အာကာသနယ်ပယ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသည့် နိုင်ငံကြီးအဖြစ် အခိုင်အမာ တည်ဆောက်နေသည့် ရုရှား သို့မဟုတ် မော်စကိုမြေမှ ထွက်ပေါ်လာမည့် ရုရှားအာကာသဖိုရမ်
ရုရှားနိုင်ငံသည် မျက်မှောက်ကာလတွင် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်၍ အာကာသနယ်ပယ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသည့် ထိပ်တန်းနိုင်ငံကြီးအဖြစ် အခိုင်အမာ တည်ဆောက်နိုင်ရန်ကြိုးပမ်းလျက်ရှိသည်။
ရုရှားနိုင်ငံသည် အာကာသနယ်ပယ်တွင် ဦးဆောင်ဦးရွက်ပြုခြင်းကို ဆက်လက်ထိန်းသိမ်းသည့် အနေဖြင့် အာကာသဖိုရမ်တစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
အဆိုပါ အာကာသဖိုရမ်ကို ဧပြီလ ၉ ရက်နေ့တွင် မော်စကိုမြို့၌ ကျင်းပမည်ဖြစ်သည်။ ရုရှားအာကာသဖိုရမ် (Russian Space Forum) ဟု အမည်ပေးထားသည့် အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း ၄၀ မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း ရုရှား Roscosmos ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖိုရမ်တွင် အဓိကပါဝင်မည့်နိုင်ငံများမှာ တရုတ်၊ အိန္ဒိယနိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့အပြင် မြန်မာနိုင်ငံလည်းပါဝင်မည်ဖြစ်သည်။
ရုရှားနိုင်ငံသည် လကမ္ဘာစူးစမ်းလေ့လာရေးပြိုင်ပွဲတွင် တက်ကြွစွာပါဝင်လျက်ရှိပြီး တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာသိပ္ပံဆိုင်ရာ လကမ္ဘာလေ့လာရေးစခန်းတည်ဆောက်ရေးအပါအဝင် စီမံကိန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
၁၉၆၁ ခုနှစ် ဧပြီလတွင်စတင်ခဲ့သော ဆိုဗီယက်ယူနီယံ (ရုရှား) အာကာသယာဉ်မှူး ယူရီ ဂါဂါရင်၏သမိုင်းဝင်ခရီးစဉ်သည် အာကာသစူးစမ်းလေ့လာရေးတွင် အရေးအကြီးဆုံးမှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။
မျက်မှောက်ကာလတွင်လည်း ရုရှားနိုင်ငံသည် အာကာသနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအပါအဝင် နိုင်ငံအများအပြား၏သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်လာခဲ့သည်။ ဧပြီလ ၉ ရက်နေ့တွင် မော်စကိုမြို့၌ ကျင်းပမည့် ရုရှား အာကာသဖိုရမ်သည် အဆိုပါရည်မှန်းချက် အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။
အာကာသနယ်ပယ်အပြင် အခြားကဏ္ဍ အများအပြား၌ ပူးပေါင်းဆောင်ရွက်နေသည့် ရုရှားနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ ၂၀၂၁ ခုနှစ်မှစ၍ တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှုဌာနနှင့် ရုရှားအာကာသအေဂျင်စီ Roscosmos တို့သည် နိုင်ငံတကာ လကမ္ဘာလေ့လာရေးစခန်း တည်ထောင်ရန် သဘောတူညီခဲ့ကြပြီးဖြစ်သည်။
ယခင်က ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အဆိုပါစခန်းအတွက် စွမ်းအင်စနစ် တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။ ထို့အတူပင် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ၎င်းတို့၏ လကမ္ဘာလေ့လာရေးမစ်ရှင်များဖြစ်သည့် Luna-26 နှင့် Chang'e-7 တို့နှင့်စပ်လျဉ်း၍လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှားနိုင်ငံသည် အာကာသနယ်ပယ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ရုရှားနှင့်အမေရိကန်တို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းထားသည့် တစ်ခုတည်းသော နည်းပညာကဏ္ဍဖြစ်သည်။
လက်ရှိအသုံးပြုနေသည့် နိုင်ငံတကာ အာကာသစခန်းကို ၂၀၃၀ ပြည့်နှစ်တွင် ပတ်လမ်းကြောင်းအတွင်းမှ ဖယ်ရှားရန် စီစဉ်ထားသည်။ ထို့ကြောင့် အာကာသနယ်ပယ်တွင် တရုတ်အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရုရှားနိုင်ငံအနေဖြင့် ၎င်း၏ကိုယ်ပိုင် အာကာသစခန်းတစ်ခုကို တည်ဆောက်နိုင်မည့် အလားအလာကို ပိုမိုတိုးတက် လာစေနိုင်ပြီး အာကာသနယ်ပယ်တွင် ဦးဆောင်နိုင်ငံတစ်နိုင်ငံအဖြစ် အခိုင်အမာ ရပ်တည်စေနိုင်မည်ဖြစ်ကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။
MWD
