မေလတွင် လွတ်ငြိမ်းချမ်းသာခွင့်ရမည့် အကျဉ်းသားစာရင်း၌ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပါဝင်လာ

News Image

  • မေလတွင် လွတ်ငြိမ်းချမ်းသာခွင့်ရမည့် အကျဉ်းသားစာရင်း၌ ဝန်ကြီးချုပ် ဟောင်း သက်ဆင် ပါဝင်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် လာမည့် မတ်လကုန်တွင် ထုတ်ပြန်မည့် လွတ်ငြိမ်းချမ်းသာခွင့် (Parole) ရရှိရန် အကျုံးဝင်သည့် အကျဉ်းသား ၅၀၀ ပါဝင်သော အမည်စာရင်းတွင် တစ်ဦးအဖြစ် ပါဝင်နေကြောင်း ကလောင်ပရမ် ဗဟို အကျဉ်းထောင် (Klong Prem Central Prison) သတင်းရင်းမြစ်များအရ သိရှိရသည်။

အဆိုပါ အကျုံးဝင်သူများ၏ အမည်စာရင်းကို ယခုလအတွင်း အစည်းအဝေးပြုလုပ်ကာ အကျဉ်းဦးစီးဌာနအဆင့် ကော်မတီသို့ ပထမအဆင့် တင်ပြသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဝန်ကြီးဌာနအဆင့် ကော်မတီထံသို့ အတည်ပြုချက်ရယူရန် ဆက်လက်ပေးပို့သွားမည် ဖြစ်သည်။

သတင်းရင်းမြစ်၏ အဆိုအရ သက်ဆင်၏ အမည်သည် အဆိုပါစာရင်းတွင် ပါဝင်နေပြီး ၎င်းသည် လာမည့် မေလ ၁၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာဖွယ်ရှိနေသည်။ လက်ရှိတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားသုံးသပ်မှုလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အကျဉ်းသားများ ပြန်လည်လွတ်မြောက်ပါက နေထိုင်မည့်နေရာ၊ ၎င်းတို့အား တာဝန်ယူစောင့်ရှောက်မည့်သူများ၊ ပြစ်မှုထပ်မံကျူးလွန်နိုင်ခြေရှိမရှိနှင့် အခြားသော ဘေးကင်းလုံခြုံရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို စိစစ်သတ်မှတ်လျက်ရှိကြောင်း သိရှိရသည်။

အသက် ၇၆ နှစ်အရွယ်ရှိ သက်ဆင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ထောင်ဒဏ်ကျခံခဲ့ရခြင်းဖြစ်ပြီး ၎င်းဆေးရုံတွင် ခြောက်လကြာတက်ရောက်ကုသခဲ့သည့်ကာလကို ထောင်ဒဏ်ကာလအတွင်း ထည့်သွင်းတွက်ချက်မည်မဟုတ်ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂