၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ မြန်မာစာဘာသာရပ် သိကောင်းစရာ

Upload Image

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ မြန်မာစာဘာသာရပ် သိကောင်းစရာ

ယခုပို့ချချက်သည် ၂၀၂၆ ခုနှစ် မတ်လ၌ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် မြန်မာ စာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဖြစ်ပါသည်။    ပို့ချရခြင်း ၏ရည်ရွယ်ချက်မှာ ပြဋ္ဌာန်းစာများကို  လေ့လာကျက်မှတ်ရာတွင် အဆင်ပြေချောမွေ့ပြီး စာမေးပွဲကို ထူးချွန်ပေါက်မြောက်စွာ ဖြေဆို နိုင်ရန်ဖြစ်ပါသည်။ ယခုသင်ရိုးသည် ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင် ထိရောက်စွာအသုံးပြုနိုင်ရန်  မြန်မာဘာသာ စကား၏စွမ်းရည်လေးရပ်ဖြစ်သော အပြောအဆိုစွမ်းရည်၊ အနာ အကြားစွမ်းရည်၊  အဖတ်အရွတ်စွမ်းရည်၊   အရေးအသားစွမ်းရည်တို့   စနစ်တကျမြင့်မား တိုးတက်လာစေရန် ရည်ရွယ်ပြီး    သင်ကြားခြင်းဖြစ်ပါသည်။  ယခုပို့ချချက်တွင်   မေးခွန်းပုံစံနှင့်   လိုက်လျောညီစွာ  အံဝင်ခွင်ကျဖြေဆိုနိုင်ရေးအတွက်  ဆွေးနွေးတင်ပြမည်ဖြစ်ပါသည်။ 

မြန်မာစာဘာသာရပ်ကိုလေ့လာရာတွင် တွေးခေါ်စဉ်းစားသည့် အလေ့အထနှင့် စာရေးသားသည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာပေနှင့်ဘာသာစကားကို သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်ပါသည်။ ထိုသို့ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ သည် မှတ်မိခြင်း၊ နားလည်ခြင်း၊ အသုံးချခြင်း၊  စိတ်ပိုင်းခြားခြင်း၊ အကဲဖြတ်ခြင်း၊ တီထွင်ဖန်တီးခြင်းဟူသောအဆင့်များကို တိုးတက် ရရှိလာကာ  အဆင့်မြင့်   စဉ်းစားတွေးခေါ်မှုစွမ်းရည်များ    ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါသည်။ 

ပြဋ္ဌာန်းစာနှင့် မေးခွန်းဖွဲ့စည်းမှု

ဒွါဒသမတန်း  ( တက္ကသိုလ်ဝင်တန်း )  မြန်မာစာဘာသာရပ်အတွက်    သတ်မှတ်ပြဋ္ဌာန်းထားသော    ကျောင်းသုံးစာအုပ်တွင် အပိုင်း (၃)ပိုင်း    ပါဝင်ပါသည်။   ထိုအပိုင်း(၃)ပိုင်းမှာ အပြောသင်ခန်းစာ၊  အဖတ်အရွတ်သင်ခန်းစာနှင့်  အရေးသင်ခန်းစာတို့ဖြစ်ပါသည်။ 

မြန်မာစာမေးခွန်းတွင် မေးခွန်းကြီး(၇)ပုဒ် ပါဝင်ပါသည်။ ဓမ္မဓိဋ္ဌာန် မေးခွန်းကြီး (၁)ပုဒ်၊ မေးခွန်းတိုများပါဝင်သည့် မေးခွန်းကြီး (၁)ပုဒ်၊  ကဗျာမေးခွန်းရှည် (၁)ပုဒ်၊ စကားပြေမေးခွန်းရှည်ကြီး (၁)ပုဒ်၊ ရေသည် ပြဇာတ်မေးခွန်းရှည်ကြီး (၁)ပုဒ်၊ စာစီစာကုံးမေးခွန်းကြီး (၁)ပုဒ်နှင့် အဆိုဆွေးနွေးချက်ပါဝင်သည့်  မေးခွန်းရှည်ကြီး(၁) ပုဒ်   စုစုပေါင်း (၇) ပုဒ် ဖြစ်ပါသည်။  အချို့မေးခွန်းများတွင် ရွေးချယ်စရာ မေးခွန်း များလည်း ပါဝင်ပါသည်။ 

မေးခွန်းတစ်ပုဒ်ချင်း ရှင်းလင်းချက်

မေးခွန်းနံပါတ်(၁) 

တက္ကသိုလ်ဝင်တန်း မြန်မာစာမေးခွန်းလွှာတွင် မေးခွန်းနံပါတ်(၁)သည် ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်ပါသည်။ ကျောင်းသား  ကျောင်းသူများသည် သင်ခန်းစာများကို အမှန်တကယ် နားလည်သဘောပေါက်ခြင်း ရှိ၊မရှိ၊   ကျေညက်ခြင်းရှိ၊ မရှိ   တို့ကို  ဆန်းစစ်ကြည့်နိုင်သည့် မေးခွန်းမျိုးဖြစ်ပါသည်။ တကယ်နားလည်သဘောပေါက်ပြီး ကျေညက်ခြင်းရှိပါက အမှတ်ပြည့်ရနိုင်သည့် မေးခွန်းပုံစံပင်ဖြစ်ပါသည်။

ဤဓမ္မဓိဋ္ဌာန်မေးခွန်းတွင် ပုဒ်ခွဲ(က)၊ ပုဒ်ခွဲ(ခ)နှင့် ပုဒ်ခွဲ(ဂ) ဟူ၍ အပိုင်းသုံးပိုင်းပါဝင်ပါသည်။ ယင်းအပိုင်းတွင် အပြောသင်ခန်းစာများ၊ အဖတ်အရွတ်သင်ခန်းစာများနှင့် အရေးသင်ခန်းစာများမှ ဓမ္မဓိဋ္ဌာန် မေးခွန်းများပါဝင်ပါသည်။

မေးခွန်း ၁(က)တွင် မှား၊ မှန်ရွေးသည့်မေးခွန်းကို  မေးထားပါသည်။ 

ဤမေးခွန်းတွင်   အပြောသင်ခန်းစာများ၊    အဖတ်အရွတ်သင်ခန်းစာများနှင့် အရေးသင်ခန်းစာများပါဝင်ပြီး ပေးမှတ်မှာ (၁၀)မှတ်ဖြစ်ပါသည်။ တိတိကျကျဖြေဆိုနိုင်ပါက    အမှတ်ပြည့်ရနိုင်သည့် မေးခွန်းမျိုး ဖြစ်ပါသည်။

နမူနာ

၁။ (က)            အောက်ပါတို့ကို မှားလျှင်(မှား)၊ မှန်လျှင်(မှန်) ဟု ဖြေဆိုပါ။

၁။        မည်သည့်ဘာသာစကားတွင်မဆို အသံအနိမ့်အမြင့်သည် အတိမ်းအစောင်းမခံနိုင်သော သဘောတရားတစ်ရပ် ဖြစ်ပါ သည်။

မေးခွန်း ၁(ခ)တွင် ကွက်လပ်ဖြည့်သည့်မေးခွန်းကို မေးထားပါ သည်။ ဤမေးခွန်းတွင် အပြောသင်ခန်းစာများ၊ အဖတ်အရွတ် သင်ခန်း စာများနှင့် အရေးသင်ခန်းစာများပါဝင်ပြီး ပေးမှတ်မှာ (၁၀)မှတ် ဖြစ်ပါ သည်။ တိတိကျကျဖြေဆိုနိုင်ပါက အမှတ်ပြည့်ရနိုင်သည့် မေးခွန်းမျိုး ဖြစ်ပါသည်။ 

နမူနာ

၁။  (ခ)             အောက်ပါတို့ကို ကွက်လပ်ဖြည့်ပါ။ 

            (၁)       ဦးဖေမောင်တင်  အတ္ထုပ္ပတ္တိသည် မင်းယုဝေ၏                                                                                                                                                          စာအုပ်မှ ရွေးချယ်ချက် ဖြစ်သည်။

မေးခွန်း ၁(ဂ)တွင် ပေးထားသည့် ရွေးချယ်စရာသုံးခုထဲမှ အမှန် တစ်ခုကို ရွေးချယ်ရသည့်မေးခွန်းကို မေးထားပါသည်။ ဤမေးခွန်း တွင် အပြောသင်ခန်းစာများ၊ အဖတ်အရွတ်သင်ခန်းစာများ၊ အရေး သင်ခန်းစာများပါဝင်ပြီး ပေးမှတ်မှာ (၁၀) မှတ်ဖြစ်ပါသည်။   တိတိ ကျကျဖြေဆိုနိုင်ပါက အမှတ်ပြည့်ရနိုင်သည့် မေးခွန်းမျိုးဖြစ်ပါသည်။ 

နမူနာ

၁။         (ဂ)  အောက်ပါတို့မှ အဖြေမှန်ကိုရွေးပါ။

            (၁)       ဝတ္ထုဇာတ်လမ်းများကို ရေးရာ၌             နည်းကို အသုံးပြုတတ်ကြပါသည်။

  (က) အစိတ်အပိုင်းစဉ် (ခ) ယုတ္တိစဉ်  (ဂ) ကာလစဉ်ကျောင်းသား ကျောင်းသူများသည် အပိုင်းတစ်ပိုင်းကို ချန်လှပ် ကျက်မှတ်ခြင်းမျိုးမပြုလုပ်သင့်ဘဲ ပြဋ္ဌာန်းစာ၏ အပိုင်းသုံးပိုင်းစလုံးကို လေ့လာထားရပါမည်။ သက်ဆိုင်ရာ သင်ခန်းစာနှင့်ပတ်သက်၍ စေ့စေ့ စပ်စပ် သေသေချာချာ လေ့လာကျက်မှတ်ထားရန် လိုအပ်ပါသည်။ တိတိ ကျကျဖြေဆိုနိုင်ပါက အမှတ်ပြည့်ရနိုင်သည့် မေးခွန်းမျိုးဖြစ်သည်။ 

မေးခွန်းနံပါတ်(၂) 

မေးခွန်းနံပါတ် (၂)တွင် (မေးခွန်းပုဒ်ခွဲ လေးပုဒ်ပါဝင်ပြီး) ၂(က)သည် ခက်ဆစ်မေးခွန်း၊ ၂(ခ)သည် အလင်္ကာမေးခွန်း၊ ၂(ဂ)သည် ရေသည်ပြဇာတ်စကားစပ်မေးခွန်း၊ ၂(ဃ)သည် အပြောသင်ခန်းစာ မေးခွန်းတိုဟူ၍ အပိုင်းလေးပိုင်းပါဝင်ပါသည်။

မေးခွန်းနံပါတ် ၂(က)သည် ကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ် အပုဒ်များမှ ဝေါဟာရများကို ခက်ဆစ်အဓိပ္ပာယ် ဖွင့်ဆိုစေခြင်းဖြစ်ပါ သည်။ ဝေါဟာရ (၇)ခု ပေးထားပြီး (၅)ခု ဖြေဆိုရပါမည်။ ပေးမှတ်မှာ (၅)မှတ် ဖြစ်ပါသည်။ တိတိကျကျဖြေဆိုနိုင်ပါက အမှတ်ပြည့်ရနိုင် သော မေးခွန်းမျိုးဖြစ်ပါသည်။

နမူနာ

၂။  အောက်ပါတို့ကိုဖြေဆိုပါ။

(က)     အောက်ပါဝေါဟာရတို့အနက် ငါးခု၏အဓိပ္ပာယ်ကို တိကျစွာ ဖော်ပြပါ။

ဥပစာတန်း၊   တစ်ပဲတန်၊ မျှော်ချေကလျှင်၊    နှစ်ခုရောရာ၊ ဘောက်စရာ၊ မြောက်စံအိမ်၊ စွန့်ခြင်းငါးရပ်။

မြန်မာဝေါဟာရ၏အဓိပ္ပာယ်သည်     အသုံးပြုပုံကိုလိုက်၍ အဓိပ္ပာယ်အမျိုးမျိုးကွဲပြားတတ်သဖြင့်   ခက်ဆစ်မေးခွန်းများကို ဖြေဆိုရာတွင်  ပြဋ္ဌာန်းစာပါ   အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း ဖွင့်ဆိုရန်၊ အဓိပ္ပာယ်ဖွင့်ဆိုပုံ တိကျရန်လိုအပ်ပါသည်။ ပြဋ္ဌာန်းစာတွင် ဝေါဟာရ ကို မည်သည့်အဓိပ္ပာယ်ဖြင့် သုံးနှုန်းထားသည်ကို   သိရှိစေလိုသည့် အတွက် ပြဋ္ဌာန်းစာအုပ်ပါဝေါဟာရ၏ ခက်ဆစ်အဖွင့်ကို စစ်ဆေး ခြင်းဖြစ်ပါသည်။   ထို့ပြင်  ပေးထားသောဝေါဟာရ၏ သဒ္ဒါအမျိုး အစားနှင့် အဓိပ္ပာယ်ဖွင့်ဆိုသည့် သဒ္ဒါအမျိုးအစားကိုက်ညီရန် လိုအပ် ပါသည်။ ပေးထားသောဝေါဟာရသည် နာမ်ဖြစ်လျှင် အနက်ဖွင့်ဆို ရှင်းပြချက်သည် နာမ်ဖြစ်ရပါမည်။(သာဓက ဥပစာတန်း = တက္ကသိုလ် ပထမနှစ်နှင့်ဒုတိယနှစ်။) ပေးထားသောဝေါဟာရသည် ကြိယာ ဖြစ်လျှင် အနက်ဖွင့်ဆိုရှင်းပြချက်သည် ကြိယာဖြစ်ရပါမည်။ (သာဓက တစ်ပဲတန် = တန်ဖိုးနည်းသည်။)  ပေးထားသောဝေါဟာရသည် နာမဝိသေသနဖြစ်လျှင်   အနက်ဖွင့်ဆိုရှင်းပြချက်သည်  နာမဝိသေ သနဖြစ်ရပါမည်။ (သာဓက နှစ်ခုရောရာ = ကောင်းမှု မကောင်းမှု ပေါင်းစပ်ထားသော။)  ထို့ပြင်    ခက်ဆစ်ဖွင့်ဆိုချက်များတွင် တစ်ချောင်းပုဒ်ခံထားပါက အဓိပ္ပာယ်ပြည့်စုံခြင်း မရှိသေးသည့်အတွက် ဆက်လက်ဖော်ပြရန်လိုအပ်ပါသည်။ (သာဓက စွန့်ခြင်း ငါးရပ် = ဥစ္စာပစ္စည်းတို့ကို  စွန့်ခြင်း၊  မယားကိုစွန့်ခြင်း၊  သားသမီးကို စွန့်ခြင်း၊  ကိုယ်လက်အင်္ဂါတို့ကိုစွန့်ခြင်း၊  အသက်ကိုစွန့်ခြင်း။) ပုဒ်မ ခံထားသော ဖွင့်ဆိုချက်ဖြစ်ပါက တစ်ခုကိုဖော်ပြလျှင် များသောအားဖြင့် လုံလောက်ပါသည်။ 

မေးခွန်းနံပါတ် ၂(ခ)သည် ပေးထားသော    စကားအသုံးအနှုန်း ကို မည်သည့်အလင်္ကာမြောက်ကြောင်း   ရှင်းပြရသော အလင်္ကာ မေးခွန်းဖြစ်ပါသည်။ အလင်္ကာဖြေဆိုရာတွင် ကျောင်းသား ကျောင်းသူ များ   အမှန်တကယ်နားလည်ဖြေဆိုနိုင်သည့် အဖြေသဘောတွင် အကဲဖြတ်အမှတ်ပေးမည်ဖြစ်ပါသည်။ မိမိနားလည်တတ်မြောက် ထားသည့် အလင်္ကာသဘောကို မှန်ကန်စွာဖြေဆိုနိုင်လျှင်   အမှတ် ပြည့်ရနိုင်မည်ဖြစ်ပါသည်။ ပေးထားမည့်အလင်္ကာအရေအတွက်မှာ  (၇) ခုဖြစ်ပြီး (၅)ခု ရွေးချယ်ဖြေဆိုရပါမည်။ ပေးမှတ်မှာ (၅)မှတ်ဖြစ်ပြီး တိတိကျကျဖြေဆိုနိုင်ပါက အမှတ်ပြည့်ရနိုင်သည့် မေးခွန်းမျိုးဖြစ်ပါသည်။

နမူနာ

၂။ (ခ) အောက်ပါတို့အနက် ငါးခုကို    ရွေးချယ်ပြီး   မည်သည့် အလင်္ကာမြောက်ကြောင်း ရှင်းပြပါ။ 

            ရွှေရည်သောက်၊  နှင်းထက်သည်း၊    ဒင်္ဂါးဝိုင်းလောက်၊ အင်ဂျင်နီယာငှက်၊ မဂ်ငြမ်း၊ ဂလုံဆန်၊ ရွက်အုပ်သီးပူ။

 အဖြေ- ရွှေရည်သောက်= ရွှေရည်လိမ်းကျံသည်ဟု တိုက်ရိုက် မရေးဘဲ   ရွှေရည်သောက်ဟု   သွယ်ဝိုက်ရေးဖွဲ့ထားသော ကြောင့် ဝင်္ကဝုတ္တိအလင်္ကာမြောက်ပါသည်။

မေးခွန်းနံပါတ်၂(ဂ) သည် ရေသည်ပြဇာတ်စကားစပ် မေးခွန်း ဖြစ်ပါသည်။ မေးထားသော စကားစပ်ပါဝင်သည့်အခန်းနှင့် စကားစပ် ဆိုင်ရာ အချက်(၅) ချက် (ဘယ်သူက၊ ဘယ်သူ့ကို၊   ဘယ်နေရာ၊ ဘယ်အချိန်၊   ဘယ်အတွက်ကြောင့်  ပြောရန်ဟူသောအချက်များ) အတွက် (၃) မှတ်၊ ဘာကိုပြောသည်ဟူသော ဆိုလိုရင်းကို ရှင်းလင်း ရေးသား ပြောဆိုခြင်းအတွက် (၂) မှတ် စုစုပေါင်း(၅) မှတ် ဖြစ်ပါသည်။ ဖြေဆိုရာတွင် လိုရင်းတိုရှင်းဖြေဆိုရန်၊ အခန်းနံပါတ်ကိုသာ ဖော်ပြခြင်းထက် အခန်းအမည်ကိုပါ ယှဉ်တွဲဖော်ပြရန်ပြုသင့်ပါသည်။ တိတိ ကျကျဖြေဆိုနိုင်ပါက အမှတ်ပြည့်ရနိုင်သည့် မေးခွန်းမျိုးဖြစ်ပါသည်။

နမူနာ

၂။ (ဂ)  တစ်ခါတစ်ရံ၊ လောကဓံမှာ၊ ကံမျက်စိလည်လို့မှ၊ ပြောင်နိုင် တယ်မရှိ၊   ရေရွက်လို့ရောင်း၊   ဝမ်းကိုကျောင်းရတယ်၊ ခေါင်းကျိန်းလို့ ရိခဲ့ပြီ။ ပဲစိတစ်ဝက်၊  ပြောင်းတစ်ဝက်နှင့်၊ ဆန်ပြက်သိကာ၊ ပါကောင်းလို့ ပါတော့တယ်။

မေးခွန်းနံပါတ်၂(ဃ)သည် အပြောသင်ခန်းစာ မေးခွန်းတို့ဖြစ်ပါ သည်။ အပိုင်း(၁) အပြောသင်ခန်းစာတွင်ပါဝင်သော   အခန်း(၃)မှ အကြောင်းအရာတစ်ခုခုကို မေးပါမည်။ ဖြေဆိုရာတွင် လိုရင်းတိုရှင်း ရှင်းပြဖြေဆိုရန်ဖြစ်ပြီး ပေးမှတ်မှာ (၅)မှတ်ဖြစ်ပါသည်။ တိတိကျကျ ဖြေဆိုနိုင်ပါက အမှတ်ပြည့်ရနိုင်သည့် မေးခွန်းမျိုးဖြစ်ပါသည်။ 

နမူနာ

၂။ (ဃ)            စကားပြောခြင်းဆိုင်ရာ  နည်းပရိယာယ်များမှ   ပေါင်းဖွဲ့ စည်းလုံးမှုနည်းပရိယာယ် အကြောင်းကို ရှင်းလင်းဖြေဆိုပါ။

မေးခွန်းနံပါတ် (၃) 

မေးခွန်းနံပါတ်(၃)သည် ပြဋ္ဌာန်းစာအုပ်ပါ အပိုင်း(၂)  အဖတ် အရွတ်သင်ခန်းစာ အခန်း(၁) ကဗျာ (၈) ပုဒ်မှ တစ်ပုဒ်ကို ရွေးချယ် မေးမြန်းသော ကဗျာမေးခွန်းရှည်ဖြစ်ပါသည်။ ဤမေးခွန်းကို စစ်ဆေး အကဲဖြတ်ရာတွင် ကျောင်းသား ကျောင်းသူများ၏ လေ့လာကျက်မှတ် မှုအတွက် ပေးမှတ်တစ်ဝက်၊ ကိုယ်ပိုင်အရေးအသားတင်ပြမှု စွမ်းရည် နှင့်အတူ မေးခွန်းကို အံဝင်ခွင်ကျဖြစ်အောင် တင်ပြနိုင်မှုအတွက် ပေးမှတ်တစ်ဝက်သတ်မှတ်ထားပါသည်။ မေးခွန်း၏ ရှုထောင့်အတိုင်း ဖြေဆိုရမည်ဖြစ်ပါသည်။ ကဗျာကို စကားပြေဖြေဆိုရေးသားမည် ဆိုပါက အချက်အလက်အားလုံးပါဝင်သော်လည်း မေးခွန်း၏ ရှုထောင့် နှင့်  မကိုက်ညီပါက  ပေးမှတ်တစ်ဝက်အောက်သာရမည် ဖြစ်ပါသည်။  မေးခွန်း၏ရှုထောင့်နှင့် အာဘော်ကို သေသေချာချာဖတ်ရှုပြီး   ကိုယ်ပိုင်အရေးအသားအတင်အပြဖြင့်      ဖြေဆိုရန်ဖြစ်ပါသည်။ ဤမေးခွန်းအတွက် ပေးမှတ်မှာ (၁၀) မှတ်ဖြစ်ပါသည်။

နမူနာ

၃။ “ကမ္ဘောဇသို့”ကဗျာတွင် စာဆိုသည် မောရှမ်းတို့၏   ပေါ်ကြို ပွဲတော်ကို မည်သို့သရုပ်ဖော် ရေးဖွဲ့ထားသနည်း။

မေးခွန်းနံပါတ်(၄)

မေးခွန်းနံပါတ်(၄)သည် ပြဋ္ဌာန်းစာအုပ်ပါ အပိုင်း(၂)   အဖတ် အရွတ်သင်ခန်းစာ အခန်း(၂) စကားပြေ(၈) ပုဒ်မှ တစ်ပုဒ်ကို ရွေးချယ် မေးမြန်းသော  စကားပြေမေးခွန်းရှည်ဖြစ်ပါသည်။   ဤမေးခွန်းကို စစ်ဆေးအကဲဖြတ်ရာတွင် ကဗျာမေးခွန်းရှည်နည်းတူ ကျောင်းသား ကျောင်းသူများ၏ လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြစွမ်းရည်နှင့်အတူ မေးခွန်းကို အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်တစ်ဝက် သတ်မှတ်ထားပါသည်။ မေးခွန်း၏ရှုထောင့်အတိုင်း  ဖြေဆိုရမည်ဖြစ်ပါသည်။                                           

မေးခွန်း၏ရှုထောင့်ကို သတိမထားဘဲ မိမိကျက်မှတ်ထားသည့်အပုဒ်နှင့်   ခေါင်းစဉ်တူသဖြင့် အချက်အလက်များကိုသာ ရေးသားပါက ပေးမှတ် တစ်ဝက်အောက်သာ ရရှိမည်ဖြစ်ပါသည်။    ဤမေးခွန်း အတွက် ပေးမှတ်မှာ (၁၀) မှတ်ဖြစ်ပါသည်။ 

နမူနာ

၄။ “သစ္စာနှင့်ပညာ” ဝတ္ထုစကားပြေမှ ရရှိသောအကျိုးကျေးဇူးများကို ဝေဖန်သုံးသပ်ပါ။

မေးခွန်းနံပါတ်(၅)

မေးခွန်းနံပါတ်(၅)သည် ပြဋ္ဌာန်းစာအုပ်ပါ အခန်း(၂) အဖတ်အရွတ်သင်ခန်းစာ အခန်း(၃) ရေသည်ပြဇာတ်မှ  အကြောင်းအရာ သို့မဟုတ် အရေးအသားကိုမေးမြန်းသော   ပြဇာတ်မေးခွန်းရှည်ဖြစ်ပါသည်။ ပြဇာတ်သဘောတရားနှင့်ဆက်စပ်ကာ  မေးသည့် အကြောင်းအရာပိုင်းလည်း ဖြစ်နိုင်ပါသည်။ ကျောင်းသား ကျောင်းသူများသည် ပြဇာတ်ကိုလေ့လာရာတွင် ပြဇာတ်သဘောသဘာဝနှင့် ပြဇာတ်အင်္ဂါရပ်ကို သိရှိနားလည်ရန်၊ ပြဇာတ်၏အရသာကို ခံစားတတ်စေရန်၊ ပြဇာတ်အရေးအဖွဲ့၏ စာပေလက်ရာများကို အကဲဖြတ်နိုင်ရန် လိုအပ်လှပါသည်။ ပြဇာတ်၏သဘောသဘာဝ၊ ပြဇာတ်၏ ဖန်တီးမှုအတတ်ပညာ၊ ပြဇာတ်

၏အရေးအသားတို့ကို   သိရှိနားလည် လေ့လာဆည်းပူးထားရမည်ဖြစ်ပါသည်။ ဤမေးခွန်းအတွက် ပေးမှတ်မှာ (၁၀)မှတ် ဖြစ်ပါသည်။

နမူနာ

၅။ ရေသည်ပြဇာတ်မှ  ဇာတ်ဆောင်စရိုက်အဖွဲ့များကို  ဆန်းစစ်တင်ပြပါ။

မေးခွန်းနံပါတ်(၆)

မေးခွန်းနံပါတ်(၆)သည်  စာစီစာကုံးမေးခွန်းဖြစ်ပြီး  မေးခွန်းတွင် (၂) ပုဒ်မေးကာ (၁)ပုဒ် ဖြေဆိုရမည်ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူ များ၏ ပင်ကိုအရည်အသွေးကို ဖော်ထုတ်နိုင်ဆုံးသော မေးခွန်းဖြစ်ပါသည်။ ကိုယ်ပိုင်ဗဟုသုတအတွေးအခေါ်ကို ကိုယ်ပိုင်စကားပြေ အရေးအသားဖြင့်    ရေးသားရခြင်းဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများ၏ကိုယ်ခံကို စာစီစာကုံးဖြင့်အကဲဖြတ်ခြင်းဖြစ်ပါသည်။ စာစီစာကုံးရေးသားရန် ပုံကြမ်းအချက်အလက်  (၅)ချက်ပေးထားပြီး အချက်တစ်ချက်ကို စာတစ်ပိုဒ်နှုန်းဖြင့်  ဖြေဆိုရမည်ဖြစ်ပါသည်။ စာစီစာကုံးဖြေဆိုရာတွင် ပုံကြမ်းအချက်အလက်ကိုအခြေမခံဘဲ အလွတ်ကျက်မှတ်ဖြေဆိုပါက အမှတ်မရနိုင်သည်ကိုလည်း သတိပြုသင့်ပေသည်။ ဤမေးခွန်းအတွက် ပေးမှတ်မှာ (၁၀)မှတ် ဖြစ်ပါသည်။

နမူနာ

၆။  နှစ်သက်ရာတစ်ခုကို စာစီကုံးပါ။

၁။        မိဘကျေးဇူးမြင်းမိုရ်ဦး

            .           မိဘတို့၏ ကျေးဇူးတရားကြီးမားပုံ

            .           မိဘပြစ်မှားသူတို့ ဆင်းရဲဒုက္ခရောက်တတ်ပုံ

            .           မိဘမပြစ်မှားသူတို့ အကျိုးကျေးဇူးခံစားရပုံ

            .           မိဘတို့၏ကျေးဇူးကို တစ်ဖန်ပြန်လည်ဆပ်သင့်ပုံ

            .           မိဘတို့၏ကျေးဇူးတရားနှင့် မိမိအမြင်

၂။  လှပသာယာပြည်မြန်မာ

            .           တောတောင်ရေမြေ သဘာဝအလှများဖြင့် ပြည့်ဝနေပုံ

            .           သယံဇာတပစ္စည်းများပေါကြွယ်ဝပုံ

            .           ထင်ရှားသောနေရာဒေသများဖြင့်လှပသာယာပုံ

            .           ရိုးရာဓလေ့အလိုက်ပွဲတော်များကျင်းပကြပုံ

            .           မိမိအတွေးနှင့်အမြင်

မေးခွန်းနံပါတ်(၇)

မေးခွန်းနံပါတ်(၇)သည် အဆိုတစ်ရပ်ကိုဖတ်ရှုပြီး မိမိနှစ်သက်ရာဘက်

မှ   ရပ်တည်ဆွေးနွေးစေသော အဆိုဆွေးနွေးမေးခွန်းမျိုးဖြစ်ပါသည်။

ကျောင်းသား ကျောင်းသူများ၏ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ အတွေးအခေါ်နှင့် ပင်ကိုအရည်အသွေးတို့ကို ဖော်ထုတ်ပြသည့် မေးခွန်းဖြစ်သဖြင့် ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူးစိတ်သန်းကောင်းလျှင်ကောင်းသလောက် အရေးအသား   အတင်အပြကောင်းလျှင်ကောင်းသလောက် အမှတ်ရနိုင်မည့် မေးခွန်းဖြစ်ပါသည်။   အဆိုဆွေးနွေးအရေးအသားသည် အလေ့အကျင့်

များများပြုလုပ်ထားဖို့လိုအပ်သည့်   မေးခွန်းဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများအနေဖြင့် အလေ့အကျင့်များများပြုလုပ်ကာ  အရေးအသားကို    အဆင်ပြေချောမွေ့စွာရေးတတ်ပြီး  အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများကိုလည်း ရရှိနိုင်သည့်အတွက် ကျောင်းသား ကျောင်းသူများ၏ အတွေးနှင့် အရေးအသားစွမ်းရည်ကို ဖော်ထုတ် ပေးသည့် မေးခွန်းမျိုးဖြစ်ပါသည်။

နမူနာ

၇။        အောက်ပါအဆိုများအနက်တစ်ခုကို     ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေးပါ။

(၁)       စာဖတ်ခြင်းသည် အင်တာနက်သုံးခြင်းထက်   ပို၍အကျိုး ရှိသည်။

(၂)       နိုင်ငံသားတိုင်းသည် မိမိတို့၏   ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်သည်။

ဤမေးခွန်းကိုဖြေဆိုရာတွင် ရေးသားချိန်သည် မိနစ် (၂၀၊ ၂၅) မိနစ်ခန့်သာ ရရှိနိုင်သည့်အတွက် ရရှိမည့်အချိန်အတိုင်းအတာကို သတိပြုရမည်ဖြစ်ပါသည်။ စာပိုဒ်လေးပိုဒ်သာ ရေးသားဖြေဆိုသင့်ပြီး ပထမစာပိုဒ်သည် နိဒါန်း၊ ဒုတိယစာပိုဒ်နှင့် တတိယစာပိုဒ်တို့သည် စာကိုယ်၊ စတုတ္ထစာပိုဒ်သည် မိမိရပ်တည်ချက်ကို အတည်ပြုသည့် နိဂုံးဖြစ်ပါသည်။ စာတစ်ပိုဒ်အတွက် ရေးသားချိန်သည် (၅) မိနစ် ခန့်သာ အသုံးပြုသင့်သည့်အတွက်        ပေးမှတ်နှင့်ချိန်ဆကာ မည်မျှရေးသင့်သည်ကို တွေးဆရမည်ဖြစ်ပါသည်။   ယေဘုယျအားဖြင့် အဆိုဆွေးနွေးချက်ကို    စစ်ဆေးအကဲဖြတ်ရာတွင်   နိဒါန်းနှင့်   နိဂုံး (၂)မှတ်စီ၊ စာကိုယ်များကို  (၃)မှတ်စီ   လျာထားသတ်မှတ်ပါသည်။

တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ်သည် မြန်မာအပြော စကား၊ မြန်မာစာအရေးအသား၊ မြန်မာစာပေ၏ အနှစ်သာရတို့ကို လေ့လာသင်ယူဖြေဆိုရသည့် ဘာသာရပ်ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူများသည် ဓမ္မဓိဋ္ဌာန်မေးခွန်းများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက် မေးခွန်းများကိုဖြေဆိုရာတွင် အချက်အလက်တိတိကျကျ  ကျက်မှတ်ရသည့်နည်းတူ အမှန်တကယ် နားလည် သဘောပေါက်အောင်လည်း အားထုတ်ကြိုးပမ်းရမည်ဖြစ်ပါသည်။ ကဗျာမေးခွန်းရှည်၊ စကားပြေ မေးခွန်းရှည်၊ ရေသည်ပြဇာတ်မေးခွန်းရှည်များကို ဖြေဆိုရာတွင် မိမိ၏စိတ်ကူးစိတ်သန်းအတွေးအခေါ်၊ အရေးအသားစွမ်းရည်တို့ကို ပြသရမည့်နည်းတူ   စာစီစာကုံးနှင့် အဆိုဆွေးနွေးချက် မေးခွန်းရှည် များကိုဖြေဆိုရာတွင်    ကောင်းစွာ နားလည် သဘောပေါက်အောင်ဖတ်ရှုပြီး ကိုယ်ပိုင်အတွေးစိတ်ကူးဉာဏ်နှင့် အရေးအသားတို့ဖြင့် ပေါင်းစပ်ကာ ရေးသားဖြေဆိုရမည် ဖြစ်ပါသည်။   သို့ဖြစ်ပါ၍ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ကျောင်းသူအားလုံး စာမေးပွဲကို ကောင်းစွာဖြေဆိုနိုင်ပြီး ထူးထူးချွန်ချွန် အောင်မြင်ကြ ပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။   

ဒေါက်တာလွင်မာဦး၊ ပါမောက္ခ(ဌာနမှူး)၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်