စွမ်းအင်သုံးစွဲမှုနည်းသော စက်ပစ္စည်းများအတွက် နှစ် ၁၀၀ အထိအသုံးပြုနိုင်မည့် နျူကလီးယားဘက်ထရီ
တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် စွမ်းအင်သုံးစွဲမှုအလွန်နည်းသော စက်ပစ္စည်းများအတွက် အားပြန်သွင်းစရာမလိုဘဲ နှစ်ပေါင်း ၁၀၀ ကျော်အထိ အသုံးပြုနိုင်မည့် နျူကလီးယားဘက်ထရီတစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဘက်ထရီသည် လက်ရှိအသုံးပြုနေသော လီသီယံဘက်ထရီများထက် စွမ်းအင်သိပ်သည်းဆပိုမိုမြင့်မားပြီး အလွန်အေးသောအခြေအနေများနှင့် အပူချိန်မြင့်မားသောအခြေအနေများကိုပါ ခံနိုင်ရည်ရှိသည်ဟု ဆိုသည်။
ဤနည်းပညာသည် ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်များ၏ ဆုတ်ယုတ်ပျက်စီးမှုမှ ထွက်ပေါ်လာသော စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုခြင်းဖြစ်သည်။
ဘက်ထရီသည် အရွယ်အစားအလွန်သေးငယ်သည့်အတွက် ခန္ဓာကိုယ်အတွင်းထည့်သွင်းအသုံးပြုရသော နှလုံးခုန်နှုန်းထိန်းစက်များ၊ အာကာသစူးစမ်းလေ့လာရေးယာဉ်များနှင့် ဝေးလံခေါင်ဖျားဒေသရှိ အာရုံခံကိရိယာများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
ရေဒီယိုသတ္တိကြွပစ္စည်းများကို အသုံးပြုထားသော်လည်း အကာအကွယ်အလွှာများကို စနစ်တကျတည်ဆောက်ထားသဖြင့် လူသားများအတွက် အန္တရာယ်မရှိကြောင်းလည်း ဖော်ပြထားသည်။
နောင်တွင် ဤနည်းပညာကျယ်ပြန့်လာပါက နေ့စဉ်အသုံးပြုသည့် သေးငယ်သောစက်ပစ္စည်းများတွင် ဘက်ထရီလဲလှယ်ရန် မလိုအပ်တော့သည့် အနာဂတ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။
MWD
