အီရန် စွမ်းအင်ကဏ္ဍဆိုင်ရာ တိုက်ခိုက်မှုများကို ရွှေ့ဆိုင်းရန် ထရမ့်၏ ဆုံးဖြတ်ချက်ကို အီဂျစ်နိုင်ငံက ကြိုဆို

News Image

  • အီရန် စွမ်းအင်ကဏ္ဍဆိုင်ရာ တိုက်ခိုက်မှုများကို ရွှေ့ဆိုင်းရန် ထရမ့်၏ ဆုံးဖြတ်ချက်ကို အီဂျစ်နိုင်ငံက ကြိုဆို

ဒေသတွင်း အဓိကစေ့စပ်ညှိနှိုင်းရေးမှူးဖြစ်သည့် အီဂျစ်နိုင်ငံက အီရန် စွမ်းအင်ကဏ္ဍ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကို ဆိုင်းငံ့ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်အပေါ် ကျေးဇူးတင်ရှိကြောင်း မတ်လ ၂၃ ရက်နေ့တွင် ပြောကြားခဲ့ပြီး "အဆိုပါအခွင့်အရေးကိုအရယူကာ ဆွေးနွေးပွဲများကို ဦးစားပေးလုပ်ဆောင်ရန်" အရေးကြီးကြောင်း အလေးပေးပြောဆိုခဲ့သည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် "မတ်လ ၂၃ ရက်နေ့ က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားခဲ့သည့် မိန့်ခွန်းများကို အီဂျစ်နိုင်ငံက တန်ဖိုးထားပါသည်။ ထိုမိန့်ခွန်းတွင် ပဋိပက္ခများ လျှော့ချရန်အတွက် အရှိန်အဟုန်မြှင့် ဆက်သွယ်ဆောင်ရွက်နေမှုများနှင့် အီရန် စွမ်းအင်ဆိုင်ရာအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရပ်တန့်ရန်ရည်ရွယ်ချက်များကို ရည်ညွှန်းပြောဆိုခဲ့သည်" ဟု ဖော်ပြ ထားသည်။

ထို့ပြင် ဝန်ကြီးဌာနက "ဆွေးနွေးမှုကို ဦးစားပေးရန်၊ တင်းမာမှုများ လျှော့ချရန်နှင့် နောက်ဆုံးတွင် စစ်ပွဲကိုအဆုံးသတ်နိုင်ရန်အတွက် ထိုအခွင့်အရေးကိုဆုပ်ကိုင်ပြီး အခြေခံကောင်းများ တည်ဆောက်သွားရန် အရေးကြီးကြောင်း" အသိအမှတ်ပြု ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံသည် သက်ဆိုင်သူအားလုံးကို တင်းမာမှုများလျှော့ချရေး တိုက်တွန်းရန်နှင့် ဒေသတွင်းပဋိပက္ခများ ပိုမိုကျယ်ပြန့်မလာစေရေး တားဆီးရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: Egypt Today

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂