ဟောလိဝုဒ် အက်ရှင်မင်းသားကြီး ချက်ခ်နောရစ် (Chuck Norris) အသက် ၈၆ နှစ်တွင် ကွယ်လွန်
ကိုယ်ခံပညာချန်ပီယံ၊ အက်ရှင်ရုပ်ရှင်မင်းသားနှင့် ၎င်း၏ဒဏ္ဍာရီလာ ကြံ့ခိုင်သန်စွမ်းမှုကို ဂုဏ်ပြုသည့် အင်တာနက် Memes များကြောင့် ကမ္ဘာကျော် လူသိများခဲ့သော ချက်ခ်နောရစ် (Chuck Norris) သည် အသက် ၈၆ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။ မင်းသားကြီးသည် ဟာဝိုင်ယီကျွန်းစုရှိ ကာဝိုင် (Kauai) ကျွန်းတွင် ကြာသပတေးနေ့ (မတ် ၁၉)နံနက်ပိုင်းက ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ကွယ်လွန် သွားခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုက Instagram မှတစ်ဆင့် အတည်ပြုထုတ်ပြန်ခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ အသေးစိတ်အခြေအနေတွေကို သီးသန့်ပဲထားရှိလိုပေမယ့် သူဟာ မိသားစုဝင်တွေဝန်းရံကာ အေးချမ်းစွာ နှုတ်ဆက်သွားခဲ့တယ်ဆိုတာ သိစေချင်ပါတယ် ၊ ကမ္ဘာကြီးအတွက်တော့ သူဟာ ကိုယ်ခံပညာရှင်၊ သရုပ်ဆောင်နဲ့ ခွန်အားရဲ့ ပြယုဒ်တစ်ခုပါ ၊ ကျွန်တော် တို့အတွက်တော့ သူဟာ သစ္စာရှိတဲ့ ခင်ပွန်း၊ မေတ္တာရှိတဲ့ ဖခင်၊ အဘိုး၊ အားကိုးရတဲ့ ညီအစ်ကိုတစ်ယောက်နဲ့ မိသားစုရဲ့ နှလုံးသည်းပွတ် ဖြစ်ပါတယ်" ဟု မိသားစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘဝဖြတ်သန်းမှုနှင့် အနုပညာခရီးလမ်း
ချက်ခ်နောရစ်ကို ၁၉၄၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့တွင် အိုကလား ဟိုးမားပြည်နယ်၊ ရိုင်ယန်မြို့တွင် ကားလို့စ်ရေးနောရစ် (Carlos Ray Norris) အမည်ဖြင့် မွေးဖွားခဲ့သည်။ ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းခဲ့ ပြီးနောက် အမေရိကန်လေတပ်သို့ ဝင်ရောက်ခဲ့ကာ တောင်ကိုရီးယားတွင် တာဝန် ကျခဲ့သည်။ ထိုနေရာတွင် ကိုယ်ခံပညာကို စတင်လေ့လာခဲ့ပြီး ဘာသာရပ် အမျိုးမျိုးတွင် ခါးပတ်နက်များရရှိခဲ့ကာ ကမ္ဘာ့ကရာတေးချန်ပီယံဆုကို ၆ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့သည်။ ၎င်းသည် American Tang Soo Do နှင့် Chuck Norris System ဟူသော ကိုယ်ခံပညာစနစ်သစ် နှစ်ခုကိုလည်း တည်ထောင်ခဲ့သူဖြစ်သည်။
၎င်း၏ သရုပ်ဆောင်ဘဝသည် စတိဗ်မက်ကွင်း (Steve McQueen) ကို ကရာတေးသင်ပေးရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ဘရုစလီ (Bruce Lee) ၏ 'Way of the Dragon' ရုပ်ရှင်တွင် လူကြမ်းအဖြစ် ပါဝင်ခဲ့ရာမှ လူသိများလာခဲ့သည်။ ထိုရုပ်ရှင်ထဲမှ ကိုလော့စီယမ် (Colosseum) ကွင်းအတွင်း တိုက်ခိုက်ခန်းသည် ရုပ်ရှင်သမိုင်းတွင် အထင်ကရ အခန်း တစ်ခု ဖြစ်လာခဲ့သည်။
အောင်မြင်မှုများ
၁၉၈၀ ပြည့်နှစ်များတွင် ‘Lone Wolf McQuade,’ ‘Missing in Action,’ ‘Code of Silence,’ နှင့် ‘Delta Force’ စသည့် ဇာတ်ကားများဖြင့် အက်ရှင်မင်းသားတစ်ဦးအဖြစ် နေရာခိုင်မာလာခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များတွင် ‘Walker, Texas Ranger’ ဇာတ်လမ်းတွဲဖြင့် ပိုမိုကျော်ကြားလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များတွင် ‘Chuck Norris Facts’ ဟုခေါ်သော အင်တာနက်ဟာသစာသားများ (Memes) ကြောင့် လူငယ်ထုကြားတွင် တစ်ကျော့ပြန် ခေတ်စားလာခဲ့သည်။ "ဘီလူးသရဲတွေ အိပ်ရာဝင်တဲ့အခါ ချက်ခ်နောရစ် ရှိ၊ မရှိ ဗီရိုထဲကို စစ်ဆေးရတယ်" သို့မဟုတ် "ဆူပါမန်း ဟာ ချက်ခ်နောရစ်ပုံပါတဲ့ ညအိပ်ဝတ်စုံကို ဝတ်တယ်" စသည့် စာသားများမှာ နာမည်ကြီးခဲ့သည်။
နိုင်ငံတကာ ဆက်ဆံရေးနှင့် မိသားစု
ချက်ခ်နောရစ်သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) နှင့်လည်း ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသည်။ ၂၀၂၄ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ် မြို့၌ ၎င်း၏ ဂုဏ်ပြုရုပ်တုကို စိုက်ထူခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံ တွင် လည်း လူကြိုက်များသူဖြစ်ပြီး နိုင်ငံရေးသမား ဗလာဒီမာ ဇီရီနော့စကီး (Vladimir Zhirinovsky) နှင့်လည်း ရင်းနှီးခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဂျီနာ (Gena)၊ သားသမီး ၅ ဦးနှင့် မြေး ၁၃ ဦး ကျန်ရစ်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,