီးလိုအပ်နေသည်။ ဇူနိုးစစ်ရောဂါများ၊ အစားအစာဘေးကင်းရေးနှင့်ပဋိဇီဝဆေးယဉ်ပါးမှုတို့ကို ကာကွယ်ရန်အတွက် VPH သည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။ မြန်မာနိုင်ငံ၏မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပြည်သူများ၏ ကျန်းမာရေးအတွက်   တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးကို မြှင့်တင်ရန်လိုအပ်သည်။  နိုင်ငံတကာအဖွဲ့အစည်းများ၏ပံ့ပိုးမှုဖြင့်   တိရစ္ဆာန်ဆေးဘက်ဆိုင်ရာပြည်သူ့ကျန်းမာရေးစနစ်ကို အားကောင်းအောင် ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။   ။          

MWD

 

ဒေါက်တာခင်စန္ဒာလွင် (မွေး-ကု)

     တူကီယဲရဲ့ ကီယဲနိုင်ငံ အန်ကာရာမြို့ရဲ့ မဟာဗျူဟာမြောက်ဆွေးနွေးပွဲတွေမှာ တစ်နေ့ကျရင် တူကီယဲဟာ နျူကလီးယားလက်နက်ကိုပိုင်ဆိုင်ဖို့ ကြိုးပမ်းသင့်သလားဆိုတဲ့ အတွေးအခေါ်ဟာ အမြဲတမ်းရှိနေခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဒီကိစ္စဟာပိုပြီးပြတ်သားတဲ့ အသွင်ဆောင်လာပါတယ်။ ဘာလို့လဲဆိုတော့ တူကီယဲနိုင်ငံရဲ့ ပတ်ဝန်းကျင်ဒေသတွေဟာ စစ်အင်အားနဲ့ ခြိမ်းခြောက်ဟန့်တားခြင်း ကသာ တစ်ခုတည်းသော ယုံကြည်အားကိုးရမယ့် ဘာသာစကားဖြစ်လာတဲ့ အခြေအနေဆီကို ဦးတည်နေလို့ပါပဲ။

တူကီယဲနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက အရင်ကလို ပိုနေမြဲကျားနေမြဲအခြေအနေမှန်ကို ထိန်းသိမ်းရုံသက်သက်လုပ်ဆောင်တဲ့အဆင့်ထက် အများကြီး ကျော်လွန်သွားပါပြီ။ ယူကရိန်းပဋိပက္ခနဲ့ ဂါဇာအရေးတို့မှာကြားဝင်စေ့စပ်သူအဖြစ်၊ ဆီးရီးယား၊ အီရတ်နဲ့ လစ်ဗျားအရေးတို့မှာ စစ်ရေးအရဩဇာလွှမ်းမိုးသူအဖြစ် နေရာယူလာသလို မြေထဲပင်လယ်အရှေ့ပိုင်းကနေ အာဖရိကဦးချိုဒေသအထိကို ပါဝင်ပတ်သက်လာပါတယ်။

တူကီယဲသမ္မတ အာဒိုဂန်ကတော့ ဒါဟာမမျှတတဲ့ နိုင်ငံတကာစနစ်ကြီးကိုပြုပြင်ဖို့ ကြိုးစားနေတာလို့ ပြောလေ့ရှိပါတယ်။ သူ့ရဲ့နာမည်ကျော် ကြွေးကြော်သံဖြစ်တဲ့ ကမ္ဘာကြီးဟာ ငါးနိုင်ငံထက် ပိုကြီးတယ်ဆိုတဲ့ကြွေးကြော်သံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရှိ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံကပဲ စစ်ရေးစွမ်းရည်အပါအဝင် အခွင့်ထူးအားလုံးကို လက်ဝါးကြီး အုပ်ထားတာကိုမကျေနပ်ကြောင်း ဖော်ပြနေတာပါ။

ဒီလိုပြောဆိုမှုတွေထဲမှာ နျူကလီးယားမမျှတမှု ဟာ အဓိကနေရာမှာပါဝင်ပါတယ်။ တချို့နိုင်ငံတွေက နျူကလီးယားကိစ္စမှာ သံသယဖြစ်ခံရတာနဲ့ အပြစ်ပေးခံရချိန်မှာ အစ္စရေးကျတော့ နျူကလီးယားရှိတယ်လို့ အများကလက်ခံထားပေမယ့် ဘာစစ်ဆေးမှုမှမခံရတာဟာ စံနှုန်းနှစ်မျိုး ဖြစ်နေတယ်လို့ အာဒိုဂန်က ထောက်ပြပါတယ်။ ၂၀၂၃ ခုနှစ် ဂါဇာစစ်ပွဲနောက်ပိုင်းမှာတော့ ဒါဟာနိုင်ငံရေးအရ ပိုအားကောင်းလာပြီးအစ္စရေးရဲ့လက်နက်တိုက်ကို ဘာလို့နိုင်ငံတကာက မစစ်ဆေးတာလဲလို့ သူကအတိအလင်း မေးခွန်းထုတ်လာပါတယ်။

အရင်ကတော့ ဒါဟာတရားမျှတမှုအတွက် အငြင်းပွားတာမျိုးပဲဖြစ်ခဲ့ပေမယ့်  အခုတော့ အရှေ့အလယ်ပိုင်းရဲ့လုံခြုံရေး အဆောက်အအုံကြီးတစ်ခုလုံး အက်ကြောင်းထလာရပါပြီ။ အထူးသဖြင့် အမေရိကန်နဲ့ အစ္စရေးက အီရန်အပေါ် ဖိအားပေးမှုတွေတိုးလာချိန်မှာ အကယ်၍ အီရန်သာနျူကလီးယား ပိုင်ဆိုင်သွားရင် တခြားနိုင်ငံတွေလည်း လိုက်လုပ်ကြလိမ့်မယ်၊ အဲဒီအခါ တူကီယဲလည်း ဒီပြိုင်ပွဲထဲကို မဖြစ်မနေပါဝင်လာရလိမ့်မယ်ဆိုပြီး တူကီယဲခေါင်းဆောင်ပိုင်းက သတိပေးထားပါတယ်။

တကယ်တမ်း တူကီယဲကို တွန်းအားပေးနေတာက စည်းမျဉ်းတွေက စည်းမျဉ်းတွေ မဟုတ်တော့ဘူးလို့ဆိုတဲ့ကြောက်စိတ်ပါ။ စည်းမျဉ်းတွေကို တစ်ဖက်သတ် ကျင့်သုံးလာတဲ့အခါမှာ နျူကလီးယားကိုပိုင်ဆိုင်ထားတာကသာ ကိုယ့်အစိုးရပြုတ်မကျအောင် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောသံမဏိအာမခံချက်လို့ ယူဆလာကြပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းမှာ နျူကလီးယားလက်နက်ကို အမြင့်ဆုံး အကာအကွယ်အဖြစ်သာ သတ်မှတ်လာကြမယ်ဆိုရင် တူကီယဲနိုင်ငံအနေနဲ့လည်း ချန်လှပ်ခံထားလို့ မရတော့ဘူးဆိုတာကို အချက်ပြနေတာပါ။

ဒီအတွေးအခေါ်ဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ဘာလို့လဲဆိုရင် ဒါကနျူကလီးယားလက်နက်ကို အာမခံပေါ်လစီတစ်ခုလိုမျိုး မြင်လာစေလို့ပါပဲ။ မတည်ငြိမ်တဲ့ဒေသမှာ နျူကလီးယားဗုံးပိုင်ဆိုင်ထားတာက တခြားနိုင်ငံတွေ ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲအောင်လုပ်ပေးနိုင်တယ်ဆိုရင် ဒါဟာဆွဲဆောင်မှုရှိတဲ့ အကာအကွယ်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါဟာလက်နက်အပြိုင်တပ်ဆင်ခြင်းကို မီးထိုးပေးသလိုဖြစ်ပြီး အခြေအနေ မှားယွင်းတွက်ချက်မှုတွေ၊ စီမံခန့်ခွဲရခက်တဲ့အကျပ်အတည်းတွေနဲ့ နျူကလီးယားအရိပ်အောက်က စစ်ပွဲတွေကိုသာ ဖြစ်လာစေပါလိမ့်မယ်။

တူကီယဲနိုင်ငံမှာ နျူကလီးယား နည်းပညာနဲ့ပတ်သက်ပြီး    အခြေခံကောင်းတွေရှိနှင့်ထားပြီးပါပြီ။ 

နျူကလီးယား အင်ဂျင်နီယာကျွမ်းကျင်သူတွေ၊ သုတေသန ဌာနတွေရှိသလို၊ ရုရှားနဲ့ ပူးပေါင်းတည်ဆောက်နေတဲ့ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ နည်းပညာပိုင်းမှာ အရေးပါလှတဲ့ သင်ယူမှု ယန္တရားကြီးတစ်ခု ဖြစ်နေပါတယ်။ ဒါ့အပြင် တူကီယဲမှာ ယူရေနီယံနဲ့ သိုရီယံလိုမျိုး သဘာဝသယံဇာတတွေ ရှိနေတာကလည်း အားသာချက်တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် တူကီယဲဟာ နျူကလီးယားကို လိုအပ်ရင် ငြိမ်းချမ်းစွာအသုံးပြုတဲ့ အဆင့်ကနေ လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို အချိန်မရွေး ကူးပြောင်းနိုင်တဲ့နိုင်ငံအဖြစ် သူ့ကိုယ်သူပြသနေတာပါ။

ဒါပေမဲ့ အဓိကအဟန့်အတားကတော့ နိုင်ငံရေးနဲ့ ဥပဒေပိုင်းပါ။ တူကီယဲဟာ နျူကလီးယားမပြန့်ပွားရေးစာချုပ်မှာ ပါဝင်ထားလို့ ဒီလမ်းကိုသွားရင် ပြင်းထန်တဲ့စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ သံတမန်ရေးအရ အထီးကျန်မှုတွေကို ကြုံရမှာပါ။ တူကီယဲဟာ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးစနစ်မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေတဲ့အတွက် ဒီဒဏ်ကို ခံနိုင်ရည်ရှိဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် တူကီယဲဟာ ဗုံးကိုပေါ်ပေါ်ထင်ထင်ကြီးထုတ်လုပ်လိုက်တာမျိုးထက် နည်းပညာပိုင်းမှာ အဆင်သင့်ဖြစ်နေအောင်လုပ်ရင်း သံတမန်ရေးအရ ကစားတဲ့ ဗျူဟာကိုပဲသုံးနိုင်ခြေရှိပါတယ်။

ဒီကြားထဲမှာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ အခန်းကဏ္ဍကလည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။ အကယ်၍ အီရန်ကဗုံးပိုင်ဆိုင်လာရင် ဆော်ဒီကလည်း လိုက်လုပ်မယ်လို့ပြောထားသလို ပါကစ္စတန်နိုင်ငံက ဆော်ဒီကို နျူကလီးယား အကာအကွယ်ပေးမယ်ဆိုတဲ့ကောလာဟလတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုးနျူကလီးယား ကွန်ရက်တွေထဲမှာ တူကီယဲနိုင်ငံကပါဝင်ပတ်သက်လာမှာကို နိုင်ငံတကာက အိပ်မက်ဆိုးတစ်ခုလို ကြောက်လန့်နေကြပါတယ်။

တကယ်လို့ တူကီယဲသာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားရင် ဥရောပရဲ့လုံခြုံရေးအခင်းအကျင်းပါ ပြောင်းလဲသွားပါလိမ့်မယ်။ တူကီယဲနိုင်ငံရဲ့ NATOအဖွဲ့ဝင်အဖြစ်နဲ့ အနောက်အုပ်စုအပေါ်မှီခိုနေရမှုတွေဟာ သိသိသာသာ လျော့နည်းသွားမှာပါ။ တူကီယဲနိုင်ငံဟာ ဘယ်နိုင်ငံကိုမှ အလေးထားစရာမလိုဘဲ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မျိုးရသွားမှာဖြစ်သလို ဒါဟာ အနောက်နိုင်ငံတွေကသတ်မှတ်ထားတဲ့ အထက်အောက် စနစ်ကို တူကီယဲက ငြင်းပယ်လိုက်တဲ့ အကြီးမားဆုံးသော သဘောထားထုတ်ဖော်မှု ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာတော့ တူကီယဲနိုင်ငံဟာ ဗုံးထုတ်လုပ်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ မရှိသေးပါဘူး။ ဒါပေမဲ့ အန္တရာယ်ကဘာလဲဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ နိုင်ငံအများအပြားဟာ အချိန်အခါမရွေးနျူကလီးယား ပိုင်ဆိုင်နိုင်တဲ့အဆင့် ရောက်အောင် အပြိုင်အဆိုင် ကြိုးစားလာနေကြတာပါပဲ။ ဒါဟာ မရေရာမှုကိုအခြေခံတဲ့ လက်နက်အပြိုင် တပ်ဆင်မှုကိုဖြစ်လာစေပါတယ်။

တူကီယဲရဲ့ အခုလိုပြောဆိုချက်တွေကို သတိပေးချက်တစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်။ တူကီယဲအနေနဲ့ကမ္ဘာကြီးကိုပြောနေတာက အီရန်ရဲ့နျူကလီးယား ပြဿနာကို အင်အားသုံးပြီးတစ်ဖက်သတ် ဖြေရှင်းမယ်ဆိုရင် ဒေသတွင်းမှာ နျူကလီးယားလက်နက်အပြိုင်တပ်ဆင်မှုတွေ တောက်လျှောက်ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။

အနှစ်ချုပ်ရရင် နျူကလီးယားစနစ်ကြီးတစ်ခုလုံး ပြိုလဲသွားတာဟာ တစ်နိုင်ငံတည်းက လောင်းကစားလုပ်လို့မဟုတ်ပါဘူး။ လက်ရှိစည်းမျဉ်းတွေက ကိုယ့်ကို မကာကွယ်နိုင်တော့ဘူးလို့ နိုင်ငံအများအပြားက တစ်ပြိုင်တည်း ယူဆလာကြလို့ပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဒီလိုအတွေးအခေါ်မျိုးက ပိုပြီးအရှိန်ရလာနေပါတယ်။ ဒါကိုတားဆီးချင်တယ်ဆိုရင် စည်းမျဉ်းတွေဟာ လူတိုင်းအတွက် တန်းတူညီမျှရှိရမယ်ဆိုတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

MWD

    

ထက်မြတ်