လျှပ်စစ်ဓာတ်အားနဲ့အတူ နေ့စဉ် ဟိုက်ဒရိုဂျင်လီတာ ၂၅၀ ကိုပါ ထုတ်လုပ်ပေးမယ့် ဆိုလာဟိုက်ဒရိုဂျင်ဥယျာဉ်
ဘယ်ဂျီယံနိုင်ငံရှိ ကုမ္ပဏီလေးခုက ကမ္ဘာ့ပထမဆုံးသော ဆိုလာဟိုက်ဒရိုဂျင်ဥယျာဉ်ကိုတည်ဆောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလက်မှတ်ထိုးလိုက်ပါပြီ။ ဒီစီမံကိန်းကနေ ထွက်ပေါ်လာမှာက ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုတို့ ဖြစ်ပါတယ်။
အဲဒီဥယျာဉ်ကြီးကို ဘယ်ဂျီယံနိုင်ငံရှိ ဝယ်လိုနီယာမြို့မှာ တည်ဆောက်သွားမှာပါ။ အခုလိုမျိုး ပူးပေါင်း တည်ဆောက်မှုရဲ့ ရည်ရွယ်ချက်က အစိမ်းရောင်ဟိုက်ဒရိုဂျင်ကို ရိုးရှင်းသောနည်းလမ်း၊ ကုန်ကျစရိတ် သက်သာသောနည်းလမ်း၊ ထွက်ရှိမှုပမာဏ များပြားသော နည်းလမ်းတို့နဲ့ ထုတ်လုပ်နိုင်တယ်ဆိုတာကို ထုတ်ဖော်ပြလိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့အနေနဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်မယ့် နည်းလမ်းက နေရောင်ခြည်နဲ့ လေထဲကနေ ဟိုက်ဒရိုဂျင်ကို တိုက်ရိုက် ထုတ်ယူသွားမှာဖြစ်ပြီး ထုတ်ယူနိုင်တဲ့ပမာဏကလည်း တစ်ရက်ကိုလီတာ ၂၅၀ အထိရှိ မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆိုလာနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက ၂ မဂ္ဂါဝပ်အထိ ထွက်ရှိမယ်လို့လည်း သိရပါတယ်။ ဒီစီမံကိန်းသာအောင်မြင်ခဲ့ရင် သန့်ရှင်းစွမ်းအင်နဲ့လောင်စာကို တစ်ချိန်တည်းမှာ ထုတ်လုပ်နိုင်မှု ဖြစ်လာမှာပါ။
Ref: IE
ကိုထက်
MWD
