ဗုဒ္ဓဘာသာရဟန်းတော်များ၏ ကီလိုမီတာ ၃၇၀၀ ရှိ ခရီးရှည် ငြိမ်းချမ်းရေးလမ်းလျှောက်မှု ဝါရှင်တန်ဒီစီ၌အဆုံးသတ်
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ကိုးခုကိုဖြတ်၍ ကီလိုမီတာ ၃၇၀၀ ကျော် ခရီးနှင်ခဲ့သည့် ဗုဒ္ဓဘာသာရဟန်းတော်များ၏ ခရီးရှည်ငြိမ်းချမ်းရေးလမ်းလျှောက်မှု ခရီးစဉ်သည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဝါရှင်တန်ဒီစီမြို့၌ အဆုံးသတ်သွားပြီ ဖြစ်ကြောင်းသိရသည်။
ထိုခရီးစဉ်သည် လူအများကြားတွင်စိတ်ပိုင်းဆိုင်ရာနိုးကြားမှုဖြစ်စေရန် ရည်ရွယ်ပြီး လမ်းတစ်လျှောက်တွင် ထောင်ပေါင်း များစွာသော ပြည်သူလူထု၏ ကြိုဆိုအားပေးမှုကိုရရှိသည်။
ရဟန်းတော်များသည် ငြိမ်းချမ်းရေး၊ မေတ္တာနှင့် ကရုဏာတရားတို့ကို အမေရိကတိုက်နှင့် ကမ္ဘာတစ်ဝန်းမှပြည်သူများ သိရှိနိုးကြားစေရန် လွန်ခဲ့သော သုံးလကျော်က တက္ကဆက်ပြည်နယ်မှ စတင်ထွက်ခွာလာခြင်းဖြစ်သည်။
လမ်းခရီးတစ်လျှောက်တွင် အာတိတ်အအေးလှိုင်းနှင့် ဆီးနှင်းမုန်တိုင်းဒဏ်များ ခံစားခဲ့ရသော်လည်း ခရီးစဉ်ကိုဆက်လက် လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဉ်၏ ဦးစီးခေါင်းဆောင်ဖြစ်သော ဘိက္ခုပညာကာရက “ကျွန်ုပ်တို့အနေနဲ့ ဆန္ဒပြဖို့လမ်းလျှောက်တာမျိုးမဟုတ်ဘဲ လူသားတိုင်းရဲ့အတွင်းစိတ်မှာရှိတဲ့ ငြိမ်းချမ်းရေးကို နိုးထလာစေဖို့ လမ်းလျှောက်တာ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။ ခရီးစဉ်အတွင်း တက္ကဆက်ပြည်နယ်၌ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားပြီး ရဟန်းအချို့ဒဏ်ရာရရှိကာ ရဟန်းတစ်ပါးမှာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသော်လည်း ငြိမ်းချမ်းရေးသဝဏ်လွှာကို ဆက်လက်သယ်ဆောင်ရန် ခရီးကိုမရပ်နားဘဲ ဆက်လက်လျှောက်လှမ်းခြင်းဖြစ်ကြောင်း သိရသည်။
Ref: ST
MWD

,