နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၀၊ အမျိုးသမီး ၄၂ ဦး စုစုပေါင်း ၇၂ ဦးတို့ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

News Image

  • နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် DPLA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃၀၊ အမျိုးသမီး ၄၂ ဦး စုစုပေါင်း ၇၂ ဦးတို့ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

နေပြည်တော် မေ ၁၁

 

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် DPLA အဖွဲ့ဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၄၀၊ TNLA အဖွဲ့ဝင် အမျိုးသား သုံးဦးနှင့် PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၇၂ ဦးတို့သည် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့မှ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၃၇ ဦး၊ ကျောက်မဲမြို့မှ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး နှစ်ဦး၊ သီပေါမြို့မှ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး သုံးဦး တို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။ 

 

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ ကိုယ်စားဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများကို ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ ကျွန်တော်ကတော့ ဒီအဖွဲ့အစည်းထဲကို ၂၀၂၅ သုံးလပိုင်းမှာ မတရားခေါ်ဆောင်ခံရပြီးတော့ သင်တန်းကွင်းထဲကို ပို့ဆောင်ခံရပြီး သင်တန်း သုံးလ တက်ရပါတယ်။ သင်တန်းကွင်းထဲမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လူမျိုးရေး ခွဲခြားခံရတာတွေ များလွန်းလို့ ကျွန်တော်တို့ စိတ်နာပြီး အစိုးရဘက်ကလည်း အလင်းဝင်ရောက်သူတွေကို နွေးထွေးစွာကြိုဆိုတဲ့ သတင်းကြားရလို့ အမြန်ဆုံး ဥပဒေဘောင်အတွင်း ဝင်လာခဲ့ပါတယ်။ အစားအသောက်ကလည်း တစ်ပတ်နေမှ အသားဟင်း တစ်ခါလောက် စားရပါတယ်။ သင်တန်းပြီးတော့လည်း ကျွန်တော်တို့ကို တပ်သားအနေနဲ့ သိန္နီမြို့ဘက်ကို ပို့လိုက်တယ်။ အဲဒီကိုရောက်တော့ ကျွန်တော်တို့ ကင်းစောင့်ရတယ်။ ထင်းခွဲရတယ်။ လက်အောက်ငယ်သားအချင်းချင်း အနိုင်ကျင့်ခံရတယ်။ အဲဒါတွေကို စိတ်နာပြီးတော့ တရားဥပဒေဘောင်အတွင်းကို ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ တောထဲမှာ ကျန်တဲ့သူငယ်ချင်းတွေကိုလည်း အမြန်ဆုံး အမှန်တရားရပြီးတော့ အလင်းဝင်ရောက်နိုင်ဖို့ ကျွန်တော်ဒီကနေ တိုက်တွန်းလိုက်ပါတယ်။ 

 

၂။ ၂၀၂၅ ကိုးလပိုင်းမှာ အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာတော့ ကောင်းကောင်းမွန်မွန် နေရပါတယ်။ နောက်ပိုင်းမှာကျတော့ သင်တန်းသွားရင်လည်း အခက်အခဲတွေနဲ့ ကြုံရပါတယ်။  သင်တန်းလည်း ကောင်းကောင်း မတက်ရဘူး။ အမြဲတမ်း ရိုက်နှက်ခံနေရပါတယ်။ ဝင်ဝင်ချင်းလည်း စိတ်ညစ်ရတယ်။ နောင်တတွေလည်းရခဲ့တယ်။ လုံးဝမနေချင်တော့ဘူး။ သင်တန်းစတက်ချင်းမှာပဲ အမြဲတမ်းထွက်သွားဖို့ တွေးနေခဲ့တယ်။ အခုကျတော့လည်း မိဘအိမ်ပြန်ရတော့ အတော်လေး ပျော်ရပါတယ်။ သင်တန်းပြီးတော့ ဂိတ်တွေစောင့်ရတယ်။ ဂိတ်စောင့်ချိန်မှာလည်း အစောကြီးမရောက်လို့ အမြဲတမ်း ပြဿနာရှာခံရပါတယ်။ ကောင်းကောင်းမွန်မွန်လည်း မနေရဘူး။ အစားဆင်းရဲ၊ အနေဆင်းရဲ နေခဲ့ရတယ်။ အချိန်ပြည့် ပြေးနေရတယ်။ ညဆိုလည်း ကောင်းကောင်းမအိပ်ခဲ့ရဘူး။ နေ့တိုင်း နေ့တိုင်း ဆဲဆိုခံရပြီး နှိပ်စက်ခံရတယ်။ ပြီးတော့ ဒီကိုအလင်းဝင်မယ့်အချိန် ပထမအခေါက် ထွက်ပြေးတုန်းက သူတို့ဖမ်းမိခဲ့တယ်။ ရက် ၂၀ လောက် ကျွန်မကို ခြောက်ပေါက်ထဲ ထည့်ထားတယ်။ အစကတော့ ကျွန်မကို သတ်တော့မလို့။ နိုင်ငံတော် အစိုးရကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေရဲ့ စေတနာမေတ္တာကိုလည်း ကျွန်မတို့ နားလည်ပါပြီ။ ကျွန်မလည်း ကောင်းကောင်းမွန်မွန် နေထိုင်သွားပါမယ်လို့ ဆုံးဖြတ်ထားပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း အမြန်ဆုံး အလင်းဝင်ရောက်လာပါလို့ မေတ္တာရပ်ခံပါတယ်။

 

သတင်းစဉ်

MDN