ကျူးဘား ခရီးသွားလုပ်ငန်း အကျပ်အတည်းဆိုက်၊ လောင်စာဆီနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ခရီးသွားများ စိတ်ပျက်နေ
ကျူးဘားနိုင်ငံ၏ ခရီးသွားကဏ္ဍသည် ၂၀၂၅ ခုနှစ်တွင် သိသိသာသာ ထိုးဆင်းသွားခဲ့ပြီး အမေရိကန်က ကျူးဘားကျွန်း၏ လောင်စာဆီ ထောက်ပံ့မှုကို စတင်ပိတ်ဆို့ခြင်းမပြုမီကပင် အခြေခံကုန်ပစ္စည်းများ ရှားပါးမှုကြောင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရန် ငြင်းဆန်မှုများ ရှိခဲ့သည်။
လွန်ခဲ့သည့်နှစ်အတွင်း ကာရေဘီယံကျွန်းသို့ လာရောက်လည်ပတ်သူ ၁.၈ သန်းခန့်ရှိခဲ့ပြီး ယင်းမှာ ယခင်နှစ်ထက် ၁၇.၈ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း အမျိုးသားစာရင်းအင်းရုံး (ONEI) က ပြောကြားခဲ့သည်။ နိုင်ငံခြားငွေရရှိရန် ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရပြီး ငွေကြေးကျပ်တည်းနေသော လူဦးရေ ၁၁ သန်းရှိသည့် အဆိုပါနိုင်ငံ၏ အစိုးရသည် ခရီးသွား ၂.၆ သန်းအထိ လာရောက်ရန် မျှော်မှန်းထားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်နှစ်တွင် နိုင်ငံ၏ အဓိကခရီးသွားဈေးကွက်အားလုံး ကျဆင်းသွားခဲ့ကာ အဓိကအားဖြင့် အမေရိကန်တွင်နေထိုင်ကြသော ပြည်ပရောက် ကျူးဘားလူမျိုးများ လာရောက်မှုသည် ၂၂.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဂျာမနီ၊ ရုရှားနှင့် ကနေဒါနိုင်ငံတို့မှ လာရောက်သူဦးရေမှာလည်း ၅၀.၅ ရာခိုင်နှုန်း၊ ၂၉ ရာခိုင်နှုန်းနှင့် ၁၂.၄ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းခဲ့သည်။
၂၀၂၅ ခုနှစ်သည် ကျူးဘား၏ နိုင်ငံတကာခရီးသွားလုပ်ငန်းအတွက် အဆိုးရွားဆုံးဖြစ်ခဲ့သည်ဟု ကျူးဘားစီးပွားရေးပညာရှင် Pedro Monreal က X လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး 'ယခုကဲ့သို့ဖြစ်လာမည်ဆိုတာ မိမိတို့ သိထားပြီးသားပါ' ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ကျူးဘားနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ခံစားနေရပြီး တစ်နေ့လျှင် ၂၀ နာရီအထိ လျှပ်စစ်မီးပြတ်တောက်မှုများအပြင် လောင်စာဆီ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်များကို ပြင်းထန်စွာ ကြုံတွေ့နေရသည်။ ဇန်နဝါရီ ၃ ရက်နေ့တွင် ကျူးဘား၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သူ ဗင်နီဇွဲလားခေါင်းဆောင် နီကိုလပ်စ် မာဒူရို ရာထူးမှဖယ်ရှားခံရပြီးနောက်ပိုင်း အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘား၏ ကွန်မြူနစ် ခေါင်းဆောင်ပိုင်းသည် 'ပြိုလဲတော့မည်' ဟု ခန့်မှန်းလျက် ဟာဗားနား အပေါ် ဖိအားများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ၎င်းက ကျူးဘား၏ အဓိကလောင်စာဆီထောက်ပံ့ပေးသူဖြစ်ခဲ့သည့် ဗင်နီဇွဲလားထံမှလောင်စာဆီတင်ပို့မှုကို ဖြတ်တောက်မည်ဟုကတိပြုထားပြီး ကျူးဘားသို့ လောင်စာဆီပေးသွင်းသည့် အခြားသောနိုင်ငံများကိုလည်း ကုန်သွယ်မှုအခွန် (Tariffs) တိုးမြှင့်မည်ဟု ခြိမ်းခြောက်ထားသည်။
ယခုနှစ်အစပိုင်းမှစတင်ကာ နိုင်ငံအများအပြားသည် ကျူးဘားသို့ သွားရောက်မည့် ခရီးသွားလာရေးဆိုင်ရာ အကြံပြုချက်များကို ပြန်လည် ပြင်ဆင်ခဲ့ကြသည်။ လောင်စာဆီ၊ လျှပ်စစ်မီးနှင့် အခြား အခြေခံလိုအပ်ချက်များ ပြတ်လပ်မှုကြောင့် နိုင်ငံအများစုက သတိထားရန် အကြံပြုထားသော်လည်း အာဂျင်တီးနားနိုင်ငံကမူ ၎င်း၏ နိုင်ငံသားများကို ကျူးဘားကျွန်းသို့ သွားရောက်ခြင်းမပြုရန် လုံးဝတားမြစ် အကြံပြုထားသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,