မျိုးသုဉ်းသွားသည့် အမွေးရှည်ကြံ့ကြီးများ၏ မေးရိုးများကို ပထမဆုံးအကြိမ်အဖြစ် ကွန်ပျူတာဓာတ်မှန်အား အသုံးပြု၍ ရုရှားသိပ္ပံပညာရှင်များ လေ့လာ
ရုရှားနိုင်ငံ နိုဗိုစီဘတ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် သမိုင်းမတင်မီခေတ်အတွင်း၌ ရှင်သန်ကျက်စားပြီး မျိုးသုဉ်းသွားခဲ့သည့် အမွေးရှည်ကြံ့ကြီးများ၏ မေးရိုးများကို ပထမဆုံးအကြိမ်အဖြစ် ကွန်ပျူတာဓာတ်မှန်အား အသုံးပြု၍ လေ့လာခဲ့ကြကြောင်း သိရသည်။
သိပ္ပံပညာရှင်များ၏ အဆိုပါလေ့လာမှုသည် ရှေးဟောင်းတိရစ္ဆာန်များ၏ သွားများ မည်သို့ပြောင်းလဲလာသည်ကို နားလည်သဘောပေါက်စေရန် အထောက်အကူပြုမည်ဖြစ်ပြီး ထိုသို့လေ့လာရာမှ ရရှိလာသည့်တွေ့ရှိမှုများကို လက်ရှိမျိုးသုဉ်းမည့်ဘေးနှင့် ကြုံတွေ့နေရသည့်ကြံ့များအား လေ့လာရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်ရှိ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
လေ့လာခဲ့သည့်ပစ္စည်းများတွင် ပလိုက်စတိုဆင်းခေတ်အတွင်း ဆိုက်ဘေးရီးယားတောင်ပိုင်း၌ နေထိုင်ခဲ့သည့် အမွေးရှည်ကြံ့များ၏ မေးရိုးအပိုင်းအစ ငါးခုပါဝင်ပြီး သိပ္ပံပညာရှင်များက အရည်အသွေးမြင့် 3D ပုံရိပ်ဖော်စနစ်ကိုအသုံးပြု၍ လေ့လာခဲ့ကြခြင်းဖြစ်သည်။
ယခုလေ့လာခဲ့သည့်နမူနာများသည် အသက် ၃ နှစ်ခွဲမှ ၅ နှစ်ဝန်းကျင်ရှိ အမွေးရှည် ကြံ့အကောင်ပေါက်လေးများ၏ မေးရိုးများဖြစ်ကြောင်း၊ အဆိုပါအသက်အရွယ်သည် ၎င်းတို့၏ ငယ်သွားများမှ အရွယ်ရောက်ပြီး ကြံ့များ၏ သွားများအဖြစ် ပြောင်းလဲသည့် အချိန်ဖြစ်ကြောင်း ဘူမိဗေဒနှင့် တွင်းထွက်ပစ္စည်းဗေဒဌာနမှ အကြီးတန်းသုတေသီ တစ်ဦးဖြစ်သူ ဒီမီထရီမာလီကော့က ပြောကြားထားကြောင်း သိရသည်။
MWD
