အီရန်စစ်ပွဲ၏ ရည်မှန်းချက်များနှင့် ကြာမြင့်ချိန်အပေါ် ရီပတ်ဘလီကန်များအကြား စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာ

News Image

  • အီရန်စစ်ပွဲ၏ ရည်မှန်းချက်များနှင့် ကြာမြင့်ချိန်အပေါ် ရီပတ်ဘလီကန် များအကြား စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာ

အီရန်နှင့် အမေရိကန်တို့ ဖြစ်ပွားနေသော စစ်ပွဲ၏ရည်မှန်းချက်များနှင့် ကြာမြင့်ချိန်တို့အပေါ် ဗုဒ္ဓဟူးနေ့ (မတ် ၂၅) က ပြုလုပ်ခဲ့သည့် အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီ၏ ရှင်းလင်းပွဲအပြီးတွင် အဓိကကျသော ရီပတ်ဘလီကန် အမတ်တစ်စုမှာ အလွန်အမင်း စိတ်ပျက်လျက်ရှိပြီး မကျေနပ်မှုများလည်း ပိုမိုမြင့်တက် လာနေသည်။

အဆိုပါ အမတ်များထဲတွင် ရီပတ်ဘလီကန် လွှတ်တော်အမတ် နန်စီ မေ့စ် (Nancy Mace) လည်း တစ်ဦးအပါအဝင်ဖြစ်ပြီး သူမသည် ရှင်းလင်းပွဲမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာခဲ့ကြောင်းနှင့် စစ်ပွဲအတွက် ထပ်မံတောင်းခံမည့် မည်သည့်ရန်ပုံငွေကိုမဆို ကန့်ကွက်ပယ်ချသွားမည် ဖြစ်ကြောင်း CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

"ဒီရှင်းလင်းပွဲမှာ အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီကို လမ်းမှားအောင် လှည့်ဖြားနေတယ်လို့ ကျွန်မခံစားရတယ် ၊ သူတို့မှာ ခိုင်လုံသည့်အဖြေတွေ အများကြီး မရှိကြဘူး ၊ ဒီစစ်ပွဲက နေ့စဉ်နှင့်အမျှ ရှည်ကြာလာလေလေ ရီပတ်ဘလီကန်တွေဘက်က ထောက်ခံမှု ပိုနည်းလာလေလေပါပဲ" ဟု မေ့စ်က အစည်းအဝေးအပြီးတွင် ပြောဆို ခဲ့သည်။

သူမ၏ပြည်နယ်တွင် အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသူ မေ့စ်က ဗုဒ္ဓဟူးနေ့ (မတ် ၂၅) ညနေပိုင်းတွင် CNN ၏ Laura Coates နှင့် တွေ့ဆုံမေးမြန်းခန်း၌ စစ်ပွဲ၏ ရည်မှန်းချက်များကို အမေရိကန်ပြည်သူလူထုနှင့် လွှတ်တော်အတွက် ရှင်းရှင်းလင်းလင်း သိစေရေး လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် သူမက တောင်ကာရိုလိုင်းနားပြည်နယ်မှ အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ် (Lindsey Graham) ၏ Fox News သို့ ပြောကြားချက်များကိုလည်း ဝေဖန်ခဲ့သည်။ ဂရေဟမ်က အမေရိကန်အနေဖြင့် အီရန်နှင့် ဆက်လက်စစ်ခင်းသင့်ပြီး အီရန်၏ ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်နေသည့် စီးပွားရေးအရအရေးပါသော ခါ့ဂ်ကျွန်း (Kharg Island) ကိုပါ သိမ်းပိုက်ထိန်းချုပ်သင့်ကြောင်း ပြောဆို ထားခြင်းဖြစ်သည်။

"ကျွန်မအနေဖြင့် တောင်ကာရိုလိုင်းနားက သားသမီးတွေကို ရေနံစျေးနှုန်းအတွက်နှင့် စစ်ပွဲထဲလွှတ်ပြီး အသေမခံနိုင်ဘူး၊ ဒါကို လုံးဝလုပ်မှာ မဟုတ်ဘူး၊ လင်ဆေး ဂရေဟမ်အနေဖြင့် ၎င်း၏ မာန်မာနတွေနှင့်အတူ ခါ့ဂ်ကျွန်းကို သိမ်းပိုက်လိုက်ရင် ဖြစ်လာမည့်နောက်ဆက်တွဲ အကျိုးဆက်တွေကို သေသေချာချာ စဉ်းစားတွက်ချက်ထားပုံမရပါဘူး" ဟု မေ့စ်က ဆိုသည်။

ဆက်လက်၍ သူမက "ပြီးခဲ့သည့် အနှစ် ၇၀ အတွင်းမှာ ကျွန်မတို့နိုင်ခဲ့သည့် စစ်ပွဲတစ်ခုလောက် ပြောပြပါ... အစိုးရအပြောင်းအလဲ (Regime change) လုပ်ဖို့ ကြိုးစားခဲ့သမျှ ကျွန်မတို့ ရှုံးနိမ့်ခဲ့တာချည်းပါပဲ" ဟု ဝေဖန်ပြောဆိုခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂