ရုရှားအဖွဲ့အစည်းတစ်ခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပိုတက်ရှ် (Potash) ဓာတ်မြေသြဇာ တန်ချိန် ၃၀,၀၀၀ လှူဒါန်း

News Image

  • ရုရှားအဖွဲ့အစည်းတစ်ခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပိုတက်ရှ် (Potash) ဓာတ်မြေသြဇာ တန်ချိန် ၃၀,၀၀၀ လှူဒါန်း

ရုရှားဓာတ်မြေသြဇာကုမ္ပဏီကြီးဖြစ်သော Uralchem သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် ပိုတက်ရှ် (Potash) ဓာတ်မြေသြဇာ မက်ထရစ်တန်ချိန် ၃၀,၀၀၀ ပေးအပ်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း တနင်္လာနေ့ (ဇန်နဝါရီ ၁၉) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါလှူဒါန်းမှုကို ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) အောက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုလှူဒါန်းမှုသည် ၂၀၂၂ ခုနှစ်မှစတင်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပေးအပ်မှုများထဲတွင် Uralchem ကုမ္ပဏီ၏ (၇) ကြိမ်မြောက်လှူဒါန်းမှုလည်း ဖြစ်သည်။ Uralchem သည် အစာ ရေစာပြတ်လပ်မှုနှင့် ပြင်းထန်စွာရင်ဆိုင်နေရသောနိုင်ငံများသို့ ဓာတ်မြေသြဇာ တန်ချိန်ပေါင်း ၂၂၀,၀၀၀ ကျော်ကို အခမဲ့လှူဒါန်းခဲ့ပြီးဖြစ်သည်။

အဆိုပါဓာတ်မြေသြဇာအများစုကို ဥရောပသမဂ္ဂ (EU) ဆိပ်ကမ်းများနှင့် ဂိုဒေါင်များမှတစ်ဆင့် မာလာဝီ၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဇင်ဘာဘွေ၊ သီရိလင်္ကာ နှင့် ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ WFP မှ ငှားရမ်းထား သောသင်္ဘောများဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ဒါကာမြို့သို့ ပို့ဆောင် ခဲ့သည့် ဓာတ်မြေသြဇာများသည် လတ်ဗီးယားနိုင်ငံတွင် သိုလှောင် ထားရှိ ခဲ့သော ဓာတ်မြေသြဇာများဖြစ်ကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အနောက်နိုင်ငံများက ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ကာ လတ်ဗီးယားနှင့် အက်စတိုးနီးယား နိုင်ငံတို့အပါအဝင် ဥရောပဆိပ်ကမ်းအချို့တွင် ရုရှားဓာတ်မြေသြဇာ မက်ထရစ်တန်ချိန် ၄၀၀,၀၀၀ ကျော် ပိတ်မိနေခဲ့သည်။

အဆိုပါ ကုန်ပစ္စည်းများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် အစ္စတန်ဘူလ်မြို့၌ လက်မှတ်ရေးထိုးခဲ့သည့် "ပင်လယ်နက်ကောက်ပဲသီးနှံ အစီအစဉ်" (Black Sea Grain Initiative) အောက်ရှိ စိုက်ပျိုးရေးပို့ကုန်များဆိုင်ရာ ရုရှား-ကုလသမဂ္ဂ သဘောတူညီချက်အရ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အနောက်နိုင်ငံများသည် အထူးသဖြင့် ရုရှားဓာတ်မြေသြဇာ နှင့် အစားအစာတင်ပို့မှုကဏ္ဍများတွင် သဘောတူညီချက်ပါ ကတိကဝတ် များကိုလိုက်နာရန် ပျက်ကွက်သည်ဟု မော်စကိုက စွပ်စွဲခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် အဆိုပါသဘောတူညီချက် ပျက်ပြယ်သွားခဲ့သည်။

"အဆိုပါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပိုတက်ရှ် ဓာတ်မြေသြဇာ များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိသွားပြီဖြစ်၍ ဒေသခံတောင်သူ များ၏ စိုက်ပျိုးထုတ်လုပ်မှု ကောင်းမွန်စေရန်အတွက် အသုံးပြုသွား တော့မှာဖြစ်ပါသည်" ဟု Uralchem ၏ စီအီးအို Dmitry Konyaev က ပြောကြားခဲ့သည်။

ယခုလုပ်ဆောင်ချက်သည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ဖြစ်သော "ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရပြည့်ဝမှုရရှိရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍကိုမြှင့်တင်ရေး" တို့နှင့်လည်း တစ်သားတည်းကျ နေကြောင်း Konyaev က ထပ်လောင်းပြောဆိုခဲ့သည်။

ကိုးကား- RT

Photo: The Business Standard

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂