အရှေ့အလယ်ပိုင်း တင်းမာမှုမြင့်တက်လာခြင်းနှင့်အတူ ဆော်ဒီနှင့် ကာတာ တို့က အီရန် သံတမန်များကို နှင်ထုတ်

News Image

  • အရှေ့အလယ်ပိုင်း တင်းမာမှုမြင့်တက်လာခြင်းနှင့်အတူ ဆော်ဒီနှင့် ကာတာ တို့က အီရန် သံတမန်များကို နှင်ထုတ်

ဆော်ဒီအာရေဗျနိုင်ငံသည် ၎င်း၏ ပိုင်နက်အတွင်းသို့ အီရန်၏ တိုက်ခိုက်မှုများကို အကြောင်းပြကာ အီရန်စစ်သံမှူးနှင့် သံရုံးဝန်ထမ်းများ အပါအဝင် သံတမန် ၅ ဦးကို ၂၄ နာရီအတွင်း နိုင်ငံအတွင်းမှထွက်ခွာရန် အမိန့်ပေးကာ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ယခုလုပ်ရပ်သည် ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော အမေရိကန်-အစ္စရေးတို့၏ ဗုံးကြဲမှုများအပေါ် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကို အမေရိကန်အခြေစိုက်စခန်းများ လက်ခံထားသည့် အာရပ်နှင့် မူဆလင် ၁၂ နိုင်ငံက ဝိုင်းဝန်း ရှုတ်ချခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်၏ လုပ်ရပ်သည် နိုင်ငံတကာ ဥပဒေနှင့် အိမ်နီးချင်းကောင်းပီသမှုဆိုင်ရာ မူဝါဒများကိုချိုးဖောက်ကာ ဆော်ဒီနှင့်ပင်လယ်ကွေ့နိုင်ငံများကို ထပ်တလဲလဲ ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း စွပ်စွဲထားပြီး ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၅၁ အရ မိမိတို့၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကိုကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဟု ပြတ်သားစွာ သတိပေးခဲ့သည်။

အလားတူပင် ကာတာနိုင်ငံသည်လည်း ကမ္ဘာ့အရေးပါဆုံး ဓာတ်ငွေ့ ထုတ်လုပ်ရေးဗဟိုချက်ဖြစ်သည့် Ras Laffan စက်မှုဇုန်ရှိ သဘာဝဓာတ်ငွေ့ရည် (LNG) စက်ရုံကို အီရန်ကတိုက်ခိုက်ခဲ့ခြင်းကြောင့် အီရန် စစ်သံမှူးနှင့် ဝန်ထမ်းများကို နှင်ထုတ်ခဲ့သည်။ အီရန်ဘက်ကမူ ၎င်းတို့၏ South Pars ဓာတ်ငွေ့သိုက်ကို အစ္စရေးက တိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် Ras Laffan ကို ပစ်မှတ်ထားခြင်းဖြစ်ပြီး အမေရိကန် တပ်များရှိရာ ဆော်ဒီရှိ Prince Sultan လေတပ်စခန်းကိုလည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ၎င်းတို့၏ လုပ်ရပ်မှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်းသာဖြစ်ကြောင်းနှင့် အမေရိကန်က အီရန်၏ Kharg ကျွန်းကို တိုက်ခိုက်ရာတွင် UAE နယ်မြေကို အသုံးပြု ခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ အီရန်အစိုးရက အာရပ်နိုင်ငံများအနေဖြင့် အမေရိကန်အား ၎င်းတို့နယ်မြေကိုအသုံးပြု၍ အီရန်ကို တိုက်ခိုက်ခွင့်ပြုနေသရွေ့ လက်တုံ့ပြန်မှုများ ဆက်လက်ရှိနေမည်ဟု သတိပေးထားသော်လည်း အီရန်သမ္မတ Masoud Pezeshkian ကမူ အရပ်ဘက်အခြေခံအဆောက်အအုံများ ထိခိုက်ခဲ့မှုအတွက် ပင်လယ်ကွေ့နိုင်ငံများကို တောင်းပန်စကား ဆိုထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂