ဂျာမနီနိုင်ငံရှိ အင်တာနက်သုံးစွဲသူ ဆယ်ပုံတစ်ပုံ ဆိုက်ဘာမှုခင်းကျူးလွန်သူများ၏ သားကောင်ဖြစ်လာ
ဖရန့်ဖတ် မေ ၁၁
ဂျာမနီနိုင်ငံရှိ အင်တာနက်သုံးစွဲသူ ဆယ်ပုံတစ်ပုံသည် ဆိုက်ဘာမှုခင်းကျူးလွန်သူများ၏ သားကောင်အဖြစ် ရောက်ရှိနေပြီး ၎င်းတို့အနက်မှ သုံးပုံတစ်ပုံသည် ပြီးခဲ့သည့်တစ်နှစ်အတွင်း ငွေကြေးဆုံးရှုံးမှုများရှိခဲ့ကြောင်း လေ့လာမှုတစ်ရပ်အရ သိရသည်။
လေ့လာမှုကို ဂျာမနီနိုင်ငံ ဖက်ဒရယ်သတင်းအချက်အလက် လုံခြုံရေးရုံးနှင့် ရဲတပ်ဖွဲ့ မှုခင်းကာကွယ်ရေးအစီအစဉ်တို့က ဆောင်ရွက်ခြင်းဖြစ်ပြီး လေ့လာခံရသူများ၏ ၁၁ ရာခိုင်နှုန်းသည် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ လိမ်လည်မှုများကို ကြုံတွေ့ခဲ့သည်။
မှုခင်းများတွင် အွန်လိုင်းဘဏ်လိမ်လည်မှု၊ အွန်လိုင်းဘဏ်အကောင့်များကို တရားမဝင်ရယူ သုံးစွဲခြင်းနှင့် အွန်လိုင်းတွင် တရားဝင်အဖွဲ့အစည်းများအဖြစ် ဟန်ဆောင်၍ လိမ်လည်ခြင်းတို့ ပါဝင်သည်။ အဆိုပါမှုခင်းများကြောင့် နိုင်ငံသား ၃၃ ရာခိုင်နှုန်းတွင် ငွေကြေးဆုံးရှုံးမှုများရှိခဲ့ပြီး ၎င်းမှုခင်းများကို ကာကွယ်ရန်အတွက် ခိုင်မာသည့်လျှို့ဝှက်နံပါတ်များ သတ်မှတ်ခြင်းနှင့် ဗိုင်းရပ်စ်ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်သင့်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ မှုခင်း များကို ကာကွယ်ရန်အတွက် ဒစ်ဂျစ်တယ်လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မြှင့်တင်သင့်ကြောင်း ဂျာမနီနိုင်ငံ ဖက်ဒရယ်သတင်းအချက်အလက်လုံခြုံရေးရုံးအကြီးအကဲ ကလော်ဒီယာ ပလက်နာက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
MDN

,
,
,
,
,
,
,