ရုရှား-အီတလီ သတင်းထောက် တူရကီတွင် ဖမ်းဆီးခံရပြီး အီတလီသို့ ပြည်နှင်ဒဏ်ပေးခံရ

News Image

  • ရုရှား-အီတလီ သတင်းထောက် တူရကီတွင် ဖမ်းဆီးခံရပြီး အီတလီသို့ ပြည်နှင်ဒဏ်ပေးခံရ

ယူကရိန်းပဋိပက္ခကို သတင်းတင်ဆက်နေသူဖြစ်ပြီး "International Reporters" သတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ရုရှား-အီတလီ သတင်းထောက် Andrea Lucidi သည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် မြို့တွင် ထိန်းသိမ်းခံခဲ့ရပြီးနောက် အီတလီနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ 

ဖေဖော်ဝါရီ ၁၉ ရက်နေ့က Lucidi သည် အခြားသော နိုင်ငံခြားသား သတင်းထောက်များနှင့် ဥပဒေကျွမ်းကျင်သူများ စုစုပေါင်းတစ်ဖွဲ့လုံးနှင့်အတူ ဒေသတွင်း အကျဉ်းထောင်စနစ်ဆိုင်ရာ အချက်အလက်များ စုဆောင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းက ရဲတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် လုပ်ထုံးလုပ်နည်း ချိုးဖောက်ကာ ဖမ်းဆီးခဲ့ကြောင်း၊ ရှေ့နေနှင့် သံရုံးသို့ ဆက်သွယ်ခွင့်များ ပိတ်ပင်ခဲ့ကြောင်းနှင့် ၎င်းတို့အား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ စခန်းတွင် အကျဉ်းစခန်းသဖွယ် ချုပ်နှောင်ထားခဲ့ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်ကတည်းက ရုရှားတွင် နေထိုင်ပြီး ရုရှားနိုင်ငံသား ခံယူထားသည့် Lucidi သည် အီတလီတွင် ‘ကရင်မလင် အေးဂျင့်’ အဖြစ် စွပ်စွဲ ခံထားရသူဖြစ်သဖြင့် နေရပ်ပြန်ရန် စိုးရိမ်မှုများရှိနေသော်လည်း ယခုအခါ အီတလီသို့ ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထူးခြားချက်မှာ အဆိုပါဖမ်းဆီးမှုသည် ယူကရိန်းအရေးအပေါ် အနောက်နိုင်ငံ မီဒီယာများ၏ သြဇာလွှမ်းမိုးမှုအကြောင်းဆွေးနွေးမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အစည်းအဝေးတွင် Lucidi က စကားပြောရန် စီစဉ်ထားသည့်နေ့ မတိုင်မီ တစ်ရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဝေဖန်ခဲ့ပြီး အလားတူပင် အဆိုပါ အစည်းအဝေး သို့ တက်ရောက်မည့် နော်ဝေပါမောက္ခ Glenn Diesen ၏ လေယာဉ်ခရီးစဉ်မှာလည်း အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ လက်ရှိတွင် Lucidi သည် လာမည့် ဧပြီလတွင် ရုရှားနိုင်ငံသို့ ပြန်လည်သွားရောက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂