ဗဟိုအာဖရိက သမ္မတနိုင်ငံ၏ သမ္မတသည် တတိယအကြိမ်မြောက် သက်တမ်းအတွက် မဲအပြတ်အသတ်ဖြင့် ထပ်မံအနိုင်ရရှိ

News Image

  • ဗဟိုအာဖရိက သမ္မတနိုင်ငံ၏ သမ္မတသည် တတိယအကြိမ်မြောက် သက်တမ်းအတွက် မဲအပြတ်အသတ်ဖြင့် ထပ်မံအနိုင်ရရှိ

ဗဟိုအာဖရိကသမ္မတနိုင်ငံ (CAR) သမ္မတ ဖော်စတင် အာကိန့်ဂျ် တိုအာဒဲရား (Faustin-Archange Touadéra) သည် လွန်ခဲ့သည့်လက ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ ခဲ့ပြီးနောက် တတိယအကြိမ်မြောက် သက်တမ်းအတွက် ထပ်မံ ရွေးကောက်ခံရကြောင်း ယာယီရလဒ်များအရ သိရှိရသည်။

အသက် ၆၈ နှစ်အရွယ် သင်္ချာပါမောက္ခဖြစ်သူ တိုအာဒဲရားသည် အဓိက အတိုက်အခံ မဟာမိတ်အဖွဲ့များက ရွေးကောက်ပွဲတရားမျှတမှုအပေါ် စိုးရိမ်မှုများကိုအကြောင်းပြကာ သပိတ်မှောက်ခဲ့ကြပြီးနောက် အလွယ်တကူ ပင် အနိုင်ရရှိလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းခံခဲ့ရသူဖြစ်သည်။

တိုအာဒဲရားသည် ၂၀၁၃ ခုနှစ်တွင် သူပုန်များအာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်း မတည်မငြိမ်ဖြစ်နေသောနိုင်ငံအတွင်း ၎င်း၏လုံခြုံရေး ဆိုင်ရာ ဆောင်ရွက်ချက်များကို အလေးထားကာ မဲဆွယ်စည်းရုံးခဲ့သည်။ ထိုစဉ်ကဖြစ်ပွားခဲ့သော အကျပ်အတည်းကြောင့် အစိုးရအနေဖြင့် ရုရှား ကြေးစားစစ်သားများနှင့် ရဝမ်ဒါစစ်သားများ၏ အကူအညီကို ရယူ ခဲ့ရသည်။ ၎င်းသည် ၂၀၂၃ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး သမ္မတသက်တမ်း ကန့်သတ်ချက်ကိုပယ်ဖျက်ကာ ဆက်လက် အရွေးခံခွင့်ရအောင် လုပ်ဆောင်ခဲ့မှုကြောင့် ပြင်းထန်သော ဝေဖန်မှုများ နှင့် ရင်ဆိုင်ခဲ့ရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် လူဦးရေ ၂.၄ သန်းကျော် မှတ်ပုံတင်ခဲ့ကြသည်။ မဲပေးရာတွင် အသုံးပြုသည့် ပစ္စည်းများ နောက်ကျမှရောက်ရှိလာခြင်းနှင့် မဲစာရင်းပြဿနာများကြောင့် ကြန့်ကြာမှုများရှိခဲ့သော်လည်း ရွေးကောက်ပွဲသည် ယေဘုယျအားဖြင့် အေးချမ်းစွာပြီးဆုံးခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့ (ဇန်နဝါရီ ၅) ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော ပဏာမရလဒ်များအရ တိုအာဒဲရားသည် မဲအရေအတွက် ၇၆% ဖြင့် အနိုင်ရရှိခဲ့သည်။ ၎င်းနှင့်အနီးကပ်ဆုံး ပြိုင်ဘက်များ ဖြစ်ကြသည့် ဝန်ကြီးချုပ်ဟောင်းများဖြစ်သော အဲန်နီဆက်-ဂျော့ချ် ဒိုလိုဂွဲလီ (Anicet-Georges Dologuélé) က ၁၅% နှင့် ဟင်နရီ-မာရီ ဒွန်ဒရာ (Henri-Marie Dondra) က ၃% အသီးသီး ရရှိခဲ့ကြသည်။

ပြိုင်ဘက်နှစ်ဦးစလုံးကမူ မဲမသမာမှုများနှင့် လိမ်လည်မှုများ ကျယ်ကျယ် ပြန့်ပြန့် ရှိခဲ့သည်ဟု စွပ်စွဲကာ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန် တောင်းဆိုထားကြသည်။ ဒိုလိုဂွဲလီက ရွေးကောက်ပွဲရလဒ်ကို "စနစ်တကျ ကြိုးကိုင်ခြယ်လှယ်ရန် ကြိုးပမ်းမှုများ" ရှိခဲ့သည်ဟု သောကြာနေ့ (ဇန်နဝါရီ ၂) တွင် ပြောကြားခဲ့သည်။ 

ပြင်သစ်ဘာသာအတိုကောက် BRDC ဟု လူသိများသော အဓိက အတိုက်အခံ မဟာမိတ်အဖွဲ့ကလည်း ထိုရွေးကောက်ပွဲသည် တရားမျှတရန် အလားအလာမရှိဟုဆိုကာ သပိတ်မှောက်ခဲ့သည်။ အစိုးရဘက်ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး အနေဖြင့် ကန့်ကွက်လွှာများကိုဆုံးဖြတ်ရန်နှင့် နောက်ဆုံးရလဒ်ကို ကြေညာရန် ဇန်နဝါရီ ၂၀ ရက်နေ့အထိ အချိန်ရှိသည်။

ဗဟိုအာဖရိကသမ္မတနိုင်ငံ (CAR) သည် စိန်နှင့် ယူရေနီယံကဲ့သို့သော သယံဇာတများ ကြွယ်ဝသော်လည်း အာဖရိကတွင် အဆင်းရဲဆုံးနှင့် မတည်ငြိမ်ဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သည်။ လူဦးရေ၏ ထက်ဝက်ခန့် သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပေါ် မှီခို နေရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော အဆိုပါနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် သူပုန် များက ထိုစဉ်က သမ္မတ ဖရန်ဆွာ ဘိုဇီဇေး (François Bozizé) ကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ချိန်မှစ၍ ပဋိပက္ခများအတွင်း နစ်မွန်းနေခဲ့ ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ကြား ချုပ်ဆိုခဲ့သော ငြိမ်းချမ်းရေးစာချုပ်က တင်းမာမှုများကို လျှော့ချ ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါအဖွဲ့များထဲမှ ၆ ဖွဲ့မှာ သဘောတူညီချက်မှ ပြန်လည်နုတ်ထွက်သွားခဲ့သည်။

တိုအာဒဲရား၏ အနိုင်ရရှိမှုသည် ရွှေနှင့် စိန်ကဲ့သို့သော သယံဇာတများကို တူးဖော်ခွင့်ရရှိရန် လုံခြုံရေးအကူအညီများပေးနေသည့် ရုရှားနိုင်ငံ၏ အကျိုးစီးပွားကို ပိုမိုခိုင်မာစေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။ ဗဟိုအာဖရိကသမ္မတနိုင်ငံသည် ရုရှားကြေးစားတပ်ဖွဲ့ ဖြစ်သော ဝဂ္ဂနာ (Wagner) စတင်လှုပ်ရှားခဲ့သည့် ပထမဆုံး အာဖရိက နိုင်ငံများ ထဲမှ တစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် တိုအာဒဲရားအတွက် လုံခြုံရေး အကာအကွယ် ပေးလျက်ရှိသည်။

ကိုးကား- BBC

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂