OnlyFans ပိုင်ရှင် ယူကရိန်းဖွား ဘီလျံနာ Leonid Radvinsky အသက် ၄၃ နှစ်တွင် ကွယ်လွန်

News Image

  • OnlyFans ပိုင်ရှင် ယူကရိန်းဖွား ဘီလျံနာ Leonid Radvinsky အသက် ၄၃ နှစ်တွင် ကွယ်လွန်

လူကြီးကြိုက် အခပေးအကြောင်းအရာများကြောင့် ကမ္ဘာကျော်သည့် OnlyFans ပလက်ဖောင်း၏ ပိုင်ရှင်၊ ယူကရိန်းဖွား ဘီလျံနာ Leonid Radvinsky (လီယိုနစ် ရတ်ဒ်ဗင်စကီး) သည် ကင်ဆာရောဂါကိုနှစ်ရှည်လများ တိုက်ဖျက်ခဲ့ရပြီးနောက် အသက် ၄၃ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းမီဒီယာအမြောက်အမြားက ဖော်ပြခဲ့ကြသည်။

လန်ဒန်အခြေစိုက် ၎င်း၏ ကုမ္ပဏီမှထုတ်ပြန်ခဲ့သည့် အီးမေးလ် ကြေညာချက်အရ ရတ်ဒ်ဗင်စကီးသည် နာတာရှည်ဖျားနာမှုကို ခံစားခဲ့ရပြီးနောက် တနင်္လာနေ့ (မတ် ၂၃) တွင် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်း၏ ဖျားနာမှုသတင်းကို ယခင်က လူသိရှင်ကြားထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပေ။

၁၉၈၂ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာမြို့ရှိ ဂျူးမိသားစုတစ်ခုမှ မွေးဖွားခဲ့သည့် ရတ်ဒ်ဗင်စကီးသည် ကလေးဘဝတွင် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၁၈ ခုနှစ်တွင် OnlyFans ၏ မိခင်ကုမ္ပဏီ၌ အများစုသော ရှယ်ယာများကို ဝယ်ယူခဲ့ပြီးနောက် အဓိက လူမှုကွန်ရက်စာမျက်နှာများတွင် ကန့်သတ်ထားလေ့ရှိသော လိင်ကိစ္စဗြောင်ကျကျဖော်ပြသည့်အကြောင်းအရာ များကို လက်ခံပေးခြင်းဖြင့် ပလက်ဖောင်းကို အောင်မြင်အောင် တည်ဆောက်ခဲ့သည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အွန်လိုင်းမှဝင်ငွေရှာဖွေသူများပြားလာမှုကြောင့် OnlyFans ၏ ရေပန်းစားမှုမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

စီးပွားရေးအရ အောင်မြင်မှုများအနေဖြင့် Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ ၎င်း၏ အသားတင်ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၄.၇ ဘီလျံ အထိ ရှိခဲ့သည်။ OnlyFans သည် ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ ဒေါ်လာ ၁.၄ ဘီလျံ ရရှိခဲ့ပြီး အသုံးပြုသူများက ပလက်ဖောင်းပေါ်တွင် စံချိန်တင် ပမာဏဖြစ်သည့် ဒေါ်လာ ၇.၂ ဘီလျံအထိ သုံးစွဲခဲ့ကြသည်။ ရတ်ဒ်ဗင်စကီး သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အစောပိုင်းကာလအတွင်း အမြတ်ဝေစု အဖြစ် ဒေါ်လာ ၁.၈ ဘီလျံကို မိမိကိုယ်ကိုယ် ထုတ်ယူပေးချေခဲ့သည်။

သို့သော် ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဝေဖန်စွပ်စွဲမှုအချို့လည်း ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ပြိုင်ဘက်ပလက်ဖောင်းများမှ ဖျော်ဖြေသူများ၏ အကောင့်များကို အကြမ်းဖက်မှုဆိုင်ရာ ဒေတာဘေ့စ် အတွင်းထည့်သွင်း၍ ဖျက်ဆီးရန်ကြံစည်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ 

ထို့ပြင် အစ္စရေးလိုလားသော AIPAC အဖွဲ့သို့ ဒေါ်လာ ၁၁ သန်း လှူဒါန်းရန် ကတိပြုထားသည့် စာရွက်စာတမ်းများ ပေါက်ကြားခဲ့ သော်လည်း ၎င်းကမူ ထိုသို့လှူဒါန်းခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ အစောပိုင်းနှစ်များတွင် ရတ်ဒ်ဗင်စကီးသည် ညစ်ညမ်းဝက်ဘ်ဆိုက် များ၏ ဟက်ခ်လုပ်ထားသော လျှို့ဝှက်နံပါတ်များကို ကြော်ငြာပေးသည့် ဝက်ဘ်ဆိုက်များကို လုပ်ကိုင်ခဲ့ပြီး ဝင်ရောက်ကြည့်ရှုသူများနှင့် ချိတ်ဆက်မှုများမှတစ်ဆင့် ဝင်ငွေရှာဖွေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် Spam email များပေးပို့သည်ဟုဆိုကာ Microsoft ကုမ္ပဏီ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရ သော်လည်း နောက်ဆုံးတွင် ထိုအမှုမှာ ပယ်ဖျက်ခြင်းခံခဲ့ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂