Artemis II အာကာသယာဉ်သည် ထိန်းချုပ်ရေးစင်တာနှင့် ဆက်သွယ်မှုပြတ်တောက်နေစဉ်အတွင်း လနှင့်အနီးကပ်ဆုံးအကွာအဝေးမှ ဖြတ်သန်းမှုပြုလုပ်

News Image

  • Artemis II အာကာသယာဉ်သည် ထိန်းချုပ်ရေးစင်တာနှင့် ဆက်သွယ်မှုပြတ်တောက်နေစဉ်အတွင်း လနှင့်အနီးကပ်ဆုံးအကွာအဝေးမှ ဖြတ်သန်းမှုပြုလုပ်

NASA အာကာသယာဉ်မှူး သုံးဦးနှင့် ကနေဒါအာကာသအေဂျင်စီ (CSA) မှ အာကာသယာဉ်မှူး တစ်ဦးတို့ လိုက်ပါလာသည့် Orion အာကာသ ယာဉ်သည် လူအများစောင့်မျှော်နေကြသည့် လအနီးမှပျံသန်းမှုကို ပြုလုပ်ခဲ့သည်။ ယင်းသို့ ပျံသန်းရာတွင် လမျက်နှာပြင်နှင့် ၄,၀၇၀ မိုင် (၆,၅၅၀ ကီလိုမီတာ) ခန့်အကွာအထိ ချဉ်းကပ်ခဲ့ပြီး လ၏ဒြပ်ဆွဲအား သက်ရောက်မှု နယ်ပယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ကြိုတင်စီစဉ်ထားပြီး လူအများစိတ်ဝင်တစား စောင့်ကြည့်နေသည့် ခရီးစဉ်၏ အဆင့်တစ်ခုတွင် ဟူစတန်ရှိ မစ်ရှင်ထိန်းချုပ်ရေးစင်တာ (Mission Control) သည် အရှေ့ဘက်စံတော်ချိန် ညနေ ၆:၄၃ နာရီခန့် မှစ၍ မိနစ် ၄၀ ကြာ ခရီးစဉ်အဖွဲ့သားများနှင့် ဆက်သွယ်ရေး ပြတ်တောက် သွားခဲ့သည်။ ကမ္ဘာပေါ်ရှိ နက်ရှိုင်းသော အာကာသဆက်သွယ်ရေး ကွန်ရက် (Deep Space Network) နှင့် Orion အာကာသယာဉ်ကြားမှ ရေဒီယိုနှင့် လေဆာအချက်ပြလှိုင်းများကို လ၏ကိုယ်ထည်က ကာဆီးလိုက်ခြင်းကြောင့် ယင်းကဲ့သို့ ဆက်သွယ်ရေးပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ပြတ်တောက်နေစဉ်အတွင်း NASA အာကာသယာဉ်မှူးများဖြစ်ကြသော Reid Wiseman၊ Victor Glover၊ Christina Koch နှင့် ကနေဒါအာကာသအေဂျင်စီမှ Jeremy Hansen တို့သည် ၎င်းတို့၏ သိပ္ပံဆိုင်ရာရည်မှန်းချက်များကို အာရုံစိုက် ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့သည် မိုင် ၆၀၀ ကျယ်ဝန်းသော Orientale Basin အပါအဝင် ကမ္ဘာမှ မမြင်ရသည့် လ၏တစ်ဖက်ခြမ်းကို ဓာတ်ပုံရိုက်ကူးခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါမစ်ရှင်၏ အရေးပါဆုံးသော အခိုက်အတန့်တွင် အာကာသ ယာဉ်မှူးများသည် ၁၉၇၀ ပြည့်နှစ်က Apollo 13 မစ်ရှင် တင်ထားခဲ့သည့် မိုင်ပေါင်း ၂၄၈,၆၅၅ စံချိန်ကို ကျော်ဖြတ်ကာ ၅၆ နှစ်ကြာ စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့သည်။ NASA စီမံခန့်ခွဲသူ Jared Isaacman က "ကမ္ဘာ နှင့် မိုင်ပေါင်း ၂၅၂,၇၅၆ အကွာ၊ လ၏ တစ်ဖက်ခြမ်းတွင် Reid၊ Victor၊ Christina နှင့် Jeremy တို့သည် လူသားသမိုင်းတွင် ကမ္ဘာနှင့် အဝေးဆုံး သို့ရောက်ရှိသွားခဲ့ပြီဖြစ်သလို ယခုအခါ နေရပ်သို့အပြန်ခရီးစဉ်ကို စတင် နေပြီဖြစ်သည်" ဟု X လူမှုကွန်ရက်ပေါ်ရှိ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မစ်ရှင်ထိန်းချုပ်ရေးဗဟိုနှင့် ဆက်သွယ်ရေး ပြန်လည်ရရှိပြီးနောက် အာကာသယာဉ်မှူး Koch က "ကမ္ဘာမြေဆီက အသံကို ပြန်ကြားရတာ တကယ့်ကို ဝမ်းသာစရာပါပဲ" ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ကျွန်မတို့ နောက်တစ်ကြိမ် ထပ်လာဦးမှာပါ၊ သိပ္ပံသုတေသန စခန်းတွေ တည်ဆောက်မယ်၊ လသွားယာဉ် (Rovers) တွေကို မောင်းနှင်မယ်၊ ရေဒီယို နက္ခတ္တဗေဒ တိုင်းတာမှုတွေ လုပ်ဆောင်မယ်၊ ကုမ္ပဏီတွေ တည်ထောင်မယ်၊ လုပ်ငန်းကဏ္ဍတွေကို မြှင့်တင်မယ်၊ ပြီးတော့ စိတ်ကူးစိတ်သန်းတွေကို လှုံ့ဆော်ပေးသွားပါမယ် ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်မတို့ဟာ ကမ္ဘာမြေကိုပဲ အမြဲတမ်းရွေးချယ်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂