ပြင်သစ် ဒေသန္တရရွေးကောက်ပွဲတွင် မာရင်းလီပန်၏ ပါတီ မြို့ငယ်များ၌ အနိုင်ရရှိသော်လည်း မြို့ကြီးများတွင် ရှုံးနိမ့်

News Image

  • ပြင်သစ် ဒေသန္တရရွေးကောက်ပွဲတွင် မာရင်းလီပန်၏ ပါတီ မြို့ငယ်များ၌ အနိုင်ရရှိသော်လည်း မြို့ကြီးများတွင် ရှုံးနိမ့်

ပြင်သစ် နိုင်ငံတွင်ကျင်းပခဲ့သော မြူနီစီပယ် (ဒေသန္တရ) ရွေးကောက်ပွဲများ၌ မာရင်းလီပန် (Marine Le Pen) ၏ လက်ယာယိမ်း အမျိုးသား အင်အားစုပါတီ (RN) သည် မြို့ငယ်နှင့် မြို့လတ်ပေါင်းများစွာတွင် မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိခဲ့သော်လည်း အဓိကမြို့ကြီးများတွင်မူ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ဥရောပသမဂ္ဂအပေါ် သံသယရှိသူနှင့် လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်သူဖြစ်သည့် ပါတီခေါင်းဆောင် ဂျော်ဒန် ဘာဒဲလားသည် ၂၀၂၇ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် လူထုထောက်ခံမှုစစ်တမ်းများတွင် ရေပန်းအစားဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်တည်ရှိနေသည်။ RN ပါတီ၏ ခေါင်းဆောင်ဟောင်းနှင့် နိုင်ငံရေးသြဇာကြီးမားသူ မာရင်းလီပန်မှာမူ ယခင်က လာမည့်ရွေးကောက်ပွဲအတွက် ထိပ်တန်းပြိုင်ဘက်အဖြစ် ရှုမြင်ခံ ခဲ့ရသော်လည်း ဥရောပသမဂ္ဂ ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှုဖြင့် ပြင်သစ်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် ဘေးဖယ်ခြင်းခံခဲ့ရသည်။ သူမကမူ အပြစ်မရှိကြောင်း အခိုင်အမာ ပြောဆိုထားသည်။

တနင်္ဂနွေနေ့ (မတ် ၂၂) က ပြီးဆုံးခဲ့သည့် မြူနီစီပယ် ရွေးကောက်ပွဲရလဒ်သည် မိမိတို့ပါတီအတွက် ကြီးမားသောအောင်ပွဲဖြစ်ကြောင်း ဘာဒဲလား က ချီးကျူးပြောဆိုခဲ့သည်။ “မြို့နယ်ပေါင်း ၇၀ နီးပါးမှာ အနိုင်ရခဲ့ပါတယ် ၊ RN ပါတီက ရွေးကောက်ခံကိုယ်စားလှယ် ၃,၀၀၀ ဟာ ပြင်သစ်နိုင်ငံ တစ်ဝန်းက မြူနီစီပယ်ကောင်စီတွေထဲကို စတင်ဝင်ရောက်လာကြပြီဖြစ်ပါတယ်” ဟု ၎င်းက တနင်္လာနေ့ (မတ် ၂၃) တွင် X လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

RN ပါတီအတွက် အကြီးမားဆုံးအောင်ပွဲမှာ ပြင်သစ်နိုင်ငံ၏ ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်သည့် ကွန်ဆာဗေးတစ် အမာခံနယ်မြေ နိစ် (Nice) မြို့တွင် ရရှိခဲ့သည်။ ထိုမြို့တွင် ပါတီ၏ မဟာမိတ်ဖြစ်သူ အဲရစ် စီယော့တီ က သမ္မတ မက်ခရွန် ကျောထောက်နောက်ခံပြုထားသော ကိုယ်စားလှယ် ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါ ပါတီ၏ ကိုယ်စားလှယ်လောင်းများသည် ပထမအကျော့တွင် ရလဒ်ကောင်းများ ရရှိခဲ့ကြသော်လည်း တနင်္ဂနွေနေ့ (မတ် ၂၂) က ကျင်းပခဲ့သည့် နောက်ဆုံးအကျော့ (Runoff) ရွေးကောက်ပွဲတွင်မူ မာဆေးလ် (Marseille)၊ တူးလွန် (Toulon) နှင့် နီးမ်းစ် (Nimes) ကဲ့သို့သော အဓိက မြို့ပြ အချက်အခြာနေရာများ၌ ရှုံးနိမ့်ခဲ့ကြသည်။

ခြုံငုံကြည့်ပါက RN ပါတီသည် ယခင် ဒေသန္တရရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်လျှင် မြို့တော်ဝန်နှင့် ကောင်စီဝင်နေရာ အရေအတွက်ကို သုံးဆထက်မက တိုးမြှင့်ရရှိခဲ့သည်။ အဆိုပါ ရာထူးနေရာများသည် လာမည့် စက်တင်ဘာလတွင် ကျင်းပရန်မျှော်မှန်းထားသည့် ပြင်သစ်အထက် လွှတ်တော် ရွေးကောက်ပွဲအပေါ် များစွာသြဇာ သက်ရောက်မည်ဖြစ်သည်။

“ကျွန်မတို့ မျှော်လင့်ထားတာထက် ပိုများသည့်မြို့တွေကို အနိုင်ရရှိခဲ့ပါတယ်” ဟု လီပန်က တနင်္ဂနွေနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ လူထုဆန္ဒသဘောထား စစ်တမ်းများအရ ၂၀၂၇ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ သူမ၏လက်တွဲဖော် (ဘာဒဲလား) သည် အားကောင်းသောရလဒ်များ ရရှိလိမ့်မည်ဟု ခန့်မှန်းထား ကြသည်။

ယခုလအစောပိုင်းတွင် ပြုလုပ်ခဲ့သော Elabe စစ်တမ်းအရ ပြင်သစ် ပြည်သူ ၃၇ ရာခိုင်နှုန်းက ၎င်းအပေါ် နှစ်သက်သဘောကျကြသဖြင့် ဘာဒဲလားသည် ရေပန်းအစားဆုံး ထိပ်တန်းကိုယ်စားလှယ်အဖြစ် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ ပြိုင်ဘက်များဖြစ်လာနိုင်သည့် အလယ် အလတ်-လက်ယာဝါဒီများဖြစ်သော သမ္မတ အီမန်နျူရယ် မက်ခရွန်၏ ဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသည့် အက်ဒူးဝပ် ဖိလစ် (Edouard Philippe) နှင့် ဂါဘရီယယ် အက်တဲလ် (Gabriel Attal) တို့မှာမူ ၃၃ ရာခိုင်နှုန်းနှင့် ၃၂ ရာခိုင်နှုန်းစီသာ ထောက်ခံမှုအသီးသီး ရရှိထားကြောင်း အဆိုပါစစ်တမ်းက ဖော်ပြခဲ့သည်။

သမ္မတ မက်ခရွန်သည် ၂၀၁၇ ခုနှစ်မှစ၍ သမ္မတသက်တမ်း နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သဖြင့် ၂၀၂၇ ခုနှစ်တွင် ပြန်လည် အရွေးခံခွင့်မရှိတော့ပေ။ Elabe စစ်တမ်းအရ လက်ရှိတွင် ပြင်သစ် ပြည်သူ လေးပုံတစ်ပုံခန့်သာ သမ္မတအပေါ် သဘောတူထောက်ခံကြ တော့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂