လူသားတို့တွင် အရွယ်သုံးပါးရှိပေရာ လူငယ်အရွယ်သည် အဓိကကျလှသည့်အရွယ်ဖြစ်သည်။ မိမိတို့စိတ်ဆန္ဒရှိရာကို အောင်မြင်စွာလုပ်ဆောင်နိုင်သော အရွယ်ဖြစ်သည်။ လူငယ်ဘဝတွင် ဇွဲ၊ လုံ့လ၊ ဝီရိယပြည့်ဝစွာဖြင့် အပင်ပန်းအဆင်းရဲခံကာကြိုးစားခြင်းဖြင့် ပထမအရွယ်မှ ဒုတိယအရွယ်သို့ ဖြတ်သန်းကြရမည်ဖြစ်သည်။
လူငယ်ဆိုသည်မှာ တက်ကြွ၍လန်းဆန်းနေရမည်။ ပညာကို တတ်အောင်သင်ယူရမည့်အရွယ်ဖြစ်သည်။ အတန်းပညာ၊ အသိပညာ၊ အတတ်ပညာမှန်သမျှတို့သည် လူငယ်တို့အတွက်ဖြစ်သည်။ လူကြီးအရွယ်ရောက်ကာမှ အတန်းပညာများကိုသင်ယူ၍ရနိုင်သည်မဟုတ်တော့ပေ။
လူငယ်သည် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သည်။ သင်လျှင်အတတ်မြန်သည်။ စမ်းသပ်ချက်များအရ အလယ်တန်းတွင်မိမိနှစ်သက်သောကဗျာကို အလွတ်ကျက်ထားမည်ဆိုလျှင် အသက်အရွယ်ကြီးရင့်သည်အထိ မမေ့နိုင်ပေ။
ဆိုလိုသည်မှာ လူငယ်ဘဝက စိတ်ပါလက်ပါဖြည့်ဆည်းထားသော အရာမှန်သမျှ အသက်အရွယ်ကြီးရင့်သည်အထိ မေ့ပျောက်မသွားခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။ အလင်္ကာကျော်စွာ မြို့မငြိမ်းရေးသားသည့် လူချွန်လူကောင်းသီချင်းသည် ခေတ်အဆက်ဆက် မရိုးနိုင်သော သီချင်းဖြစ်သည်။ စာရေးသူ၏ ဆောင်းပါးခေါင်းစဉ်သည် အဆိုပါသီချင်းထဲတွင် ပါဝင်သောစာသားဖြစ်သည်။
လူငယ်များကို လူချွန်လူကောင်းများ ဖြစ်အောင် လက်ဦးဆရာဖြစ်သော မိဘနှင့်ဆရာတို့က ပြုစုပျိုးထောင်ပေးကြရသည်။ ထို့အတူ နိုင်ငံတော်အစိုးရကလည်း ထူးခြားစွာအားပေးကြရသည်။ နိုင်ငံတော်အစိုးရ၏ အားပေးမှုသည် လူငယ်တို့၏အနာဂတ်ကို တောက်ပြောင်စေသည်။
နိုင်ငံတော်၏အနာဂတ်ကို လင်းလက်စေသည်။ “ကမ္ဘာ့သမိုင်းရာဇဝင် သုံးသပ်လေ့လာသင် အကြံဉာဏ် ဝေဖန်မြော်လို့မြင် ငါတို့ပြည်ထောင်စုတွင်…ကမ္ဘာ့ရေကြောင်းသ င်္ဘောမောင်းနှင်မြေပြင်လေပြင် နှံ့စပ်စုံလင် တို့လူချွန်လူကောင်းအထုတွင် ပါဝင်တစ်ယောက်ဆိုတအားပင်”ဆိုသည့် လူချွန်လူကောင်းသီချင်းစာသားမှာ ယနေ့ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်သင်တန်းသားများကို ညွှန်းဆိုရေးခဲ့သလားဟု ထင်မြင်မိသည်။
လူငယ်မှန်သမျှသည် အနာဂတ်နိုင်ငံတော်ကို လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်ကြရမည့်သူများ ဖြစ်ကြသည်။ လက်ဆင့်ကမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် သူတို့ကိုကောင်းမွန်စွာ မြေတောင်မြှောက်ပေးရမည်မှာ လက်ရှိလူကြီးများ၏တာဝန်ဖြစ်သည်။ လူကြီးများ၏ စီမံဆောင်ရွက်မှု
အတိုင်း ကောင်းမွန်စွာလိုက်ပါ လုပ်ဆောင်ရမည်မှာလည်း လူငယ်များ၏တာဝန်ဖြစ်သည်။ အရည်အသွေးပြည့်ဝ၍ စိတ်ဓာတ်ကောင်းမွန်သောလူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာမှလည်း နိုင်ငံတော်၏အနာဂတ်သည် တောက်ပြောင်နေမည်ဖြစ်သည်။
ယခုအခါ နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ကောင်းကျိုးရှိမည့်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ အဆိုပါသင်တန်းများတွင် တပ်မတော်က နှစ်စဉ်ဖွင့်လှစ် ပေးလျက်ရှိသည့် ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံ သင်တန်းများနှင့် တန်းမြင့်သင်တန်းများလည်းပါဝင်သည်။ အဆိုပါသင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများတိုးပွားစေသည်။ မိမိတို့၏ ကျောင်းအားလပ်ရက်ကို အကျိုးရှိစွာ အသုံးပြုနိုင်သည်။ မိမိတို့ဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေသည်။ နိုင်ငံတော်အတွက် ရေကြောင်းပညာနှင့်လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်များပေါ်ပေါက်စေသည်။
ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)နှင့်ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲများကို ဧပြီလ ၂၇ ရက်နေ့ကနေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးမြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုင်းကြီးကျွန်းမြို့နှင့်ပုသိမ်မြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲဒေသ၊ မြိတ်မြို့နှင့်ကျွန်းစုမြို့၊ ကရင်ပြည်နယ်တွင် ဘားအံမြို့နှင့်ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်းလူငယ်စခန်းများ၌ ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းများသို့ သင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦး တက်ရောက်လျက်ရှိသည်။
အဆိုပါရေကြောင်းလူငယ် သင်တန်းများကို ၁၉၅၉ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၅၅၀ ဦးတို့အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော်(ရေ)သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို စာတွေ့/လက်တွေ့သင်ကြားပေးနေပြီဖြစ်သည်။ ကြိုးစားလျှင်ကြိုးစားသလို ထူးချွန်သူများအား ပေါ်ထွန်းလာမည်ဖြစ်သည်။ မြန်မာ့အားကစားမြှင့်တင်ရေးအတွက်လည်း ရေကြောင်းလူငယ်သင်တန်းများမှ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများ မွေးထုတ်ပေးလျက်ရှိသည်မှာလည်း နိုင်ငံနှင့်တပ်မတော်အတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။
ရေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးသည်နှင့်တစ်ချိန်တည်းမှာပင် လေကြောင်းလူငယ် သင်တန်းများနှင့်ပတ်သက်၍ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)သင်တန်းများကို နေပြည်တော်သင်တန်း စခန်းအပါအဝင် သင်တန်းစခန်း ၂၀ ၌ ဖွင့်လှစ်ပေးခဲ့သည်။ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)အား သင်တန်းစခန်း ၁၈ ခု သင်တန်းသား ၉၂၈ ဦးဖြင့်လည်းကောင်း၊ တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)အား သင်တန်းစခန်းနှစ်ခု၊ သင်တန်းသား ၁၁၆ ဦးတို့ဖြင့်လည်းကောင်း ဧပြီလ၂၇ ရက်မှစတင်ဖွင့်လှစ်ပေးခဲ့သည်။
အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေကြောင်းလူငယ်သမိုင်း၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြ(လက်နက်မဲ့)ဘာသာရပ်များ သင်ကြားပို့ချပေးမည်ဖြစ်သည်။ တန်းမြင့်လေကြောင်းလူငယ် သင်တန်းတွင် လေကြောင်းဆိုင်ရာအခြေခံဗဟုသုတ၊ Airfield Procedure၊ RC လေယာဉ်/ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ(လက်နက်ပါ)၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်ဇာတိသွေး၊ ဇာတိမာန်ဘာသာရပ်များ ထည့်သွင်းပို့ချပေးသွားမည်ဖြစ်ပြီး တပ်မတော်(လေ)တွင်ရှိသော ပျံသန်းရေးအုပ်များပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၆ ခုနှစ် ရေကြောင်းနှင့်လေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း စခန်းပေါင်းစုံသင်တန်းဆင်းပွဲများကို မေလ ၂၂ ရက်နေ့တွင် သတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)စခန်းပေါင်းစုံ သင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံ အားကစားခန်းမ၌ လည်းကောင်း၊ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၉) သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲကို နေပြည်တော်လေတပ်စခန်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
ရေကြောင်းလူငယ်သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း ဖရီးဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)နှင့် ဖရီးဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)တို့ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်ဆိုင်ရာ စနစ်များ၊ ရေယာဉ်ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို လက်တွေ့လေ့လာခြင်း၊ ရေကြောင်းလူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့်စခန်းပေါင်းစုံ ပြိုင်ပွဲများပြုလုပ်ခြင်း၊ ရန်ကုန်မြို့တွင်း ရွှေတိဂုံစေတီတော်ဖူးမြော်ခြင်း၊ နျူကလီးယားနည်းပညာသတင်းအချက်အလက် စင်တာနှင့် အာကာသပြတိုက်လေ့လာခြင်းတို့ဆောင်ရွက်ကြသည်။
ထို့အတူ လေကြောင်းလူငယ်သင်တန်းသားများအား သင်တန်းတွင်ပို့ချသည့်ဘာသာရပ်များအပြင် လေယာဉ်/ရဟတ်ယာဉ်များ၏ ပျံသန်းမှုအခြေခံ သဘောတရားများကို သိရှိနားလည်စေရန်အတွက် RCလေယာဉ်/ရဟတ်ယာဉ် လက်တွေ့မောင်းနှင်ခြင်းများကို သက်ဆိုင်ရာသင်တန်းစခန်းများ အလိုက် လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ ထို့ပြင် ပြိုင်ပွဲများကျင်းပကာ ထူးချွန်ဆုရသင်တန်းသားများအား နည်းပြလေသူရဲများနှင့်အတူ တပ်မတော်(လေ)ရှိ အမောင်းသင်လေယာဉ်/ရဟတ်ယာဉ်များဖြင့် ကိုယ်တိုင်လိုက်ပါပျံသန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
သင်တန်းသားများအားလုံး ဒေသန္တရဗဟုသုတများရရှိစေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊သူရဲကောင်းဗိမာန်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် တပ်မတော်စစ်သမိုင်းပြတိုက်တို့သို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ အာကာသပြတိုက်နှင့် နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာတို့သို့ လည်းကောင်း လေ့လာရေးပို့ဆောင်ခြင်းနှင့် စစ်ရေယာဉ်လိုက်ပါစီးနင်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ် လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေကြောင်းပညာသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှု တိုးပွားလာစေမည်ဖြစ်သည်။ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်လာစေမည်။
စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိသည်။ လူငယ်များ၏ဝါသနာပါရာ ပညာရပ်ကို မြှင့်တင်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်များ ကောင်းစွာ မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။
လူဆိုသည်မှာအသက်အရွယ်အလိုက်ပြောင်းလဲလာကြခြင်းဖြစ်သည်။ ကျောင်းသား၊ကျောင်းသူလူငယ်အရွယ်တွင် တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)မှ ပညာရပ်များကို သင်ယူခွင့်ရရှိခြင်းမှာအထူးပင်ကောင်းမွန်သော အခွင့်အလမ်းဖြစ်သည်။ လူငယ်သည်တက်ကြွသည်။ စူးစမ်းလိုစိတ်ရှိသည်။ နာခံမှုကောင်းသည်။ ဖြူစင်သောကျောင်းသား၊ ကျောင်းသူလူငယ် မျိုးဆက်သစ်များကို နိုင်ငံတော်နှင့်တပ်မတော်က ယခုကဲ့သို့ ပြုစုပျိုးထောင်ပေးခြင်းဖြင့် သူတို့၏အနာဂတ်ကို သူတို့လှပအောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ တပ်မတော်တွင် အခြေခံဖြစ်သည့် စစ်ရေးပြဘာသာရပ်ကို သင်ကြားတတ်မြောက်ခြင်းဖြင့် စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှု ရရှိစေမည်ဖြစ်သည်။ စည်းကမ်းကောင်းမွန်ခြင်းနှင့် အမိန့်နာခံတတ်ခြင်းမှာ မည်သည့်လုပ်ငန်းခွင်တွင်မဆို အလိုအပ်ဆုံးသော အရာဖြစ်သည်။ စည်းကမ်းရှိမှတိုးတက်မည် ဟူသော စကားသည်လွဲမှားမှုမရှိသော အမှန်တရားဖြစ်သည်။
စည်းကမ်းမကောင်းသူကို မည်သူကမျှ ကြိုက်နှစ်သက်မည်မဟုတ်ပေ။ မိဘဖြစ်သူကိုယ်တိုင်ပင် မိမိ၏ သားသမီး စည်းမရှိ၊ ကမ်းမရှိနေထိုင်သွားလာနေသည်ကို ကြိုက်နှစ်သက်မည်မဟုတ်ပါ။
ယခုမျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များမှာ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများ တက်ရောက်ထားခြင်းအားဖြင့် သူတို့သည် အဖိုးတန်သောလူချွန်လူကောင်းကလေးများဖြစ်လာပေမည်။
လူချွန်လူကောင်းကလေးများဖြစ်အောင်လည်း တပ်မတော်(ရေ)နှင့်တပ်မတော်(လေ)တို့မှ နည်းပြများက အကောင်းဆုံးသင်၊ အကောင်းဆုံးပြင်ပေးခဲ့ကြပြီးဖြစ်သည်။ လူတိုင်း၏ဘဝတွင် လူငယ်ဘဝသည် အားကျဖွယ်အကောင်းဆုံးဖြစ်သည်။ ကြိုးစားလျှင်ကြိုးစားသလောက် ခရီးပေါက်နိုင်သည်။ အထက်သို့တက်နိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။
လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက် စိတ်ဓာတ်တို့ဖြင့် နည်းပြများ၏သင်ကြားပို့ချမှုမှန်သမျှကို ပြည့်ပြည့်ဝဝရရှိအောင် စိတ်ဝင်တစား သင်ယူခဲ့ကြပြီးလည်းဖြစ်သည်။
အချိန်နှင့်ဒီရေသည် လူကိုမစောင့်၊ အချိန်ရှိခိုက် လုံ့လစိုက်ဟူသော စကားပုံများကို စွဲမြဲမှတ်သားကာ ကြိုးစားခြင်းဖြင့် မိမိတို့တစ်ဦးချင်းစီ၏အနာဂတ်ကို ကောင်းသည်ထက်ကောင်းအောင်၊တော်သည်ထက်တော်အောင် စီမံဆောင်ရွက်နိုင်ကြရမည်ဖြစ်သည်။ ဤပညာရပ်များသည် လူငယ်မောင်မယ်ကျောင်းသား၊ ကျောင်းသူများအဖို့ ကံကောင်းထောက်မ၍ သင်ကြားခွင့်ရရှိခြင်းဖြစ်သည်။ လူငယ်မောင်မယ်တိုင်း သင်ယူခွင့်ရရှိနိုင်သည်မဟုတ်ပေ။ စိတ်ရင်းစေတနာကောင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်လာသည့် အခွင့်အရေးကောင်းများကို ရရှိအောင်၊ အိတ်သွန်ဖာမှောက်ရရှိအောင်၊ တတ်မြောက်အောင် သင်ယူကြပြီး နိုင်ငံတော်ကို အကျိုးပြုကြရမည်ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် မေလ ၂၅ ရက်နံနက်ပိုင်းတွင်၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် “နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့် လူငယ်မျိုးဆက်သစ်များဖြစ်ရန် အမိနိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့၏ အဓိကအရေးပါမှုကိုသိရှိထားရန် လိုအပ်ကြောင်း၊၊
လူငယ်များသည် ခေတ်သမိုင်းနှင့် အနာဂတ်သမိုင်းအတွက် ပဓာနကျပြီး တန်ဖိုးရှိသည့် ရတနာများပင်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်ကောင်းများလည်းဖြစ်ကြောင်း၊ လူငယ်မျိုးဆက်သစ်များ၏ စွမ်းအားသည် နိုင်ငံတော်အဓွန့်ရှည် တည်တံ့ရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး အင်အားစုများပင်ဖြစ်သည်ကို လူငယ်မောင်မယ်များအားလုံးသိရှိထားကြရန်မှာကြားလိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများအနေဖြင့် မိမိနိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းခိုင်မာခြင်းကို အစဉ်လိုလားလျက်ရှိကြသည်။ ယနေ့ကမ္ဘာတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား၊ ပညာရေးအင်အား အစရှိသည်ဖြင့် အင်အားချင်းယှဉ်ပြိုင်နေကြရသည်။ မြန်မာနိုင်ငံအနေဖြင့် တည်နေရာအနေအထားအရ အင်အားကြီးမားသောနိုင်ငံကြီး နှစ်နိုင်ငံနှင့်ဆက်စပ်နေခြင်း၊ လူဦးရေပေါက်ဖွားမှုနှုန်း မြင့်မားသည့်နိုင်ငံနှင့် ဆက်စပ်နေခြင်း စသည့်အနေအထားများအရ နိုင်ငံတော်ကာကွယ်ရေးကို အစဉ်တစိုက်မြင့်မားသည်ထက် မြင့်မားနေအောင် ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်သည်။
လူငယ်မောင်မယ်များအနေဖြင့်လည်း လူကြီးများသင်ကြားပြသသော ပညာရပ်များကို အားကြိုးမာန်တက် တတ်မြောက်အောင် သင်ယူကြရာတွင် ပညာရှာပမာ သူဖုန်းစားဆိုသကဲ့သို့ရိုသေကျိုးနွံစွာ၊ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုး စိတ်ဓာတ်ဖြင့် သင်ယူကြရမည်ဖြစ်သည်။ ပညာဆိုသည်မှာ သင်ကြား၍မကုန်နိုင်သောအရာဖြစ်သည်။ ရေကြောင်းပညာ၊လေကြောင်းပညာ ဆိုသည်မှာလည်း သင်ယူ၍မကုန်နိုင်သော ပညာရပ်ဖြစ်သည်။ အဆိုပါပညာရပ်များ၏ တစ်စိတ်တစ်ပိုင်းကို နွေရာသီကျောင်းပိတ်ရက်တိုင်း လူငယ်မောင်မယ်တို့အား သင်ကြားပို့ချပေးနေသည်မှာ အနာဂတ်နိုင်ငံတော် ကာကွယ်ရေးအတွက် ကောင်းမွန်သော အစီအမံ(ရင်းနှီးမြှုပ်နှံမှု)များဖြစ်သည်။
မည်သည့်ပညာရပ်မဆို မျိုးဆက်သစ်တို့အား လက်ဆင့်ကမ်း အမွေပေးထားနိုင်မှသာ ပိုမိုတိုးတက်ထွန်းကားနေမည်ဖြစ်သည်။ လက်ဆင့်ကမ်းအမွေ ပေးထားခြင်းမရှိပါက ပညာရပ်များတိမ်ကောပပျောက် သွားလေ့ရှိသည်ကို မြန်မာ့သမိုင်းတွင် သင်ခန်းစာများအဖြစ် သိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် ပညာလိုလားသော လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးပြုခြင်းနှင့်အတူ မိမိအတွက်၊ မိမိ၏နိုင်ငံတော်အတွက် အကောင်းဆုံးသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည်ဟု ယုံကြည်မိပါသည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နွေရာသီကျောင်းပိတ်ရက်အတွင်း ငွေကုန်ကြေးကျခံကာ ရေကြောင်းလူငယ်သင်တန်းများ၊ လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းမှာ လူငယ်များအနေဖြင့် အနာဂတ်တွင် မိမိနိုင်ငံအတွက် ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရန်ဖြစ်သည်။
လူငယ်ရေးရာဝန်ကြီးဌာနအတွက်လည်း များစွာ အထောက်အကူဖြစ်စေသည်။ ရေကြောင်းပညာများ၊ လေကြောင်းပညာများကို စိတ်ပါဝင်စားစွာ သင်ယူကြသောလူငယ်များ အရေအတွက်သည် များပြားစွာ ရှိနေမည်ဖြစ်သည်။ လူငယ်များအနေဖြင့် မိမိနိုင်ငံနှင့်လူမျိုးကို ချစ်ခင်မြတ်နိုးစွာ ကာကွယ်စောင့်ရှောက်ကြရမည်။ ထိုသို့ စောင့်ရှောက်နိုင်ရန်အတွက် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝရေးအတွက် သင်ကြားပေးနေခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် နိုင်ငံတော်နှင့်တပ်မတော်က လူငယ်မောင်မယ်တို့ကို “လူချွန်လူကောင်းလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာမြှင့်တင်” နေခြင်းကို အထူးပင် ဝမ်းသာပီတိဖြစ်မိပါကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။ ။
MWD
ကမ္ဘာ့နိုင်ငံရေး အင်အားချိန်ခွင်လျှာဟာ အနောက်ဘက်ကနေ အရှေ့ဘက်ကို တဖြည်းဖြည်းရွေ့လျားလာနေပြီဆိုတဲ့ အချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်က ထပ်မံပြသလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သမ္မတပူတင်ဟာ တရုတ်နိုင်ငံကိုသွားရောက်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံကာ တရုတ်-ရုရှားမဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ရည်ရွယ်တဲ့ စာရွက်စာတမ်းနဲ့ သဘောတူညီချက်ပေါင်း ၄၀ ခန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပူတင်ရဲ့ခရီးစဉ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မကြာခင်မှာပဲ ဖြစ်ခဲ့တာကြောင့် သာမန်တိုက်ဆိုင်မှု တစ်ခုအဖြစ် မမြင်နိုင်တော့ဘူးလို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
ယနေ့ကမ္ဘာ့နိုင်ငံရေးပုံစံဟာ မဟာမိတ်အုပ်စုတွေထက် တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့ပါဝင်နေတဲ့ သုံးမြှောင့်ဆက်ဆံရေး ပုံစံအပေါ် ပိုမိုမူတည်လာနေပြီး အဲဒီသုံးနိုင်ငံကြားမှာ တရုတ်နိုင်ငံက အလယ်ဗဟိုကို တဖြည်းဖြည်း ရယူလာနေတယ်ဆိုတာ အမေရိကန်နဲ့ ရုရှားသမ္မတတို့ရဲ့ အချိန်ကိုက်ခရီးစဉ်တွေက ဖော်ပြနေပါတယ်။ နိုင်ငံရေးမှာ အချိန်ကိုက်လှုပ်ရှားမှုဟာ သတင်းစကားတစ်ခုလိုမျိုးပဲ အရေးကြီးလှပါတယ်။ ရှီကျင့်ဖျင်က ထရမ့်ကိုလက်ခံတွေ့ဆုံပြီး မကြာခင်ပဲ ပူတင်ကိုလည်း ထပ်မံကြိုဆိုလိုက်တာဟာ တရုတ်က နိုင်ငံတကာ ဆက်ဆံရေးကို ကိုယ့်စည်းကမ်းနဲ့ကိုယ် စီမံသွားမယ်ဆိုတဲ့ သတင်းစကားတစ်ခုကို ပေးလိုက်တာလို့ ယူဆနိုင်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံအနေနဲ့ အမေရိကန်-ရုရှားပြိုင်ဆိုင်မှုနဲ့ အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုကို သီးခြားအဖြစ်အပျက်နှစ်ခုလိုမမြင်ဘဲ အားလုံးကိုဆက်စပ်နေတဲ့ ကမ္ဘာ့အင်အားပြိုင်ပွဲတစ်ခုအဖြစ် မြင်နေတယ်ဆိုတာ ပိုမိုထင်ရှားလာပါတယ်။
တရုတ်နိုင်ငံအတွက်လည်း ဒီခရီးစဉ်တွေက မဟာဗျူဟာမြောက် အခွင့်အရေးတစ်ခုဖြစ်လာပါတယ်။
ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံက သူ့ကိုယ်သူ ယူရေးရှားဒေသ နိုင်ငံရေးမှာ မဖြစ်မနေ လိုအပ်နေတဲ့ တည်ငြိမ်မှုရှိသော အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ပြသနိုင်ခဲ့လို့ပါ။ တရုတ်ဟာ အမေရိကန်နဲ့ ရုရှားနှစ်ဖက်စလုံးနဲ့ ဆက်ဆံရေးကို ထိန်းထားနိုင်သလို ဘယ်ဘက်ရဲ့သြဇာအောက်ကိုမှ မဝင်ဘဲ ကိုယ့်အကျိုးစီးပွားကိုယ် ထိန်းထားနိုင်တဲ့နိုင်ငံအဖြစ် ပုံဖော်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အတွေးအခေါ်ပိုင်းမဟာမိတ်ဖွဲ့တာထက် လိုက်လျောညီထွေရှိမှုကိုပိုနှစ်သက်ပါတယ်။ လက်တွေ့မှာတော့ ဒါဟာ အမေရိကန်နဲ့ ကုန်သွယ်ရေး၊ နည်းပညာနဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုတွေမှာ ဆက်သွယ်မှုတွေကိုဖွင့်ထားသလို ရုရှားနဲ့လည်း စွမ်းအင်၊ သံတမန်ရေးနဲ့ ပထဝီနိုင်ငံရေးညှိနှိုင်းမှုတွေမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားတာကို ဆိုလိုပါတယ်။
ဒီအချက်တွေက တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာကြီးကို မတူညီတဲ့ နိုင်ငံရေးစနစ်တွေကြား ဖြစ်ပွားလျက်ရှိတဲ့တိုက်ပွဲတစ်ခုလို့မမြင်ဘဲ အင်အားကြီးနိုင်ငံတွေ အပြိုင်အဆိုင်ညှိနှိုင်းပြီး ကိုယ့်အကျိုးစီးပွားကို ပြန်လည်တွက်ချက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ် မြင်နေတယ်ဆိုတာ ဖော်ပြနေပါတယ်။ အမေရိကန်အမြင်ကတော့ တရုတ်-ရုရှားဆက်ဆံရေးဟာ အရေးကြီးဆုံး မဟာဗျူဟာစိန်ခေါ်မှုတွေထဲက တစ်ခုအဖြစ် ဆက်ရှိနေပါတယ်။ အမေရိကန်မူဝါဒချမှတ်သူတွေဟာ နှစ်ပေါင်းများစွာကြာ တရုတ်နဲ့ ရုရှား ပိုမိုနီးကပ်လာတာကို တားဆီးဖို့ ကြိုးစားခဲ့ကြပေမယ့် ယခုခရီးစဉ်တွေကတော့ အဲဒီကြိုးပမ်းမှုတွေဟာ မျှော်လင့်ထားသလိုမျိုးမအောင်မြင်ခဲ့ဘူးဆိုတာ ပြသနေပါတယ်။
တစ်ဖက်မှာ ထရမ့်ရဲ့ တရုတ်ခရီးစဉ်ကိုကြည့်ရင်လည်း အမေရိကန်ဟာ တရုတ်နဲ့ တိုက်ရိုက်ဆက်ဆံရေးကို အရေးပါနေဆဲအဖြစ် လက်ခံထားတယ်ဆိုတာ ပြသနေပါတယ်။ ဒီအခြေအနေကို နိုင်ငံရေးအရ ဘယ်လိုပင် အဓိပ္ပာယ်ဖော်ဖော် အမေရိကန်အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို လုံးဝဖြတ်တောက်ဖို့ မစဉ်းစားသေးဘူးဆိုတာ ထင်ရှားပါတယ်။ ရုရှားအတွက်တော့ ဒီခရီးစဉ်ဟာ တခြားအဓိပ္ပာယ်တစ်ခုရှိပါတယ်။ ပူတင်ဟာ အင်အားပြည့်ဝတဲ့အခြေအနေကနေ တရုတ်ကိုသွားတာမဟုတ်ဘဲ မဖြစ်မနေလိုအပ်မှုကြောင့် သွားရတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ နိုင်ငံရေးအထီးကျန်မှုနဲ့ ယူကရိန်းပဋိပက္ခရဲ့ ကုန်ကျစရိတ်တွေကြောင့် ရုရှားရဲ့ ရွေးချယ်စရာတွေ ကျဉ်းမြောင်းလာခဲ့ပြီး တရုတ်ဟာ ရုရှားနိုင်ငံက လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့ မိတ်ဖက်နိုင်ငံဖြစ်လာနေပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံသည်လည်း တရုတ်အတွက် အရေးပါတဲ့ နိုင်ငံတစ်ခုပါပဲ။ ပထဝီဝင်အနေအထားအရ အိမ်နီးချင်းနိုင်ငံကြီးဖြစ်သလို တရုတ်နိုင်ငံကလိုအပ်နေတဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံတွေကို တန်ပြန်ထိန်းညှိပေးနိုင်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်တစ်ခုလည်း ဖြစ်နေပါတယ်။ ဒီအချက်တွေကြောင့် တရုတ်-ရုရှားဆက်ဆံရေးဟာ တည်ငြိမ်ပြီး ရေရှည်ခံနိုင်ရည်ရှိတဲ့ ပုံစံတစ်ခုဖြစ်လာနေပါတယ်။ နှစ်နိုင်ငံစလုံးက တစ်ဖက်ဆီက ဘာလိုအပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားကြတာကြောင့်ပါ။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာက တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့ရဲ့ သုံးမြှောင့်ဆက်ဆံရေးပုံစံပါပဲ။ ဒီနိုင်ငံသုံးနိုင်ငံဟာတစ်နိုင်ငံရဲ့ လုပ်ဆောင်ချက်က ကျန်နှစ်နိုင်ငံအပေါ် သက်ရောက်မှုရှိနေတဲ့ အခြေအနေထဲမှာရောက်ရှိနေပါတယ်။ ဆက်ဆံရေးတွေ တိုက်ရိုက်မဆက်စပ်သေးရင်တောင် တစ်နိုင်ငံရဲ့လှုပ်ရှားမှုက တခြားနှစ်နိုင်ငံအပေါ်ကို အကျိုးသက်ရောက်စေပါတယ်။
ဒါကြောင့် ရုရှားသမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ ဓာတ်ပုံရိုက်ပွဲအဆင့်သာမဟုတ်ဘဲ တရုတ်နိုင်ငံက ပြိုင်ဆိုင်နေတဲ့ မဟာဗျူဟာမြောက် အခြေအနေတွေကို တစ်ချိန်တည်းမှာပဲ ကိုင်တွယ်နိုင်စွမ်းရှိတယ်ဆိုတာ ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒီလို နှစ်ဖက်လှည့်သံတမန်ရေးဟာ တရုတ်နိုင်ငံရဲ့အင်အားကို ဖော်ပြနေတာလည်းဖြစ်ပါတယ်။ တရုတ်အနေနဲ့ ကမ္ဘာ့သြဇာလွှမ်းမိုးမှုကို ဆုံးဖြတ်မယ့်အရာဟာ အသံကျယ်ကျယ်နဲ့ပြောတဲ့ ကြေညာချက်တွေမဟုတ်ဘူးဆိုတာ နားလည်ထားပါတယ်။ နိုင်ငံအများအပြားအတွက် အချိန်ကြာကြာမဖြစ်မနေလိုအပ်တဲ့နိုင်ငံအဖြစ် ရပ်တည်နိုင်သူကသာ အနိုင်ရမယ်ဆိုတာကို တရုတ်က သဘောပေါက်ထားတာဖြစ်ပါတယ်။
အခုအခြေအနေက အရေးကြီးတဲ့ သတင်းစကားတွေကိုလည်း ပေးနေပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ရုရှားကို ဖိအားပေးမှုနဲ့သာ ခွဲထုတ်နိုင်လိမ့်မယ်ဆိုတဲ့ အယူအဆဟာ လက်တွေ့မကျတော့ဘူးဆိုတာ ပိုပြီးထင်ရှားလာပါတယ်။ ဒီအခြေအနေမှာ အမေရိကန်နိုင်ငံအနေနဲ့ တချို့ကိစ္စတွေမှာ တရုတ်နိုင်ငံအပေါ် သြဇာသက်ရောက်နိုင်သေးပေမယ့် ပိုကြီးမားတဲ့ မဟာဗျူဟာမြောက်ပြောင်းလဲမှုကို ဖြစ်စေမယ်လို့ယုံကြည်လို့ မရတော့ပါဘူး။ ယနေ့ကမ္ဘာကြီးဟာ တဖြည်းဖြည်း ပိုမိုပြောင်းလဲလွယ်တဲ့ နိုင်ငံရေးစနစ် တစ်ခုဆီကိုရွေ့လျားလာနေပါတယ်။ နိုင်ငံတွေဟာ တစ်ဖက်တည်းကို အပြီးအပိုင်ရွေးချယ်တာထက် ရွေးချယ်စရာ အများအပြားကို ထိန်းထားချင်လာကြပါတယ်။ ဒါဟာ ပူးပေါင်းဆောင်ရွက်မှုက ပြိုင်ဆိုင်မှုနေရာကို အစားထိုးသွားမယ်လို့ မဆိုလိုပါဘူး။
ပြိုင်ဆိုင်မှုကိုယ်တိုင်က ပိုမိုရှုပ်ထွေးလာနေတယ်ဆိုတာကို ဆိုလိုတာပါ။တရုတ်နိုင်ငံအတွက်တော့ ဒီအခြေအနေက သူ့ရဲ့ အဓိကအားသာချက်တစ်ခုဖြစ်တဲ့ “မဟာဗျူဟာမြောက်ရွေးချယ်စရာများစွာရှိမှု” ကို ပိုမိုခိုင်မာစေပါတယ်။ တရုတ်ဟာ ရုရှားနဲ့ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် လုပ်နိုင်သလို အမေရိကန်နဲ့လည်း ဆက်ဆံရေးမဖြတ်ဘဲ ထိန်းထားနိုင်ပါတယ်။ ထရမ့်နဲ့ နိုင်ငံရေးအရဆက်ဆံနိုင်သလို ပူတင်နဲ့လည်း ဆက်လက်ပူးပေါင်းနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ တရုတ်နိုင်ငံဟာ နိုင်ငံတစ်ခုခုရဲ့ သူ့ဘက်ကိုယ့်ဘက်ဆိုတဲ့နှစ်ဖက်ခွဲအတွေးအခေါ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်မပိတ်မိအောင် ထိန်းထားနိုင်တဲ့ တစ်ခုတည်းသောအင်အားကြီးနိုင်ငံအဖြစ် ကိုယ့်ကိုယ်ကိုယ်ပုံဖော်နေပါတယ်။
ပူတင်ရဲ့ တရုတ်ခရီးစဉ်က ပေးတဲ့ ပိုနက်ရှိုင်းတဲ့ သတင်းစကားကတော့ ယနေ့ကမ္ဘာ့အင်အားကြီးနိုင်ငံရေးဟာ မူဝါဒတစ်ခုတည်း အကြောင်းမဟုတ်တော့ဘဲ နေရာယူနိုင်မှုအကြောင်း ပိုဖြစ်လာတယ်ဆိုတာပါပဲ။ အရင်ခေတ်တွေမှာ စစ်မဟာမိတ်တွေ၊ သစ္စာခံကြေညာချက်တွေကို အင်အားအဖြစ်တိုင်းတာခဲ့ကြပေမယ့် ယနေ့ခေတ်မှာတော့ ပြိုင်ဆိုင်နေတဲ့ အကျိုးစီးပွားတွေကိုချိန်ညှိနိုင်ပြီး ကိုယ့်မဟာဗျူဟာအတိုင်းထိန်းချုပ်မှုကိုမပျောက်စေဘဲ ဆက်လက်ထိန်းထားနိုင်သူကသာ အင်အားကြီးနိုင်ငံအဖြစ် သတ်မှတ်ခံလာနေရပါတယ်။
ဒါကြောင့်ပြောရမယ်ဆိုရင် ထရမ့်နဲ့ပူတင်နှစ်ဦးစလုံးကို အချိန်တိုအတွင်း လက်ခံတွေ့ဆုံနိုင်ခြင်းအားဖြင့် တရုတ်နိုင်ငံက ယဉ်ကျေးမှုအရ ကြိုဆိုတာထက် ပိုတဲ့အရာတစ်ခုကို ပြသခဲ့ပါတယ်။ အမေရိကန်နဲ့ ဆက်ဆံနိုင်ပေမယ့် အမေရိကန်ရဲ့ ဖိအားအောက်ကိုမဝင်ဘူး။ ရုရှားနဲ့ပူးပေါင်းနိုင်ပေမယ့် ရုရှားရဲ့အကျိုးစီးပွားထဲမှာ ပိတ်မိမသွားဘူးဆိုတဲ့ ယုံကြည်မှုကိုပြသခဲ့တာပါ။ ဒီလိုအခြေအနေတွေကြောင့်ပဲ ယနေ့ကမ္ဘာ့နိုင်ငံရေးရဲ့ အလေးချိန်ဗဟိုချက်ဟာ ကမ္ဘာ့အရှေ့ခြမ်းဆီသို့ တဖြည်းဖြည်းရွေ့လျားလာနေပြီဆိုတဲ့ အချက်ကို ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရပါတယ်။ ရှီကျင့်ဖျင်က ထရမ့်နဲ့ ပူတင်ကို လက်ခံတွေ့ဆုံခဲ့တာထက် ပိုအရေးကြီးတာက တရုတ်နိုင်ငံဟာ ဒီခရီးစဉ်နှစ်ခုလုံးကို တစ်ခုတည်းသော သံတမန်ရေးပြဇာတ်ကြီးရဲ့ အစိတ်အပိုင်းအဖြစ်အသုံးချနိုင်ခဲ့တာကြောင့်အခုဆိုရင် ကမ္ဘာ့နိုင်ငံရေးအင်အားချိန်ခွင်လျှာက အနောက်ဘက်ဆီမှ အရှေ့ဘက်ဆီသို့ ရွေ့လျားလာနေပြီဆိုတာကို ကောင်းစွာပြသနေပြီပဲဖြစ်ပါတယ်။
MWD
၂၀၂၆ ခုနှစ်တွင် El Nino (အယ်လ်နီညို) ဖြစ်ပေါ်လာနိုင်ခြေမြင့်မားနေကြောင်း ကမ္ဘာ့ရာသီဥတုခန့်မှန်းရေးအဖွဲ့များက ခန့်မှန်းနေကြပါသည်။ အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိပင်လယ်ရေ မျက်နှာပြင်အပူချိန်ပုံမှန်ထက် ပိုမိုပူနွေးလာခြင်းဖြစ်ပါသည်။ ထိုအပူတိုးလာမှုကြောင့် ကမ္ဘာတစ်ဝန်းရာသီဥတုပုံစံများ ပြောင်းလဲသွားပါသည်။ အယ်လ်နီညိုဖြစ်လာသောအခါ တချို့နိုင်ငံများတွင် မိုးခေါင်ခြင်း၊ တချို့ဒေသများတွင် ရေကြီးခြင်း၊ အပူလှိုင်းများဖြစ်ခြင်း၊ စိုက်ပျိုးရေးထိခိုက်ခြင်း၊ မြေဆီလွှာအတွင်း ရေအရင်းအမြစ်လျော့နည်းလာနိုင်ခြင်း၊ အပင်ဖျက်ပိုးမွှားနှင့် ရောဂါများတိုးပွားလာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။
၂၀၂၆–၂၀၂၇ ခုနှစ်တွင် ဖြစ်နိုင်သော အယ်လ်နီညိုအကျိုးသက်ရောက်မှုများ
(က) အပူချိန်မြင့်တက်လာခြင်း
ဒေသအများစုတွင် နွေရာသီပိုပူလာခြင်း၊ စိုက်ပျိုးသီးနှံများ အပူဒဏ်ခံရခြင်း၊ တိရစ္ဆာန်များအပူဖိအား၊ ပြင်းအားပိုမိုခံရနိုင်ခြင်း၊ မြေဆီလွှာရေငွေ့ပြန်မှုမြင့်တက်လာနိုင်ခြင်း၊ ပင်ငွေ့ရေငွေ့ပြန်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ၂၀၂၆ သို့မဟုတ် ၂၀၂၇ သည် သမိုင်းတစ်လျှောက်အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပါသည်။
(ခ) မိုးခေါင်ရေရှားမှု
အယ်လ်နီညိုဖြစ်သောအခါ အများအားဖြင့် အရှေ့တောင်အာရှ၊ သြစတြေးလျ၊ အိန္ဒိယအချို့ဒေသ၊ အာဖရိကတောင်ပိုင်းတို့တွင် မိုးရွာသွန်းမှုလျော့နည်းနိုင်ပါသည်။ ထို့ကြောင့် သီးနှံအထွက် လျော့နည်းနိုင်ခြင်း၊ ရေရှားပါးနိုင်ခြင်း၊ သဘာဝမြက်ခင်းပြင်များ ပျက်စီးနိုင်ခြင်း၊ သိုလှောင်ရေနည်း၍ ရေအားလျှပ်စစ်ထုတ်လုပ်မှုထိခိုက်နိုင်ခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။
(ဂ) ရေကြီးခြင်းနှင့်မြေပြိုခြင်း
တချို့ဒေသများတွင် မိုးအလွန်အကျွံရွာနိုင်ပြီး ရေကြီးခြင်း၊ မြေပြိုခြင်း၊ မြေဆီလွှာပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။
(ဃ) စိုက်ပျိုးရေးအပေါ် သက်ရောက်နိုင်မှု
အယ်လ်နီညိုကြောင့် မြေဆီလွှာအစိုဓာတ်လျော့နည်းလာနိုင်ခြင်း၊ ရေသွင်းစိုက်ပျိုးရေးစနစ် ခက်ခဲလာနိုင်ခြင်း၊ မျိုးစေ့အပင်ပေါက်နှုန်းကျဆင်းလာနိုင်ခြင်း၊ ပန်းပွင့်နှင့် အသီး၊ အစေ့များပြားမှု ထိခိုက်လာနိုင်ခြင်း၊ သီးနှံအရည်အသွေးကျဆင်းလာနိုင်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။ အပူချိန်မြင့်လာမှုကြောင့် ပိုးမွှားများပိုများလာနိုင်ခြင်း၊ မိုးမမှန်မှုကြောင့် အပင်မှိုရောဂါများ ပိုဖြစ်လာနိုင်ခြင်း၊ နို့စားနွားများနို့ထွက်နှုန်းနှင့် မွေးဖွားနှုန်း ကျဆင်းလာနိုင်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။
စိုက်ပျိုးရေးအတွက် အရေးကြီးသော ကြိုတင်ပြင်ဆင်မှုများ
၁။ ရေစီမံခန့်ခွဲမှု
ရေကိုချွေတာ၍ သိုလှောင်ထားခြင်း၊ ရေသွင်းမြောင်းများပြုပြင်ထားခြင်း၊ အစက်ချရေသွင်းစနစ်ကဲ့သို့ ရေချွေတာနည်းများအသုံးပြုခြင်း၊ လယ်ကန်သင်းများ တည်ဆောက်ထားခြင်း၊ ရွာသွန်းသော မိုးရေစုဆောင်းထားခြင်း။
၂။ သီးနှံရွေးချယ်ခြင်း
ရွေးချယ်သင့်သော သီးနှံများမှာ မိုးခေါင်ဒဏ်ခံနိုင်သောမျိုးများ၊ သက်တမ်းတိုမျိုးများ၊ အပူဒဏ်ခံ နိုင်သောမျိုးများ စသည်တို့ဖြစ်ပါသည်။ ရှောင်ရှားသင့်သော သီးနှံများမှာ ရေလိုအပ်ချက် အလွန်များသော သီးနှံများဖြစ်ပါသည်။
၃။ စိုက်ချိန်ပြောင်းလဲခြင်း
မိုးမခေါင်မီ ပထမမိုးနှင့် စောစီးစွာစိုက်ပျိုးထားခြင်း (နောက်မိုးလိုက်မလာက ဘာဆက်လုပ်မလဲ စသည့် စွန့်စားရမှုတော့ရှိပါသည်)၊ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ လူမှုမီဒီယာများထံမှ ရာသီဥတုခန့်မှန်းချက်များကို အမြဲစောင့်ကြည့်နေခြင်းတို့ဖြစ်ပါသည်။
၄။ မြေဆီလွှာထိန်းသိမ်းခြင်း
မြေဖုံးခြင်းနှင့် ယင်းပစ္စည်းများအသုံးပြုခြင်း၊ မြေဖုံးသီးနှံများစိုက်ပျိုးခြင်း၊ မြေဆီလွှာတိုက်စားမှု သက်သာစေသော ထွန်ယက်စနစ်၊ မထွန်ယက်ဘဲစိုက်ပျိုးခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ထည့်သွင်းခြင်းတို့က မြေတွင်းအစိုဓာတ်ကို ထိန်းထားပေးနိုင်ပါသည်။
၅။ မွေးမြူရေးအတွက် ပြင်ဆင်မှု
အစာခြောက်များ ကြိုတင်သိုလှောင်ထားခြင်း၊ အရိပ်နှင့်အေးမြသောနေရာများ စီစဉ်ထားခြင်း၊ သောက်ရေစနစ် သေချာစွာပြင်ဆင်ထားခြင်း တို့ပြုလုပ်ပေးပါ။
၆။ ပိုးမွှားနှင့် ရောဂါစောင့်ကြည့်ခြင်း
အပူချိန်မြင့်လာသောအခါ သီးနှံပင်များတွင် ငမြှောင်တောင် (Armyworm)၊ ပျ (Aphid)၊ ယင်ဖြူ (Whitefly) ကဲ့သို့ ပိုးမွှားများ ပိုများလာနိုင်ပါသည်။ ထို့ကြောင့် ဖျက်ပိုးများကျရောက်မှုကြိုတင်ခန့်မှန်း နည်းစနစ်များ (Early Warning System Forecast) များ အလွန်အရေးကြီးလာပါသည်။
စာရေးသူ၏အတွေး
အယ်လ်နီညို၊ ရာသီဥတုပြောင်းလဲမှုဆိုသည် ပါဝင်သော မိုးလေဝသပညာ (Meteorology) ၊ ရာသီဥတုပညာ (Climatology) စသည်တို့မှာကမ္ဘာ့နိုင်ငံများအားလုံး စိုက်ပျိုး၊ မွေးမြူရေးသာမက ကုန်း၊ ရေ၊ လေ၊ ပင်လယ်ပြင်ပါမကျန် ခရီးသွားလာမှု၊ ဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ အားလုံးနှင့်သက်ဆိုင်သော၊ အရေးကြီးသော ပညာရပ်ကြီးဖြစ်နေ၍ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ ကျောင်းများတွင် ခေတ်နှင့်အညီ လေ့လာ၊ သင်ယူ၊ သုတေသနပြုလုပ်ရမည့် ဘာသာရပ်ကြီးဖြစ်နေပါသည်။
ထိုဘာသာရပ်ကြီးအောက်မှာမှ စိုက်ပျိုးရေးမိုးလေဝသပညာ (Agrometeorology) ကို နိုင်ငံတိုင်းတွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်ကြား၊ သင်ယူ၊ သုတေသနပြုပညာရပ်များ ဖြန့်ဝေပေးလျက်ရှိနေပါသည်။
စံနမူနာတစ်ခုအနေဖြင့် စင်ကာပူနိုင်ငံသည် တက္ကသိုလ်၊ ကောလိပ်၊ ပိုလီနည်းပညာ ကျောင်းများရှိ သင်ရိုးညွှန်းတမ်းများကို နှစ်စဉ်မဟုတ်တောင်မှ ၂-၃ နှစ်တစ်ကြိမ် သူတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ပြောင်းလဲလာသော နည်းပညာအသစ်များကို လွတ်လပ်စွာ၊ လွယ်ကူစွာပြောင်းလဲ၊ သင်ကြားသုတေသနပြုလျက်ရှိနေပါသည်၊
ယခုကြားသိရသည့် သတင်းအရ ၂၀၂၇ ခုနှစ်မှစတင်၍ အဆင့်မြင့်ပညာသင်တက္ကသိုလ်၊ ကောလိပ်များအားလုံး ဉာဏ်ရည်တုနည်းပညာ (AI – Artificial Intelligence) ဘာသာရပ်ကို သင်ကြား၊ သင်ယူ၊ သုတေသနပြုရမည်ဟူ၍ ကြိုတင်ကြေညာထားပါသည်။ တစ်နည်းအားဖြင့် အဆင့်မြင့်ပညာကို သင်ကြား၊ သင်ယူရင်းဘွဲ့လွန်(မဟာသိပ္ပံ၊ ပါရဂူ) သုတေသနများ (MSc/ PhD Postgraduate Research)ပါ တွဲလုပ်ပြီးဖြစ်နေပါသည်။
စင်ကာပူတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ၂၀၂၇ ခုနှစ်တွင် ဉာဏ်ရည်တုပညာ လေ့လာ၊ သင်ယူရမည့်ကြေညာချက်
စိုက်ပျိုးရေးအတွက် အချို့နည်းပညာအသစ်များ ဥပမာ - ရေကိုချွေတာပြီး မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောမျိုးများ အပင်မျိုးမွေးမြူထုတ်လုပ်ပြီး တောင်သူစိုက်ကွင်းများတွင် လက်တွေ့စမ်းသပ်ဖြန့်ဝေပေးခြင်း (စိုက်ပျိုးရေးတက္ကသိုလ်၊ သုတေသနဌာနများတွင် လက်တွေ့ဘွဲ့လွန်သုတေသနများ လုပ်နေသည်ထင်ပါသည်)၊ ခေတ်မီရေသွင်းနည်း စနစ်များဖြစ်သည့် ရေပန်းစနစ်ရေပေးနည်း၊ အစက်ချစနစ်ဖြင့် ရေပေးနည်းများ မြန်မာနိုင်ငံတွင် စိုက်ပျိုးလျက်ရှိသော အရေးကြီးသီးနှံများကို စိုက်ပျိုးရေးနှင့် အင်ဂျင်နီယာဘာသာရပ်များ သင်ကြား၊ သုတေသနပြုပေးနေသောတက္ကသိုလ်၊ သုတေသနဌာနများတွင် ကြိုတင်စမ်းသပ်သုတေသန စတင်ပြုလုပ်လျှင် ကောင်းမလားဟူ၍ အတွေးဝင်နေမိပါသည်။
ဩစတြေးလျနိုင်ငံ၏ ပြည်နယ်တိုင်းတွင် ဘာသာရပ်စုံသင်ကြားနေသောနာမည်ကြီး ကမ္ဘာကျော် တက္ကသိုလ်များတွင် စိုက်ပျိုးရေးပညာ၊ အင်ဂျင်နီယာပညာများက တက္ကသိုလ်တစ်ကျောင်းတည်းတွင် တည်ရှိနေခြင်း၊ ခရက်ဒစ်ယူနစ်စနစ် (Credit-Unit System) ဖြင့် စိတ်ဝင်စားရာဘာသာရပ်ပေါင်းစုံလေ့လာ၊ ဘွဲ့ရရှိရန်အတွက် ကြိုက်ရာဘာသာတွဲဖက်သင်ယူ (Cross-enrollment)၊ သုတေသနပြုနိုင်ခြင်း၊ ကြီးကြပ်ဆရာများကလည်း တွဲဖက်ကြီးကြပ်နိုင်ခြင်း စသည့်အားသာချက်များစွာရှိပါသည်၊ အလားတူ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင် စသည့် နိုင်ငံများရှိ တက္ကသိုလ်များတွင်လည်း ထိုကဲ့သို့ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တက္ကသိုလ်ကျောင်းတစ်ကျောင်းတွင် ဥပမာ - မြစ်ကြီးနား၊ တောင်ကြီး၊ လွိုင်ကော်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ စစ်တွေ၊ ဟားခါး၊ မုံရွာ၊ မကွေး၊ ပုသိမ်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန် စသည်တို့ရှိ တက္ကသိုလ်တစ်ကျောင်းတည်း စိုက်ပျိုးမွေးမြူရေး ကောလိပ်/အဆင့်မြင့်ကျောင်းနှင့် မဟာဌာနအဆင့်- အင်ဂျင်နီယာမဟာဌာနများ (ကျောင်းသား ကျောင်းသူ ၃၀ ခန့် လက်တွေ့တစ်ခန်းစာ၊ လေ့လာရေးသွားလျှင် ကားတစ်စီးစာ) စိုက်ပျိုးရေး၊ အင်ဂျင်နီယာပညာများ တွဲဖက်သင်ကြား၊ သုတေသနပြုခွင့်ရပါက ထိုဒေသရှိ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီနေသော သီးနှံများ၊ ရေသွင်းနည်းစနစ်များ၊ စက်ဖြင့် ထွန်ယက်၊ စိုက်ပျိုးရိတ်သိမ်း၊ ခြွေလှေ့နည်းများပါမကျန် လက်တွေ့စိုက်ပျိုးနေသော တောင်သူ၊ လယ်သမား၊ ယာသမားဦးကြီးများအတွက် တိုက်ရိုက် အထောက်အကူများ ဖြစ်လာမည်လားဟူ၍ ထပ်မံတွေးတောနေမိပါသည်။ ။
moi

လူသားတို့၏ လူနေမှုစနစ်သည် ကျေးလက်မှသည် မြို့ပြသို့ တဖြည်းဖြည်း ကူးပြောင်းလာခဲ့ကြရာ ယနေ့ကမ္ဘာတွင် မြို့ပြများသည် နိုင်ငံတစ်ခု၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဗဟိုချက်များ ဖြစ်လာခဲ့သည်။ မြို့ပြတစ်ခု၏ ဂုဏ်သိက္ခာကို တိုင်းတာရာတွင် ခန့်ညားထည်ဝါသော အဆောက်အအုံများ၊ ကျယ်ပြောသော လမ်းမကြီးများဖြင့်သာမက ထိုမြို့ပြ၏ သန့်ရှင်းသပ်ရပ်မှု၊ လတ်ဆတ်သောလေထုနှင့် စနစ်ကျသော အမှိုက်သိမ်းဆည်းမှုစနစ်တို့အပေါ်တွင်လည်း များစွာမူတည်နေပါသည်။ “မြို့သာယာမှ လူကျန်းမာမည်” ဆိုသည့်အတိုင်း မြို့ပြအလှနှင့် မြို့ပြရနံ့ကို ထိန်းသိမ်းခြင်းသည် မြို့နေပြည်သူတို့၏ လူနေမှုအဆင့်အတန်းကို ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။
မြို့ပြအလှဆိုသည်မှာ ပန်းခြံများ၊ လမ်းဘေးဝဲယာရှိ သစ်ပင်ပန်းမန်များ သာယာလှပနေရုံမျှမကဘဲ မြို့ပြ၏အင်္ဂါရပ်များကို အမှိုက်သရိုက်များက ဖုံးလွှမ်းမနေစေရန် တားဆီးခြင်းလည်းဖြစ်ပါသည်။ စနစ်မဲ့စွန့်ပစ်ထားသော အမှိုက်များသည် မြို့ပြ၏အလှအပကို ဖျက်ဆီးရုံသာမက လမ်းသွားလမ်းလာ ပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် လမ်းမကြီးများပေါ်တွင် အမှိုက်များကင်းစင်နေစေရန် နေ့စဉ်လှည်းကျင်းခြင်း၊ ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသောအမှိုက်များကို ဖယ်ရှားခြင်းတို့ဖြင့် မြို့ပြ၏ ရုပ်ပိုင်းဆိုင်ရာအလှအပကို ထိန်းသိမ်းပေးနေရပါသည်။
ရနံ့ကောင်းသောမြို့ပြ
မြို့ပြရနံ့ဆိုသည်မှာ မြို့ပြအတွင်းရှိ လေထုအရည်အသွေးကို ဆိုလိုခြင်းဖြစ်ပါသည်။ အမှိုက်များ အချိန်မီမသိမ်းဆည်းနိုင်ခြင်း၊ ပုပ်သိုးအမှိုက်များ လမ်းဘေးတွင်ပုံနေခြင်းတို့သည် အနံ့ဆိုးများကိုဖြစ်ပေါ်စေပြီး မြို့ပြ၏ဂုဏ်သိက္ခာကို ကျဆင်းစေပါသည်။ ထိုအနံ့ဆိုးများက စိတ်ပိုင်းဆိုင်ရာ မကြည်လင်မှုကို ဖြစ်စေရုံသာမက ရောဂါပိုးမွှားများပြန့်ပွားရာ အရင်းအမြစ်လည်းဖြစ်လာပါသည်။ ထို့ကြောင့် “ရနံ့ကောင်းသောမြို့ပြ” တစ်ခုဖြစ်ရန်အတွက် အမှိုက်များကိုစုပုံမထားဘဲ အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားနိုင်သည့်စနစ်တစ်ခုသည် မရှိမဖြစ်လိုအပ်ပါသည်။
ယနေ့ခေတ်တွင် လူဦးရေထူထပ်လာမှုနှင့်အတူ အမှိုက်ထွက်ရှိမှုပမာဏသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်မားလာပါသည်။ ပလတ်စတစ်သုံးစွဲမှု များပြားလာခြင်း၊ အမှိုက်ခွဲခြားစွန့်ပစ်မှုအားနည်းခြင်းနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းတို့သည် အဓိကစိန်ခေါ်မှုများဖြစ်ပါသည်။ အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းများ၊ ဈေးများနှင့် လူစည်ကားရာနေရာများတွင် ထွက်ရှိသောအမှိုက်များကို စနစ်တကျမစီမံနိုင်ပါက မြို့ပြ၏ ရေစီးရေလာစနစ်ကိုပါ ထိခိုက်စေပြီး မိုးရာသီတွင် ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
အမှိုက်ကင်းစင်သော မြို့ပြတစ်ခုဖြစ်ရန် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် အမှိုက်ကိုစနစ်တကျထုပ်ပိုး၍ သတ်မှတ်ချိန်၊ သတ်မှတ်နေရာတွင် စွန့်ပစ်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့များက ခေါင်းလောင်းတီးစနစ် သို့မဟုတ် အမှိုက်ပုံးစနစ်ဖြင့် အချိန်မီသိမ်းဆည်းခြင်းနှင့် သိမ်းဆည်းရမိသော အမှိုက်များကို သတ်မှတ်ထားသော အမှိုက်ကန်ကြီးများသို့ပို့ဆောင်၍ မြေမြှုပ်ခြင်း သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းတို့ကို ပတ်ဝန်းကျင်မထိခိုက်အောင် ဆောင်ရွက်ရပါသည်။
ဒေသတွင်းနိုင်ငံများ၏ မြို့ပြသန့်ရှင်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှုဖြစ်ရပ်များကို လေ့လာရာတွင် ဗန်ကောက်စည်ပင် (BMA) သည် အမှိုက်သိမ်းယာဉ်များတွင် GPS စနစ် တပ်ဆင်ရုံတင်မကဘဲ အမှိုက်ပုံကြီးများတွင် Sensors များတပ်ဆင်ကာ အမှိုက်ပြည့်/မပြည့်ကို စောင့်ကြည့်ပြီး ပြည်သူများအတွက် "BKK Connect" Mobile App ကို အသုံးပြုစေပြီး မိမိတို့ရပ်ကွက်အတွင်း အမှိုက်မသိမ်းရသေးပါက ဓာတ်ပုံရိုက်၍ တိုင်ကြားနိုင်သည့်စနစ်ကို ကျင့်သုံးပါသည်။ ထိုသို့နည်းပညာကို အသုံးပြု၍ ပြည်သူနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းကြား တိုက်ရိုက်ထိတွေ့မှု ဖန်တီးခြင်းသည် မြို့ပြသန့်ရှင်းရေးကို ပိုမိုမြန်ဆန်စေကြောင်း တွေ့ရှိရပါသည်။
မျိုးဆက်သစ်လူငယ်များ၏ အလေ့အထကို ပြောင်းလဲပေးခြင်း
ဗီယက်နမ်နိုင်ငံ၏ အသန့်ရှင်းဆုံးမြို့ဟု တင်စားရသော ဒါနန်း (Da Nang) မြို့သည် အမှိုက်ကင်းစင်ရေးတွင် ပြည်သူ့အားကို ထိရောက်စွာအသုံးချပါသည်။ ဒါနန်းမြို့သည် "Environmental City" မူဝါဒကိုချမှတ်ကာ အိမ်ထောင်စုတိုင်းကို အမှိုက်ခွဲခြားစွန့်ပစ်ရန် တင်းကျပ်သောစည်းကမ်းများ ထုတ်ပြန်ထားပါသည်။ ထူးခြားချက်မှာ ကျောင်းနေကလေးငယ်များကို “အမှိုက်မှငွေဖော်ခြင်း” အစီအစဉ်များဖြင့် ငယ်စဉ်ကတည်းက အမှိုက်ခွဲခြားတတ်အောင် လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။ အိမ်တွင်းထွက် ပုပ်သိုးအမှိုက်များကို သဘာဝမြေသြဇာပြုလုပ်ရန် စည်ပင်က နည်းပညာနှင့်ကိရိယာများ ထောက်ပံ့ပေးပါသည်။ ထို့ကြောင့် မြို့ပြအလှကိုထိန်းသိမ်းရာတွင် အုပ်ချုပ်ရေးအဖွဲ့၏ စီမံခန့်ခွဲမှုသာမက မျိုးဆက်သစ်လူငယ်များ၏ အလေ့အထကိုပြောင်းလဲပေးခြင်းက ရေရှည်တည်တံ့သော အောင်မြင်မှုကိုရရှိစေပါသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာဖြစ်သည့် ရှန်ဟိုင်းမြို့သည် ၂၀၁၉ ခုနှစ်မှစ၍ ကမ္ဘာ့အဆင့်မီ တင်းကျပ်သော အမှိုက်စီမံခန့်ခွဲမှုစနစ်ကို စတင်ခဲ့ပါသည်။ အမှိုက်ကို အမျိုးအစားလေးမျိုး မီးဖိုချောင်အမှိုက်၊ အကြွင်းကျန်အမှိုက်၊ ပြန်လည်အသုံးပြုနိုင်သောအမှိုက်နှင့် အန္တရာယ်ရှိအမှိုက်ဟူ၍ မဖြစ်မနေခွဲခြားရပါသည်။ အကယ်၍ စနစ်တကျမခွဲခြားဘဲစွန့်ပစ်ပါက လူပုဂ္ဂိုလ်ဖြစ်စေ၊ ကုမ္ပဏီဖြစ်စေ ကြီးလေးသော ဒဏ်ငွေများချမှတ်ပါသည်။ ထို့ပြင် AI နည်းပညာသုံးကင်မရာများကိုအသုံးပြု၍ စည်းကမ်းမဲ့အမှိုက်ပစ်သူများကို စောင့်ကြည့်အရေးယူပါသည်။ ထို့ကြောင့် မြို့ပြတစ်ခု အမှိုက်ကင်းစင်ရန်အတွက် ပညာပေးရုံတင်မကဘဲ ထိရောက်ပြီး တင်းကျပ်သော ဥပဒေစိုးမိုးမှုသည်လည်း မရှိမဖြစ်လိုအပ်ကြောင်း သင်ခန်းစာရရှိစေပါသည်။
“အမှိုက်သည်ရတနာ” ဟူသော ဆောင်ပုဒ်အတိုင်း အမှိုက်အားလုံးကို စွန့်ပစ်စရာအဖြစ် မမြင်ဘဲ ပြန်လည်အသုံးချနိုင်သည့် နည်းလမ်းများကို ဖော်ဆောင်သင့်ပါသည်။ Recycle အနေဖြင့် ပလတ်စတစ်၊ စက္ကူနှင့် သံတိုသံစများကို ပြန်လည်အသုံးချခြင်း၊ Composting အနေဖြင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးခွံများကဲ့သို့ ပုပ်သိုးလွယ်သော အမှိုက်များကို သဘာဝမြေသြဇာအဖြစ် ပြောင်းလဲခြင်းတို့ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် အမှိုက်ပုံကြီးများတွင် စွန့်ပစ်ရမည့်ပမာဏကို လျှော့ချနိုင်ပြီး ပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းနိုင်မည်ဖြစ်ပါ သည်။
မြို့ပြသန့်ရှင်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှုကဏ္ဍတွင် အရှေ့ဥရောပနိုင်ငံများဖြစ်ကြသည့် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် ၎င်းတို့၏ ထူးခြားသောနည်းလမ်းများဖြင့် အောင်မြင်မှုရရှိနေသည်ကို တွေ့ရပါသည်။ သူတို့၏အတွေ့အကြုံများက ကျွန်တော်တို့မြန်မာနိုင်ငံ၏ မြို့ပြစီမံကိန်းများအတွက် များစွာအထောက်အကူပြုနိုင်ပါသည်။ ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် မြို့ပြအမှိုက်ပြဿနာကို ဖြေရှင်းရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ရုရှားနိုင်ငံသည် အမှိုက်များကို မြေမြှုပ်စွန့်ပစ်မည့်အစား ခေတ်မီအပူပေးစက်ရုံကြီးများတွင် လောင်စာအဖြစ်အသုံးပြုကာ တစ်မြို့လုံးအတွက် လိုအပ်သောအပူစွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပါသည်။ ဤစနစ်ကြောင့် မြို့ပြအနီးတစ်ဝိုက်တွင် အမှိုက်ပုံကြီးများ ဖြစ်ပေါ်လာမှုကို ထိရောက်စွာတားဆီးနိုင်ခဲ့ပါသည်။
ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ် အမှိုက်သိမ်းယာဉ်များတွင် အဆင့်မြင့်အာရုံခံကိရိယာများနှင့် ကင်မရာများတပ်ဆင်ထားပြီး ဗဟိုထိန်းချုပ်ရေးခန်းမှနေ၍ အမှိုက်သိမ်းဆည်းမှုအခြေအနေကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပါသည်။ အကယ်၍ အမှိုက်ပုံးတစ်ခုပြည့်နေသော်လည်း လာရောက်သိမ်းဆည်းခြင်းမရှိပါက တာဝန်ရှိသူကို ချက်ချင်းအရေးယူသည့်စနစ် ကျင့်သုံးပါသည်။ ထို့ကြောင့် အမှိုက်ကို ဝန်ထုပ်ဝန်ပိုးအဖြစ်မမြင်ဘဲ “စွမ်းအင်အရင်းအမြစ်” အဖြစ် ပြောင်းလဲနိုင်ခြင်းနှင့် နည်းပညာဖြင့် တိကျစွာထိန်းချုပ်ခြင်းသည် မြို့ပြအလှကို ရေရှည်တည်တံ့စေကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ဘယ်လာရုစ်နိုင်ငံသည် အမှိုက်ပြန်လည်အသုံးပြုခြင်းကဏ္ဍတွင် အလွန်စနစ်ကျသော နိုင်ငံတစ်ခုဖြစ်ပါသည်။ ဘယ်လာရုစ်တွင် အိမ်ထောင်စုတိုင်းသည် အမှိုက်ကို မခွဲခြားဘဲ စွန့်ပစ်ခွင့်မရှိပါ။ အထူးသဖြင့် ဖန်ပုလင်း၊ စက္ကူနှင့် ပလတ်စတစ်များကို သီးခြားစီခွဲထုတ်ရန်အတွက် ရပ်ကွက်တိုင်းတွင် အရောင်ခွဲထားသော အမှိုက်ပုံးများကို ထားရှိပေးပါသည်။ အစိုးရကလည်း ထိုသို့ခွဲခြားစွန့်ပစ်ခြင်းအတွက် အခွန်အခလျှော့ပေါ့ပေးခြင်း သို့မဟုတ် အကျိုးခံစားခွင့်များ ပြန်လည်ပေးအပ်ခြင်းဖြင့် ပြည်သူ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပါသည်။ သိမ်းဆည်းရမိသော ပြန်လည်အသုံးပြုနိုင်သည့် အမှိုက်များကို ပြည်တွင်းရှိ စက်ရုံများသို့ တိုက်ရိုက်ပို့ဆောင်ကာ ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးပြုပါသည်။ ဤသို့ဖြင့် သဘာဝသယံဇာတထုတ်ယူမှုကို လျှော့ချရုံသာမက အလုပ်အကိုင်အခွင့်အလမ်းသစ်များကိုပါ ဖန်တီးပေးပါသည်။ ထို့ကြောင့် အမှိုက်ကင်းစင်ရေးသည် စည်ပင်သာယာ၏တာဝန်သာမက စက်မှုလုပ်ငန်းရှင်များနှင့် ပြည်သူလူထုပါ ပါဝင်သည့် "Circular Economy" (အလေအလွင့်မရှိ သယံဇာတပတ်လမ်းစီးပွားရေး) တစ်ခုဖြစ်ရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။
အစိမ်းရောင်မြို့ပြ
ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့၏ နမူနာများအတိုင်း ကျွန်တော်တို့နိုင်ငံတွင်လည်း အမှိုက်အားလုံးကို စွန့်ပစ်စရာအဖြစ်မမြင်ဘဲ ပြန်လည်အသုံးချနိုင်သည့် နည်းလမ်းများကို ဖော်ဆောင်ရပါမည်။ ရုရှားနှင့် ဘယ်လာရုစ်တို့ကဲ့သို့သော ခေတ်မီနည်းပညာများကို လေ့လာအတုယူကာ ကျွန်တော်တို့၏ မြို့ပြအင်္ဂါရပ်များကို အဆင့်မြှင့်တင်ခြင်းဖြင့် သာယာလှပကာ အနံ့အသက်ကင်းစင်သော “အစိမ်းရောင်မြို့ပြ” (Green City) ကြီးများကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ အနံ့အသက်ကင်းစင်သော မြို့ပြဝန်းကျင်ကို ဖန်တီးပေးခြင်းဖြင့် ပြည်သူတို့၏ ကျန်းမာရေးနှင့် စိတ်ပျော်ရွှင်မှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။
အမှိုက်ကင်းစင်သော ဝန်းကျင်ဖန်တီးရေးတွင် စည်ပင်သာယာရေးအဖွဲ့များ၏ ကြိုးပမ်းမှုထက်ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုက ပိုမိုအရေးကြီးပါသည်။
“မိမိအိမ်ရှေ့၊ မိမိလမ်းသန့်ရှင်းရေး” ကို ကိုယ်စီတာဝန်ယူတတ်သည့်စိတ်ဓာတ်ရှိရန် လိုအပ်ပါသည်။ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ အမှိုက်ကို အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချခြင်းတို့သည် မြို့ပြအလှကို ထိန်းသိမ်းရာတွင် အခြေခံအကျဆုံး လုပ်ရပ်များဖြစ်ပါသည်။
ခေတ်မီလာသော ကမ္ဘာကြီးတွင် Smart Waste Management စနစ်များကို အသုံးပြုလာကြပြီဖြစ်ပါသည်။ အမှိုက်ပုံးများတွင် အာရုံခံကိရိယာများ တပ်ဆင်ခြင်း၊ GPS စနစ်ဖြင့် အမှိုက်ကားများကို စောင့်ကြည့်ခြင်းနှင့် Mobile App များမှတစ်ဆင့် တိုင်ကြားစာများကို ဖြေရှင်းခြင်းတို့သည် မြို့ပြသန့်ရှင်းရေးကို ပိုမိုမြန်ဆန်ထိရောက်စေပါသည်။ မြန်မာနိုင်ငံ၏ မြို့ကြီးများတွင်လည်း ဤကဲ့သို့သော နည်းပညာများကို တဖြည်းဖြည်းမိတ်ဆက်အသုံးချခြင်းဖြင့် “စမတ်စီးတီး (Smart City)” ဆီသို့ လှမ်းတက်နိုင်မည်ဖြစ်ပါသည်။
မြို့ပြအလှ၊ မြို့ပြရနံ့နှင့် အမှိုက်ကင်းစင်သော ပတ်ဝန်းကျင်သည် ကျွန်တော်တို့အားလုံး၏လက်ထဲတွင် ရှိပါသည်။ သန့်ရှင်းသပ်ရပ်သော မြို့ပြတစ်ခုကို တည်ဆောက်ခြင်းသည် ဂုဏ်သိက္ခာရှိသော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ခြင်းပင်ဖြစ်ပါသည်။ မြို့ပြသန့်ရှင်းရေးသည် ဝန်ထမ်းများ၏အလုပ်သက်သက်မဟုတ်ဘဲ မြို့နေလူတန်းစားအားလုံး၏ ယဉ်ကျေးမှုစံနှုန်းတစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ထိရောက်သောဝန်ဆောင်မှုပေးရန်၊ ပြည်သူများအနေဖြင့် တာဝန်သိစွာ ပူးပေါင်းဆောင်ရွက်ရန်၊ ခေတ်မီနည်းပညာများကို စနစ်တကျ အသုံးချရန်ဟူသော အချက်သုံးချက်ကို ဟန်ချက်ညီညီဆောင်ရွက်ခြင်းဖြင့် နောင်လာနောက်သားများအတွက် သာယာလှပကာ အနံ့အသက်ကင်းစင်သော “အစိမ်းရောင်မြို့ပြ” (Green City) ကြီးများကို လက်ဆင့်ကမ်းအမွေပေးနိုင်ကြပါစေကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
မှီငြမ်းကိုးကားစာရင်း
၁။ Bangkok (BMA)၊ Bangkok Smart City Action Plan (2020-2025) - အမှိုက်သိမ်းစနစ်တွင် GPS နှင့် IOT (Internet of Things) အသုံးပြုမှုအကြောင်း။
၂။ Vietnam (Da Nang)၊ Da Nang Environmental City Project - "Environmental City" မူဝါဒနှင့် ပြည်သူလူထုပါဝင်မှု စံပြပုံစံ။
၃။ Shanghai: Shanghai Municipal Solid Waste Management Regulation (2019) - အမှိုက် (၄) မျိုးခွဲခြားခြင်းနှင့် တင်းကျပ်သော ဒဏ်ကြေးစနစ်။
၄။ Russia (Moscow)၊ Ecological Strategy of Moscow to 2030 - အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်း (Waste-to-Energy) နှင့် Smart Monitoring စနစ်။
၅။ Belarus: National Strategy for Sustainable Development of the Republic of Belarus - Circular Economy နှင့် ပြန်လည်အသုံးပြုခြင်း (Recycling) မူဝါဒ။
moi
မြန်မာနိုင်ငံသည် မုန်တိုင်းများဖြတ်ကျော်ဝင်ရောက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန် စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနှင့် မိုးခေါင်ခြင်း စသောသဘာဝဘေးအန္တရာယ်များကို မကြာခဏကြုံတွေ့ရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုသဘာဝဘေးအန္တရာယ်များကြောင့် လူမှုစီးပွားကို များစွာထိခိုက်မှုများဖြစ်စေသည်သာမက လူတို့၏ အသက်အိုးအိမ်စည်းစိမ်များစွာကို သေကျေပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လေ့ရှိသဖြင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများမှာ လွန်စွာအရေးကြီးလှသည်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် သဘာဝဘေး အန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများကို လျော့ပါးစေရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ သတင်းအချက်အလက်များအား လူမှုစီးပွားရေးနယ်ပယ်အသီးသီးတွင် သဘာဝဘေးအန္တရာယ်များ လျှော့ချရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့အတွက် အထောက်အကူပြုစေရန် ဆောင်ရွက်လျက်ရှိသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နေ့စဉ်မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်၊ နေ့စဉ်ပင်လယ်ပြင်ခရီးနှင့် လေကြောင်းမိုးလေဝသ ခန့်မှန်းချက်များ၊ ထူးခြားမိုးလေဝသ အခြေအနေများ၊ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် များအတွက် ကြိုတင်သတိပေးချက်များကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ခြင်း၊ ၁၀ ရက်ပတ်နှင့် လပတ်မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များ၊ မိုးရာသီကာလ ယေဘုယျခန့်မှန်းချက်၊ မိုးဦး/ မိုးလယ်/ မိုးနှောင်းကာလခန့်မှန်းချက်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်းချက်၊ အယ်လ်နီညို/ လာနီညာအခြေအနေသတင်း၊ မြေငလျင်သတင်းနှင့် ဆူနာမီသတင်းထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခန့်မှန်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်မှပေးပို့လာသော အိမ်နီးချင်းနိုင်ငံများ၏မြေပြင်မိုးလေဝသ အချက်အလက်များနှင့် အထက်လေကြောင်း တိုင်းထွာချက်များ၊ မြန်မာနိုင်ငံအတွင်း မိုးလေဝသတိုင်းတာရေး စခန်းများနှင့် အလိုအလျောက် မိုးလေဝသတိုင်းတာရေးစခန်းမှ အချိန်နှင့်တစ်ပြေးညီ တိုင်းထွာရရှိသည့် တိကျသောမြေပြင် မိုးလေဝသ အချက်အလက်များ၊ အထက်လေကြောင်း တိုင်းထွာချက်များ၊ ဂြိုဟ်တုတိမ်ပုံများ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ်ပြုထားသော ဒေသတွင်းမိုးလေဝသ အထူးပြုစင်တာကြီးများမှ ခန့်မှန်းချက်များကို အသုံးပြု၍ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသအချက်အလက်များကို အသုံးပြုထားသော သင်္ချာပုံစံပြုမော်ဒယ်များဖြစ်သည့် အင်္ဂလန်နိုင်ငံရှိ European Centre for Medium-Range Weather Forecasts (ECMWF) မော်ဒယ်၊ အမေရိကန်နိုင်ငံရှိ National Hurricane Center မှ Global Forecasting Model (GFS) များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဌာနပိုင် Weather Research and Forecasting (WRF) မော်ဒယ်များဖြင့် တွက်ထုတ်ရရှိလာသော မုန်တိုင်းလမ်းကြောင်းအသီးသီးတို့ကို အသုံးပြု၍ မြန်မာ့ကမ်းရိုးတန်းဒေသ အပါအဝင် တစ်နိုင်ငံလုံး ဖြန့်ကြက်တည်ထောင်ထားသော မိုးလေဝသတိုင်းတာရေး စခန်းများမှ တိုင်းတာရရှိသော ခိုင်မာသော မှတ်တမ်းအချက်အလက်များအပေါ် အခြေခံ၍ တိကျမှန်ကန်သော ခန့်မှန်းချက်များကို ထုတ်ပြန်ပေးလျက်ရှိသည်၊၊
ထို့ပြင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ကျောက်ဖြူမြို့တို့၌ မုန်တိုင်းပြရေဒါများ တပ်ဆင်ထားရှိကာ မုန်တိုင်းခန့်မှန်းခြင်း၊ ဂြိုဟ်တုတိမ်ပုံဖမ်းစက်များဖြင့် တိမ်ပုံများဖမ်းယူရရှိပြီး ခေတ်မီနည်းစနစ်များဖြင့် လေ့လာဆန်းစစ်ခြင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မိုးလေဝသတိုင်းထွာရေး စခန်းများမှလည်း တစ်နာရီလျှင် တစ်ကြိမ်နှုန်းဖြင့် မြေပြင်မိုးလေဝသအခြေအနေများအားတိုင်းတာ၍ နေပြည်တော် (ရုံးချုပ်)သို့ အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ အိန္ဒိယ နိုင်ငံရှိ ဒေသဆိုင်ရာ အထူးမိုးလေဝသ ခန့်မှန်းရေးဗဟိုဌာနမှလည်း ဖြစ်ပေါ်နေသော မုန်တိုင်းနှင့်ပတ်သက်သည့် ၎င်းတို့ထုတ်ပြန်ထားသော ထူးခြားသည့်အခြေအနေနှင့် မုန်တိုင်းသတင်းများကို Gmail ဖြင့်လည်းကောင်း၊ Whatsapp ဖြင့်လည်းကောင်း ပေးပို့ခြင်းများကိုအခြေခံ၍ တိကျမှန်ကန်သော ခန့်မှန်းချက်များကို ထုတ်ပြန်နိုင်ရန်အတွက် နေပြည်တော် (ရုံးချုပ်)၌ ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာန တည်ထောင်ကာ ၂၄ နာရီအချိန်ပြည့်စောင့်ကြည့်၍ ခန့်မှန်းချက်၊ သတင်းနှင့်သတိပေးချက်များကို ထုတ်ပြန်ပေးလျက်ရှိသည်။ ထို့ပြင် သဘာဝဘေးလျော့ပါးစေရန်အတွက် မုန်တိုင်း၏ အရှိန်ကြောင့် မိုးရွာသွန်းနိုင်မှုအခြေအနေ၊ မုန်တိုင်း၏ လက်ရှိလမ်းကြောင်းနှင့် ခန့်မှန်းချက်လမ်းကြောင်းကိုပါ ထည့်သွင်းဖော်ပြပေးကာ မုန်တိုင်းသတိပေးချက်၊ သတိပေးနှိုးဆော်ချက်များနှင့် အကြံပြုချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်၊၊ ထိုသို့ခန့်မှန်းရာတွင် သင်္ချာပုံစံပြုမော်ဒယ်များသည် လက်ရှိပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသော ရာသီဥတု၊ မိုးလေဝသအခြေအနေကို အခြေခံ၍ တွက်ချက်ထားသည်။ လေထု၊ ရေထုအခြေအနေများမှာအချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် ခန့်မှန်းချက်များသည် ရက်ဝေးလွန်းပါက မသေချာ၊ မရေရာမှုများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အသုံးပြုသော သင်္ချာပုံစံပြုမော်ဒယ်၊ တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့် မှတ်တမ်းအချက်အလက်များအပေါ် မူတည်ပြီး အချိန်နှင့်အလိုက် မုန်တိုင်းလမ်းကြောင်းအမျိုးမျိုး ပြောင်းလဲနိုင်ကြောင်းကိုလည်း သိရှိထားရန် လိုအပ်သည်။
ယခုအချိန်ကာလသည် သတင်းအချက်အလက် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့် ကာလဖြစ်သည့်အတွက် မုန်တိုင်းကာလများတွင် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာအချက်အလက်များ၊ ခန့်မှန်းချက်များအား ဆိုရှယ်မီဒီယာ၊ Web Page များမှတစ်ဆင့် လွယ်ကူစွာရယူပြီး တိကျမှန်ကန်မှုမရှိသော ခန့်မှန်းချက်များကို ပြည်သူများထံသို့ လွယ်ကူစွာရေးသားဖော်ပြခြင်း၊ လွယ်ကူစွာဖျက်သိမ်းပစ်ခြင်းတို့ကို တွေ့ရှိနေရသည်။ ပြည်သူများ စိုးရိမ်ထိတ်လန့်စေမည့် ကောလာဟလသတင်းများ၊ နိုင်ငံတကာမှ မုန်တိုင်းနှင့်ပတ်သက်၍ စံသတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိဘဲ မှားယွင်းယူဆချက်များဖြင့် ရေးသားမှုများကိုလည်း တွေ့ရှိနေရသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ်ပြုထားခြင်းမရှိသော လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုနိုင်သည့် ဆိုရှယ်မီဒီယာ၊ Web Page များမှ အချက်အလက်များဖြင့်သာ အလွတ်သဘောရေးသား ဖော်ပြနေခြင်းမှာ ပြည်သူလူထုအတွက် “ဆေးမဖြစ်စေဘဲ ဘေးဖြစ်စေနိုင်” သည်ကိုလည်း ပြည်သူများအနေဖြင့် အထူးသတိပြုရန် လိုအပ်မည်ဖြစ်သည်။
ခိုင်မာမှန်ကန်သေချာသော ခန့်မှန်းချက်များဖြစ်ပါက ပြည်သူလူထုအတွက် အကျိုးရှိထိရောက်မည်ဖြစ်သော်လည်း မှန်ကန်သေချာမှုမရှိသော ခန့်မှန်းချက်များ ပြည်သူလူထုထံရောက်ရှိသွားမည်ဆိုပါက မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ကာ အစားအသောက်၊ ဆေးဝါးနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို စိုးရိမ်စိတ်ဖြင့် ကြိုတင်ဝယ်ယူစုဆောင်းကြသည့်အတွက် နောက်ဆက်တွဲအနေဖြင့် မလိုလားအပ်သော ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ငွေကုန်ကျမှုများစွာ ဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထုတ်ပြန်ချက်၊ သတိပေးချက်များနှင့် ဆက်စပ်၍ ဆိုရှယ်မီဒီယာများမှ အလွတ်သဘောထုတ်ပြန်ချက်များကို အပြည့်အဝယုံကြည်မှုမပြုကြဘဲနိုင်ငံ၏တရားဝင်ထုတ်ပြန်ခွင့်ရှိသော မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များကိုသာ ယုံကြည်စွာစောင့်ကြည့်သင့်သည်။ ထို့ပြင် ပြည်သူများအနေဖြင့် တိကျမှန်ကန်သေချာစွာ ထုတ်ပြန်ပေးနေသည့် နိုင်ငံတော်မှတရားဝင် ထုတ်ပြန်ချက်များကို စောင့်ကြည့်ရယူပြီး လိုက်နာဆောင်ရွက်သင့်သည်။ သို့မှသာ တရားမဝင် ကောလာဟလများကို ရှောင်ရှားနိုင်ပြီး မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုကို ခံယူလျက် မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအမျိုးမျိုးတို့အတွက် ကြိုတင်သတိ ပေးချက်များ၊ ခန့်မှန်းချက်/အခြေအနေ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။
ထို့ပြင် သက်ဆိုင်ရာလုပ်ငန်း/ဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြခြင်း၊ ပြည်သူလူထုကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန် ဌာန၏တရားဝင် ဝက်ဘ်ဆိုက်နှင့်ဖေ့ဘွတ်များမှ ထုတ်လွှင့်ခြင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ MRTV-4 ရေဒီယို၊ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ မြဝတီသတင်းစာ၊ ရတနာပုံသတင်းစာ၊ New Light of Myanmar တို့မှတစ်ဆင့် ပြည်သူလူထုထံသို့ အချိန်မီရောက်ရှိစေရန် ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သတိပေးချက်/ခန့်မှန်းချက်များကို အလိုအလျောက်ဖြေကြားသည့် စနစ်နှင့် လက်ကိုင်ဖုန်းများသို့ သတင်းတိုပေးပို့ခြင်းစနစ် (Short Message Service - SMS) တို့ဖြင့် ပေးပို့ခြင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကို နိုင်ငံ၏ တရားဝင်ထုတ်ပြန်ခွင့်ရှိသော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်မှ အသိအမှတ်ပြုထားသော မိုးလေဝသအထူးပြု ဝက်ဘ်ဆိုက်များမှ ခန့်မှန်းချက်များကိုသာ ယုံကြည်စွာစောင့်ကြည့်သင့်သည်။ ထို့ပြင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအလိုက် ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ ကြီးကြပ်လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်အသွယ်သွယ်မှ ဘေးကင်းနိုင်စေရေး အထူးသတိပြုဂရုစိုက်ဆောင်ရွက်ရန်လိုအပ်သည်။ သို့မှသာ တရားမဝင်ကောလာဟလများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို တားဆီး၍မရနိုင်သော်လည်း ကြိုတင်သတိပြုခြင်း၊ ခန့်မှန်းချက်၊ သတိပေးချက်နှင့် အကြံပြုချက်များကို လိုက်နာခြင်းနှင့် အချိန်မီတုံ့ပြန်ဆောင်ရွက်ခြင်းတို့သည် လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ရန်အတွက် အဓိကကျသောအချက်များဖြစ်သည်။ ထို့ကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသော သဘာဝဘေးအန္တရာယ် အမျိုးမျိုးအတွက် ခန့်မှန်းချက်များ၊ ကြိုတင်သတိပေးချက်များနှင့် အကြံပြုချက်များကို သိရှိနားလည်ကြပြီး ကြိုတင်သတိပြုစောင့်ကြည့်၍ ဘေးကင်းနိုင်စေဖို့ကို အထူးသတိပြု ဂရုစိုက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ကြရာတွင် ကြိုတင်သတိပြုဆင်ခြင်၍ ဆောင်ရွက်နိုင်ကြပါစေကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ။
MWD
ကမ္ဘာမှာပျံ့နှံ့မှုအများဆုံးနဲ့ လူအများဆုံး ခံစားနေရတဲ့ရောဂါက ဘာလဲဆိုရင် အီဘိုလာဗိုင်းရပ်လို သေစေနိုင်တဲ့ ကူးစက်ရောဂါတွေ မဟုတ်တော့ဘဲ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတွေဖြစ်လာနေပြီလို့ နာမည်ကြီး ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet ရဲ့ လေ့လာမှုစာတမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁ ဘီလီယံကျော်အထိ စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားနေရတယ်ဆိုတဲ့ အချက်က လူအများအပြားကို စိုးရိမ်စေခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁ ဒသမ ၂ ဘီလီယံနီးပါးဟာ စိတ်ရောဂါတစ်မျိုးမျိုးကို ခံစားနေကြရပြီး ဒီပမာဏဟာ ၁၉၉၀ ပြည့်နှစ်ကာလနဲ့နှိုင်းယှဉ်ရင် ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။ သုတေသနပြုလုပ်သူတွေက စိတ်ရောဂါ ၁၂ မျိုးကို လေ့လာခဲ့ရာမှာ စိုးရိမ်ပူပန်မှုရောဂါနဲ့ စိတ်ကျရောဂါတို့ဟာ အမြန်ဆုံးတိုးလာတဲ့ရောဂါတွေဖြစ်ကြောင်း တွေ့ရှိပါတယ်။ စိုးရိမ်ပူပန်မှုရောဂါက ၁၅၈ ရာခိုင်နှုန်း၊ စိတ်ကျရောဂါက ၁၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ယနေ့ကမ္ဘာပေါ်မှာ အများဆုံးတွေ့ရှိရတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေဖြစ်လာနေပါတယ်။
သုတေသနပညာရှင်တွေလေ့လာခဲ့တဲ့ စိတ်ရောဂါတွေထဲမှာ စိုးရိမ်ပူပန်မှုရောဂါ၊ စိတ်ကျရောဂါ၊ ပြင်းထန်မှုမရှိတဲ့ရေရှည်စိတ်ကျရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ၊ ထင်ယောင်ထင်မှားဖြစ်မှုရောဂါ၊ အော်တစ်ဇင်ရောဂါ၊ စိတ်မရှည်ရန်လိုရောဂါ၊ ADHD ရောဂါ၊ အစား အသောက်အလွန်ရွေးသည့်ရောဂါ၊ အစားအသောက် အတိုင်းအတာကို ပုံမှန်မစားသည့်ရောဂါ၊ ဉာဏ်ရည်အားနည်းသည့်ရောဂါနဲ့ တခြားစိတ်ရောဂါအမျိုးအစားတွေ ပါဝင်ပါတယ်။ ဒီရောဂါတွေထဲမှာ ADHD နဲ့ ဉာဏ်ရည်အားနည်းသည့် ရောဂါတွေဖြစ်ပွားမှုသာအနည်းငယ်လျော့ကျလာပြီး ကျန်ရှိတဲ့ရောဂါအများစုကတော့ ပိုမိုတိုးမြင့်လာနေပါတယ်။ သို့ပေမယ့်လည်း လူတိုင်းအပေါ် တူညီစွာ သက်ရောက်တာတော့မဟုတ်ပါဘူး။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှု၊ စိတ်ကျစိတ်ကြွရောဂါ၊ အစားအသောက် အလွန်ရွေးသည့်ရောဂါ၊ အစားအသောက် အတိုင်းအတာကို ပုံမှန်မစားသည့်ရောဂါတို့ကို အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ အခြားတစ်ဖက်မှာ ADHD၊ အော်တစ်ဇင်ရောဂါနဲ့ စိတ်မရှည်ရန်လိုရောဂါတို့ကတော့ အမျိုးသားတွေမှာ ပိုများနေပါတယ်။
အသက်အရွယ်အလိုက်ကြည့်မယ်ဆိုရင် အသက်၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းရှိ လူငယ်တွေမှာ စိတ်ရောဂါဖြစ်ပွားမှုကို အများဆုံးတွေ့ရတယ်လို့ လေ့လာမှုကဖော်ပြထားပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဆယ်ကျော်သက်အုပ်စုက စိတ်ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးအများဆုံး ခံနေရတဲ့ အုပ်စုဖြစ်လာတာလည်း ဖြစ်ပါတယ်။ ဒီသုတေသနကို နိုင်ငံနဲ့ဒေသ၂၀၄ ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ စိတ်ရောဂါဖြစ်ပွားမှုက ပိုမိုပြင်းထန်နေပါတယ်။ ဥပမာ နယ်သာလန်နိုင်ငံမှာဆိုရင် လူဦးရေတစ်သိန်းမှာ စိတ်ရောဂါဖြစ်ပွားသူ ၃၅၅၅ ဦးအထိရှိနေပြီး ဗီယက်နမ်မှာတော့ ၁၃၀၂ ဦးခန့်သာရှိပါတယ်။ အလယ်အလတ်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့လူတစ်သိန်းမှာ ၁၈၅၃ ဦးဝန်းကျင်ရှိနေပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ၂၁၈၄ ဦးခန့်ရှိနေပါတယ်။
ဘာကြောင့် စိတ်ရောဂါတွေ ဒီလောက်တိုးလာတာလဲဆိုတဲ့ မေးခွန်းကတော့ လူအများစိတ်ဝင်စားနေတဲ့ အချက်ဖြစ်ပါတယ်။ သုတေသနဦးဆောင်သူ ဒေါက်တာဒါမီယန်ဆန်တိုမော်ရိုက စိတ်ရောဂါဖြစ်ပွားမှု တိုးမြင့်လာခြင်းအတွက် အကြောင်းရင်းတွေ များစွာရှိနေပြီး တစ်ခုချင်းစီခွဲထုတ်ဖို့ခက်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒေါက်တာရောဘတ်ထရက်စမန်းကတော့ အဓိကအကြောင်းရင်းတစ်ခုကို ထောက်ပြခဲ့ပါတယ်။ အဲဒါကလူ့အဖွဲ့အစည်းအနေနဲ့ စိတ်ရောဂါဖြစ်ပွားမှုအပေါ် အမြင်ဆိုးတွေလျော့နည်းလာတာကြောင့် လူတွေက အခုဆို ပိုမိုပွင့်လင်းလာကြပြီး တိတ်တဆိတ်ခံစားနေမယ့်အစား ဆေးကုသမှုရှာဖွေ လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လူတိုင်းက ဒီအမြင်ကို သဘောတူကြတာတော့မဟုတ်ပါဘူး။ တချို့ပညာရှင်တွေကတော့ စိတ်ရောဂါတွေကို လိုအပ်တာထက်ပိုပြီး ရောဂါအမည်တပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။ အင်္ဂလန်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က စိတ်ကျန်းမာရေးလူနာ ၄ သန်းနီးပါးသာရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာ၉ သန်းအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါကရောဂါအမည်တပ်တာကို အလွန်အကျူးလုပ်နေတာကြောင့်ဖြစ်တယ်လို့ပြောနေရတာပါ။ ဗြိတိန်ဆရာဝန် ၇၅၀ ကို မေးမြန်းခဲ့ရာမှာ ၄၄၂ ယောက်က ဒီအမြင်ကို သဘောတူကြပြီး ၈၁ ယောက်ကသာ စိတ်ရောဂါတွေကို လုံလောက်အောင် ရောဂါအမည်မတပ်နိုင်သေးဘူး လို့ပြောကြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဩစတြေးလျသုတေသီများက “concept creep” ဆိုတဲ့ အယူအဆကို ထောက်ပြခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ စိတ်ရောဂါတချို့ရဲ့ သတ်မှတ်ချက်တွေကို ပိုမိုချဲ့ထွင်ပြောင်းလဲလာတာကြောင့် ယခင်က ပုံမှန်လို့ယူဆတဲ့အပြုအမူတွေကို အခုတော့ ရောဂါအဖြစ် သတ်မှတ်လာကြတာဖြစ်ပါတယ်။ ဥပမာ ကျောင်းမှာ ဂနာမငြိမ်ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ၁၉၉၀ ခုနှစ်ကထက် ယနေ့ခေတ်မှာ ADHD လို့ ရောဂါအမည် တပ်နိုင်ခြေပိုများလာတာမျိုးပါ။
တစ်ဖက်မှာလည်း ဆေးဝါးကုမ္ပဏီကြီးတွေဟာ ဒီအခြေအနေကနေ အကျိုးအမြတ်များစွာ ရရှိနေကြပါတယ်။ ၁၉၈၀ ပြည့်နှစ်များကစပြီး ဆေးဝါးကုမ္ပဏီတွေဟာ အမေရိကန်စိတ်ကျန်းမာရေး အဖွဲ့အစည်းကိုဖိအားပေးကာ စိတ်ကျရောဂါကိုယာယီဖြစ်ပွားတဲ့ အခြေအနေမဟုတ်ဘဲ ရေရှည်ဆေးသောက်ရမယ့် ရောဂါတစ်ခုအဖြစ် ပြန်လည်သတ်မှတ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ထုတ်တဲ့ SSRI ဆေးတွေ အလုပ်ဖြစ်တယ် ဆိုတာကို သက်သေပြဖို့ သုတေသနတွေကို ငွေကြေးထောက်ပံ့ပြီး ဆရာဝန်တွေကိုလည်း ဆေးညွှန်းပိုရေးပေးဖို့လှုံ့ဆော်ခဲ့ပါတယ်။ နောက်ပိုင်းသုတေသနတွေကတော့ အစောပိုင်း SSRI စမ်းသပ်မှုတချို့ကို ကုမ္ပဏီတွေကကြိုးကိုင်ခြယ်လှယ်ထားတယ်လို့ဖော်ထုတ်ခဲ့ပါတယ်။GlaxoSmithKline၊Forest Laboratories နဲ့ Takeda တို့လို ကုမ္ပဏီတွေကဆရာဝန်တွေကို လက်ဆောင်ပေးပြီး လူနာတွေကို စိတ်ကျဆေးပိုပေးဖို့ ဆေးညွှန်းရေးခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲခံခဲ့ရပါတယ်။
ဒါပေမဲ့ စိတ်ရောဂါတွေတိုးလာတာကို ဆေးဝါးကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ရောဂါအမည်ပိုတပ်တာတို့နဲ့ချည်း မရှင်းပြနိုင်ဘူးလို့ တချို့ပညာရှင်များက ယူဆကြပါတယ်။ သူတို့အမြင်အရ ယနေ့ခေတ်လူနေမှုပုံစံကိုက လူတွေကို စိတ်ပိုင်းဆိုင်ရာနာကျင်အောင် လုပ်နေတယ်လို့ ဆိုထားပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန် အဲလက်ကာမီက “လူသားတွေဟာ အစကတည်းက အုပ်စုလိုက်နေထိုင်ဖို့ ဖွံ့ဖြိုးလာခဲ့ကြတာဖြစ်ပြီး ရိုးရာယဉ်ကျေးမှုဓလေ့၊ ဘာသာရေးထုံးတမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ လူ့အသိုင်းအဝိုင်းတွေထဲမှာ အသက်ရှင်ဖို့ အဆင်ပြေတာပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ လူတွေကမြို့ပြဘဝမှာအထီးကျန်ဆန်ဆန်နေထိုင်လာကြပြီး လှုပ်ရှားမှုနည်းလာတယ်၊ ဓာတုပစ္စည်းပါတဲ့ အစားအစာတွေစားလာတယ်၊ သတင်းဆိုးတွေ၊ အကြမ်းဖက်သတင်းတွေကို နေ့တိုင်းကြည့်နေရတယ်”လို့ ရှင်းပြခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က"Depression as a disease of modernity" ဆိုတဲ့လေ့လာမှုမှာလည်း ယနေ့ခေတ်လူတွေဟာ အစာပိုစားပေမယ့် အာဟာရချို့တဲ့နေတယ်၊ လှုပ်ရှားမှုနည်းတယ်၊ နေရောင်မရဘူး၊ အိပ်ရေးပျက်နေတယ်၊ လူမှုဆက်ဆံရေး ကင်းကွာလာတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ GDP မြင့်လေလေ စိတ်ရောဂါဖြစ်နိုင်ခြေ ပိုများလေလေလို့လည်း ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ လော့ဒေါင်း၊အထီးကျန်မှု၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ရောဂါဖြစ်မှုနှုန်းတွေ အလွန်မြင့်တက်လာခဲ့တယ်လို့ The Lancet ရဲ့လေ့လာမှုကဖော်ပြထားပါတယ်။ ဒါ့အပြင် social media အသုံးပြုမှုဟာ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုနဲ့ မူမမှန်တဲ့အစာစားခြင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေတယ်ဆိုတဲ့ သုတေသန၁၄၃ ခုကျော်ရှိနေပြီး အထူးသဖြင့် ဆယ်ကျော်သက်တွေမှာ အကျိုးသက်ရောက်မှုကြီးမားတယ်လို့ဆိုပါတယ်။ အမေရိကန်ရဲ့ သုတေသနတစ်ခုအရတစ်ရက်ကို social media သုံးနာရီကျော်အသုံးပြုတဲ့ ဆယ်ကျော်သက်တွေဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါဖြစ်နိုင်ခြေနှစ်ဆအထိ မြင့်တက်လာပါတယ်။
အမေရိကန်ဆယ်ကျော်သက်ထက်ဝက်နီးပါးက socialmedia ဟာ သူတို့ရဲ့စိတ်ကျန်းမာရေးကို အများအားဖြင့် မကောင်းတဲ့သက်ရောက်မှုပေးတယ်လို့ ယူဆကြ ပါတယ်။
ဒါဆို ဒီအခြေအနေတွေအပေါ်မှာ လူတွေစိုးရိမ်သင့်လားဆိုတဲ့မေးခွန်းတစ်ခုက နောက်ဆုံးကျန်နေပါတယ်။ အဖြေကတော့ “အခြေအနေပေါ်မူတည်တယ်” ဆိုတာပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စိတ်ရောဂါဖြစ်ပွားမှုနှုန်းပိုမိုမြင့်မားနေပေမယ့် အဲဒီနိုင်ငံတွေက ဆေးဝါးကုမ္ပဏီတွေအတွက် အကြီးမားဆုံးဈေးကွက်တွေဖြစ်တာကြောင့် ရောဂါအမည်ပိုတပ်ခံရနိုင်တာ ရှိသလိုဆေးလွန်ကဲ သုံးစွဲရနိုင်ခြေလည်းရှိပါတယ်။ ဒါပေမဲ့တချို့ဖြေရှင်းနည်းတွေကတော့ ရှင်းပါတယ်။ ဖုန်းနဲ့ social media အသုံးပြုချိန်ကို ကန့်သတ်လိုက်တာ၊ အာဟာရပြည့်ဝအောင်စားတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ လူမှုဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်တာ၊ တရားထိုင်တာ၊ ဆုတောင်းမေတ္တာပို့တာတွေဟာ စိတ်ကျန်းမာရေးကောင်းမွန်ဖို့ သိပ္ပံနည်းကျအရသာမက လက်တွေ့မှာလည်း လက်သင့်ခံထားတဲ့အရာတွေဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
MWD
လက်ရှိ အေအိုင်အဆင့်အတန်းသည် အထွေထွေ သုံးနည်းပညာအဆင့်သို့ မရောက်သေး။ သို့သော် အထွေထွေသုံးနည်းပညာတို့လိုမျိုး ပါဝါပြန်လည် ဖြန့်ဝေမှု စတင်နေပြီဖြစ်သည်ကို သတိပြုမိသည်။ များသောအားဖြင့် အထွေထွေသုံးနည်းပညာတို့၏ ပါဝါပြန်လည်ဖြန့်ဝေမှုမှာ အဘက်ဘက်သို့ ပျံ့နှံ့ သွားသလား၊ ဗဟိုချက်တွင် စုသွားသလားဆိုသည့် အဓိက ပုံစံနှစ်မျိုးရှိသည်။ ယခုအေအိုင်မှာမူ ရှေ့က ပြောခဲ့ဖူးသလို ပျံ့နှံ့သည်လည်းရှိသလို ဗဟိုချက်တွင် စုသွားသည်လည်းရှိသည်ကို အံ့ဩစရာ တွေ့ရသည်။ နည်းပညာတစ်ခု၏ ပါဝါပြန်လည်ဖြန့်ဝေမှုကို လေ့လာခြင်းမှာ အလွန်ကျယ်ပြန့် ပါသည်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ခြေယမ်းလက်ယမ်းနည်းဖြင့် ကိုယ်မြင်သလောက်သာ ဆွေးနွေးသွားမည်ဖြစ်၍ ပိုမြင်နိုင်ကြသူများ သည်းခံကြပါ။ ဤဆောင်းပါးတွင် ပြောလိုသည်မှာ အေအိုင်သည် နည်းပညာတစ်ခု၊ ကိရိယာတစ်ခုသာမဟုတ်တော့ဘဲ ပါဝါပြန်လည်ဖြန့်ဝေသည့် စနစ်တစ်ခု ဖြစ်လာနေပြီဆိုသည့်အချက်ပင်။
လူအများစုအနေဖြင့် အေအိုင်ကို စကားအပြန်အလှန်ပြောနိုင်သော၊ အလုပ်အတွက်ဖြစ်ဖြစ်၊ ကျောင်းအတွက်ဖြစ်ဖြစ် အကြံဉာဏ်ရသော၊ ကိုယ်လိုချင်သည့်ပုံများ၊ ဗီဒီယိုများဖန်တီးစေနိုင်သော ကိရိယာတစ်ခုအဖြစ်သာ မြင်နေရသေးသည်။ သို့သော် ထိုအတိုင်းအတာမှာပင် ပါဝါပြန်လည် ဖြန့်ဝေမှုကို မြင်နေရသည်။ ယခင်က ကိုယ်မလုပ်နိုင်သောအရာများကို လုပ်နိုင်နေသည့် ခံစားချက်ကောင်းတစ်ခု ရရှိနေသည်မဟုတ်ပါလား။ ယင်းသည်ပင်လျှင် အေအိုင်ကပေးလာသည့် ပါဝါဖြစ်သည်။ ထိုပါဝါသည် အင်တာနက်အသုံးပြုနိုင်သော လူတိုင်းဆီသို့ ပျံ့နှံ့ရောက်ရှိသည်။ သုံးခြင်း၊ မသုံးခြင်းက ပုဂ္ဂလိကရွေးချယ်မှုသာ။
ကျွန်တော်ကိုယ်တိုင်လည်း အေအိုင်ထံမှ အကျိုးကျေးဇူးနည်းနည်းပါးပါး လက်တွေ့ရရှိထား၍ ထိုသို့ ပြောနိုင်ခြင်းဖြစ်သည်။ အေအိုင်မတိုင်ခင် နည်း ပညာများအရဆိုလျှင် ကျွန်တော့်လို ဘာမှမဟုတ်သူ တစ်ယောက်အနေဖြင့် စမတ်ဖုန်းတွင်သုံးနိုင်သည့် အက်ပ်တစ်ခုဖန်တီးဖို့ဆိုသည်မှာ ဘယ်လိုမှမဖြစ်နိုင်။ သို့သော် အေအိုင်နှင့် အပြန်အလှန်မေးမြန်းစုံစမ်းကြည့်ပြီးနောက် အက်စ်ကျူအယ်လ်၊ အေပီအိုင်တို့သုံးထားသော အက်ပ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ စီးပွားဖြစ်မဟုတ်၍ ပလေးစတိုးသို့ မတင်သည့်တိုင် မိတ်ဆွေသူငယ်ချင်းများနှင့်မျှဝေပြီး ပျော်ပျော်ရွှင်ရွှင်သုံးနိုင်သည့် အက်ပ်တစ်ခု ဖြစ်လာသည်။ ထိုအခါတွင်မှ အေအိုင်ကပေးလာသည့်ပါဝါကို သတိပြုမိလိုက်ခြင်းဖြစ်သည်။
ကျွန်တော့်လို လူတစ်ယောက်ပင် အက်ပ်တစ်ခုရေးနိုင်သည်ဆိုလျှင် ပရိုဂရမ်မာတစ်ယောက်ဆိုလျှင် စီးပွားဖြစ်အက်ပ်တစ်ခုကို ကောင်းကောင်းစတင်နိုင်စရာရှိသည်။ ကောင်းသည့်အချက်ဖြစ်သည်။ ကျွန်တော့်သမီး ခုနစ်တန်းတက်မည့်ကျောင်းသူက ပန်းချီဆွဲရသည်ကို ဝါသနာပါသည်။ သူသိလိုသည့်အချက်များကို အေအိုင်ကိုမေးပြီး ကွန်ပျူတာပေါ်တွင်ရော စာရွက်များပေါ်တွင်ပါ သူဖန်တီးလိုသည်တို့ကို ပိုပြီးကောင်းကောင်းဖန်တီးလာနိုင်သည်ကို အံ့ဩစရာတွေ့ရသည်။ ကောင်းသည့်အချက်ဖြစ်သည်။ ဓာတ်ပုံ၊ ဗီဒီယိုတို့နှင့်ဆိုင်သည့် အေအိုင်များလည်းရှိရာ ဝါသနာပါသူတို့အဖို့ မီဒီယာစတူဒီယိုတစ်ခု တည်ဆောက်ဖို့ ဖြစ်နိုင်လောက်သည်။ ကောင်းသည့်အချက်ဖြစ်သည်။ သို့သော် မကောင်းသည့်အပိုင်းဆိုလျှင်ရော။
သာမန်လိမ်လည်သူတစ်ယောက်သည် တစ်ချိန်က လူအများနှင့်ပေါင်းပြီးမှ လုပ်နိုင်မည့် လိမ်လည်မှုမျိုးကို အေအိုင်သုံးပြီး တစ်ယောက်တည်း လုပ်လာနိုင်စရာမရှိဘူးလား။ ရှိနိုင်ပါသည်။ သတင်းများကို ကြည့်ခြင်းအားဖြင့် အေအိုင်ကို ဘယ်လိုသုံးသလဲ အတိအကျမသိရသည့်တိုင် အေအိုင် ကိုသုံးပြီး လိမ်လည်မှုများက အမှန်တကယ်ရှိနေပြီဖြစ်သည်။ ထိုအတိုင်း ဆက်ပြီးနှိုင်းယှဉ်ကြည့်လျှင် သဘာဝအရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က သူ့လှုံ့ဆော်မှုများကို အေအိုင်သုံးပြီး လူများများ အသိဉာဏ်ပွင့်လာအောင်လုပ်နိုင်သလို အကြမ်းဖက်သမားတစ်ယောက်ကလည်း အေအိုင်သုံးပြီး အကြမ်းဖက်လုပ်ငန်းများလုပ်ဖို့ ပိုပြီးသွေးဆောင်လာနိုင်သည် မဟုတ်ပါလား။ ယင်းမှာ အေအိုင်၏ တစ်ဦးတစ်ယောက်ချင်းစီသို့ ပါဝါပြန်လည်ဖြန့်ဝေမှု၏ နှစ်ဖက်သွားဓားသဘာဝကို ပြနေခြင်းဖြစ်သည်။
တစ်ဦးတစ်ယောက်ချင်းအဆင့်တွင် ပါဝါပျံ့နှံ့မှုကိုမြင်ရသည့်တိုင် ကော်ပိုရေးရှင်းကြီးများအဆင့်တွင် ပါဝါဗဟိုချက်ပြုသွားသည်ကို မြင်ရသည်မှာလည်း အံ့ဩစရာဖြစ်သည်။ ဘာကြောင့်လဲဆိုလျှင် အခြေခံအဆောက်အအုံ ကြီးကြီးမားမားလိုသောကြောင့်ဟု အကြမ်းဖျင်းဆိုနိုင်သည်။ နည်းနည်းချဲ့ ပြောလျှင် အချက်အလက်၊ တွက်ချက်မှု၊ သုတေသီများ၊ စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကြောင့်ဖြစ်သည်။
အေအိုင်တိုးတက်မှုသည် အတွက်အချက်ပေါ်တွင် အခြေခံသည်။ သို့သော် အဆင့်မြင့်အေအိုင် ချစ်ပ်များကို လူတိုင်းထုတ်နိုင်သည်မဟုတ်။ လက်ရှိ အနေအထားတွင် အေအိုင်ဂျီပီယူဈေးကွက်ကို အင်န်ဗီးဒီးယားက ချုပ်ထားသည်။ အေအိုင် မိုဒယ်ကြီးတစ်ခုလည်ပတ်ရန် အဆင့်မြင့်အေအိုင် ဂျီပီယူ သောင်းနှင့်ချီပြီး လိုအပ်သည်။ ဂျီပီတီ-၄ အဆင့် အေအိုင်တစ်ခုအတွက်ဆိုလျှင်ပင် ဒေါ်လာဘီလီယံနှင့်ချီ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားကြသည်များရှိသည်။ ပေးနိုင်သည်ထားဦး၊ အင်န်ဗီးဒီးယားက ရောင်းဦးမှဖြစ်သည်။
အေအိုင်တစ်ခုကို လေ့ကျင့်ဖို့ အချက်အလက်များစွာလိုသည်။ ထို့ကြောင့် အချက်အလက်ဗဟိုဌာနကြီးများ ပိုင်ဆိုင်ထားသော မိုက်ခရိုဆော့ဖ်၊ အမေဇုန်၊ ဂူဂဲလ်တို့က ထိုအပိုင်းကို ချုပ်ထားသည်။ ဟိုက်ပါအဆင့် ကလောက်ဒ်ကုမ္ပဏီကြီးများဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ အေအိုင်အက်ပ်တစ်ခု တည်ဆောက်လိုသည်ဆိုပါစို့။ ကိုယ့်ဘာသာကိုယ် အချက်အလက်အနည်းငယ်ဖြင့် စတင်လည်ပတ်ဖို့မှာ ဖြစ်နိုင်သော်လည်း အလှမ်းဝေးသည်။ ရှိပြီးသား အဇူးဝါး၊ အေဒဗလျူအက်စ်၊ ဂူဂဲလ်ကလောက်ဒ်တို့အပေါ်တွင် မောင်းသည်က မြန်ဆန်သက်သာပြီး လက်ရှိအနေအထားအရ အဓိပ္ပာယ်ရှိသည့် အလုပ်လည်းဖြစ်သည်။
စွမ်းအင်ပိုင်းသည်လည်း အရေးကြီးသည်။ အချက်အလက်ဗဟိုဌာနကြီးများ တည်ဆောက်ဖို့ ကြီးမားသည့် စွမ်းအင်အရင်းအမြစ်များ လိုအပ်သည်။ ဥပမာ ဖေ့စ်ဘွတ်ခ်၏ မိခင်ကုမ္ပဏီမီတာသည် အချက်အလက်များအတွက် စွမ်းအင်ပေးဖို့ နျူကလီးယားဓာတ်ပေါင်းဖို အငယ်စားများကို သုံးရန် စီစဉ်ထားပြီဖြစ်သည်။ ဒေါ်လာ ၁၄ ဘီလီယံတန်သည်ဟု ကြားရသည့် ထိုသဘောတူညီချက်အရ ဝပ်အား ဘီလီယံနှင့်ချီ၍ ထုတ်ပေးမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် အစပိုင်းတွင် လျှပ်စစ်စတင်ထုတ်ပေး နိုင်မည်ဟု သိရသည်။ ယင်းမှာ သန်းနှင့်ချီသော နေအိမ်များကိုပေးနိုင်သည့် လျှပ်စစ်အရင်းအမြစ် မျိုး ဖြစ်သည်။ မကြာသေးခင်ကလည်း နည်းပညာသူကြွယ်ကြီး အီလွန်မက်စ်က စွမ်းအင်မလုံလောက်တော့သဖြင့် အချက်အလက်ဗဟိုဌာနများကို ကမ္ဘာပတ်လမ်းပေါ်သို့တင်ပြီး နေရောင်ခြည်စွမ်းအင်ဖြင့် လည်ပတ်မည်ဟုပြောသည်ကို ကြားလိုက်ရဖူးသည်။
ယခုအနေအထားအထိကြည့်လျှင် တီထွင်ဆန်းသစ်မှုအပိုင်း၌ ဗဟိုချက်မရှိတော့။ အေအိုင်သုံးပြီး လူတိုင်းတီထွင်ဆန်းသစ်နိုင်သည်။ ကိုယ့်စိတ်ကူးကောင်းလျှင် ကောင်းသလို အကျိုးအမြတ် ခံစားရမည်။ သို့သော် အခြေခံအဆောက်အအုံများမှာ ဗဟိုချက်များ၌စုသွားသည်။ ဆိုလိုသည်မှာ တစ်နိုင်တစ်ပိုင် အလုပ်လေးများလုပ်လျှင်ဖြစ်စေ တစ်အုပ်တစ်မ အလုပ်ကြီးများလုပ်လျှင်ဖြစ်စေ ကိုယ့်စိတ်ကူးများကို အရင်ကထက်ပိုပြီး အကောင်အထည် ဖော်နိုင်အောင် အေအိုင်က ပံ့ပိုးပေးသည်။ သို့သော် ကော်ပိုရိတ်ကြီးများ ခင်းပေးထားသည့် ပလက်ဖောင်းပေါ်မှ သွားရမည်။
ထို့ကြောင့် ထိပ်ဆုံးအပိုင်းတွင် ကွာခြားသွား၏။ နောက်ဆုံးပေါ် စွမ်းအားအကောင်းဆုံး အေအိုင်မိုဒယ်ကြီးများကို တည်ဆောက်နိုင်သည်မှာ အိုးပင်းအေအိုင်၊ အန်သရိုးပစ်၊ ဂူဂဲလ်ဒိမိုင်းဒ်၊ မီတာတို့လို လက်တစ်ဆုပ်စာအဖွဲ့ကြီးများသာ ကျန်ရစ်သည်။ ထိုအကြောင်းတရားတို့ကြောင့် ဖြစ်လာသည့် အကျိုးဆက်များကို နောက်တစ်ပတ်တွင် ဆက်လက်ဆွေးနွေးသွားပါဦးမည်။
MDN
ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်း ရှိ အညစ်အကြေးများကို စစ်ထုတ်ပေးပြီး သွေးပေါင်ချိန်၊ ပိုတက်ဆီယမ်နှင့် pH အဆင့်များကိုထိန်းညှိပေးသည့် အရေးကြီးသော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျောက်ကပ်မပျက်စီးစေရန် အောက်ပါအချက်များကို သိထားသင့် သည်။
ရေလုံလောက်စွာသောက်သင့်
ပုံမှန်လူတစ်ယောက်အနေဖြင့် တစ်ရက် လျှင် ရေ(၈-၁၀)ဖန်ခွက်၊ သောက်ရေသန့် (၂-၃)လီတာသောက်ပေးခြင်းဖြင့် ကျောက် ကပ်ကို ကျန်းမာစေသည်။
အငန်လျှော့စားသင့်
အငန်များများစားခြင်းက သွေးဖိအား တက်စေပြီး ကျောက်ကပ်ကိုထိခိုက်စေ နိုင်သည်။
ဆီးချိုနှင့်သွေးတိုးထိန်းချုပ်သင့်
ကျောက်ကပ်ကို အများဆုံးထိခိုက်စေသည့် အကြောင်းရင်းမှာ ဆီးချိုနှင့်သွေးတိုး ရောဂါဖြစ်သည်။ ထို့ကြောင့် ကျောက် ကပ်မပျက်စီးရန် ဆီးချိုနှင့်သွေးတိုးကို ထိန်းသင့်သည်။
ဆေးဝါးများသတိပြုသင့်
အကိုက်အခဲပျောက်ဆေးများကို ရေရှည်စွဲသောက်ခြင်းသည် ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။
ကျန်းမာရေးပုံမှန်စစ်ဆေးသင့်
ကျောက်ကပ်ရောဂါ မျိုးရိုးရှိသူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို ပုံမှန် စစ်ဆေးသင့်သည်။
အဝလွန်ခြင်း၊ ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်သုံးခြင်းဖြင့် ကျောက် ကပ်ပျက်စီးစေနိုင်သည်။ ကျောက်ကပ် ကောင်းမွန်စွာ အလုပ်မလုပ်ပါက ခန္ဓာ ကိုယ်တွင်းအဆိပ်အတောက်များ စုပုံလာနိုင်သဖြင့် အောက်ပါအချက်များကိုသတိပြုသင့်သည်။
- ရေသောက်နည်းခြင်းက ကျောက်ကပ်ကို အမြန်ဆုံးဒုက္ခပေးနိုင်သောကြောင့် ရေများများသောက်သင့်သည်။
- သွေးတိုးရောဂါနှင့် ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးမှု ဖြစ်နိုင်သော အကြောင်းရင်းများဖြစ်သောကြောင့် သတိ ပြုသင့်သည်။
- အကိုက်အခဲ ပျောက်ဆေးများကို အလွန်အကျွံသုံးစွဲခြင်းက ကျောက်ကပ် ကို ဖြည်းဖြည်းချင်းအဆိပ်ဖြစ်စေသည့် အတွက် ရှောင်ကြဉ်သင့်သည်။
- ဆီးအမြှုပ်ထခြင်း၊ ခြေထောက်ဖော ရောင်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်နေ ခြင်းမှာ စောစောသတိပေးသောလက္ခဏာများဖြစ်သည်။
- အငန်(ဆား)စားသုံးမှု များလွန်း၍ ကျောက်ကပ်အလုပ်ဒဏ်ပိနိုင်သည်။
- ဆီးသွားချင်သည်ကို အောင့်ထား၍ အချိန်ကြာမြင့်သောအခါ ကျောက်ကပ်လုပ်ငန်း အားနည်းနိုင်သည်။
- တိုင်းရင်းဆေး သို့မဟုတ် တချို့ဆေး ဝါးများကို အသုံးပြုနည်းမမှန်ကန်သောကြောင့် ကျောက်ကပ်ပျက်စီးနိုင်သည်။
- ဆီးစစ်ခြင်းနှင့် ခရီတီနင်းကိုပုံမှန် စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် ကျောက်ကပ် ရောဂါဖြစ်ပွားမှုကို စောစီးစွာကာကွယ် နိုင်သည်။
ကျောက်ကပ်၏တာဝန်
ကျောက်ကပ်က အရွယ်အစားသေး ငယ်သော်လည်း ခန္ဓာကိုယ်၏အရေး ပါသော လုပ်ငန်းဆောင်တာ အများစုကိုတာဝန်ယူထားသည်။ ကျောက်ကပ်က စားသုံးလိုက်သော အစားအစာများထဲမှပါဝင်သောအဆိပ်အတောက်နှင့် အကျိုး မပြုသည့်ပစ္စည်းများကို စွန့်ထုတ်ပေး သည်။
သွေးပေါင်ချိန်ထိန်းညှိရန်လိုအပ်သောဟော်မုန်းကိုထုတ်ပေးသည်။ ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးသည်။ ဆီးသွားစေသည်။ ထို့ပြင် တခြားသော ခန္ဓာ ကိုယ်အတွက် အရေးပါသောလုပ်ငန်း ဆောင်တာများကိုလည်း လုပ်ဆောင်ပေးသည်။
ကျောက်ကပ်ထိခိုက်စေနိုင်သော အချက်များ
ကျောက်ကပ်ထိခိုက်စေနိုင်သောအချက် များစွာရှိသည်။ ကျောက်ကပ်ကို အများဆုံးထိခိုက်စေသည့် အကြောင်းရင်းမှာ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါဖြစ်သည်။ မျိုးရိုးလိုက်ခြင်း၊ အမျိုးသား၊ အမျိုးသမီး ကွာခြားခြင်း၊ အသက်အရွယ်ကြောင့် လည်း ကျောက်ကပ်ထိခိုက်နိုင်သည်။
သွေးချိုကို သေချာမထိန်းခြင်း၊ သွေးတိုးကိုသေချာထိန်းညှိမှုမရှိခြင်း တို့ကြောင့် ကျောက်ကပ်အတွင်း သွေးကြောများ ထိခိုက်လာပြီး ကျောက်ကပ်ပျက်စီးနိုင်သည်။ ကျောက်ကပ်က ကောင်းစွာအလုပ်မလုပ်နိုင်တော့သည့်အခါ သွေးအတွင်း အနည်အနှစ်များလာပြီး ခန္ဓာကိုယ်တွင် ရောဂါများဝင်လာနိုင်သည်။
ကျောက်ကပ်ကျန်းမာနေစေရန် အဓိကလိုက်နာရမည့်အချက်များ
နေ့စဉ်စားသုံးသည့်အစားအစာများကကျောက်ကပ်ကျန်းမာရေးအပေါ် သက် ရောက်မှုရှိသည်။ ကျောက်ကပ်ကျန်းမာ နေစေရန် အောက်ပါအချက်များကို သတိပြုဆင်ခြင်သင့်သည်။
အငန်လျှော့စားသင့်သည်။ အငန်ဓာတ်က ကျောက်ကပ်ပျက်စီးရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။ အငန်စားသုံးမှုများခြင်းက ကျောက်ကပ် ကို ထိခိုက်စေနိုင်သည်။ ကျောက်ကပ် ထိခိုက်သွားသောအခါ ကိုယ်တွင်းဆိုဒီယမ် များ မစစ်ထုတ်နိုင်တော့ဘဲ သွေးတိုးရောဂါ ထပ်ဝင်လာနိုင်သည်။
ပိုတက်ဆီယမ်ကခန္ဓာကိုယ်အတွက်အရေးပါသောဓာတ်တစ်ခုဖြစ်သည်။ သို့သော် ကျောက်ကပ်ရောဂါရှိသူများအနေ ဖြင့် ပိုတက်ဆီယမ်ကို အကန့်အသတ်သာလိုအပ်သည်။ ထို့ကြောင့် တစ်နေ့တာကို ပိုတက်ဆီယမ် ၂၀၀၀ မီလီဂရမ်သာ စားသုံးသင့်သည်။ ပိုတက်ဆီယမ်ကြွယ်ဝ သော အစားအစာမှာ ဖီးကြမ်းငှက်ပျော သီးဖြစ်သည်။
ကျောက်ကပ် ထိခိုက်ထားသူသည် ကိုယ်တွင်းပိုလျှံနေသော ဖော့စဖရပ်များကိုမစစ်ထုတ်နိုင်တော့ပါ။ ဖော့စဖရပ်ဓာတ်ကလည်း နေ့စဉ်စားသုံးသည့်အစားအစာများထဲ၌ပါဝင်သော ဓာတ်တစ်ခုဖြစ် သည်။ ဖော့စဖရပ်များပြားမှုက ခန္ဓာကိုယ် ကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဖော့ စဖရပ်ကိုလည်း တတ်နိုင်သမျှလျှော့သင့် သည်။
ကျောက်ကပ်ရောဂါရှိသူများ အနေဖြင့် နောက်ထပ် သတိထားရမည့်အချက်မှာ ပရိုတင်းများစွာ မစားမိစေရန်နှင့် ကယ်လ် စီယမ်ကိုလျှော့စားသင့်သည်။ ကျောက် ကပ်ရောဂါရှိသူများ စားသုံးသင့်သော အစားအစာများစွာရှိသည်။
ပန်းဂေါ်ဖီတွင် ဗီတာမင်- C၊ ဗီတာမင်-K၊ ဗီတာမင်- E တို့အပါအဝင် အာဟာရ ဓာတ်များစွာပါဝင်နေသည်။ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သကဲ့သို့ ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်သည့် ဒြပ်ပေါင်းများလည်း ပါဝင်သည့်အတွက် စားသင့်သည်။
စပျစ်သီးက အရသာရှိရုံသာမကအာဟာရလည်းကြွယ်ဝသည်။ ဗီတာမင်- C နှင့်ရောင်ရမ်းမှုကို သက်သာစေနိုင်သောဖလေဗိုနွိုက်ကဲ့သို့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သည်။ နှလုံးကျန်းမာစေ နိုင်သကဲ့သို့ ဆီးချိုရောဂါကာကွယ်ပေးပြီးတည်ငြိမ်မှုစွမ်းရည်ကျဆင်းခြင်းကို ကာကွယ်ပေးနိုင်သည့်အတွက် စားသင့်သည်။
ကြက်ဥအနှစ်က အာဟာရဓာတ် ကြွယ်ဝသော်လည်း ဖော့စဖရပ်ပါဝင်မှုများ သောကြောင့် ကျောက်ကပ်ရောဂါရှိသူများအတွက် ကြက်ဥအကာက အကောင်းဆုံး ဖြစ်သည်။ ပရိုတင်းဓာတ်ရနိုင်သော်လည်း ကျောက်ကပ်ကို မထိခိုက်စေနိုင်သောအဆာပြေစားစရာတစ်ခုအဖြစ် စားနိုင်သည်။
ကြက်သွန်ဖြူက ဟင်းလျာများနှင့် အရသာကိုပိုကောင်းနိုင်သည်။ အာဟာရ ကြွယ်ဝသကဲ့သို့ မဂ္ဂနီဆီယမ်၊ ဗီတာမင်- C နှင့် ဗီတာမင်- B6 တို့ပါဝင်နေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ကျစေနိုင် သော ဆာလဖာဒြပ်ပေါင်းပါဝင်နေသည်။
ကျောက်ကပ်ကောင်းလိုလျှင် တစ်ရက်ကို အနည်းဆုံး ကြက်သွန်ဖြူသုံးမြွှာခန့် စားသင့်သည်။
ဂေါ်ဖီထုပ်တွင် မီတာမင်- K၊ ဗီတာမင်- C နှင့် ဗီတာမင်- B တို့အများအပြားပါဝင် နေသည်။ အမျှင်ဓာတ်ကြွယ်ဝမှုက အစာ ခြေစနစ်ကိုကျန်းမာစေသကဲ့သို့ ဝမ်းမှန် စေနိုင်သည်။ ပိုတက်ဆီယမ်၊ ဖော့စဖရပ် နှင့်ဆိုဒီယမ်ပါဝင်မှုနည်းသောကြောင့် ကျောက်ကပ်ရောဂါရှိသူများအတွက် သင့်လျော်သော ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည်။
ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် ပရိုတင်းလျှော့စားရမည်ဆိုသော်လည်း ခန္ဓာကိုယ်ကျန်းမာရန် လိုအပ်သောပရိုတင်း ဓာတ်ကိုပြည့်ဝစွာစားသင့်သည်။ ထို့ ကြောင့် ကျောက်ကပ်သမားများရှောင်ရ မည့် ပိုတက်ဆီယမ်၊ ဆိုဒီယမ်ပါဝင်မှုနည်း သည့်အရေခွံမပါသော ကြက်ရင်ပုံသားကို စားသုံးပေးသင့်သည်။
ငရုတ်ပွသည် အာဟာရကြွယ်ဝသော်လည်း တခြားဟင်းသီးဟင်းရွက်နှင့်မတူဘဲ ပိုတက်ဆီယမ်ပါဝင်မှုနည်းသည်။ ငရုတ်ပွအရောင်တောက်တောက်က ဗီတာမင်- K၊ ဗီတာမင်-C ကြွယ်ဝစွာပါဝင်ပြီး ကျောက် ကပ်ရောဂါရှိသူများစားသုံးပေးသင့်သည့် အစားအစာဖြစ်သည်။
ကျောက်ကပ်ရောဂါရှိသူများအနေဖြင့် အနီရောင်အသား၊ ဘဲသား၊ ငါးခြောက်၊ နို့ထွက်ပစ္စည်း၊ ငါးပိ၊ ပဲအမျိုးမျိုး၊ ဆီသွတ် ဘူး၊ သစ်သီးခြောက်၊ အာလူး၊ ခရမ်းချဉ် သီး၊ ကြက်ဥအနှစ်၊ လိမ္မော်သီး၊ ငှက်ပျော သီး၊ အချိုရည်၊ အရက်၊ ဆေးလိပ်၊ ဆော်ဒါနှင့် ပေါင်မုန့်တို့စားသုံးခြင်းမှ ရှောင်သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
MWD
အမေရိကန်အင်ပါယာဝါဒရဲ့ လုပ်ရိုးလုပ်စဉ်တွေကို သေချာစောင့်ကြည့်မယ်ဆိုရင် ထပ်ခါထပ်ခါ တွေ့မြင်ရတဲ့ပုံစံတစ်ခုရှိပါတယ်။ အဲဒါကတော့ နိုင်ငံတစ်နိုင်ငံကို အရင်ဦးဆုံးအနေနဲ့ စီးပွားရေးနဲ့ ပိတ်ဆို့ဖိနှိပ်မယ်၊နောက်တစ်ဆင့်မှာ နိုင်ငံရေး၊ စစ်ရေး၊ သတင်းမီဒီယာတွေကနေဖိအားပေးမယ်၊ အဆုံးမှာတော့ တိုက်ရိုက်စစ်ရေးအင်အားအသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ “ပိတ်ဆို့၊ ခြိမ်းခြောက်၊ ကျူးကျော်”နည်းလမ်းပါပဲ။ ဒါကိုအမေရိကန်ရဲ့သုံးဆင့်နည်းလမ်းလို့ခေါ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အဓိကပုံစံတစ်ခုလိုဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ နိုင်ငံများစွာက ဒီပုံစံရဲ့သားကောင်ဖြစ်ခဲ့ရပါတယ်။
ဒီနည်းလမ်းက အမြဲတမ်းအောင်မြင်နေတယ်လို့တော့မဟုတ်ပါဘူး။ မကြာသေးခင်က အီရန်နဲ့ ပဋိပက္ခတွေမှာ အမေရိကန်နဲ့ အစ္စရေးတို့ မျှော်လင့်ထားသလိုအနိုင်မရခဲ့တာကိုတောင် အမေရိကန်ရဲ့ စစ်ဝါဒီပညာရှင်တချို့က ဝန်ခံလာကြပါတယ်။ ဒါပေမဲ့ ကျရှုံးမှုတွေက အမေရိကန်နိုင်ငံရေးသမားတွေကို နောက်မဆုတ်စေပါဘူး။ သူတို့အတွက် နိုင်ငံတစ်နိုင်ငံကို စီးပွားရေးအရအသက်ရှူမရအောင် ပိတ်ဆို့ဖိနှိပ်တာ၊ ပြည်သူတွေကို ဆင်းရဲဒုက္ခရောက်အောင် လုပ်တာ၊ နောက်ဆုံးမှာ စစ်အင်အားနဲ့ရိုက်ချိုးပစ်တာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်နေပါတယ်။
ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းကာလကို ပြန်ကြည့် မယ်ဆိုရင် အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုနဲ့ စစ်ရေးတိုက်ခိုက်မှု နှစ်မျိုးစလုံးကိုခံခဲ့ရတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်။ ကျူးဘား၊ အီရတ်၊ လစ်ဗျား၊ဆီးရီးယား၊ ပနားမား၊ ဂရန်နာဒါ၊ ဒိုမီနီကန်၊ ယူဂိုဆလားဗီးယား၊ မြောက်ကိုရီးယားနဲ့ အီရန်တို့လို နိုင်ငံတွေဟာ အမေရိကန်ရဲ့ စီးပွားရေးစစ်ပွဲ၊ ကုန်သွယ်ရေးပိတ်ဆို့မှု၊ ငွေကြေးတားမြစ်မှုတွေအပြင် ဗုံးကြဲတိုက်ခိုက်မှု၊ မြေပြင်ကျူးကျော်မှု၊ ကိုယ်စားတပ်တွေအသုံးပြုပြီး စစ်ဆင်မှုတွေကိုပါ ခံခဲ့ရပါတယ်။ ဒီအချက်ကိုကြည့်ရင် အမေရိကန်ဟာ အင်အားသုံးဖိနှိပ်သူပိုဖြစ်နေတယ်ဆိုတာ ပြသနေပါတယ်။
ယူကရိန်းပဋိပက္ခကို ကြည့်မယ်ဆိုရင်လည်း အမေရိကန်ရဲ့ ဒီနည်းလမ်းကို ထပ်မြင်နိုင်ပါတယ်။ ယူကရိန်းဟာ တစ်နိုင်ငံတည်းအားနဲ့ ရုရှားကို အခုလောက်ထိကြာအောင် မတောင့်ခံနိုင်ဘူးဆိုတာ လူတိုင်းသိပါတယ်။ စစ်လက်နက်၊ ထောက်လှမ်းရေး၊ နည်းပညာ၊ ငွေကြေး၊ သတင်းအချက်အလက် စတဲ့အရာတွေအားလုံးကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးနေတာပါ။ အဲဒီလိုနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုက်ခိုက်မှုတွေဖြစ်လာပါတယ်။
ဒါဟာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက်အများဆုံးရှိတဲ့ ရုရှားနဲ့တိုက်ရိုက်ရင်ဆိုင်နေရတဲ့ အန္တရာယ်ကြီးကတောင် အမေရိကန်နိုင်ငံရေးသမားတွေကို အပြည့်အဝမတားဆီးနိုင်ဘူးဆိုတာ ပြနေပါတယ်။
ဒီလိုမျိုးသမိုင်းနောက်ခံအခြေအနေတွေကြားမှာ လက်ရှိအမေရိကန်က ကျူးဘားကိုပို့နေတဲ့ သတင်းစကားတွေကိုကြည့်ရင် ပိုပြီးသတိထားစရာဖြစ်လာပါတယ်။ မကြာသေးခင်က အမေရိကန်ထောက်လှမ်းရေးသတင်းအရင်းအမြစ်ဆိုသူတွေက ကျူးဘားမှာ ဒရုန်းအစင်း ၃၀၀ ဝန်းကျင်ရှိနေပြီး အမေရိကန်ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ပြောလာပါတယ်။ ဂွမ်တာနာမိုပင်လယ်အော်က အမေရိကန်စခန်းကိုပါ တိုက်ခိုက်နိုင်တဲ့အပြင် ဖလော်ရီဒါအထိပါ ရောက်လာနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီလိုစွပ်စွဲချက်တွေထဲမှာ ရုရှား၊ တရုတ်နဲ့ အီရန်တို့ကလည်း ကျူးဘားနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ အကြောင်းတွေပါ ထည့်သွင်းထားပါတယ်။
ဒီသတင်းတွေကိုစဉ်းစားကြည့်ရင် အလွန်အကျွံ အဓိပ္ပာယ်မရှိတာကို မြင်နိုင်ပါတယ်။ ကျူးဘားလို အမေရိကန်နဲ့ အင်အားမမျှတဲ့ နိုင်ငံတစ်နိုင်ငံဟာကိုယ်တိုင် အမေရိကန်မြေပြင်ကိုတိုက်ခိုက်ဖို့ စတင်မယ်ဆိုတာ အမှန်တကယ်ဖြစ်နိုင်ခြေနည်းပါတယ်။
အဲဒီလိုလုပ်လိုက်ရင် အမေရိကန်ကို တိုက်ရိုက်ကျူးကျော်စေဖို့ အကြောင်းပြချက်ပေးသလို ဖြစ်သွားမှာပါ။ ဒါကြောင့် ဒီလိုစွပ်စွဲချက်တွေဟာ ကျူးဘားနိုင်ငံရဲ့ စစ်ရေးအစီအစဉ်မဟုတ်ဘဲ အမေရိကန်နိုင်ငံဘက်ကစစ်ရေးတိုက်ခိုက်မှုအတွက် ကြိုတင်လမ်းခင်းနေခြင်းသာဖြစ်တယ်လို့ လူအများကမြင်လာကြပါတယ်။
အမေရိကန်သမိုင်းကို ပြန်ကြည့်ရင် ဒီလိုမျိုးလုပ်ရပ်တွေက အသစ်အဆန်းမဟုတ်ပါဘူး။ ၂၀၀၃ ခုနှစ်မှာအီရတ်ကိုကျူးကျော်တုန်းက “လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်” ရှိတယ်လို့ ပြောခဲ့ပေမယ့် နောက်ဆုံးမှာ ဘာမှမတွေ့ခဲ့ပါဘူး။ လစ်ဗျားနိုင်ငံကို တိုက်ခိုက်စဉ်တုန်းကလည်း “လူ့အခွင့်အရေးကိုကာကွယ်ဖို့” ဆိုပြီး စတင်ခဲ့ပေမယ့် နောက်ဆုံးမှာ နိုင်ငံသာပျက်စီးသွားခဲ့ရပါတယ်။ အီရန်နိုင်ငံကိုလည်းနျူကလီးယားလက်နက် တည်ဆောက်နေတယ်ဆိုပြီး နှစ်ပေါင်းများစွာ ဖိအားပေးခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကျူးဘားအပေါ် အခုထုတ်လာတဲ့ စွပ်စွဲချက်တွေကိုလည်း လူအများက သံသယနဲ့ကြည့်နေကြတာပါ။
ကျူးဘားအစိုးရကတော့ အမေရိကန်ရဲ့စွပ်စွဲချက်တွေကို တိုက်ရိုက်ငြင်းဆိုထားပါတယ်။ သူတို့ကအမေရိကန်ဟာ စစ်ရေးတိုက်ခိုက်မှုအတွက် အတုအယောင်အမှု တည်ဆောက်နေတယ်လို့ ပြောထားပါတယ်။ ဒီလိုပြောတာဟာ အခြေအမြစ်မရှိမဟုတ်ပါဘူး။ အမေရိကန်ဟာ အရင်ကလည်း စစ်ရေးတိုက်ခိုက်မှုမလုပ်ခင် ဝါဒဖြန့်မှုတွေ၊ စွပ်စွဲချက်တွေ၊ ထောက်လှမ်းရေးသတင်းအတုတွေကို အသုံးပြုခဲ့ဖူးပါတယ်။
အခုနောက်ထပ်ဖြစ်ပေါ်လာတာက အမေရိကန်တရားရေးဌာနက ကျူးဘားသမ္မတဟောင်းဖြစ်တဲ့ ရောကက်စထရိုကို လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်တုန်းက လေယာဉ်နှစ်စင်းကိုပစ်ချမှုနဲ့ တရားစွဲလိုက်တာပါ။
ဒီလုပ်ရပ်ဟာ နိုင်ငံရေးဖိအားတိုးမြှင့်မှုတစ်ခုအဖြစ်မြင်ရပါတယ်။ အမေရိကန်ဟာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရိုကို ဖမ်းဆီးဖို့လုပ်ဆောင်ခဲ့သလိုမျိုးကျူးဘားခေါင်းဆောင်တွေကိုလည်း အလားတူလုပ်ဆောင်နိုင်တယ်ဆိုတဲ့ အချက်ပြမှုပါပဲ။
ကျူးဘားဟာ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ဆယ်စုနှစ်ပေါင်းများစွာကြာ ခံစားနေရတဲ့နိုင်ငံဖြစ်ပါတယ်။ အမေရိကန်က ကျူးဘားအပေါ် ကုန်သွယ်ရေးတားမြစ် မှုတွေ၊ ငွေကြေးပိတ်ဆို့မှုတွေ၊ နိုင်ငံတကာဘဏ်လုပ်ငန်းမှာအခက်အခဲဖြစ်အောင်တွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ကျူးဘားပြည်သူတွေဟာ လောင်စာဆီပြတ်လပ်မှု၊ အစားအစာအခက်အခဲ၊ ဆေးဝါးရှားပါးမှု၊ လျှပ်စစ်မီးပြတ်တောက်မှုတွေရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေဟာ စစ်တိုက်နေတာမဟုတ်ပေမယ့် လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို တဖြည်းဖြည်းနဲ့ဖျက်ဆီးနေတဲ့ စစ်ပွဲတစ်မျိုးဖြစ်နေပါတယ်။
အမေရိကန်က ကျူးဘားကို ဒီလောက်အထိရန်လိုနေရတဲ့ အဓိကအကြောင်းရင်းကတော့ ၁၉၅၉ ခုနှစ်ကျူးဘားတော်လှန်ရေးနောက်ပိုင်း ကျူးဘားဟာ အမေရိကန်ရဲ့ လက်အောက်ခံနိုင်ငံအဖြစ် မနေတော့တာကြောင့်ပါပဲ။ အရင်က ကျူးဘားဟာ အမေရိကန်စီးပွားရေးအကျိုးစီးပွားတွေအတွက် အရေးကြီးတဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးနောက်ပိုင်းမှာ ကျူးဘားက ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့ ရပ်တည်ဖို့ ကြိုးစားလာပါတယ်။ အဲဒါကို အမေရိကန်က ဘယ်တော့မှ လက်မခံနိုင်ခဲ့ပါဘူး။
လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတဲ့ စကားတွေကို အမေရိကန်က အမြဲပြောနေတတ်ပေမယ့် တကယ်တမ်းမှာတော့ သူတို့အကျိုးစီးပွားကို မလိုက်နာတဲ့ နိုင်ငံတွေအပေါ် ဖိနှိပ်ဖို့အသုံးပြုတဲ့ နိုင်ငံရေးစကားလုံးတွေသာဖြစ်နေတာပါ။ အမေရိကန်နဲ့မတူတဲ့ စီးပွားရေးစနစ်ရှိတာ၊ ဆိုရှယ်လစ်ဝါဒနီးစပ်တာ၊ ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေးတာတွေကို ဝါရှင်တန်က လက်မခံနိုင်ပါဘူး။
ကျူးဘားနဲ့ အမေရိကန်ကြား ပဋိပက္ခရဲ့ အဓိကအချက်က အယူဝါဒထက် အချုပ်အခြာအာဏာဖြစ်ပါတယ်။ အမေရိကန်အနီးမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံကအမေရိကန်ရဲ့သဘောကို မလိုက်နာဘူးဆိုတာကို ဝါရှင်တန်က လက်မခံနိုင်ပါဘူး။ Monroe Doctrineဆိုတဲ့ အမေရိကန်ရဲ့ ဒေသဆိုင်ရာအာဏာအယူအဆကလည်း အမေရိကန်အနီးက နိုင်ငံတွေကို သူတို့ရဲ့ သြဇာအောက်မှာပဲရှိစေချင်တဲ့ သဘောထားကိုပြသနေပါတယ်။
လက်ရှိ ကျူးဘားအစိုးရကို လူတစ်ယောက်ချင်းစီက ဘယ်လိုမြင်မြင် အမေရိကန်က နိုင်ငံတစ်နိုင်ငံကို ဒီလောက်အထိ စီးပွားရေးဖိနှိပ်မှု၊ စစ်ရေးခြိမ်းခြောက်မှု၊ နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုတွေ လုပ်ခွင့်မရှိပါဘူး။ ကျူးဘားရဲ့စီးပွားရေးစနစ် ကောင်းမွန်နေသလား၊မကောင်းနေဘူးလားဆိုတာတောင် အမှန်တကယ် အကဲဖြတ်ဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆယ်စုနှစ်ပေါင်းများစွာကြာ အမေရိကန်ရဲ့ ဖိနှိပ်ပိတ်ဆို့မှုတွေကြောင့် ကျူးဘားစီးပွားရေးဟာ ပုံမှန်အခြေအနေတစ်ခုမှာ ဘယ်တော့မှမရှိခဲ့လို့ပါ။
စီးပွားရေးအခက်အခဲရှိတယ်ဆိုတာနဲ့ နိုင်ငံတစ်နိုင်ငံ ကို ကျူးကျော်တိုက်ခိုက်ခွင့်ရလာတာမျိုးလည်း မဟုတ်ပါဘူး။ အဲဒီလိုဆိုရင် အကြွေးပမာဏကြီးထွားနေတဲ့၊ လူနေမှုစရိတ်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်ကိုပါ တခြားနိုင်ငံတွေက အစိုးရပြောင်းလဲသင့်တဲ့နိုင်ငံလို့ သတ်မှတ်နိုင်သွားမှာပါ။
လက်ရှိ ကျူးဘားသမ္မတ မီဂွယ်ဒီးယက်ကန်နယ်ကတော့ အမေရိကန်ကျူးကျော်လာရင် ပြင်းထန်တဲ့ တော်လှန်မှုနဲ့ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။
သူက အဲဒီလိုစစ်ပွဲမျိုးဖြစ်လာရင် သွေးချောင်းစီးမယ့်အခြေအနေဖြစ်လာနိုင်တယ်လို့ ပြောထားပါတယ်။ အမေရိကန်ရဲ့ ဖိအားအောက် ကျရှုံးသွားတဲ့နိုင်ငံတွေရှိသလို တောင့်ခံနိုင်ခဲ့တဲ့ နိုင်ငံတွေလည်းရှိပါတယ်။ ဗင်နီဇွဲလားက အမေရိကန်ရဲ့ဖိအားဒဏ်ကို အပြင်းအထန်ခံခဲ့ရပေမယ့် အီရန်ကတော့ အပြည့်အဝ မကျရှုံးခဲ့ပါဘူး။ ကျူးဘားရဲ့အနာဂတ်က ဘယ်လိုဖြစ်မလဲဆိုတာတော့ ယနေ့အထိ မသေချာသေးပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အမေရိကန်ရဲ့ “ပိတ်ဆို့၊ ခြိမ်းခြောက်၊ ကျူးကျော်”ဆိုတဲ့သုံးဆင့်နည်းလမ်းဟာ ကမ္ဘာ့နိုင်ငံရေးမှာ ဆက်လက်အသုံးချနေဆဲဖြစ်သလို ဒီလိုအသုံးချမှုအောက်မှာ ကျူးဘားနိုင်ငံက ရောက်ရှိလာနေတာပဲဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။ ။
MWD
ကမ္ဘာပေါ်တွင် ပေါက်ရောက်ရှင်သန်ကြသောမှိုမျိုးများစွာရှိရာ အအေးပိုင်းဒေသတွင်ဖြစ်ထွန်းသောမှိုမျိုးနှင့် အပူပိုင်း/သမပိုင်းဒေသများတွင် ပေါက်ရောက်ရှင်သန်နိုင်သော မှိုမျိုးဟူ၍ အကြမ်းအားဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။ အအေးပိုင်းဒေသများတွင်သာ ရှင်သန်ဖြစ်ထွန်းနိုင်သောမှိုမျိုးကွဲများအနက်မှ ရှီတာကီမှိုစိုက်ပျိုးထုတ်လုပ်ပုံအကြောင်းကို ပြည်သူအများသိရှိနိုင်ရန် တင်ပြလိုပါသည်။ ရှီတာကီမှိုအား သူ၏သိသာထင်ရှားသောမွှေးရနံ့ကြောင့် မှိုမွှေးဟုလည်း ခေါ်ဆိုကြပါသေးသည်။
ရှီတာကီမှိုအား ဝက်သစ်ချမျိုးရင်းဝင်အပင်များဖြစ်သော ညံ၊ ကြွက်စာ၊ ရင်းကူ၊ ဖက်ကြမ်း၊ ကြိမ်ပင်စသည့်အပင်များပေါ်တွင် သဘာဝအလျောက်ပေါက်ရောက်ရှင်သန်နေသည်ကို ၁၁၀၀ ခုနှစ်ခန့်က တရုတ်နိုင်ငံတွင် စတင်တွေ့ရှိခဲ့ကြသည်။ ၁၉၃၆ ခုနှစ် ဂျပန်နိုင်ငံတွင် သဘာဝအတိုင်း ပေါက်ရောက်စေခြင်းမဟုတ်ဘဲ ဝက်သစ်ချသားသစ်တုံးပေါ်တွင် ရှီတာကီမှိုမျိုးထည့်သွင်း၍ စမ်းသပ်စိုက်ပျိုးကြည့်ရာ အောင်မြင်ခဲ့သည်။
၁၉၈၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ လွှစာရောစပ်စာအသုံးပြုစိုက်ထုပ်ဖြင့် မှိုမျိုးထည့်သွင်းစိုက်ပျိုးရာ အောင်မြင်ခဲ့သည်။ ရှီတာကီမှိုသည် ကျန်းမာရေးနှင့် ညီညွတ်စေသဖြင့် ဂျပန်၊ တရုတ်၊ ကိုရီးယား စသည့် အရှေ့အာရှနိုင်ငံများတွင် ရာစုနှစ်ပေါင်း များစွာစားသုံးခဲ့ကြသည်။ အာဟာရနှင့် ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများကြောင့် သစ်တုံးအပြင် ဝက်သစ်ချသားလွှစာ ရောစပ်စာစိုက်ထုပ်ဖြင့် စီးပွားဖြစ်အမြောက်အမြား စိုက်ပျိုးထုတ်လုပ်လာကြသည်။ ရှီတာကီမှိုသည် အသားကဲ့သို့အရသာရှိပြီး ထူးခြားသောမွှေးရနံ့ကြောင့်လည်း ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်လာကြပြီး လူကြိုက်အများဆုံးအစားအစာ ထဲတွင် ပါဝင်လာပါသည်။
ရှီတာကီမှိုကို သက်သတ်လွတ်ဟင်းလျာအဖြစ် စားသုံးနိုင်သလို အသားနှင့်ရောနှောချက်ပြုတ်၍လည်း စားနိုင်ပါသည်။ ထို့ပြင် မှိုကုန်းဘောင်ကြော်၊ ဟင်းသီးဟင်းရွက်အစုံကြော်တို့တွင်လည်း ထည့်သွင်းချက်ပြုတ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် အအေးပိုင်းဒေသရှိ မှိုသုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ(ပြင်ဦးလွင်)တွင် ၁၉၉၅ ခုနှစ်မှစ၍ စတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ ဖြစ်ထွန်းအောင်မြင်ခဲ့သည့်အတွက် ထိုကာလများက ရှီတာကီမှိုကိုသာ အဓိကစိုက်ပျိုးထုတ်လုပ်ခဲ့ကြ သည်။
ရှီတာကီမှိုသည် မြန်မာနိုင်ငံ၏ရာသီဥတုအရဆိုလျှင် အပူချိန် ၈ -၂၇ ဒီဂရီစင်တီဂရိတ်အတွင်းရှိသည့် အအေးပိုင်းဒေသများတွင် ကောင်းစွာရှင်သန်ဖြစ်ထွန်းနိုင်ကြောင်း တွေ့ရှိရသည်။ မှိုစိုက်ထုပ်ပြုလုပ်ရန်အသုံးပြုသည့် ရောစပ်စာလွှစာကုန်ကြမ်းသည် ဝက်သစ်ချမျိုးရင်းဝင်အပင်များ အများဆုံးပေါက်ရောက်ရာ အအေးပိုင်းဒေသများတွင်သာရှိသဖြင့် ရှီတာကီမှိုကို အအေးပိုင်းမှိုဟု ခေါ်ဝေါ်ကြသေးသည်။ ရှီတာကီမှိုသည် ဝက်သစ်ချလွှစာတွင်သာ အကောင်းဆုံးဖြစ်ပြီး အခြားသောသစ်ပွလွှစာများ ရောစပ်အသုံးပြုလိုပါက ၃ပုံ ၁ပုံသာ ရောစပ်သုံးသင့်သည်။
ကုန်ကြမ်းရောစပ်စာကို လွှစာ ၁၀၀ ရာခိုင်နှုန်းတွင် ဖွဲနု ၇ ရာခိုင်နှုန်း၊ ထုံး ၁ ရာခိုင်နှုန်း၊ ဆားခါး သုည ဒသမ ၂ ရာခိုင်နှုန်းနှင့် သကြား ၁ ရာခိုင်နှုန်း ၊ ရေအစိုဓာတ် ၆၅ ရာခိုင်နှုန်းတို့ဖြင့် သမအောင်ရောစပ်၍ စိုက်ထုပ်အိတ်အတွင်း လေဟာနယ်မရှိအောင် ထည့်ပေးရမည်ဖြစ်သည်။
စိုက်ထုပ်ပြုလုပ်ပြီးပါက ရောစပ်စာအတွင်းပါရှိလာသည့် ရောဂါပိုးမွှားများ ပပျောက်သွားစေရန် ပေါင်းတင်ပိုးသန့်စင်ခြင်းလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်သည်။ ပေါင်းတင် ပိုးသန့်စင်ခြင်းဆောင်ရွက်ရာတွင် အငွေ့လုံပီပါခွံကို တိုင်ကီအဖုံးတွင် ၂ လက်မ သံချောင်းဖြင့် အပေါက်ငယ်
တစ်ပေါက် ဖောက်ထားပေးရမည်။ တိုင်ကီအောက်ခြေတွင် ၅ - ၆ လက်မအမြင့်ရှိ သစ်သားစင်အား အောက်ခံအဖြစ်ထည့်သွင်း၍ ရေကို ၄လက်မခန့်ထည့်ပေးထားပြီးမှ မှိုစိုက်ထုပ်များ စီထပ်ပေးရမည်ဖြစ်သည်။ မီးပြင်းပေးရန် မီးသွေး/ထင်း/လောင်စာခဲများ အသုံးပြုရမည်ဖြစ်ပြီး မီးပြင်းအားညီစေရန် အထူးသတိပြုရပါမည်။ မီးအပူပေး၍ တိုင်ကီအဖုံးရှိ အပေါက်ငယ်မှ အငွေ့စထွက်လာချိန်မှစ၍ ၃ - ၄ နာရီခန့်ကြာအောင် ပေါင်းပေးရမည်ဖြစ်သည်။ အချိန်ပြည့်ပြီးနောက် ပေါင်းအိုးမှ ချက်ချင်းမထုတ်ဘဲ ပေါင်းအိုးအတွင်း အပူလျော့ကျသည်အထိ နှပ်ထားပေးရမည်။
ပေါင်းတင်ပိုးသန့်စင်ပြီးသော စိုက်ထုပ်များကို သီးသန့်ပြုလုပ်ပေးထားသော မှိုမျိုးသွင်းခန်းတွင် ကြမ်းခင်းကို သန့်ရှင်းရေးပြုလုပ်ရလွယ်ကူစေရန် ကြွေပြား/ကွန်ကရစ်/ပျဉ်ခင်း၍ အပေါ်တွင် ဖယောင်းပုဆိုးခင်းပေးထားရမည်ဖြစ်ပြီး အခန်းဝတွင် ခြေထောက်မှတစ်ဆင့် ရောဂါပိုးမွှားများ ကပ်ပါလာခြင်းမရှိစေရန် ထုံးထည့်ထားသော ခြေနင်းဗန်းထားရှိပေးရပါမည်။
ရှီတာကီမှိုမျိုးထည့်သွင်းရန်မျိုးပုလင်းကို မျိုးပြည့်ပြီး သက်တမ်း ၂၁ ရက်အတွင်း အသုံးပြုပေးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ မျိုးပုလင်းအတွင်း မှိုရိုင်းများ၊ ပိုးမွှားများ ပါဝင်နေခြင်းမရှိအောင် အထူးသတိပြုရမည်ဖြစ်သည်။ မျိုးသွင်းပြီး ရှီတာကီမှိုစိုက်ထုပ်များကို ရင့်ကျက်ခန်းအတွင်း မှိုမျှင်ပြည့်လာစေရန် ရင့်ကျက်ကာလ လေးလခန့်ကြာအောင် ထားရှိပေးထားရမည်။ ရှီတာကီမှိုအတွက် ရင့်ကျက်ခန်းအပူချိန်သည် ၂၄ - ၂၇ ဒီဂရီစင်တီဂရိတ် အတွင်းသာရှိသင့်သည်။ အလင်းရောင် အနည်းငယ်သာရှိရန်လိုအပ်ပြီး လေဝင်လေထွက်ကောင်းမွန်ကာ သန့်ရှင်းခြောက်သွေ့နေစေရန် ဖန်တီးပေးထားရမည်။ ရှီတာကီမှိုအတွက် မှိုမျှင်ရင့်ကျက်ကာလသည် ပထမအဆင့် မှိုမျှင်ပြည့်ရန် နှစ်လခွဲခန့် ကြာလေ့ရှိပြီး ဒုတိယအဆင့် အင်ဇိုင်းထုတ်ရန် တစ်လခွဲခန့် ကြာတတ်သောကြောင့် ရင့်ကျက်ခန်းအတွင်း ကြာချိန်သည် လေးလခန့် အချိန်ယူရပါသည်။
မှိုမျှင်ပြည့်သွားသောမှိုစိုက်ထုပ်များကို စိုက်ပျိုးခန်းတွင် စင်ပေါ်ထောင်တင်၍ ချစိုက်ပေးချိန်တွင် စိုက်ခန်းအပူချိန်မှာ ၈ - ၁၆ ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ ၇၅ - ၉၀ ရာခိုင်နှုန်းအတွင်း ထိန်းညှိထားနိုင်ရမည်။ စိုက်ထုပ်အား ရေဖျန်းကရားဖြင့် တစ်ရက် ၂ - ၃ ကြိမ်ခန့် ရေမှုန်ရေမွှားပုံစံ ပက်ဖျန်းပေးရမည်ဖြစ်သည်။ ရှီတာကီမှိုစိုက်ထုပ် တစ်ထုပ်လျှင် ၂ - ၃ ကြိမ်အထိ ခူးဆွတ်နိုင်ပြီး မှိုပွင့်အစို ၁၅ - ၂၀ ကျပ်သားခန့် ထွက်ရှိနိုင်ပေသည်။
ရှီတာကီမှိုသည် အအေးပိုင်းဒေသများတွင်သာ ကောင်းစွာဖြစ်ထွန်းနိုင်သည်ဖြစ်ရာ အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်သွားပါက မှိုမျှင်ကြီးထွားမှုရပ်တန့်သွားပြီး အဝါရောင်ပြောင်းသွားကာ ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားလျှင် မှိုမျှင်များ အနီရောင်သို့ပြောင်းသွားပြီး ခြောက်၍သေဆုံးသွားစေသည်။
ရှီတာကီမှိုသည် ဟင်းလျာအဖြစ်သာ အသုံးဝင်သည်မဟုတ်ဘဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ဗီတာမင်ဘီ ( B5, B6 )၊ ဗီတာမင်ဒီ၊ ဆီလီနီယမ်၊ ကော့ပါး၊ ဇင့် စသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်နေသည့် အာဟာရတန်ဖိုးမြင့်မားစွာ ပါရှိနေသည်ကို တွေ့ရှိရပါသည်။ ရှီတာကီမှိုတွင်ပါရှိသော အမျှင်ဓာတ်သည် အစာခြေစနစ်ကို အထောက် အကူဖြစ်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေသော ပိုလီဆက်ကရိုက်များလည်း ပါဝင်နေသေးသည်။ အချို့လေ့လာမှုများအရ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်စွမ်းရှိကြောင်း တွေ့ရှိရပါသည်။ ကိုလက်စထရောပါဝင်မှုကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။ အရိုးများကိုသန်မာစေသည့် အာနိသင်လည်းပါရှိနေသေးသည်။ သို့သော် “တန်ဆေး လွန်ဘေး” ဆိုသကဲ့သို့ အလွန်အကျွံ စားသုံးမိလျှင် အမျှင်ဓာတ်များသွား၍ အစာမကြေဗိုက်အောင့်ခြင်းများ ဖြစ်စေတတ်ပြီး အချို့သောသူများတွင် ဓာတ်မတည့်မှုမျိုးဖြစ်ပေါ်စေသဖြင့် အရေပြားယားယံခြင်းကို ခံစားရစေနိုင်သည်။
ဈေးကွက်တွင်ရောင်းချနေသော ရှီတာကီမှိုခြောက်များကို အခြောက်ခံရာတွင် သဘာဝအတိုင်း နေရောင်ဖြင့်အခြောက်ခံလျှင် မှို၏အရောင်အဆင်းပျက်သွားစေနိုင်ခြင်း၊ မှိုပွင့်အတွင်းရှိ အစိုဓာတ်အား လုံးဝခြောက်သွေ့သွားအောင် မလျှော့ချနိုင်ခြင်းကြောင့် မကြာမီ ပျက်စီးသွားစေနိုင်ခြင်း၊ မှိုပွင့်ပုံသဏ္ဌာန်ပြောင်းလဲသွားစေခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်ဝင် မှိုခြောက်ရရှိစေရန် အခြောက်ခံစက်ဖြင့် ၄၅ - ၆၀ ဒီဂရီစင်တီဂရိတ်ကို နာရီအပိုင်းအခြားအလိုက် ထိန်းညှိ ပေး၍ အခြောက်ခံပေးရမည်။ အခြောက်ခံချိန်ကာလမှာ ၁၈ နာရီခန့်ဖြစ်ပြီး အစိုဓာတ်မှာ ၁၀ - ၁၂ ရာခိုင်နှုန်းအထိ လျှော့ချပေးရမည်ဖြစ်ပါသည်။ မှိုအစိုထက် မှိုအခြောက်တွင် မွှေးရနံ့ပိုရစေသည်။
အအေးပိုင်းဒေသများတွင်သာ စိုက်ပျိုးဖြစ်ထွန်းနိုင်သော ရှီတာကီမှိုကို စိုက်ပျိုးရေး ဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ မှိုသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ပြင်ဦးလွင်)တွင် ၁၉၉၅ ခုနှစ်၊ စမ်းသပ်စိုက်ပျိုးအောင်မြင်ခဲ့ချိန်မှစ၍ ဒေသရာသီဥတုနှင့် ကိုက်ညီမှုရှိသည့်အတွက် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့သည်။ ယခုအချိန်တွင် ရာသီဥတုပြောင်းလဲလာမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိတော့ဘဲ ဆောင်းရာသီ အအေးဆုံး အချိန်ကာလတွင်သာ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးလိုသူများအတွက် မျိုးဖြန့်ဖြူးပေးလျက်ရှိပါသည်။
ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးဖြစ်ပြီး ဆေးဖက်ဝင်အာနိသင်များစွာပါဝင်ကာ တန်ဖိုးမြင့်မှိုဖြစ်သည့် ရှီတာကီမှိုတွင် အရည်အသွေးမြင့် ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်နေခြင်းကြောင့် ပြည်သူအများ သိရှိစားသုံးသင့်သော မှိုသီးနှံဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။ ။
MWD

