ရုရှားသမ္မတ ဗလာဒီမာ ပူတင်က AI နည်းပညာများ ဖြန့်ကြက်အသုံးပြုရေးအတွက် အမျိုးသားအဆင့် စီမံကိန်းတစ်ရပ်ရေးဆွဲရန် အစိုးရကို ညွှန်ကြား

News Image

  • ရုရှားသမ္မတ ဗလာဒီမာ ပူတင်က AI နည်းပညာများ ဖြန့်ကြက် အသုံးပြု ရေးအတွက် အမျိုးသားအဆင့် စီမံကိန်းတစ်ရပ်ရေးဆွဲရန် အစိုးရကို ညွှန်ကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နိုင်ငံ၏အနာဂတ်အတွက် AI နည်းပညာများကို အရှိန်အဟုန်ဖြင့် လက်ခံကျင့်သုံးရန်မှာ အလွန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပြီး အဆိုပါနည်းပညာများ ဖြန့်ကြက်အသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် စီမံကိန်းတစ်ရပ်ကို ရေးဆွဲရန် အစိုးရအား ညွှန်ကြားလိုက်သည်။

သောကြာနေ့ (ဧပြီ ၁၀) က ပြုလုပ်ခဲ့သော AI ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတွင် သမ္မတက စီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ များ၌ အဆိုပါနည်းပညာကို ပိုမိုမြန်ဆန်စွာ ပေါင်းစပ်ထည့်သွင်းရန်၊ ပညာရေးကဏ္ဍကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရန်၊ ဘေး အန္တရာယ် ဆန်းစစ်မှုများပြုလုပ်ရန်နှင့် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် တိုးတက်အောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ တစ်ဆက်တည်း မှာပင် ရုရှားနိုင်ငံ၏ နည်းပညာဖြေရှင်းချက်များကို ပြည်ပသို့ တင်ပို့ မြှင့်တင်ရန် လိုအပ်ကြောင်းကိုလည်း ၎င်းက အလေးပေး ပြောကြား ခဲ့သည်။

သမ္မတ ပူတင်က “ဉာဏ်ရည်တု (AI) ဟာ ဒစ်ဂျစ်တယ်ပလပ်ဖောင်းတွေ၊ အလိုအလျောက်စနစ်တွေနဲ့အတူ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ လူမှု နယ်ပယ်၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ စက်မှုလုပ်ငန်း၊ ကာကွယ်ရေးနဲ့ လုံခြုံရေးစတဲ့ ကဏ္ဍအသီးသီးတင်မကဘဲ နိုင်ငံရဲ့ လူမှု ဘဝတစ်ရပ်လုံးကိုပါ အခြေခံကျကျ ပုံစံသစ်တစ်မျိုး ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကိုယ်ပိုင် AI နည်းပညာများကို ဖော်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ အပြောင်းအလဲများကို ရင်ဘောင်တန်းနိုင်စွမ်းရှိမှုအပေါ်တွင် နိုင်ငံ ၏အချုပ်အခြာအာဏာနှင့် ရပ်တည်တည်ရှိမှုတို့မှာ မူတည်နေကြောင်း သမ္မတက သတိပေးခဲ့သည်။

၎င်းက “မိမိတို့ဟာ အဆင့်မြင့်ဆုံးနည်းပညာတွေကို ပိုင်ဆိုင်ထားရမှာ ဖြစ်သလို လုံးဝအချုပ်အခြာအာဏာပိုင်တဲ့ ပြည်တွင်းဖြစ် ထုတ်ကုန်တွေ အပေါ်မှာပဲ အခြေခံရမှာဖြစ်ပါတယ်” ဟု အလေးပေးပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး